Skip to main content

ကမ္ဘောဒီးယားနိုင်ငံ၏ ဆင်းရဲမှုလျှော့ချခြင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှု

ခန့်ဇော် (ကျေးလက်)

အရှေ့တောင်အာရှရှိ အင်ဒိုချိုင်းနားကျွန်းဆွယ်၏တောင်ပိုင်းတွင်တည်ရှိပြီး ဧရိယာအားဖြင့် ၁၈၁၀၃၅ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည့် ကမ္ဘောဒီးယားနိုင်ငံသည် အနောက်မြောက်ဘက်တွင် ထိုင်းနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် လာအိုနိုင်ငံ၊ အရှေ့ဘက်တွင် ဗီယက်နမ်နိုင်ငံနှင့် အနောက်တောင်ဘက်တွင် ထိုင်းပင်လယ်ကွေ့တို့နှင့် ထိစပ်လျက်ရှိသည်။ လူဦးရေ ၁၅ သန်းကျော်ရှိသည့်အနက် ခမာလူမျိုး ၉၆ ရာခိုင်နှုန်းခန့် နေထိုင်ပြီး လူနည်းစုမှာ ဗီယက်နမ်၊ တရုတ်၊​ ချမ်နှင့် တောင်ကုန်းနေလူမျိုးစုများဖြစ်ကြသည်။

ကမ္ဘောဒီးယားနိုင်ငံ၏နိုင်ငံရေး

ရွေးကောက်ခံ စည်းမျဉ်းခံဘုရင်စနစ်ဖြစ်ပြီး လက်ရှိဘုရင်မှာ နိုရိုဒွန်ဆီဟာမိုနီဖြစ်ကာ အစိုးရအဖွဲ့၏အကြီးအမှူးမှာ ဝန်ကြီးချုပ်ဖြစ်သည်။ ဝန်ကြီးချုပ်ဟွန်ဆန်သည် ကမ္ဘောဒီးယားနိုင်ငံအား ၁၉၈၅ ခုနှစ်ကတည်းက အုပ်ချုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇွန်လအတွင်း ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် သားဖြစ်သူ ဟွန်မာနက်အား ဩဂုတ်လ ၂၂ ရက်နေ့တွင် အာဏာလွှဲခဲ့ခြင်းဖြစ်ပါသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ပြင်သစ်လက်အောက်မှ ၁၉၅၃ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့ပြီး ၁၉၆၅ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်လွန်ကာလများအထိ စစ်ရေး၊ နိုင်ငံရေးအပြောင်းအလဲများစွာကို ရင်ဆိုင်ခဲ့ရကြောင်း လေ့လာတွေ့ရှိရသည်။ ၁၉၅၅ ခုနှစ်မှစ၍ ကုလသမဂ္ဂ၏အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပြီး အာဆီယံအဖွဲ့၊ အရှေ့အာရှထိပ်သီးအဖွဲ့၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ဘက်မလိုက်နိုင်ငံများ လှုပ်ရှားမှုအဖွဲ့နှင့် လာဖရန် ကိုဖုန်းနီအဖွဲ့တို့၏ အဖွဲ့ဝင်နိုင်ငံလည်းဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံ၏စီးပွားရေး

၂၀၁၇ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ လူတစ်ဦးချင်းဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁၃၀၉ ဖြစ်ပြီး ဝယ်ယူနိုင်စွမ်းအား ကွာခြားမှုနှုန်းကို ထည့်တွက်ပါက အမေရိကန်ဒေါ်လာ ၄၀၂၂ မျှ ရှိသည်။ ကုလသမဂ္ဂက ကမ္ဘောဒီးယားနိုင်ငံအား ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများတွင် တစ်နိုင်ငံအဖြစ် သတ်မှတ်ထားသည်။ ကျေးလက်နေအိမ်ထောင်စု အများစုမှာ စိုက်ပျိုးမွေးမြူရေးနှင့် ဆက်စပ်လုပ်ငန်းများအပေါ်တွင် မှီခိုကြပြီး အဓိကတင်ပို့ကုန်များမှာ ဆန်စပါး၊ ငါး၊ သစ်၊ အဝတ်အထည်နှင့် ရော်ဘာတို့ဖြစ်ကြသည်။

အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် လူတစ်ဦးချင်းဝင်ငွေ နိမ့်ကျသော်လည်း စီးပွားရေးရာမဂ္ဂဇင်းနှင့် နိုင်ငံတကာငွေကြေးအဖွဲ့တို့၏အဆိုအရ ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ၏ ပျမ်းမျှဂျီဒီပီတိုးတက်နှုန်းမှာ ၇ ဒသမ ၇ ရာခိုင်နှုန်းဖြစ်သဖြင့် ကမ္ဘာပေါ်တွင် နှစ်စဉ်ပျမ်းမျှ ဂျီဒီပီတိုးတက်နှုန်းအများဆုံး၁၀ နိုင်ငံတွင် ပါဝင်ခဲ့ကြောင်း လေ့လာသိရှိရသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ဖွံ့ဖြိုးမှုအမြန်ဆန်ဆုံးလုပ်ငန်းမှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဖြစ်ပြီး နိုင်ငံ၏ဒုတိယမြောက် ဝင်ငွေအများဆုံးရရှိသည့် လုပ်ငန်းဖြစ်သည်။ ၁၉၉၇ ခုနှစ်တွင် ခရီးသွား ၂၁၉၀၀၀ မျှရှိရာမှ ၂၀၀၇ ခုနှစ်တွင် နှစ်သန်းအထိ တိုးတက်လာခဲ့ပြီးကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှ နိုင်ငံအတွင်း အလုပ်လုပ်သူ ၂၆ ရာခိုင်နှုန်း (၂ ဒသမ ၅ သန်းမျှ)ကို အလုပ်အကိုင်ဖန်တီးပေးနိုင်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁ ဒသမ ၇ ရာခိုင်နှုန်းဖြစ်ပြီး နိုင်ငံခြားသို့ တင်ပို့မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံမျှဖြစ်ကြောင်း တွေ့ရှိရသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP)နှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI)

၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ဘဏ်၏စာရင်းအရ GDP အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၉၆ ဘီလီယံ၊ တစ်ဦးချင်း GDP မှာ အမေရိကန်ဒေါ်လာ ၁၄၈၇ ဒသမ ၇၂ ခန့်ရှိသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ FDI သည် ၂၀၂၂ ခုနှစ်တွင် ၇ ဒသမ ၇ ရာခိုင်နှုန်းခန့် တိုးလာခဲ့ပြီး ပြီးခဲ့သည့် သုံးလပတ်ကာလအတွင်း အမေရိကန် ဒေါ်လာ ၉၃၁ ဒသမ ၆ သန်းခန့်၊ ၂၀၂၃ ခုနှစ် မတ်လစာရင်းအရ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံခန့်အထိ တိုးမြင့်လာသည်ကို တွေ့ရသည်။

ဆင်းရဲမှုနှုန်း

ကမ္ဘောဒီးယားနိုင်ငံသည် ဆယ်စုနှစ် အနည်းငယ်ကျော်အတွင်း ဆင်းရဲမှုလျှော့ချခြင်း လုပ်ငန်းစဉ်တွင် သိသိသာသာတိုးတက်လာခဲ့ပြီး ကမ္ဘာ့ဘဏ်၏အဆိုအရ နိုင်ငံ၏ဆင်းရဲမှုနှုန်းမှာ ၂၀၀၇ ခုနှစ်တွင် ၄၇ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် ၁၃ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးကဏ္ဍများတွင် အခြေခံဝန်ဆောင်မှုများရရှိမှု တိုးတက်လာခြင်းအပါအဝင် စိုက်ပျိုးရေး၊ အထည်ချုပ်လုပ်ငန်းနှင့် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းကဏ္ဍများတွင် စီးပွားရေးတိုးတက်မှု အားကောင်းလာခြင်းတို့က ဆင်းရဲမှုလျှော့ချရေးအတွက် အထောက်အကူဖြစ်စေခဲ့သည်ကို တွေ့ရသည်။

သို့ရာတွင် ကမ္ဘောဒီးယားနိုင်ငံတွင် အထူးသဖြင့် ကျေးလက်ဒေသများနှင့် အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် တိုင်းရင်းသားလူနည်းစုများကဲ့သို့သော ထိခိုက်လွယ်အုပ်စုများ၌ ဆင်းရဲနွမ်းပါးမှုသည် သိသာထင်ရှားသည့် စိန်ခေါ်မှုတစ်ခုအဖြစ် ကျန်ရှိလျက်ရှိသည်။ အမျိုးသားစာရင်းအင်း ပညာကျောင်း၏အဆိုအရ ၂၀၁၉ ခုနှစ်တွင် ကျေးလက်ဒေသများ၌ တွေ့ရှိရသည့် အမြင့်ဆုံးဆင်းရဲမှုနှုန်းမှာ ၁၆ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ပါသည်။

ကမ္ဘာ့ဘဏ်၏အဆိုအရ အလုပ်အကိုင်များ ဖန်တီးပေးခြင်းနှင့် ဝင်ငွေတိုးပွားလာခြင်း၊ အစိုးရက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ပေးခြင်းနှင့် အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံခြင်းကဲ့သို့သော စီးပွားရေးရာမူဝါဒများ ချမှတ်ဆောင်ရွက်နိုင်မှုကြောင့် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံသည် တစ်ကမ္ဘာလုံးတွင် စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်လာပြီး နိုင်ငံ၏ GDP သည် ပျမ်းမျှအားဖြင့် နှစ်စဉ် ၇ ဒသမ ၆ ရာခိုင်နှုန်းဖြင့် တိုးတက်လာခဲ့ သည်ကို တွေ့ရသည်။

လူမှုဖူလုံရေးလုပ်ငန်းများ

ကမ္ဘောဒီးယားနိုင်ငံ စီမံကိန်းဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်စာရင်းအရ အစိုးရသည် ဆင်းရဲသော အိမ်ထောင်စုများကို ခွဲခြားသတ်မှတ်၍ ငွေကြေးတိုက်ရိုက်ထောက်ပံ့ပေးသည့် IDPoor အစီအစဉ် အပါအဝင် ဆင်းရဲမှုလျှော့ချရန် လူမှုဖူလုံရေးလုပ်ငန်းစဉ်များစွာကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်အထိ IDPoor အစီအစဉ်သည် နိုင်ငံတစ်ဝန်းရှိ အိမ်ထောင်စုပေါင်း ၆၀၀၀၀၀ ကျော်အထိ ထောက်ပံ့နိုင်ခဲ့ကြောင်း တွေ့ရှိရသည်။ ထို့အပြင် အစိုးရက ဆင်းရဲသားပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးသော တန်းတူညီမျှ ကျန်းမာရေးရန်ပုံငွေ (Health Equity Fund) နှင့် ထိခိုက်လွယ်အုပ်စုများကို လူမှုအကာအကွယ်ပေးရေး တိုးမြှင့်ပေးရန်အတွက် လူမှုကာကွယ်ရေးမူဝါဒမူဘောင် (Social Protection Policy Framework) တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပါသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှု

လယ်ယာစိုက်ပျိုးရေးသည် နိုင်ငံရှိလူဦးရေ ၆၀ ရာခိုင်နှုန်းခန့်အတွက် အလုပ်အကိုင်အခွင့် အလမ်း ဖန်တီးပေးလျက်ရှိခြင်းကြောင့် နိုင်ငံတော်အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ဆည်မြောင်းတူးဖော်ခြင်းစနစ်များနှင့် ကျေးလက်လမ်းများကဲ့သို့ ကျေးလက်ဒေသအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးအပြင် လုပ်ကွက်ငယ်တောင်သူများအတွက် ငွေကြေး၊ နည်းပညာနှင့် သင်တန်းများ တိုးမြှင့်ပေးရန်အစီအစဉ်များ ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်ပေးခဲ့ပါသည်။

ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု

ပညာရေးဆိုင်ရာအရည်အသွေး ပိုမိုကောင်းမွန်စေရန်၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများရရှိရေးနှင့် အရည်အသွေး ကောင်းမွန်တိုးတက်လာစေရန်အတွက် ကျေးလက်ဒေသများတွင် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့သော အခြေခံဝန်ဆောင်မှုများ ရရှိအောင် တိုးမြှင့်ဆောင်ရွက်ပေးရန် မဟာဗျူဟာများ၊ အစီအစဉ်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ပါသည်။

ခမာနီခေတ်အလွန်ကာလ (၁၉၇၉-၁၉၉၁) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် ချက်များ

ကမ္ဘောဒီးယားနိုင်ငံတွင် ၁၉၇၉ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ ခမာနီခေတ်၏ နောက်ပိုင်းခေတ်ကို ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင် ရေးကာလတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ အစိုးရအသစ်သည် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီဖြင့် ကျေးလက်နေပြည်သူလူထု၏ စီးပွားရေးအခြေအနေများနှင့် လူနေမှုအဆင့်အတန်းများ တိုးတက်လာစေရန် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အမျိုးမျိုးကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပါသည်။

လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များ တိုးမြှင့်လာစေရေးအပါအဝင် ဈေးကွက်ရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးမြှင့်တင်ပေးရန် လမ်း၊ တံတားများဆောက်လုပ်ခြင်း၊ ဆည်မြောင်းသွယ်ခြင်းနှင့် လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ အပါအဝင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

ထို့အပြင် လယ်သမားသမဝါယမအသင်းများ ထူထောင်ခြင်း၊ ချေးငွေအစီအစဉ်များနှင့် တိုးချဲ့ဝန်ဆောင်မှုလုပ်ငန်းများနှင့်အတူ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်နှင့် အထွက်နှုန်းတိုးပွားလာစေရန် သီးနှံစပ်မျိုးများနှင့် ဓာတုဗေဒဓာတ်မြေဩဇာများ အသုံးပြုခြင်းကဲ့သို့သော ခေတ်မီစိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ အသုံးပြုခြင်းကို အားပေးလုပ်ဆောင်စေခဲ့ပါသည်။ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) ကဲ့သို့သော အဖွဲ့အစည်းများနှင့် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) တို့က ကမ္ဘောဒီးယားနိုင်ငံရှိ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ်များအတွက် နည်းပညာ အကူအညီများ၊ သင်တန်းများနှင့် ငွေကြေးထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရှိရသည်။

သို့ရာတွင် ခမာနီခေတ်အပြီး နောက်ပိုင်းခေတ်သည် နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသောခေတ်ဖြစ်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များနှင့် ပတ်သက်သည့်အောင်မြင်မှုများကို အဟန့်အတား ဖြစ်စေခဲ့သည်ကို တွေ့ရသည်။ ထို့အပြင် ခမာနီခေတ်၏ အမွေဆိုးသည် အခြေခံအဆောက်အအုံနှင့် လူ့အရင်းအမြစ်ပျက်စီးခြင်းအပါအဝင် ကျေးလက်ဒေသများ၏ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် သိသာထင်ရှားသည့် စိန်ခေါ်မှုများ ဖြစ်ပေါ်စေခဲ့ပါသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ကူးသန်းရောင်းဝယ်ရေးအစီအစဉ် (၁၉၉၃-၂၀၀၁)

ကျေးလက်ဒေသရှိ အိမ်ထောင်စုများ၏ ဝင်ငွေနှင့် လူနေမှုအဆင့်အတန်းများ တိုးတက်လာစေရန် လယ်ယာစိုက်ပျိုးရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် တန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မြှင့်တင်ပေးရန်အတွက် လယ်ယာစိုက်ပျိုးရေးနှင့် ကူးသန်းရောင်းဝယ်ရေးအစီအစဉ် (ADCP)ကို နိုင်ငံတကာ အဖွဲ့အစည်းများ၏အကူအညီဖြင့် ၁၉၉၃ ခုနှစ်နှင့် ၂၀၀၁ ခုနှစ်အကြား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ အဓိကအပိုင်းလေးပိုင်းကို ဆောင်ရွက်ခဲ့ပြီး လယ်ယာစိုက်ပျိုးရေးဆိုင်ရာ သုတေသနနှင့်တိုးချဲ့မှု၊ ဈေးကွက်ရှာဖွေရေးနှင့် စီမံဆောင်ရွက်မှု၊ ကျေးလက်ဒေသဘဏ္ဍာငွေရရှိမှုနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုပိုင်းတွင် သီးနှံမျိုးသစ်များနှင့် မိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ စဉ်ဆက်မပြတ် လယ်ယာစိုက်ပျိုးရေးအလေ့အထများ တိုးမြှင့်ပေးခြင်းနှင့် တောင်သူလယ်သမားများကို နည်းပညာအကူအညီနှင့် သင်တန်းများပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့သည်။

ဈေးကွက်ရှာဖွေရေးနှင့် စီမံဆောင်ရွက်မှုအပိုင်းသည် ဈေးကွက်ချိတ်ဆက်မှုများ ထူထောင် ပေးခြင်း၊ ကူးသန်းရောင်းဝယ်ရေး အခြေခံ အဆောက်အအုံများ မြှင့်တင်ပေးခြင်းနှင့် ရိတ်သိမ်း ချိန်လွန် စီမံဆောင်ရွက်မှုနှင့်ပတ်သက်၍ သင်တန်းများပေးခြင်း၊ လုပ်ကွက်ငယ်တောင်သူများအတွက် ငွေကြေးထောက်ပံ့မှု တိုးမြှင့်ပေးရန် ကျေးလက် ဒေသချေးငွေအစီအစဉ်များ ထူထောင်ပေးခြင်းတို့ ပါဝင်သည်။

အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုအပိုင်းသည် အစီအစဉ်အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် ရေရှည်တည်တံ့မှုတို့ကို အထောက်အကူဖြစ်စေရန် အစိုးရအေဂျင်စီများ၊ သုတေသနသင်တန်းကျောင်းများနှင့် တောင်သူလယ်သမားအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးရန်ဖြစ်သည်။

ADCP သည် ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများနှင့် ဆီထွက်သီးနှံများကဲ့သို့သော သီးနှံအသစ်များ မိတ်ဆက်ပေးခြင်းနှင့်အတူ လယ်ယာစိုက်ပျိုးရေးတိုးမြှင့်ဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိခဲ့သည်။ ထိုအစီအစဉ်သည် အသေးစားလယ်ယာစိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းများ အရေအတွက်တိုးပွားလာမှုနှင့် လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များအတွက် ဈေးကွက်အသစ် ဖွံ့ဖြိုးတိုးတက်မှုတို့နှင့်အတူ စိုက်ပျိုးရေးကဏ္ဍကို စီးပွားဖြစ်ဖွံ့ဖြိုးတိုးတက်စေရန်လည်း အထောက်အကူ ဖြစ်စေပါသည်။

သို့ရာတွင် အဆင်းရဲဆုံးလူတန်းစားများနှင့် အထိခိုက်အလွယ်ဆုံး ကျေးလက်ဒေသအိမ်ထောင်စုများထံ ရောက်ရှိအောင်ဆောင်ရွက်ပေးခြင်းနှင့် လုပ်ကွက်ငယ်တောင်သူများအတွက် မြေယာပိုင်ဆိုင်မှု၊ ဘဏ္ဍာငွေရရှိမှုနှင့် ဈေးကွက်ရရှိမှုတို့နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းခြင်းတို့၌ စိန်ခေါ်မှုများစွာ တွေ့ကြုံခဲ့ရသည်ကို တွေ့ရသည်။

ခြုံငုံကြည့်လျှင် ADCP သည် လယ်ယာစိုက်ပျိုးရေးနှင့် ကူးသန်းရောင်းဝယ်ရေးကို အထောက်အကူပြုပြီး ကျေးလက်အိမ်ထောင်စုများစွာ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ တိုးတက်စေရန် အကူအညီပေးခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံအတွင်း အဓိကကျသောဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုတစ်ခု ဖြစ်ခဲ့သည်။

(ဆက်လက်ဖော်ပြပါမည်)