Skip to main content

အေးချမ်းပျော်ရွှင်စရာ ဘဝများဖြင့် . . .

သိန်းထွန်း (IR)

စိတ်အရည်အသွေး

လူတစ်ယောက်ရဲ့ စိတ်ခံစားမှုအရည်အသွေးတွေထဲ က အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုကို ပြပါဆိုရင် ကိုယ်ချင်းစာမှုကို ပြချင်ပါတယ်။ လူတစ်ယောက်ရဲ့ ကိုယ်ချင်းစာစိတ်ကြောင့် ဖြစ်လာတဲ့ ကိုယ်နဲ့ယှဉ်တဲ့ စိတ်သဘောထား၊ စဉ်းစားတွေးခေါ်မှု၊ ရှုမြင်မှု၊ အပြောအဆို၊ အပြုအမူတွေနဲ့ တုံ့ပြန်မှုတွေဟာ အဲဒီလူရဲ့ အဆင့်အတန်း၊ ကိုယ်ရည်ကိုယ်သွေးနဲ့ စိတ်နေသဘောထားမြင့်မားမှုတွေကို ညွှန်ပြနေပါတယ်။ ကိုယ်ချင်းစာတရားကို ပညာ၊ ရာထူး၊ ငွေကြေး ပိုင်ဆိုင်မှု၊ ဂုဏ်၊ ဒြပ်တွေနဲ့ တိုင်းတာလို့ မရပါဘူး။ အဲဒီကိုယ်ချင်းစာ စိတ်ထားရှိနိုင်မှုဟာ လူသားဆန်မှု ရဲ့လက္ခဏာတစ်ခုလို့ ဆိုနိုင်ပါတယ်။

ကိုယ်ချင်းစာစိတ်ထားနိုင်တဲ့သူ၊ စိတ်အရည် အသွေးမြင့်မားတဲ့သူတွေဟာ ကိုယ့်ကြောင့် သူတစ်ပါးထိခိုက်နစ်နာသွားမှာ မလိုလားဘူး၊ ကိုယ်ခံစားရသလို သူတစ်ပါးကို မထိခိုက် မခံစားစေလိုဘူး၊ သူတစ်ပါး ထိခိုက်ခံစားရတာကို စာနာနားလည် ပေးနိုင်ကြတယ်၊ အခြားသူရဲ့နေရာကို ဝင်ခံစားပေး တတ်ကြပါတယ်။ ကိုယ်ခံစားရသလို အခြားသူ မခံစားစေ ချင်တာ၊ ကိုယ်ဒုက္ခရောက်သလို သူတစ်ပါး ဒုက္ခမရောက်စေလိုတာ၊ အဲဒီလိုပဲ သူတစ်ပါး ဒုက္ခရောက်နေတာမြင်ရင်လည်း ကိုယ်တိုင်ခံစားရသလို တုံ့ပြန်တတ်ကြတာက ကိုယ်ချင်းစာ တရားပါပဲ။ ကိုယ်နဲ့ယှဉ်သော စိတ်ထားဖြစ်လို့ မွန်မြတ်လှပါ တယ်။ ဒါကြောင့် ကိုယ်ချင်းစာမှုက ကမ္ဘာကြီးကို ပိုမို ကောင်းမွန်စေတယ်လို့ အမေရိကန်စာရေးဆရာ Daniel H. Pink ပြောခဲ့တာ ဖြစ်ပါလိမ့်မယ်။

ဒါ့အပြင် လူတစ်ဦးချင်းစီရဲ့ အရည်အသွေးနဲ့ လူ့အဖွဲ့အစည်းတစ်ခုရဲ့ အရည်အသွေးကို မြှင့်တင်ဖို့ အတွက် ကိုယ်ချင်းစာစိတ်ဟာ အဓိကလိုအပ်ချက် တစ်ရပ်ဖြစ်ပါတယ်။ ကိုယ်ချင်းစာစိတ်နဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝ၊ လုပ်ငန်းခွင်နဲ့ လူမှုပတ်ဝန်းကျင် အားလုံးမှာ ကောင်းမွန်တဲ့ဆက်ဆံရေးကို တိုးတက် ခိုင်မာစေနိုင်ပါတယ်။ ကိုယ်ချင်းစာစိတ်နဲ့ တစ်ဦးနဲ့ တစ်ဦး ရိုင်းပင်းကူညီမှု၊ ဖေးမမှု၊ စာနာနားလည်မှု တွေရှိကြမယ်ဆိုရင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရား ထွန်းကားတဲ့ လူ့အသိုက် အဝန်းဖြစ်လာမှာပါ။

နှလုံးသားဖွင့်တဲ့သော့

ကိုယ်ချင်းစာစိတ်ဆိုတာကို ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့ကြုံဖူးကြမှာပါ။ ကိုယ်ချင်းစာစိတ် ရှိတဲ့သူတွေက အခြားသူတွေ ခံစားနေရတာတွေကို နားလည် ပေးကြတယ်၊ အခြားသူတွေရဲ့ ရှုထောင့်ကနေ  စဉ်းစား ပေးကြတယ်၊ အခြားသူတွေနေရာကနေ ကိုယ့်ကိုယ် ကိုယ်ထားပြီး ခံစားပေးကြတယ်။ အခြားသူနေရာမှာ ကိုယ့်ကိုယ်ကိုယ်ထားပြီး သူတို့တွေ့ကြုံခံစားနေရ တာကို မျှဝေခံစားနားလည်ပေးကြတာကို မြင်ရ၊ ကြားရသူတွေအတွက် စိတ်ချမ်းမြေ့စရာဖြစ်ပါတယ်။ အဲဒီကိုယ်ချင်းစာစိတ်နဲ့ ဆန့်ကျင်ဘက်ကတော့ လူလူချင်း ခေါင်းပုံဖြတ်ခြင်း၊ ငါ့ဘို့တစ်ခုတည်း ကြည့်ခြင်းဆိုတဲ့ မတော်လောဘနဲ့အတ္တတွေ ဖြစ်ပါတယ်။ လူဆိုတာကတော့ အတ္တရှိသူ တွေချည်းပါပဲ။ အနည်းနဲ့အများတော့ မတူပါဘူး။ လူတိုင်းက ကိုယ့်အတ္တ၊ ကိုယ့်လိုဘအတွက် အလုပ်လုပ်ကြ၊ စီးပွားရှာကြ၊ တိုးတက်အောင်မြင်ဖို့ ကြိုးစားကြ တာ ဓမ္မတာပါ။

ဒါပေမယ့် ကိုယ့်အတ္တတစ်ခုတည်းကိုပဲ လွန်လွန် ကဲကဲ ထိပ်တန်းတင်ထားပြီး ဘယ်သူတွေ ဘာဖြစ်ဖြစ် ငါလုပ်ချင်တာလုပ်မယ်၊ ငါလိုချင်တာ ရအောင်ယူမယ်၊ ငါလိုချင်တာရရင် ပြီးရောဆိုတဲ့ အတ္တတရားတွေ လွှမ်းမိုးလာတဲ့အခါ မေတ္တာကင်းမဲ့ တဲ့ လူ့ပတ်ဝန်းကျင်၊ ကိုယ်ချင်း စာတရားကင်းမဲ့ တဲ့ လူ့ပတ်ဝန်းကျင် ဖြစ်လာပါတယ်။ အတ္တနဲ့ လောဘ လွန်ကဲလာတဲ့အတွက် သူတစ်ပါးကို မျှဝေ ခံစား မပေးနိုင်တော့ပါဘူး။ သူတစ်ပါးအပေါ် ကိုယ်ချင်းမစာကြတော့ပါဘူး။ ဗုဒ္ဓတရားတော်မှာ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာ သမာဓိဆိုပြီး မဂ္ဂင် (၈)ပါး ရှိပါတယ်။ ဒါဟာ သူ့အကျိုး၊ ကိုယ့်အကျိုး နှစ်ဖက်မျှတအောင် ကြည့်တတ်၊ မြင်တတ်၊ စဉ်းစားတတ်၊ ခံစားတတ်စေ ဖို့ ဖြစ်ပါတယ်။ ကိုယ်ချင်းစာတရားကင်းမဲ့ပြီး အတ္တစိတ်တွေနဲ့ ပြုမူဆက်ဆံနေကြတာဟာ အခြား သူတွေကို နာကျင်ခံစားရစေပါတယ်။ အမေရိကန် နိုင်ငံသား အခွင့်အရေး တက်ကြွလှုပ်ရှားသူ Maya Angelou က “ကျွန်တော် လေ့လာသိရှိထားတာက လူတွေဟာ သင်ပြောခဲ့တာတွေ၊ လုပ်ခဲ့တာတွေကို မေ့သွားလိမ့်မယ်၊ ဒါပေမယ့် သူတို့ခံစားရအောင် သင်ဘယ်လို လုပ်ခဲ့တယ်ဆိုတာကိုတော့ သူတို့ ဘယ်တော့မှမေ့မှာ မဟုတ်ဘူး” လို့ပြောခဲ့တာဟာ ဆင်ခြင်စရာပါပဲ။

မျှတတဲ့ဝန်းကျင်၊ မျှတတဲ့ဆက်ဆံရေးဖြစ်ဖို့ဆို ရင်သူ့ဘက်၊ ကိုယ့်ဘက်ကြည့်တတ်တဲ့နှစ်ဖက် မြင်သူဖြစ်မှ မျှတမှုရှိပါလိမ့်မယ်။ လူတိုင်းက ကိုယ့်အပေါ်ကို အလေးထားတာကို နှစ်သက်ကြပါ တယ်။ ကိုယ့်အပေါ် အလေးထားဂရုစိုက်တာကို လူတွေမှ သဘောကျတာမဟုတ်ပါဘူး၊ တိရစ္ဆာန်တွေ တောင်မှ သဘောကျကြပါတယ်။ ကိုယ့်ကိုယ် အလေးထားတာကို နှစ်သက်ရင် အခြားသူတွေလည်း သူတို့အပေါ် စာနာအလေးထားတာကို နှစ်သက်ကြမှာပါပဲ။ အဲဒီလို စာနာနားလည်ပေးဖို့ဆိုရင် ကိုယ်ချင်းစာစိတ်ရှိမှ ဖြစ်ပါလိမ့်မယ်။ ဒါဟာတစ်ဦးနဲ့ တစ်ဦး လူသားဆန်တဲ့စိတ်ထားနဲ့ အပြုအမူလို့ဆိုနိုင်သလို ယဉ်ကျေးတဲ့လူ့စရိုက် လက္ခဏာလို့လည်း ဆိုနိုင်ပါတယ်။ ဒီလို ယဉ်ကျေးတဲ့ လူ့စရိုက်လက္ခဏာတွေ အပြန်အလှန် အပေးအယူမျှတဖို့ လိုပါတယ်။

မြန်မာစကားမှာ တစ်ဦးကမေတ္တာ တစ်ဦးက စေတနာ ဆိုတာလိုပါပဲ။ ကိုယ်ချင်းစာစိတ်ဟာ အခြားသူတွေရဲ့ နှလုံးသားကိုဖွင့်တဲ့ ရွှေသော့ ဖြစ်တယ်လို့ Samuel Smiles က ပြောဖူးပါတယ်။ ယဉ်ကျေးတဲ့စရိုက်လက္ခဏာတွေအစား လူတိုင်းက ကိုယ့်ရဲ့ လောဘနဲ့အတ္တတွေကိုပဲ ထိပ်တန်းတင်ထားကြရင် အခြားသူတွေရဲ့နှလုံးသားကို ဖွင့်ဖို့ထက် နာကျင်မှုတွေပဲ ဖြစ်လာမှာပါ။

နည်းပညာခေတ်

၂၀၁၉ ခုနှစ် ကမ္ဘာ့ဘေးအန္တရာယ်ဆိုင်ရာ အစီ ရင်ခံစာမှာ နည်းပညာတွေက ကမ္ဘာကြီးကို ပိုပြီး စိတ်သောကရောက်စေတယ်၊ ထိတွေ့မှုတွေနည်းစေ တယ်၊ ပျော်ရွှင်မှုတွေ နည်းစေတယ်၊ အထူးသဖြင့် ဒီကနေ့မျိုးဆက်တွေမှာ အထီးကျန်ဆန်တဲ့ သူတွေ တိုးလာနေတာဟာ တကယ်ပဲ နည်းပညာ ကြောင့်လားလို့ မေးခွန်းထုတ်ပါတယ်။ ဒီမေးခွန်း ဟာ မှန်တယ်၊ မှားတယ်ဆိုတာ ယတိပြတ်ဖြေဖို့ ခက်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ကိုယ်ချင်းစာတရား ကင်းမဲ့အောင်၊ အထီးကျန်ဆန်အောင် နည်းပညာ နဲ့နည်းပညာပစ္စည်းတွေကို ထုတ်လုပ်ထားတာ မဟုတ်လို့ပါပဲ။ သုံးစွဲသူတွေက နည်းပညာတွေကို ဘယ်လိုသုံးစွဲသလဲဆိုတဲ့ အခြေအနေအပေါ်မှာ မူတည်ပြီးဖြစ်လာတဲ့ အကျိုးဆက်တစ်ခုသာ ဖြစ်ပါ တယ်။ လိုအပ်တာထက် အလွန်အကျွံ သုံးစွဲမယ်၊ မိမိကိုယ်ကို ထိခိုက်နိုင်လောက်တဲ့အထိ သုံးစွဲမယ် ဆိုရင် ဘေးထွက်ဆိုးကျိုးတွေကတော့ ရှိလာမှာ သေချာပါတယ်။

နည်းပညာနဲ့နည်းပညာပစ္စည်းတွေက ဒီကနေ့ခေတ်ရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့အတွက် နည်းပညာမရှိရင် နေထိုင်၊ လုပ်ကိုင်ဖို့တောင် ခက်ခဲ နေပါပြီ။ နည်းပညာက လူသားတွေ ရှင်သန်ရပ်တည်ရေးကို နည်းလမ်းပေါင်းစုံနဲ့ လွယ်ကူစေရုံသာမက ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အခြေခံလိုအပ်ချက်လည်း ဖြစ်ပါတယ်။ လူတွေကြောင့် နည်းပညာတွေတိုးတက် လာတယ်၊ အဲဒီနည်းပညာကြောင့်လည်း လူသားတွေ ပိုပြီးမြန်မြန်ဆန်ဆန် တိုးတက်စေပါတယ်။ နည်းပညာတိုးတက်တာနဲ့အတူ တစ်ဖက်မှာ နည်းပညာနဲ့ နည်းပညာပစ္စည်းတွေကို မရှိမဖြစ် အသုံးပြုရာကနေ အတိုင်းအဆမဲ့ အသုံးပြုလာကြပါ တယ်။ လူသားက နည်းပညာကို ကြိုးကိုင်ရမယ့် အစား နည်းပညာက လူသားကို ကြိုးကိုင်ခြယ်လှယ် လာတဲ့အခါ လူသားက နည်းပညာရဲ့သားကောင် ဖြစ်သွားပါတယ်။ အဲဒါရဲ့ ဘေးထွက်ဆိုးကျိုးတွေမှာ သိသာမြင်သာ တွေရှိသလို မသိမသာနဲ့ဖြစ်နေတဲ့ ဆိုးကျိုးတွေလည်း ရှိပါတယ်။ အဲဒီထဲမှာ ကျန်းမာ ရေး၊ လူမှုဆက်ဆံရေး၊ အထီးကျန်ဆန်မှုနဲ့ စိတ်ပိုင်း ဆိုင်ရာထိခိုက်တာတွေ ပါပါတယ်။ ဒီဆိုးကျိုးတွေ အတွက် နည်းပညာတွေကို ယိုးမယ်ဖွဲ့လို့မရသလို နည်းပညာတွေကို ပစ်ပယ်လို့လည်းမရပါဘူး။ ဘာကြောင့်လဲဆိုတော့ နည်းပညာတွေက လူသား တွေအတွက် ဆက်လက် လိုအပ်နေဦး မှာမို့လို့ပါပဲ။

ကိုယ်ချင်းစာတရားလျော့ပါးလာနေ

အစစအရာရာ တိုးတက်ပါတယ်ဆိုတဲ့ ခေတ်ကြီးမှာ ကိုယ်ချင်းစာတရားတွေ လျော့ကျနေ တယ်လို့ဆိုပါတယ်။ ဒီကနေ့ခေတ်ကြီးကို ဒေါသ ခေတ်လို့ ကင်ပွန်းတပ်တာလည်း တွေ့ရပါတယ်။ နည်းပညာတွေတိုးတက်လာပြီးနောက် လုပ်ငန်းခွင် နဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ ယခင်ကမရှိဖူးတဲ့ အခွင့်အလမ်းတွေ တိုးတက်လာပေမယ့် တစ်ဖက်မှာ အထီးကျန်ဆန်မှုနဲ့ အစွန်းရောက်မှု မြင့်တက်လာပြီး ကိုယ်ချင်းစာတရားမှာ လျော့ကျလာနေတယ် လို့ ၂၀၁၉ ခုနှစ် ကမ္ဘာ့ဘေးအန္တရာယ်ဆိုင်ရာ အစီရင်ခံစာက ဆိုပါတယ်။ ဒါကြောင့် ဒေါသတွေ လွှမ်းမိုးနေတဲ့ခေတ်မှာ လူသားချင်းစာနာမှု ကျဆင်းလာတဲ့အတွက် ကမ္ဘာလုံးဆိုင်ရာအန္တရာယ် တွေကို ဖန်တီးနေကြတယ်လို့ ဆိုပါတယ်။

တိုးတက်နေတဲ့ခေတ်မှာ လူသားတွေမှာ လိုအပ်ချက်တွေ အရင်ကထက် ပိုများလာတယ်။ လိုချင်တာတွေရဖို့ ကိုယ်ကျိုးစီးပွားတွေ ထိပ်တန်း တင်လာကြတယ်။ လောဘနဲ့အတ္တတွေ များလာ ကြတယ်။ ရုပ်ဝတ္ထုတိုးတက်မှုတွေနောက် လိုက်ရင်း နဲ့ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးတွေ တဖြည်းဖြည်း ထိခိုက်လာနေတယ်။ နည်းပညာ တွေကြောင့် လူသားတွေမှာ ကိုယ်ချင်းစာစိတ်တွေ ကျဆင်းလာတယ်လို့ သတ္တုချ မပြောနိုင်ပေမယ့် တစ်စိတ်တစ်ပိုင်း အားဖြင့် ဆက်နွှယ်နေပါတယ်။ ဂိမ်းတွေ အလွန်အကျွံ အသုံးပြုနေတာ၊ လူမှု ကွန်ရက်တွေမှာ အကျိုးမဲ့အချိန်ကုန်နေတာ စတဲ့ လွဲမှားတဲ့ အသုံးပြုတာတွေကြောင့် လူတစ်ယောက် ရဲ့ စိတ်ပိုင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေပါ တယ်။ ဘယ်အရာမဆို သုံးတတ်ရင် ဆေး၊ မသုံးတတ်ရင် ဘေးဆိုတာ သတိချပ်စရာပါ။

နည်းပညာတွေက ကမ္ဘာကြီးကို ရွာကြီးတစ်ရွာ လို တစ်နေရာနဲ့ တစ်နေရာ၊ တစ်ဦးနဲ့တစ်ဦး နီးကပ် စေတာမှန်ပေမယ့် အဲဒီနီးကပ်လာမှုတွေဟာ ဖုန်းကတစ်ဆင့် ဒါမှမဟုတ် အင်တာနက်ကတစ်ဆင့် နီးကပ်မှုပဲ ဖြစ်ပါတယ်။ လူချင်းတွေ့ဆုံကြတာလို စစ်မှန်တဲ့ ရင်းနှီးမှု၊ နွေးထွေးမှု၊ ပွင့်လင်းမှု၊ စိတ်ခံစား မှု၊ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတို့မရှိပါဘူး။ အလုပ်သဘော ဆန်တာ၊ ဝတ်ကျေတန်းကျေသဘော ဆန်တာအပြင် ဟန်ဆောင်ဖုံးကွယ်တာတွေကိုလည်း တွေ့ရပါ တယ်။ တစ်ဦးချင်းအနေနဲ့လည်း နည်းပညာပစ္စည်း တွေနဲ့ပဲ တစ်နေကုန် တစ်နေခန်း ဖြတ်သန်းကြတဲ့အခါ အထီးကျန်ဆန်မှု ပိုများလာပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ လူချင်းတွေ့ဆုံမှုနည်းပါးပြီး လူမှုကျင့်ဝတ်နဲ့ စိတ်ခံစားမှု အရည်အသွေးတွေ ကျဆင်းလာပါတယ်။

EQ နှင့် ကိုယ်ချင်းစာစိတ်

ဒီကနေ့ လူသားတွေရဲ့ အရည်အသွေး တိုင်းတာ ရာမှာ EQ ဟာ အရေးပါတဲ့ စိတ်ပိုင်းဆိုင်ရာ အရည် အသွေးတစ်ခုဖြစ်ပါတယ်။ EQ ဟာ လူတစ်ဦးရဲ့ စိတ်ခံစားချက်တွေကို အပြုသဘော နည်းလမ်းတွေနဲ့ အသိအမှတ်ပြုမှု၊ နားလည်မှု၊ အသုံးချနိုင်မှုနဲ့ စီမံခန့်ခွဲနိုင်တဲ့ စွမ်းရည်ဖြစ် ပါတယ်။ EQ မှာပါဝင်တဲ့ အဓိကအစိတ်အပိုင်းတွေထဲမှာ ကိုယ်ချင်းစာမှု၊ လူမှုရေးဆိုင်ရာ ကျွမ်းကျင်မှု၊ မိမိ ကိုယ်မိမိ သိရှိနား လည်မှု၊ မိမိကိုယ်မိမိ ထိန်းသိမ်းနိုင်မှုနဲ့ စိတ်ခွန်အား မြှင့်တင်မှုတို့ ပါဝင်ပါတယ်။ ဒါကြောင့် EQ မြင့်တဲ့သူ တွေဟာ ကိုယ်ချင်းစာစိတ်ရှိတဲ့သူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာအခြားသူတွေရဲ့ ခံစားချက်တွေကို နားလည်နိုင်ပြီး မျှဝေခံစားနိုင်ကြပါတယ်။ ဒါ့အပြင် ကိုယ်ချင်းစာစိတ်ဟာ လူမှုရေးကျွမ်းကျင်မှုရဲ့အစိတ် အပိုင်းတစ်ခုဖြစ်တဲ့အတွက် သူတို့မှာ ထိရောက်တဲ့ ဆက်ဆံရေးစွမ်းရည်၊ ရေရှည်ဆက်ဆံရေး ထိန်းသိမ်းမှုနဲ့ ပြဿနာဖြေရှင်းတဲ့ စွမ်းရည်တွေ ရှိကြပါတယ်။

Catalyst အဖွဲ့ကြီးရဲ့ လေ့လာမှုတစ်ခုအရဆိုရင် စာနာနားလည်မှုရှိတဲ့ ဦးဆောင်မှု (Empathic leadership) ကို ပြုစုပျိုးထောင်တဲ့ ကုမ္ပဏီတွေမှာ လုပ်ငန်းခွင် အခက်အခဲ အကျပ်အတည်းတွေကို တုံ့ပြန်ဖို့နဲ့ အဖွဲ့တွေကို စီမံခန့်ခွဲဖို့အတွက် ထိရောက် တဲ့ နည်းလမ်းတစ်ခုဖြစ်တာကို တွေ့ရတယ်လို့ ဆိုပါ တယ်။ ဒါ့အပြင် ကိုယ်ချင်းစာစိတ်ဟာ လုပ်ငန်းခွင် အတွင်း ဆွဲဆောင်မှု၊ ကုန်ထုတ်စွမ်းအားနဲ့ ထိတွေ့ ဆက်ဆံမှုတွေကို တိုးတက်စေပြီး လုပ်ငန်းခွင် အတွင်း အားလုံးပါဝင်တဲ့ ယဉ်ကျေးမှုတစ်ရပ်ဖန်တီး ဖို့အတွက် အရေးပါတဲ့ အနာဂတ်ကျွမ်းကျင်မှုတစ်ခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဟန်ချက်ညီတိုးတက်မှု

ဒစ်ဂျစ်တယ်ခေတ် လူမှုဆက်ဆံရေးပုံစံတွေက ယခင်ခေတ်ကပုံစံနဲ့ မတူကြတော့ပါဘူး။ အွန်လိုင်း ပေါ်ကနေ နည်းလမ်းပေါင်းစုံနဲ့ ထိုင်ရာမထ အချိန်မရွေး ဆက်သွယ်လို့ရ နေတာကြောင့် လူတွေ က အဲဒီအပေါ်မှာ ပိုအားထားကြပါတယ်။ အားထား နိုင်လောက်တဲ့ မြန်ဆန်မှု၊ တိကျမှု၊ လွယ်ကူမှု၊  ကုန်ကျစရိတ် လျှော့ချနိုင်မှုစတဲ့ ကောင်းကျိုးတွေ အများကြီးရှိပါတယ်။ လောကကြီးကို ရုပ်တစ်ခု တည်းနဲ့ တည်ဆောက်ထားတာ မဟုတ်ပါဘူး။ စိတ်သဘောထားတွေ၊ အရည်အသွေးတွေ၊ ခံစားချက်တွေ၊ အယူအဆတွေလည်း ပါဝင်ပါတယ်။

ဒီတော့ တိုးတက်မှုဆိုရာမှာ ရုပ်ပိုင်း၊ စိတ်ပိုင်း ဟန်ချက်ညီတိုးတက်မှ လူသားတွေမျှော်မှန်းတဲ့ တိုးတက်ပြီး ငြိမ်းချမ်းတဲ့ကမ္ဘာကြီး တည်ဆောက်နိုင် မှာပါ။ နည်းပညာနဲ့ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက် လာပေမယ့် တစ်ဖက်မှာ စိတ်ရဲ့အရည်အသွေးတွေ မြင့်တက်မလာဘူးဆိုရင် ဟန်ချက်မညီဘဲလောကရဲ့ အေးချမ်းမှု၊ ငြိမ်းချမ်းမှုနဲ့ မေတ္တာတရားတွေ အားနည်းနေပါလိမ့်မယ်။ ဒီကနေ့ လူသားတွေမှာ ရုပ်ပိုင်းဆိုင်ရာတွေ တိုးတက်လာပေမယ့် တစ်ဖက် မှာ ပဋိပက္ခတွေ၊ တင်းမာမှုတွေ ပိုပြီးဖြစ်ပွားနေ တာက ဟန်ချက်ညီတိုးတက်မှုလို့ မဆိုနိုင်ပါဘူး။

အေးချမ်းပျော်ရွှင်စရာဘဝများ တည်ဆောက်

ကိုယ်ချင်းစာစိတ်ဟာ တစ်စိတ်တစ်ပိုင်းအားဖြင့် မွေးရာပါဗီဇနဲ့ဆိုင်သလို တစ်စိတ်တစ်ပိုင်း ကတော့ လေ့လာသင်ယူတာနဲ့ ဆိုင်တယ်လို့ လေ့လာမှုတွေ က ဆိုပါတယ်။ ကိုယ်ချင်းစာစိတ် ပြုစုပျိုးထောင်ရာမှာ လေ့ကျင့်ယူရမှာတွေရှိပေမယ့် လက်တွေ့မှာတော့ ကိုယ့်ရဲ့ပင်ကို စိတ်ရင်းမှာကိုက သူတစ်ပါးအပေါ် ကိုယ်ချင်းစာစိတ်ရှိတဲ့သူက သူ့ရဲ့ဗီဇနဲ့ အကျင့်စရိုက်မှာကို ပါလာပြီးသားပါ။ ပင်ကိုဗီဇမှာ ကိုယ်ချင်းစာစိတ်ပါလာတဲ့သူဟာ အယုတ်အလတ် အမြတ်မရွေး၊ လူတိရစ္ဆာန် မခွဲခြားဘဲ သူတို့ရဲ့ အတွေး၊ အမြင်၊ အပြောအဆိုနဲ့ အပြုအမူတွေအားလုံးမှာ ကိုယ်ချင်းစာမှုတွေ ပါဝင်နေပါတယ်။ သူတို့ရှေ့မှာ အခြားသူတစ်ဦး ဒုက္ခရောက်နေရင်၊ အခက်အခဲတွေနဲ့တွေ့နေရင် သူတို့ဟာ မျက်ကွယ်ပြုမနေတတ် ကြဘူး။ တတ်နိုင်သမျှ မျှဝေခံစားဖို့၊ ကူညီဖေးမဖို့ ဝန်မလေးကြဘူး။ ကိုယ်ချင်းစာစိတ်နဲ့ အဲဒီလိုကူညီ လိုက်တာဟာ အကျိုးလိုလို့ ညောင်ရေလောင်းတာ မဟုတ်ပါဘူး။ ကိုယ်ချင်းစာမှုနဲ့ မေတ္တာ သက်သက်ပါ။ မွေးရာပါ ကိုယ်ချင်းစာစိတ်လို့ ဆိုရမှာပါ။

ဒါပေမယ့်လည်း ကိုယ်ချင်းစာစိတ်အပြည့် မရှိရင်တောင် ကိုယ်ချင်းစာစိတ် ဓာတ်ခံလေး ရှိရင်တော့ လေ့ကျင့်ယူလို့ရပါတယ်။ အခြားသူတွေနဲ့ စကား ပြောဆိုရာမှာ ဂရုတစိုက် နားထောင်တာ၊ အခြားသူ အပေါ်လေးစားမှု ပြသတာ၊ ခံစားချက်တွေ မျှဝေဖို့ စိတ်ကိုဖွင့်ထားတာ၊ အခြားသူတွေအပေါ် မေတ္တာထားတာနဲ့ နားလည်နိုင်ဖို့ ကြိုးစားတာ ဆိုတာတွေကို တဖြည်းဖြည်း လေ့ကျင့်ယူနိုင်ပါတယ်။ ဒါပေမယ့် မဟာဂန္ဓာရုံဆရာတော် ဘုရားကြီး ချမှတ်ခဲ့သလိုပါပဲ၊ စိတ်ကောင်းရှိဖို့ ပထမလိုပါတယ်။ ဒါမှ အပြုသဘော အတွေးအမြင်နဲ့လုပ်ရပ်တွေ ဖြစ်လာပါလိမ့်မယ်။ အပြုသဘော အတွေးအမြင်ရှိမှ ကိုယ်ချင်းစာ စိတ်ကို မွေးနိုင်မှာပါ။

အဲဒီကိုယ်ချင်းစာတရားဟာ ငွေကြေးတန်ဖိုး အားဖြင့် မမြင့်မားပေမယ့် လူသားတန်ဖိုးအား ဖြင့် မြင့်မားပါတယ်။ ဒီလိုအရည်အသွေးတွေဟာ အခြားသူတွေအပေါ်ကို နားလည်မှု၊ ဖြေသိမ့်မှု၊ ရိုင်းပင်းမှု၊ လေးစားမှုတွေ အပြုသဘောပေးတဲ့ အတွက် ကိုယ်တိုင်အတွက်ရော ကိုယ့်ပတ်ဝန်း ကျင် ကိုပါ ပျော်ရွှင်မှု၊ ကြည်နူးမှုနဲ့ အေးချမ်းမှုတွေ မျှဝေ ပေးနိုင်မှာ ဖြစ်ပါတယ်။ ။