ဂီတစွမ်းအား ပြည်ထွန်းကား
စန်းနီလာဝင်း
စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာသည် စည်းရုံးရေးဩဇာရော ပညာပေးဩဇာပါ အစွမ်းထက်မြက်လှသော လူထုဆက်သွယ်ရေးကိရိယာဖြစ်သည်။ သရုပ်မှန်အနုပညာသည် တိုင်းကျိုးပြည်ပြု ပြည်သူ့အနုပညာပင်ဖြစ်သည်။ သရုပ်မှန်အနုပညာသည် ပြည်ထောင်စု မျိုးချစ်စိတ်ဓာတ်ထက်သန်ရေးနှင့် ဇာတိသွေးဇာတိမာန်ရှင်သန်မှုကို ရှေးရှုပါသည်။ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးကို များစွာအထောက်အကူပြုပါသည်။ သရုပ်မှန်အနုပညာတွင် ရသမြောက်သော ဖြေဖျော်မှုများပါဝင်ပြီး အမျိုးသားရေးကို သွေဖည်ဆန့်ကျင်ခြင်း လုံးဝမရှိပါ။
ထို့ကြောင့် ယဉ်ကျေးမှုမနုဿဗေဒပညာရှင်တို့က “ယဉ်ကျေးမှုအနုပညာသည် လူနှင့်ပတ်ဝန်း ကျင်ကို လွှမ်းမိုးထိန်းချုပ်နိုင်ရန်အတွက် လူတို့ဖန်တီးထုတ်လုပ်သော အရာများဖြစ်သည်။ ထိုယဉ်ကျေးမှုတွင် စာပေ၊ ဂီတ၊ သဘင်၊ ရုပ်ရှင်၊ ပန်းချီ၊ ပန်းပုအနုပညာတို့ဖြင့် မိမိတို့လူမျိုး၏ ယဉ်ကျေးမှုအဆင့်အတန်းကို တိုင်းတာပြသနိုင်သည်” ဟု ဖွင့်ဆိုထားသည်ကို တွေ့ရသည်။
တေးဂီတဟူသည် သာယာငြိမ့်ညောင်းခြင်း၊ ချိုလွင်သံသာခြင်းတို့ဖြင့် နားဆင်သူ၏ သောတ အာရုံကို ဖမ်းစားနိုင်စွမ်းရှိသော ပင်ကိုစွမ်းရည်ရှိသည်။ ရေမြေတောတောင် သဘာဝအလှအပများ ကိုလည်း ဖွဲ့နွဲ့သီကျူးပုံဖော်ပြသနိုင်ပါသည်။ ရိုးရာအစဉ်အလာ ဓလေ့ထုံးစံများကိုလည်း ဖွဲ့နွဲ့သီကျူး ဖော်ပြနိုင်သည်။ ချစ်ခင်ဖွယ်၊ လွမ်းဆွတ်ဖွယ်၊ ဝမ်းနည်းဖွယ်၊ ကြေကွဲဖွယ်၊ ပျော်ရွှင်ဖွယ်၊ ရယ်ရွှင် ဖွယ်၊ ရဲရင့်ဖွယ်၊ ကြောက်ရွံ့ဖွယ်၊ တည်ငြိမ်ရင့်ကျက်ဖွယ် စသည့် သုတမျိုးစုံကို ပေးစွမ်းနိုင်စွမ်းရှိပါသည်။ ဤတွင်မက မိမိတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်၊ ပြည်ထောင်စုမျိုးချစ် စိတ်ဓာတ်များ ရှင်သန်ပေါက်ဖွား ခိုင်မြဲစေသည့် ဝိသေသဂုဏ်အင်သတ္တိများ ရှိနေပါသည်။ ထို့ကြောင့် ဂီတအနုသုခုမပညာနယ်ပယ်တွင် “ဂီတသာလျှင် လူမျိုးသာ၍ ဂီတချာလျှင် လူမျိုးချာမည်” ဟု ဆိုရိုးစကားရှိနေခြင်းပင် ဖြစ်ပါသည်။
အလားတူ အကသဘင်ပညာတွင်လည်း “ဇာတ်သမားလာလျှင် မှတ်သားစရာပါရမည်၊ ဇာတ်သမားပြန်လျှင် မှတ်သားစရာကျန်ရမည်” ဟူသော ဆိုရိုးစကားသည် သဘင်အနုသုခုမပညာ ၏ စွမ်းအားကိုဖော်ကျူးထားခြင်းပင် ဖြစ်ပါသည်။
လူ့ဘဝနှင့် အနုသုခုမပညာ
သရေခေတ္တရာ ဧကရာဇ်နိုင်ငံတော်ခေတ်ဖြစ်သော ပျူခေတ်ကတည်းကပင် သုခုမသဘင်ပညာ ထွန်းကားခဲ့သည်။ မဇ္ဈိမတိုင်း(အိန္ဒိယပြည်)မှ တူရိယာပစ္စည်းများ၊ စိန့်တိုင်း(တရုတ်ပြည်)မှ တူရိယာပစ္စည်းများကို ပျူတို့သည် မိမိတို့၏ မူပိုင်တူရိယာများဖြစ်သော နှဲ၊ ပတ်သာ၊ စည်း စသည်တို့ နှင့် ပေါင်းစပ်တီးမှုတ်ခဲ့ကြသည်။
ပုဂံခေတ်သို့ရောက်လာသောအခါ သုခုမသဘင်ပညာဆိုင်ရာ တူရိယာပစ္စည်းများမှာ ယခင်ကထက် များစွာပြည့်စုံလာခဲ့သည်။ ပုဂံဘုရားနံရံများ၌ ရေးဆွဲထားခဲ့သော နန်းတွင်းကချေသည်များ၏ ပုံများ၊ အမျိုးသမီးတူရိယာပညာရှင်များ၏ ပုံများကိုပင် ယနေ့တိုင်မြင်တွေ့နေရသေးသည်။ ပုဂံ ခေတ်ကျောက်စာများတွင်လည်း ပုဂံခေတ်သုခုမပညာတို့၏ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရေးထိုး ဖော်ပြထားသည်ကိုလည်း မြင်တွေ့ရပါသည်။
ညောင်ရမ်းခေတ်တွင် ဂီတအနုသုခုမစာဆို ပညာရှင် “ဝန်ကြီးပဒေသရာဇာ”သည် “မဏိကက်” ပြဇာတ်ကို ရေးသားခဲ့ရာ ထိုပြဇာတ်သည် ဇာတ်သဘင်အနုပညာ၏ အရုဏ်ဦးဟု ဆိုနိုင်ပါသည်။ ထိုပြဇာတ်တွင် ဇာတ်ကောင်များ၏ အချီ အချ ဆိုဟန် ပြောဟန်၊ တေးဂီတတီးမှုတ်ဟန်တို့သည် ကုန်းဘောင်ခေတ်သို့ ကူးပြောင်းအမွေပေးရန်ဖြစ်လာပြီး ကုန်းဘောင်နန်းတွင်း၌ ဇာတ်သဘင်များ အစီအရီ ပေါ်ပေါက်လာတော့သည်။
ဇာတ်သမားလာလျှင် မှတ်သားစရာပါရမည် ဇာတ်သမားပြန်လျှင် မှတ်သားစရာကျန်ရမည်
မြန်မာ့ဇာတ်သဘင်၏ သမိုင်းစဉ်တွင် (၁) အနိမ့်သဘင်၊ (၂) အမြင့်သဘင်၊ (၃) အတီးသဘင်၊ (၄) အဆိုသဘင်ဟူ၍ လေးမျိုးရှိခဲ့ကြောင်း သိရသည်။ ရွှေနန်းသုံး ဝေါဟာရအဘိဓာန်ကြီးတွင် “သားတော်၊ သမီးတော်များကို ရှင်တော်ပြု၊ နားတော်ထွင်း မင်္ဂလာအခမ်းအနား၌ဖြစ်စေ၊ အလှူ တော်မင်္ဂလာအခမ်းအနား၌ဖြစ်စေ၊ တောင်စမုတ်ဇာတ်ရုံကြီး၌ဖြစ်စေ ကပြရသည်။ ထိုကပြသည့်ပွဲ သည် ရုပ်သေးပွဲကြီးပင်ဖြစ်သည်။ ရုပ်သေးစင်တော်ကြီးတွင် (၁) ဘုရင်မင်းမြတ်တော် ကောက်တော်မူသောစင်တော်ကြီး၊ (၂) မိဖုရားခေါင်ကြီးနှင့် အိမ်ရှေ့ဥပရာဇာတို့ တော်ကောက်တော်မူသော စင်တော်လတ်၊ (၃) အခြားမိဖုရားငယ်များနှင့်သားတော်၊ သမီးတော်တို့ တော်ကောက်သော စင်တော်သေးဟူ၍ သတ်မှတ်ထားသည်ကို တွေ့ရသည်။
ဂီတအနုသုခုမပညာကို အားပေးချီးမြှောက်သော ဘုရင်တို့က သဘင်ပညာဆိုင်ရာ အမိန့်တော် မှတ်တမ်းများ ချမှတ်ခဲ့သည်။ သဘင်ပညာဆိုင်ရာ အမိန့်မှတ်တမ်းများ၌ “သဘင်ပညာသည် တိုင်းကျိုးပြည်ကျိုးကို တိုက်ရိုက်အားဖြင့်သော်လည်းကောင်း၊ သွယ်ဝိုက် သောအားဖြင့်သော်လည်းကောင်း ပြုပြင်နိုင်ခြင်း၊ သာသနာရေး၊ ဘာသာရေး၌ အားပေးကူညီနိုင်ခြင်း များကြောင့် သဘင်ပညာရှင်များ စည်းကမ်းလိုက်နာရန် သဘင်ဆရာများထားရသည်။ သာသနာကို ထိခိုက်သော၊ ဂိုဏ်းမလွတ်သော ကဗျာသီချင်းများကို သီဆိုခွင့်မပြု၊ ကျူးလွန်သည့် တေးသီချင်း ရေးစပ်သူကို လက်ဖြတ်စေ၊ တေးသီချင်းသီဆိုသူကို လျှာဖြတ်စေ အပြစ်ပေးရမည်။ သဘင်သည်များကို “သဘင်ဝန်က ပြစ်ဒဏ်စီရင်ရမည်” ဟု အမိန့်တော် ချမှတ်ထားခဲ့သည်ကို တွေ့ရှိရသည်။
သာယာဝတီမင်းလက်ထက်သို့ ရောက်သောအခါ နန်းတော်အဝန်းအဝိုင်းအတွင်း၌သာမက နိုင်ငံတစ်ဝန်းလုံး လှည့်လည်ကပြစေခဲ့ရာ ဂီတအနုသုခုမပညာသည် ပြည်သူတို့အားလုံး ပိုင်ဆိုင် သော မြန်မာအနုပညာပုံသဏ္ဌာန်နှင့် အနှစ်သာရဆီသို့ ကူးပြောင်းရောက်ရှိလာခဲ့သည်။ အနိမ့်သဘင်ဟုခေါ်သော မြေဝိုင်းအကသည် ကုန်းဘောင်ခေတ်၏ ထင်ရှားကျော်ကြားသည့် အနုပညာတစ်ရပ်ဖြစ်ခဲ့ပြီး မြေဝိုင်းအကသဘင်များကို ကျေးလက်တောရွာအနှံ့တွင် ခြိမ့်ခြိမ့်သဲကျင်းပခဲ့ကြသည်။ မြေဝိုင်းအကသဘင်သည် ဘိုးတော်ဘုရားမင်းလက်ထက် မတိုင်မီက“ဗုံရှည်အက”ဟု ခေါ်တွင်ကပြခဲ့ကြသည့် အစဉ်အလာရှိပြီးဖြစ်သည်။
မြေဝိုင်းအကသဘင်ကို လာရောက်ကြည့်ရှုသည့်ပရိသတ်သည် မြေပေါ်တွင်ဝိုင်းထိုင်၍ ကြည့်ရှုရသောကြောင့် မြေဝိုင်းဇာတ်ဟူ၍လည်းကောင်း၊ ပရိသတ်ပြည်သူတို့၏ အလယ်ဗဟိုတွင် ပန်းပင်စိုက်၍ ဝိုင်းဝန်းကပြကြရသဖြင့် ပန်းပင်ဝိုင်းဇာတ်ဟူ၍လည်းကောင်း ခေါ်ဝေါ်သုံးစွဲ ခဲ့ကြသည်။ ဇာတ်သဘင်များ၏ အစနိဒါန်းဖြစ်သော မြေဝိုင်းအကသည် မြို့ပြသာမက ကျေးလက် တောရွာအနှံ့ရှိ ပြည်သူများ ကြည့်ရှုအားပေးကြသောကြောင့် ပရိသတ်နှင့် ပထမဦးဆုံး တိုက်ရိုက်ထိတွေ့ ဖြေဖျော်တင်ဆက်ရသော ပြည်သူ့အနုပညာတစ်ရပ် ဖြစ်လာခဲ့ပါသည်။ မြေဝိုင်းအကသဘင်ကို ကျေးလက်တောရွာများတွင် နွေရာသီကာလ တပေါင်း၊ တန်ခူးကောက်ရိတ် သိမ်းပြီးချိန်များ၌ ဗုဒ္ဓပူဇနိယပွဲတော်များ၊ ဘုန်းကြီးပျံကျင်းပသည့် အခမ်းအနားများတွင် ကြီးကျယ်ခမ်းနားစွာ ကပြလေ့ရှိကြသည်။
ကုန်းဘောင်ခေတ်တွင် စင်တော်ကောက်သဘင်ပညာရှင်တို့ ရရှိခဲ့ကြသောလစာများမှာ ပထမ တန်းစား မင်းသား၊ မင်းသမီးတို့က ကျပ် ၈၀၀ မှ ၁၀၀၀ အထိလည်းကောင်း၊ ပထမတန်းစား လူရွှင် တော်များမှာ ကျပ် ၅၀၀ မှ ၆၀၀၊ ကချေသည်မှာ ကျပ် ၆၀၊ ဆိုင်းပညာရှင်မှာ ကျပ် ၄၀ ရရှိကြသည်ဟု သိရသည်။
နန်းတွင်းရှိ မှူးမတ်အချို့ အဂတိလိုက်စားခဲ့သဖြင့် ပြည်သူတို့နစ်နာခဲ့ရပုံတို့ကို မင်းတုန်းမင်း လက်ထက်တွင် ဇာတ်စင်ပေါ်မှနေ၍ “ဆန်ဝယ် ခိုင်းသော ဇာတ်ဝင်ခန်းတွင် ဈေးဝယ်သူအဖြစ် လူရွှင်တော်က ဆန်တစ်ပြည်ငွေတစ်မတ်(၂၅ ပြား) ပေးရမည်ကို သုံးပဲဖိုးသာဝယ်ခဲ့သဖြင့် ဆန်သည် အဖြစ် သရုပ်ဆောင်သူ လူရွှင်တော်က ဆန်ခြင်တွယ်သော ပြည်တောင်းကို စောင်းချပေးလိုက် သည်။ ထိုအခါ ဆန်ဝယ်သူလူရွှင်တော်က မှူးမတ်မဟုတ်သောကြောင့် ပြည်စောင်းရသည်ဟု ပြက်လုံးထွင်ခဲ့ရာ မင်းတုန်းမင်းကြီးက မှူးမတ်များအား ဆုံးမပဲ့ပြင်ပြုပြင်စေခဲ့သည်။ ထိုကဲ့သို့ ရတနာပုံခေတ်တွင် ဂီတအနုသုခုမပညာသည် တိုင်းကျိုးပြည်ပြုဖြစ်ခဲ့သည်ကို သာဓကတစ်ခုအဖြစ် တင်ပြခြင်းဖြစ်ပါသည်။
ဂီတအနုသုခုမပညာနှင့်အမျိုးသားရေး
ယခုဆိုလျှင် ၂၀၂၃ ခုနှစ် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပချိန်သို့ ရောက်ရှိလာပါပြီ။ အဆို၊ အက၊ အရေး၊ အတီး အနုပညာသည် ပြည်သူ့ အသည်းနှလုံးကို ယူကျုံးရစ်ပတ်ဆွဲဆောင်စည်းရုံး အသိပညာပေးနိုင်သည့် အထက်မြက်ဆုံးသော လူထုဆက်သွယ်ရေးကိရိယာတစ်ခုဖြစ်သည်။
ပဒေသရာဇ်ခေတ်ကာလကတည်းကပင် အဆို၊ အက၊ အရေး၊ အတီး အနုသုခုမပညာရှင်တို့သည် ထီးသုံး၊ နန်းသုံး၊ ကြငှန်းသုံးအဖွဲ့အနွဲ့ သီကုံးဖော်ကျူးတင်ဆက်ခြင်းမှ ခွဲထွက်ကာ အခြေခံ လူတန်းစားများဖြစ်ကြသည့် တောင်သူလယ်သမားတို့က စိုက်ပျိုးကုန်ထုတ်အလုပ်လုပ်ကြပြီး မြန်မာ့ ပဒေသာမြေယာကို အလှဝေဆာစေခဲ့ပုံတို့ကို ဗုံကြီးသံတေးသီချင်းများဖြင့် ပြည်သူတို့အား အလုပ် အကျွေးပြုခဲ့ပုံများမှာ မြန်မာ့အနုပညာသမိုင်းတွင် မော်ကွန်းစိုက်ထူနိုင်ခဲ့ပါသည်။
ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်အစိုးရလက်ထက်တွင် အမျိုးသားလွတ်မြောက်ရေးအတွက် လွတ်လပ်ရေး ကြိုးပမ်းမှုကာလမှာပင် သဘင်အနုပညာရှင်တို့သည် နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများ၌ ရှေ့တန်းက ပါဝင်ဦးဆောင်ဆင်နွှဲခဲ့ကြသည်ကို ဂုဏ်ယူလေးစားအတုယူဖွယ် တွေ့ရှိရပါသည်။ ကိုလိုနီခေတ်တွင် ဇာတ်သဘင်ပညာရှင် မင်္ဂလာဦးအောင်မောင်းသည် သုံးရောင်ခြယ်ဗမာ့အလံတော်နှင့် ဂီတစာဆို ဆရာကြီး ရွှေတိုင်ညွန့်၏ သုံးရောင်ခြယ် အမျိုးသား ရေးသီချင်းကို သီဆို၍ ဇာတ်ခုံပေါ်၌ သရုပ်ဖော်တင်ဆက်ကာ နယ်ချဲ့ဆန့်ကျင်ရေးကို လှုံ့ဆော် တိုက်ပွဲဝင်ခဲ့ပါသည်။
၁၉၃၀ ပြည့်နှစ်တွင် ရေနံမြေသပိတ်တပ်ဖွဲ့များ ချောက်ရေနံမြေမှ ရန်ကုန်မြို့သို့ ချီတက်ခဲ့ စဉ်ကလည်း ဇာတ်သဘင်ပညာရှင် မင်္ဂလာ ဦးအောင်မောင်းကပင် စည်တော်ကြီးအကဖြင့် ကြီးကျယ်ခမ်းနားစွာကြိုဆို၍ ရေနံမြေသပိတ်တပ်ကြီးကို ဂုဏ်ပြုကြိုဆို ထောက်ပံ့လှူဒါန်းခဲ့သည်။ ကိုလိုနီခေတ်တွင် အင်္ဂလိပ်နယ်ချဲ့ဘုရင်ကို နယ်ချဲ့အလိုတော်ရိများက ဂုဏ်ပြုနေချိန်၌ ဇာတ်သဘင်အချို့က အင်္ဂလိပ်နယ်ချဲ့၏ ယူနီယံဂျက်အလံယိမ်းကပြနေချိန်တွင် ဇာတ်သဘင် ပညာရှင် မင်္ဂလာဦးအောင်မောင်းက ဇာတ်ခုံပေါ်၌ သုံးရောင်ခြယ်အလံကို လွှင့်ထူလျက် ဗန္ဓုလယိမ်း၊ ဓားယိမ်းအကများကို သရုပ်ဖော်ကပြပြီး နယ်ချဲ့ဆန့်ကျင်ရေးကို လှုံ့ဆော်ကာ သမိုင်းပေးတာဝန် ကျေပွန်ခဲ့ပါသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ၁၉၄၈- ၁၉၄၉ ခုနှစ်များ၌ တိုင်းပြည်က နုနု၊ မုန်တိုင်းကထန်ထန် ဖြစ်နေချိန်တွင် မြန်မာ့ရုပ်ရှင်နှင့် ပြဇာတ်အနုပညာရှင်တို့သည် ပြည်ထောင်စု မျိုးချစ်စိတ်ဓာတ်၊ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်တို့ကိုအရင်းခံပြီး နိုင်ငံတော်၏ အမျိုးသားကာကွယ်ရေးအတွက် သက်စွန့်ကြိုးပမ်း ပါဝင်ဆင်နွှဲခဲ့ကြသည်ကို ဂုဏ်ယူစံပြုဖွယ် တွေ့ရှိရပါသည်။
၁၉၄၉ ခုနှစ်တွင် ‘ရန်ကုန်အစိုးရ’ဟု သတ်မှတ် ခံရလောက်အောင်ပင် ထိုစဉ်က ကေအင်န်ဒီအို လက်နက်ကိုင်များက ရန်ကုန်မြို့ အင်းစိန်ထိအောင် ထိုးဖောက်သိမ်းပိုက်တိုက်ခိုက်ခဲ့ကြရာ မြန်မာ့ တပ်မတော်က ခုခံကာကွယ်တွန်းလှန်ပြီး အောင်ပွဲဆင်ခဲ့သည်မှာ သမိုင်းသက်သေတည်ခဲ့ပြီး ဖြစ်ပါ သည်။ ထိုစဉ်က အင်းစိန်တိုက်ပွဲကြီးတွင် ရှေ့တန်းရောက်တပ်မတော်သားများအတွက် စားနပ်ရိက္ခာ ပို့ရေး၊ သူနာပြုစုရေး၊ ဂီတဖြင့်ဖျော်ဖြေရေးလုပ်ငန်းများကို ရုပ်ရှင်ဂီတပြဇာတ် အစည်းအရုံးကြီးက ကြီးမှူး၍ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းကာ ရှေ့တန်းစစ်မျက်နှာအထိ သက်စွန့်ကြိုးပမ်း သွားရောက်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ သက်စွန့်ကြိုးပမ်းဆောင်ရွက်ချက်များကို ကြည့်ခြင်းအားဖြင့် ရုပ်ရှင်ပြဇာတ် အနုပညာ ရှင်တို့သည် အမျိုးသားရေးနှင့်ယှဉ်လာလျှင် ပြည်ထောင်စုမျိုးချစ်စိတ်ဓာတ်အရင်းခံဖြင့် ရုပ်ရှင် နှင့်ပြဇာတ်များကို ထုတ်လုပ်ကပြရုံသာမက အမျိုးသားရေးလိုအပ်ချက်အရ လိုအပ်လာလျှင် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုပါ ပါဝင်ထမ်းဆောင်ခဲ့ကြသည်ကို မော်ကွန်းမှတ်တိုင် စိုက်ထူထားခဲ့ရပါသည်။
ထိုစဉ်က အင်းစိန်တိုက်ပွဲကြီး၌ ရုပ်ရှင်နှင့်ပြဇာတ်အနုပညာရှင်များ ကိုယ်တိုင်ကိုယ်ကျ ပါဝင် ဆင်နွှဲခဲ့ပုံကို ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် နေ့ထုတ် ဟံသာဝတီသတင်းစာနှင့် ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတို့တွင်“လူထုကြီးအား မှီခို၍ စီးပွားရှာလာခဲ့ကြသော ရုပ်ရှင်နှင့်ပြဇာတ်သမားများသည် လူထုကို ပြန်လည်ကျေးဇူးဆပ်သောသဘောဖြင့် လူထုအပေါ်၌ ကျရောက်လာမည့် အန္တရာယ်အပေါင်းတို့ကို ကာကွယ်ပေးရန် အရေးကြုံနေပြီဖြစ်၍ ရုပ်ရှင်နှင့်ပြဇာတ်အစည်းအရုံးဝင်များဖြစ်သော ပညာသည် များနှင့် ရုပ်ရှင်မင်းသား၊ မင်းသမီးများ၊ ဒါရိုက်တာများ၊ လူကြမ်းများ အစရှိသည့်ပုဂ္ဂိုလ်တို့သည် စစ်ရေးလေ့ကျင့်မှုများနှင့် သူနာပြုပညာရပ်များကို လေ့လာနေပြီဖြစ်ကြောင်း၊ အစည်းအရုံးကြီးမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကြီးကို ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖွဲ့စည်းပြီးဖြစ်လေရာ ဓာတ်ပုံဆရာများကလည်း အင်းစိန်တိုက်ပွဲသို့ သွားရောက်ရုပ်ရှင် ရိုက်ကူးနေပြီဖြစ်ကြောင်း။
မြန်မာနိုင်ငံ ရုပ်ရှင်နှင့်ပြဇာတ်အစည်းအရုံး၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရှေ့တန်းစစ်မျက်နှာ၊ အင်းစိန်၊ ဒညင်းကုန်း၊ စော်ဘွားကြီးကုန်း၊ မရမ်းကုန်း၊ သမိုင်း၊ မင်္ဂလာဒုံရှိ တောင်ပိုင်းစစ်ဌာနချုပ်မှ အစိုးရတပ်များသို့ ထမင်းထုပ်၊ ဆေးလိပ်၊ မီးခြစ်၊ ချိုချဉ်၊ စာနယ်ဇင်းများ ထောက်ပံ့ရာ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စစ်သေနတ်ဖြင့် သောင်းကျန်းသူတို့က ပစ်ခတ်ခဲ့ကြောင်း၊ ၉ ရက်နေ့တွင် သမိုင်းလမ်းဆုံအနီး၌ စစ်သေနတ်များဖြင့် ထပ်မံပစ်ခတ်ခဲ့ကြောင်း။
ရှေ့တန်း၊ နောက်တန်းနှစ်ခုစလုံးကို ဖျော်ဖြေရေးအဖွဲ့များစေလွှတ်ရန် စီစဉ်ပြီးဖြစ်ကြောင်း၊ ရုပ်ရှင်ပြဇာတ်ပညာရှင်အပေါင်းတို့သည် ရုပ်ရှင်နှင့်ပြဇာတ်အစည်းအရုံးကြီးက ကြီးမှူးသော ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွင် နေ့စဉ် နံနက် ၈ နာရီမှ ၁၁ နာရီအထိ တစ်ဖွဲ့၊ နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအထိတစ်ဖွဲ့ အဖွဲ့နှစ်ဖွဲ့ခွဲ၍ စစ်ရေးလေ့ကျင့်နေကြသည်ကိုလည်း တွေ့ရကြောင်း။
ထို့ပြင် ရုပ်ရှင်ပညာသည်များနှင့် ရုပ်ရှင်ကုမ္ပဏီများ အလှည့်ကျတာဝန်ယူပြီးလျှင် စစ်မြေပြင်တွင် ကေအင်န်ဒီအိုသောင်းကျန်းသူများကို တိုက်ခိုက်နေကြသော ဗမာ့တပ်မတော်သားများထံသို့ ထမင်းထုပ်၊ ဆေးလိပ်၊ သတင်းစာများ နေ့စဉ်အရောက်ပို့ပေးနေကြောင်း၊ ရုပ်ရှင်နှင့်ပြဇာတ် အစည်းအရုံးကြီးက ကြီးမှူးတည်ထောင်လိုက်သော ရုပ်ရှင်နှင့်ပြဇာတ်အသင်းသားများ ပါဝင်သည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ စစ်ဝန်ထမ်းများတံဆိပ်မှာ ပခုံးဒေါက်အနီတွင် ယူအက်စ်အက်စ် အမည်ရိုက်နှိပ်ထားပြီး ရိုင်ဖယ်သေနတ်နှစ်လက်ကို ကြက်ခြေခတ်ပုံသဏ္ဌာန် ရိုက်နှိပ်ထားသည်ကို တွေ့ရကြောင်း” စသည်ဖြင့် ဖော်ပြပါရှိခဲ့သည်။
အလားတူ ထိုစဉ်က ရုပ်ရှင်နှင့်ပြဇာတ်ကာကွယ် ရေးအဖွဲ့ကြီးက ထုတ်ပြန်ခဲ့သော ပြန်ကြားချက်ကို ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ထုတ် ဟံသာဝတီသတင်းစာ၌ တိုင်းပြည်လူထုသို့ကျွန်မတို့ ရုပ်ရှင်ပြဇာတ်အစည်းအရုံးဝင် အမျိုးသား အမျိုးသမီးအပေါင်းတို့သည် ပြည်သူလူထုအား မှီခိုအားထားရသူများ ဖြစ်သည့်အလျောက်၊ ပြည်သူလူထုဒုက္ခရောက်သည့်အလျောက်၊ ပြည်သူ လူထုဒုက္ခနှင့် ရင်ဆိုင်တိုးနေရသည့်အချိန်တွင် ကျွန်မတို့ ရုပ်ရှင်ပြဇာတ်လောကအတွင်းပါဝင်သူ တို့သည် ပြည်ထောင်စုရန်သူမှန်သမျှကို ဖြိုခွင်းရန်အတွက် ပစ္စည်းအင်အား၊ လူအင်အားနှင့်ဆိုင်ရာမှ ဆောင်ရွက်နေကြ၍ ကျွန်မတို့ ခေါင်းဆောင်ကြီးများကိုယ်တိုင် ပြည်ထောင်စုရန်သူကို ချေမှုန်းလျက် ရှိသော စစ်သည်တော်ရဲဘော်များအား ထောက်ပံ့ရန်အတွက် ထမင်းထုပ်များ ကောက်ခံသိမ်းယူလျက်ရှိပါသည်။ သို့အတွက် မြို့မိမြို့မများက တတ်အား သမျှကူညီကြဖို့ မေတ္တာရပ်ခံပါကြောင်း၊(ပုံ) မေရှင် (ပြန်ကြားရေးမှူး) ရုပ်ရှင်ပြဇာတ်ကာကွယ်ရေးအဖွဲ့ဟူ၍ ဖော်ပြထားသည်ကို တွေ့ရပါသည်။
အရိုးပေါ် အရွက်မဖုံးစေရန် မြန်မာ့ဟန်၊ မြန်မာ့အသံ၊ မြန်မာ့စံ
ကိုလိုနီခေတ်က ဇာတ်သဘင်ပညာရှင် မင်းသားကြီး ဦးစိန်ကတုံးနှင့် ဆိုင်းပညာရှင် နေမျိုး ဗလကျော်ထင် ရွာစားကြီး စိန်ဗေဒါနှင့် တွဲဖက်၍ တစ်ညတည်းတွင် နိပါတ်တော် ဇာတ်ထုပ်နှစ်ထုပ်ကို တီထွင်ကပြခဲ့ရာ ဇာတ်ထုပ်တစ်ထုပ်ကို အခြေခံပြီး နှစ်ပါးသွားမြိုင်ထ သီဆိုကပြရင်း ဇာတ်ထုပ်ကို သရုပ်ဖော်ကပြခဲ့သဖြင့် ပွဲကြည့်ပရိသတ်မှာ နိပါတ်တော် ဇာတ်ထုပ်နှစ်ထုပ်စလုံးကို မျက်စိထဲကမထွက်နိုင်အောင် စွဲမြဲနှစ်သက်ခဲ့ကြသည်။ ထိုသို့ တီထွင်ကပြနည်းမှာ အရိုးကိုအရွက်မဖုံးစေဘဲ မြန်မာ့ဟန်မပျက် တင်ဆက်နိုင်ခဲ့သောကြောင့် မြန်မာပွဲကြည့်ပရိသတ်သာမက ထိုစဉ်က အိန္ဒိယဘုရင်ခံချုပ်ကပါ နှစ်ခြိုက်စွဲလမ်းခဲ့သဖြင့် မင်းသားကြီး ဦးစိန်ကတုံးအား ရွှေနာရီတစ်လုံးဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့သည်ဟု သိရသည်။
မြန်မာ့သဘင်ကို တစ်ခေတ်ဆန်းသစ်တီထွင်ခဲ့သည့် သဘင်ပညာရှင်ကြီး ဂရိတ်ဦးဖိုးစိန်သည် ရုပ်ရူပကာချောမော၊ အသံလည်းကောင်း၊ အပြောကလည်းပိုင်၊ အကကိုလည်းနိုင်သည့်အပြင် ဇာတ်ခုံအခင်းအကျင်းနှင့် ဇာတ်ခုံကြီးကိုလည်း ထည်ဝါခံ့ညားအောင် တီထွင်ဆန်းသစ်ခဲ့သည့် သဘင့်ဦးသျှောင်ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်သည်။ ထို့ပြင် အနောက်တိုင်းခြေထိုးအကကို အရယူကာ မြန်မာသံ၊ မြန်မာဟန်မပျက် စည်းဝါးအတွင်း နိုင်နင်းစွာကပြနိုင်သည့် သဘင်ပညာစွမ်းရည်မှာ အံ့ဩမကုန်ဖြစ်ခဲ့ကြရသည်။
ယခု (၂၄) ကြိမ်မြောက် မြန်မာ့ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် ယှဉ်ပြိုင် သီဆိုရမည့် တေးသီချင်းအချို့တွင် သီဆိုသူရော တီးမှုတ်သူတို့အတွက်ပါ ဂီတသံစဉ်(key)များ သတ်မှတ်ပေးထားသည်ကို ထူးခြားစွာတွေ့ရှိရသည်။ ဤသို့ ဂီတသံစဉ် (key)ကို သတ်မှတ် ယှဉ်ပြိုင်စေခြင်းကြောင့် မြန်မာ့ဂီတအနုသုခုမ ပညာရှင်များကို အထူးကျေးဇူးတင်မိပါသည်။ အကြောင်းမှာ သတ်မှတ်ထားသည့် ဂီတသံစဉ်အတိုင်း ယှဉ်ပြိုင်သီဆို တီးမှုတ်စေခြင်းကြောင့် (၁) တေးပြုစာဆိုရေးစပ်သည့် တေးသီချင်းစာသား၏ ကောင်းမွန်ခြင်း၊ (၂) တီးမှုတ်ရသည့် ဂီတသံစဉ်၏ ကောင်းမွန်ခြင်း၊ (၃) တေးဆိုသူတို့၏ အသံဂုဏ်ကောင်းမွန်ခြင်းဟူသော ဂီတအနုပညာ၏ ဂုဏ်အင်္ဂါကောင်းများနှင့် ညီညွတ်နေမည် ဖြစ်ပါသည်။
“ဂီတမှာ အသံ၊ အလင်္ကာ ကာရန်၊ မြန်မာဆန်တဲ့ တေးရေးဟန်” ဟူသော ဆိုစကားနှင့်အညီ ကဗျာ၏ “ကာရန်” တွင် “အသံ” (Rhythm) သာမှုပေါ်တွင် မူတည်၍ ဂီတသံစဉ်ထည့်သွင်း ရေးစပ်သီဆိုသော တေးသီချင်းအချို့မှာ ဂန္ထဝင်စံတင် တေးသီချင်းများ ဖြစ်ပေါ်လာသည်ကို တွေ့ရှိနိုင်ပါသည်။ သာဓက အားဖြင့် ဆရာဇော်ဂျီ (ဦးသိန်းဟန်)၏ “ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းသက်ရာဆင်း” အစချီ “ဗေဒါလမ်း” ကဗျာသည် ဒါရိုက်တာချစ်ခင် ရိုက်ကူးသည့် ‘ပန်းပန်လျက်ပါ’ အမည်ရှိ ရုပ်ရှင် ဇာတ်ကား ဇာတ်ဝင်ခန်းတွင် ဂီတစာဆို တေးသံရှင် စန္ဒရား(ဦး)ချစ်ဆွေက ဂီတသံစဉ်သွင်းပြီး ရုပ်ရှင် သရုပ်ဆောင် တေးသံရှင် အကယ်ဒမီများရှင် (ဒေါ်) ကြည်ကြည်ဌေးက သီဆိုသရုပ်ဆောင်လိုက် သောအခါ ဂန္ထဝင်တေးသီချင်းတစ်ပုဒ် ဖြစ်သွားခဲ့ပါသည်။
ထို့အတူ ဆရာမင်းသုဝဏ်(ဦးဝန်) ရေးစပ်ခဲ့သော “လယ်တောကအပြန်၊ ပန်ချင်တယ် ခရေဖူး ဆိုလို့၊ မောင်ခူးကာပေး၊ မနက်တုန်းဆီက၊ ကြော့ဆုံးကို မောင်မြင်တော့၊ သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့၊ ဂုဏ်တင့်တယ်လေး” ဟူသောကဗျာကို ဒါရိုက်တာ အကယ်ဒမီများရှင် မောင်ဝဏ္ဏ ရိုက်ကူးတင်ဆက်ခဲ့သော ‘နှောင်းတမြေ့မြေ့’အမည်ရှိ ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်ခန်းတွင် ဂန္ထဝင်ဂီတပညာရှင် အကယ်ဒမီ ဂီတလုလင်(ဦး)ကိုကိုက ဂီတသံစဉ် ထည့်သွင်းပြီး ရုပ်ရှင်သရုပ်ဆောင် စာရေးဆရာ တေးသံရှင် ထပ်ဆင့်အကယ်ဒမီ(ဦး)သုမောင်က သီဆို သရုပ်ဆောင်လိုက်သောအခါ ဂန္ထဝင်စံတင် တေးသီချင်းတစ်ပုဒ်ဖြစ်သွားခဲ့ပါသည်။
အလားတူ ဂန္ထဝင်ဂီတစာဆို ကဗျာဆရာ တေးသံရှင် အလင်္ကာကျော်စွာဆရာ ‘နောင်’ (ဦးမောင်မောင်လတ်) ရေးစပ်ဖွဲ့နွဲ့သည့် တေးသီချင်း များစွာတို့သည် ကာရန်ရော ဂီတသံစဉ်ပါ လှပ ယဉ်ကျေး သိမ်မွေ့နူးညံ့လှပါသည်။ “ကဗျာ ဟူသည် အကောင်းဆုံးသော စကားလုံးများကို အကောင်းဆုံးသော အစီအစဉ်ဖြင့် ရေးစပ်ဖွဲ့နွဲ့ သီကုံးထားခြင်းဖြစ်သည်”။ သာဓကအားဖြင့် အလင်္ကာကျော်စွာ ကဗျာဂီတစာဆို “ဆရာနောင်” (ဦးမောင်မောင် လတ်) ရေးစပ်ပြီး တေးသံရှင် ကိုတင်ထွဋ် သီဆိုထားသည့် ‘ပြစ်မျိုးမှဲ့မထင်’အမည်ရှိ တေးသီချင်းကို နားသောတဆင်ရသောအခါ ‘ဥမ္မာဒန္တီပျို့’ကို ဖတ်ရှုနေရဘိသကဲ့သို့ အမျိုးသမီးတစ်ဦး၏ “တုနှိုင်း မဲ့အလှအပ”ကို စပ်ဆိုဖွဲ့နွဲ့ထားသည်မှာ လက်ဖျားခါရပါသည်။ ဆရာဦးမောင်မောင်လတ်သည် ဂီတစာဆို၊ ကဗျာစာဆိုကဝိနှင့် တေးသံရှင်တစ်ဦးပီသစွာ တစ်နှစ်ကြာအောင် တေးစာသားနှင့် ဂီတသံစဉ်ကို အချိန်ယူစပ်ဆိုခဲ့သည့် “တိမ်တမန်” တေးသီချင်းကို အကယ်ဒမီ ဂီတစာဆို တေးသံရှင် စန္ဒရားဆရာ (ဦး)လှထွဋ် သီဆိုအသံသွင်းထုတ်လွှင့်သောအခါ အချစ်သမုဒယ လုံးဝမပါရှိဘဲ အမိ မြန်မာပြည်၏ ဥတုရာသီသာယာကောင်းမွန်စေရန် ရည်သန်စပ်ဆိုထားသည့် တစ်သက်လုံး မရိုးနိုင် တော့သည့် ဂန္ထဝင်သီချင်းကောင်းတစ်ပုဒ်အဖြစ် တည်ရှိနေမည်ဖြစ်ပါသည်။
အချုပ်ဆိုပါလျှင် “ဂီတ သာလျှင် လူမျိုးသာမည်၊ ဂီတချာလျှင် လူမျိုးချာမည်” ဖြစ်၍ “ဂီတစွမ်းအား ပြည်ထွန်းကား”ရေးကို မှန်ကန်သောအသိ၊ မှန်ကန်သောခံယူချက်၊ မှန်ကန်သောရပ်တည်ချက်တို့ဖြင့် အမျိုးသားရေးတာဝန် ကျေပွန်ကြရန် အထူးလိုအပ်လှပါသည်။ ပြည်သူချစ်သော အနုပညာရှင်တို့သည် သရုပ်မှန်၊ စေတနာမှန်သော အနုပညာဖြင့် ရိုးသား၊ နိုးကြားစွာဖြင့် ကြိုးစားကာ အသက်မွေးဝမ်းကျောင်းပြုကြရင်း မိဘပြည်သူတို့မှာ မိမိတို့၏ ထမင်းရှင်၊ ကျေးဇူးရှင်များဖြစ်ကြသည့်အလျောက် တိုင်းပြည်အကျိုးနှင့် ပြည်သူ့အကျိုးကို သွေဖည်ကျောခိုင်း ထင်ရာစိုင်းသည့် အစွန်းရောက်အမှားများကို အထူးရှောင်ကြဉ်ကြရပါမည်။ မိဘပြည်သူတို့၏ ဦးနှောက်အတွေးအခေါ် စိတ်နေစိတ်ထားကို အမှောင်လမ်းသို့ တွန်းပို့သည့် အစွန်းရောက်လှုံ့ဆော်မှုအမှားမျိုး မကျူးလွန်မိအောင်ရှောင်ကြဉ်ကာ တိုင်းပြည်နှင့် လူမျိုးဘဝလှပနေအောင် ထာဝရဖော်ကျူး အလှဆင်ကြပါစေကြောင်း အရေးထားလေးစားစွာဖြင့် ရေးသားဆန္ဒပြုအပ်ပါသတည်း။ ။