ငြိမ်းချမ်းရေးတံခါးခေါက်သံ(သို့မဟုတ်) NCA (၈)နှစ်ပြည့်မှသည်….
အေးချမ်းသူ
ငြိမ်းချမ်းရေးဟူသည် “ဆူပူလှုပ်ရှားထကြွခြင်း၊ စစ်မက် စသည်တို့ ကင်းမဲ့သောအဖြစ်” ဟူ၍ မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားပေရာ ငြိမ်းချမ်းခြင်းကို လူသားတိုင်း လိုချင်တောင့်တကြပေလိမ့်မည်။
ငြိမ်းချမ်းရေးဗိသုကာ မဟတ္တမဂန္ဒီက “အကြမ်းဖက်မှုဖြင့် ရအပ်သော အောင်ပွဲသည် တဒင်္ဂအောင်ပွဲဖြစ်သောကြောင့် အရှုံးဟုအဓိပ္ပာယ်သက်ရောက်သည်။ ကျွန်ုပ်သည် အကြမ်းဖက်မှုကို ကန့်ကွက်သည်။ အကြောင်းမှာ အကြမ်းဖက်ခြင်းက ကောင်းအောင်လုပ်သည်ဆိုလျှင် အကောင်းသည် ခဏပန်းသာဖြစ်ပြီး အဆိုးသည် အမြဲတမ်းရှိနေ မည်ဖြစ်သောကြောင့်ပင်” ဟု ဆိုမိန့်ခဲ့သည်။
ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ဦးတည်လျှောက်လှမ်း
ငြိမ်းချမ်းရေးကို ဦးတည်လျှောက်လှမ်းရာတွင် ယနေ့ခေတ် ကမ္ဘာ့နိုင်ငံများတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို ကျင့်သုံးပြီး ငြိမ်းချမ်းသာယာသည့်ကမ္ဘာအဖြစ် ပုံဖော်လျက်ရှိသည်။ မိမိတို့နေထိုင်ရာ ကမ္ဘာမြေကြီးသည် သဘာဝက ဖန်ဆင်းအပ်နှင်းထားသည့် အလှတရားများမှာ ပကတိသန့်ရှင်းစင်ကြယ်ရုံမျှမက မြတ်နိုးဖွယ်အတိ ရှိပေသည်။ ယင်းအလှတရားများကို အာဃာတ၊ အမုန်းတရားများဖြင့် အကျည်းတန် အရုပ်ဆိုးမသွားစေရန် ကမ္ဘာ့နိုင်ငံတိုင်းက ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ဦးတည်လျှောက်လှမ်းလျက်ရှိသည်။
မြန်မာနိုင်ငံတွင်လည်း ကာလရှည်ကြာဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ် ရပ်စဲပြီး နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန်အတွက် အရေးအကြီးဆုံးမှတ်တိုင်တစ်ခုဖြစ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement- NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ယခုဆိုလျှင် တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုခဲ့သည်မှာ (၈)နှစ်ပြည့်မြောက်တော့ မည်ဖြစ်သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ၏ ကနဦးအဆိုပြုချက်များအပေါ် အခြေခံကာ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ရှစ်ဖွဲ့တို့က သဘောတူရေးဆွဲခဲ့ကြသည့် သမိုင်းဝင်စာချုပ် လည်းဖြစ်သည်။ ထို့ပြင် နိုင်ငံတကာအသိသက်သေများအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂ တို့က သံတမန်များနှင့် ပြည်တွင်းအသိသက်သေများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ရုံမျှမက ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် ဖျောက်ဖျက်မရ၊ ပျက်ပြယ်မသွားနိုင်သည့် သမိုင်းဝင်စာချုပ်လည်းဖြစ်သည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ လ ၁၃ ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနှစ်ဖွဲ့ ထပ်မံပါဝင် လက်မှတ်ရေးထိုးခဲ့သဖြင့် NCA တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။
ယခုလက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူချိန်တွင် နိုင်ငံတော်အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ခုနစ်ဖွဲ့၊ NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့နှင့် နိုင်ငံရေးပါတီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ရာနှုန်းပြည့်အောင်မြင်နိုင်ရေး ရည်မှန်းဖော်ဆောင်
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံထားသည့် ပြည်ထောင်စုကြီးကို တည်ဆောက်သွားရန်အတွက် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို ရာနှုန်းပြည့် အောင်မြင်နိုင်ရေး ရည်မှန်းဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ယနေ့အချိန်အထိ ကျန်ရှိနေသေးသည့် ပြည်တွင်းပဋိပက္ခများကို ဖြေရှင်းနိုင်ရန် တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုပြီး ပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်း များနှင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်ရေး နိုင်ငံတော်အစိုးရက ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
အခက်အခဲအကျပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ရ
သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုလျှင် သက်ဦးဆံပိုင်ဘုရင်စနစ်နှင့် ကိုလိုနီစနစ် ကျင့်သုံးခဲ့စဉ်က အစပြု၍ လွတ်လပ်ရေးရရှိပြီး ပါလီမန်ဒီမိုကရေစီစနစ်၊ ဆိုရှယ်လစ်ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့သည့်ကာလများတွင် လူမျိုးစွဲ၊ ဝါဒစွဲ၊ နိုင်ငံရေးအယူအဆ ကွဲပြားခြားနားမှုများကြောင့် တိုင်းပြည်တွင် အခက်အခဲအကျပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ရသည်။
ယနေ့အချိန်တွင် နိုင်ငံရေးပြဿနာကို အကြောင်းပြု၍ နိုင်ငံရေးအမြတ်ထုတ်လိုသူများ၊ ပြည်တွင်း၊ ပြည်ပ သွေးထိုးလှုံ့ဆော်သူများကြောင့် နိုင်ငံအတွင်း ဆန့်ကျင်အုံကြွမှုများ၊ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများစသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများစွာ ကြုံတွေ့နေရသည်။
အတိတ်သမိုင်းဖြစ်စဉ်များမှာ အမြင်သဘောထားချင်း မတူညီကြသဖြင့် အာဃာတများ၊ အမုန်း တရားများ၊ ဝိရောဓိများကြောင့် ဝမ်းနည်းဖွယ်အဖြစ်များနှင့် ကြုံတွေ့ခဲ့ကြရသလို ဆုံးရှုံးမှုများကိုသာ ရယူပိုင်ဆိုင်ခဲ့ကြရသည်မှာ အားလုံးအသိပင်ဖြစ် သည်။ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖက်နှင့်တစ်ဖက် အမြင်ချင်း၊ ယုံကြည်ချက်ချင်း မတူညီနိုင်ကြပေ။ အမိဝမ်းမှမွေးဖွားပေးခဲ့သည့် ညီရင်းအစ်ကိုများ ဖြစ်လင့်ကစား လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြ ပေရာ ခံယူချက်၊ ရည်မှန်းချက်များကွဲပြားနေမည် သာဖြစ်သည်။ သို့သော် မတူညီနိုင်သည်များကို ဘေးဖယ်ပြီး ပြည်ထောင်စုစိတ်ဓာတ်အရင်းပြု၍ ပြည်ထောင်စုနိုင်ငံတော်ကြီးကို မျက်မှောက်ပြုကြရပေမည်။
အထူးသတိပြုကြရမည်မှာ “နွားကွဲလျှင် ကျားဆွဲမည်” စကားပုံအတိုင်း နွားမကွဲအောင်၊ ကျားမဆွဲအောင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ခိုင်မာအောင် တည်ဆောက်ကြရမည်ဖြစ်သည်။ ငယ်စဉ်ကသင်ခဲ့ရသည့် ထင်းတစ်ချောင်းတည်း ချိုး၍ရသော်လည်း စုစည်းထားသည့် ထင်းစည်းကို ချိုး၍မရနိုင်ပုံ၊ ရွှံ့ညွန်အတွင်း နစ်နေသည့်လှည်းကို တစ်ဦးတည်းဖြင့် တွန်း၍မရနိုင်ဘဲ ဦးတည်ရာတစ်ဖက်တည်းကို မျှော်မှန်းပြီး စုပေါင်းအားဖြင့် ဝိုင်းဝန်းလုပ်ဆောင်မှသာ လိုရာခရီးရောက်နိုင်ပုံ စသည့် ပုံပြင်သာဓကများစွာ ရှိပြီးဖြစ်ပါသည်။
မြန်မာ့သမိုင်းမှတ်တိုင်တစ်ရပ် ရေးထိုးနိုင်ခဲ့သော ပြည်ထောင်စုနေ့သည် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ သွေးစည်းညီညွတ်မှုကို ညွှန်းဆိုပြသခဲ့သည့် နေ့ထူးနေ့မြတ်လည်းဖြစ် သည်။ တိုင်းရင်းသားအားလုံး၏ စုပေါင်းညီညွတ်မှုအားကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ် ပိုင်ဆိုင်ရယူနိုင်ခဲ့သည်။ ထိုကဲ့သို့ လွတ်လပ်ရေးအောင်ပန်းကို ဆွတ်ခူးနိုင်ခဲ့သည့် သမိုင်းကြောင်းကို သက်သေတည်၍ ပြဆိုခဲ့သည့် မှတ်တိုင်များသည် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ စည်းလုံးညီညွတ်မှုမှရရှိခဲ့သည့် အသီးအပွင့်များပင်ဖြစ်သည်။
ငြိမ်းချမ်းမှုအပေါ်တွင် များစွာတည်မှီ
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးသည် ထိုနိုင်ငံ၏ ငြိမ်းချမ်းမှုအပေါ်တွင် များစွာတည်မှီနေပါသည်။ နိုင်ငံအေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်စေရေးတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာရေးသည် မရှိမဖြစ်လိုအပ်ပေသည်။ ငြိမ်းချမ်းချစ်ကြည်မှုရှိရန် မှာ တစ်ဦးတစ်ယောက်တည်းဖြင့် တည်ဆောက်၍မရပေ။ သို့ဖြစ်ရာ ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေးနှင့် အပြန်အလှန် ယုံကြည်လေးစားမှုရှိရေးသည်လည်း မတူညီသောအခြေအနေများကို စုစည်းရာတွင် မရှိမဖြစ်ကျင့်သုံးအပ်သည့် အရာပင်ဖြစ်သည်။ ခေတ်ကာလ နိုင်ငံရေးအခြေအနေအမျိုးမျိုးတို့ကြောင့် ဖြစ်တည်လာခဲ့သည့် စိတ်ဝမ်းကွဲမှုတို့သည် ပြည်ထောင်စုကြီး၏ အတွင်းအင်အားများကို ယုတ်လျော့သွားနိုင်ပေသည်။
ဒီမိုကရေစီစနစ်တွင် ပြည်သူအများစု၏ မျှော်လင့်ချက်၊ လိုလားချက်၊ တောင့်တချက်များကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ လူနည်းစု၏ အရေးကိစ္စရပ်များကိုလည်း မလွဲမသွေ ဆောင်ရွက်ပေးရမည်ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ဒီမိုကရေစီစံနှုန်းနှင့်အညီ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ ထင်သာမြင်သာရှိမှုများလည်း လိုအပ်ပါသည်။ မတူကွဲပြားမှုများကို တွန်းအားအဖြစ် အသွင်ပြောင်းကာ ယုံကြည်စိတ်လျော့နည်းမှုများ၊ သံသယစိတ်များ၊ စိတ်ဝမ်းကွဲပြားမှုများကို စည်းလုံးညီညွတ်မှုအားဖြင့် ကျော်လွှားကြရမည်ဖြစ်သည်။
ဖက်ဒရယ်ဟုဆိုရာတွင်လည်း မတူကွဲပြားနေသည့် တိုင်းဒေသကြီး၊ ပြည်နယ်၊ လူမျိုး၊ လူမျိုးစု တို့ကို စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်တို့ကို ခွဲဝေကျင့်သုံးသည့် အယူအဆသဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်းတို့ပင် ဖြစ်ပေသည်။
တိုင်းပြည်၏ အကျပ်အတည်း၊ အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် တပ်မတော်က ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် တာဝန်ယူခဲ့ကာ ပြည်သူ့ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်ကို ပုံဖော်ပေးခဲ့ပြီး ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် အစိုးရနှင့် တပ်မတော်တို့ လက်တွဲ၍ နိုင်ငံတော်တိုးတက်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် ရိုးသားမှုမရှိသော နည်းလမ်းများဖြင့် အနိုင်ရရှိရေးဆောင်ရွက်ခဲ့မှုနှင့် မဲစာရင်းကွဲလွဲမှုများကြောင့် အရေးပေါ်ကာလ သတ်မှတ်ကာ တပ်မတော်က နိုင်ငံ့တာဝန်များကို ဥပဒေနှင့်အညီ ဝင်ရောက်ထိန်းသိမ်းခဲ့ရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက်ဖော်ဆောင်ရာတွင် ရပ်တည်သွားရမည့် အခြေခံအချက်နှစ်ခုရှိပြီး တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အပေါ် ခိုင်ခိုင်မာမာ ရပ်တည်သွားမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်သွားမည်ဖြစ်ကြောင်း၊ အစိုးရ အနေဖြင့် တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေရချိန်တွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်နေခြင်းသာဖြစ်ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ရပ်တည်နေခြင်းများသည် ဒီမိုကရေစီနည်းလမ်းကျ ပေါ်ထွက်လာသည့် အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်နေခြင်း၊ တစ်နည်းအားဖြင့် ပြည်သူလူထု လိုလားတောင့်တသည့် ဒီမိုကရေစီစနစ်ကို ထိန်းသိမ်းစောင့်ရှောက်နေခြင်းပင်ဖြစ်ကြောင်း” တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုခြင်း (၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။
ဦးစားပေးဆောင်ရွက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အန္တိမရည်မှန်းချက်အဖြစ် လွတ်လပ်၍ တရားမျှတ သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။ ယင်းကဲ့သို့ မှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်၍ မိသားစုတစ်စုချင်းမှသည် မိမိတို့နေထိုင်ရာ မြို့၊ ရွာမှစ၍ တစ်နိုင်ငံလုံး၊ ကမ္ဘာမြေကြီးကိုပါ အစဉ်စိမ်းလန်းစိုပြည်ပြီး အေးချမ်းတည်ငြိမ်သာယာစေရန် အဖျက်အမှောင့်လုပ်ရပ်များ၊ သွေးထိုး လှုံ့ဆော်မှုများ၊ ဘာသာရေးပဋိပက္ခများ မဖြစ်ပွားစေရေးအတွက် သတိရှိရှိဖြင့် ဝိုင်းဝန်းကာကွယ် သွားကြရမည်ဖြစ်သည်။ ထိုကဲ့သို့ ကာကွယ်ရန်မှာ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှု၊ နားလည်မှုများ အပြန်အလှန်တည်ဆောက်ပြီး တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်နှင့်အညီ တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာမှုများဖြင့် ငြိမ်းချမ်းရေး တံခါးကြီးကိုဖွင့်ရင်း နိုင်ငံအကျိုးပြုလုပ်ငန်းများကို တိုင်းရင်းသားအားလုံး ဝိုင်းဝန်းပါဝင် လက်တွဲသွားကြပါရန် ဆန္ဒပြုတိုက်တွန်းအပ်ပါသည်။ ။