Skip to main content
ဆောင်းပါး

ကြီးသူကိုပြုစုစောင့်ရှောက်သည့် မြတ်နိုးဖွယ်ဓလေ့

ညွန့်ဝင်း (နတ်တလင်း)

မြန်မာတို့သည် ယဉ်ကျေးသိမ်မွေ့သောဓလေ့ကို တန်ဖိုးထားသောလူမျိုးဖြစ်သည်။ လူလူချင်း ဆက်ဆံရာတွင် ဂါရဝတရားဖြင့် ပြုမူဆက်ဆံကြသည်။ ထိုသို့ ဆက်ဆံကြရာ၌ မြန်မာ့ယဉ်ကျေးမှု ဓလေ့အရ “ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကိုသနား” ဟူသည့် အဆုံးအမအတိုင်း လိုက်နာကျင့်သုံးကြသည်။ မိမိထက် တစ်နေ့၊ တစ်ရက်၊ တစ်မနက် ကြီးသူများကို ရိုရိုသေသေ ဆက်ဆံကြသည့်အပြင် အလေးအမြတ်ထား၍ ပူဇော်ကန်တော့ကြသည်။ အကယ်စင်စစ် သက်ကြီး ရွယ်အိုများသည် လူ့လောကတွင် အနေကြာခဲ့သူများဖြစ်၍ အသက်ကြီးတော့ တစ်နည်းသာ ဆိုသကဲ့သို့ အတွေ့အကြုံဗဟုသုတများ စုံလင်ရင့်ကျက်သူများဖြစ်ကြသည်။ ထို့ကြောင့် သက်ရင့်ကျောက်များကို အဖိုးတန်ရတနာများအဖြစ် တန်ဖိုးထားသကဲ့သို့ အသက်ကြီးသူများကိုလည်း တန်ဖိုး ထား၍ လေးလေးစားစား ပူဇော်ခဲ့ကြခြင်းဖြစ်သည်။

အားပေးကူညီ

လူတို့သည် ငယ်ရွယ်၍ သန်မြန်ဖျတ်လတ်စဉ်က ကာယ၊ ဉာဏစွမ်းအားဖြင့် အဘက်ဘက်မှ စွမ်းဆောင်ခဲ့ကြပေသည်။ အသက်အရွယ်ကြီးရင့် အိုမင်းလာသောအခါတွင်ကား ယင်းကာယ၊ ဉာဏတို့ဖြင့် အဘက်ဘက်မှ စွမ်းဆောင်နိုင်မှုများ တဖြည်းဖြည်း ယုတ်လျော့လာကြသည်။ ဤကဲ့သို့ စွမ်းဆောင်နိုင်မှုများ လျော့ကျလာသည်နှင့်အမျှ သူတို့၏စိတ်ပိုင်းဆိုင်ရာ ယုံကြည်ခိုင်မာမှုများလည်း လျော့ပါးလာတတ်ကြသည်။ အိုမင်းမစွမ်းဟူသော စကားအတိုင်း အရာရာစွမ်းဆောင်မှု မပြုနိုင်တော့သော သက်ကြီးရွယ်အိုများကို ငယ်ရွယ်နုပျိုသူများက အားပေးကူညီကြရပေမည်။ မြန်မာတို့သည် သက်ကြီးရွယ်အိုများကို ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ဝိုင်းဝန်းမြှင့်တင်ပေးကြရပါမည်။ ဤသို့ အရွယ်အားဖြင့်လည်းကောင်း၊ ဂုဏ်ရည်အားဖြင့်လည်းကောင်း ရိုသေထိုက်သူကို လေးစားရိုသေကာ အကူအညီပေးသူသည် မင်္ဂလာတရားနှင့်လည်း ညီပေသည်။

သက်ကြီးရွယ်အိုများသည် ခေတ်အမျိုးမျိုးကို တွေ့ကြုံဖြတ်သန်းလာခဲ့သူများဖြစ်၍ မည်သည့် အကြောင်းအရာကိစ္စမျိုးကိုမဆို ကောင်းကျိုးဆိုးပြစ်များကို သိနားလည်ကြသည်။ အတွေ့အကြုံအရ ဘဝအတွက် ဆောင်ရန်၊ ရှောင်ရန်များကို သိမြင်ကြသည်။ ထို့ကြောင့် ကြီးရင့်သူများက ငယ်ရွယ်သူများကို အသိပညာများ ဖြန့်ဝေနိုင်ကြသည်။ ဆုံးမသွန်သင်ဩဝါဒများ ပေးနိုင်ကြသည်။ ကြီးသူတို့ထံမှရရှိသော အတွေ့အကြုံနှင့် အသိများသည် မျိုးဆက်သစ်တို့အတွက် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများပင်ဖြစ်သည်။ မြန်မာတို့တွင် “ဦးခေါင်းသုံးလုံးရှိသူကို ဆည်းကပ်ပါ” ဟူသော အဆိုအမိန့်တစ်ခုရှိသည်။ ဦးခေါင်းသုံးလုံးရှိသူ ဆိုသည်မှာ အသက်အရွယ်ကြီးရင့်သူများကို ဆိုလိုပါသည်။ သက်ကြီးရွယ်အိုတို့သည် ဇရာ၏ အထုအထောင်းဒဏ်ကိုခံကြရ၍ နားထိုင်း၊ ခါးကိုင်း၊ မျက်စိမှုန်၊ ခြေလက်များတုန်ရင်လာကြသော်လည်း အဖိုးတန်အသိပညာ အတွေ့အကြုံများကို လက်ဆင့်ကမ်းနိုင်ကြသည်။ သို့ဖြစ်၍ သက်ကြီးပုဂ္ဂိုလ်များကို အရေးတယူတန်ဖိုးထားဆက်ဆံကြ ရန်လိုပေသည်။

ပြုစုစောင့်ရှောက်နိုင်မှု အားနည်းလာကြ

နည်းပညာထွန်းကားလာသော ခေတ်ကြီးတွင် စက်မှုနည်းပညာနှင့် စီးပွားရေးသာ ရှေ့တန်းရောက်လာပြီး သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်နိုင်မှု အားနည်းလာကြသည်။ အထူးသဖြင့် တိုးတက်သောနိုင်ငံများတွင် ငယ်ရွယ်သူများက အချိန်နှင့်အမျှ အလုပ်နှင့် ပညာကိုသာ အာရုံစိုက်နေရသည့်အခါ သက်ကြီးရွယ်အိုများသည် ကူညီစောင့်ရှောက်မည့်မိသားစုနှင့် အနေနီးလျက် ကင်းကွာနေရသည့်အဖြစ်မျိုးနှင့် ကြုံနေရသည်။ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံကြီးများတွင် သက်ကြီးရွယ်အိုများကို ပိုမိုဂရုမစိုက်နိုင်သဖြင့် လူ့အသိုင်းအဝိုင်းနှင့် ဆက်ဆံရေးကျဲပါးလာပြီး စိတ်ကျရောဂါများ ခံစားနေကြရသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ပါသည်ဆိုသော အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့ တွင်ပင်လျှင် သက်ကြီးရွယ်အိုအများစုသည် အထက်ပါ တွေ့ကြုံခံစားရမှုမျိုး ခံစားနေကြရသည် ဟု သတင်းဖော်ပြချက်များအရ သိရသည်။ အချို့က လူ့ဘဝတွင် ငွေကြေးဥစ္စာပြည့်စုံအောင်၊ အရာရာ ပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်လျှင် ပြီးပြည့်စုံပြီဟု ယူဆကြသည်။ ငွေကြေးဥစ္စာနှင့် မိဘဆွေမျိုးများကို ထောက်ပံ့ကူညီနိုင်လျှင် လုံလောက်ပြီဟု ထင်မှတ်ကြသည်။ အမှန်စင်စစ် ငွေကြေးပစ္စည်း ဥစ္စာရရှိရုံနှင့် ဘဝပြည့်စုံပြီဟု မဆိုနိုင်ပါ။ ငွေကြေးဖြင့် ဆိုင်မှဝယ်ယူရရှိသော ထမင်းတစ်နပ်သည် မိသားစုက ချက်ပြုတ်ကျွေးမွေးသည့် ထမင်းတစ်နပ်လောက် စိတ်ချမ်းမြေ့မှု၊ နွေးထွေးမှု မရရှိနိုင်ပေ။ လူ့ဘဝ၏ အဓိပ္ပာယ်နှင့် တန်ဖိုးသည် ဥစ္စာဓန တစ်မျိုးတည်းဖြင့် ပိုင်းဖြတ်မရနိုင်။ မိသားစု၊ မိတ်ဆွေများထံမှရရှိသော မေတ္တာ၊ ကရုဏာ၊ စေတနာတို့ ပေါင်းစပ်ဖြည့်ဆည်းမှသာ လေးနက် ပြည့်စုံပေသည်။

မိသားစု၊ မြို့ပြ၊ ပြည်ရွာတို့ကို ဖွဲ့စည်းတည်ထောင်ထားနိုင်သည်မှာ ငွေကြေးပစ္စည်း ကြောင့်မဟုတ်။ အချင်းချင်းမကွဲမပြား တစည်း တလုံးတည်းတည်ရှိအောင် နှောင်ဖွဲ့ထားနိုင်သည့် သံယောဇဉ်ကြောင့်ဖြစ်သည်။ သံယောဇဉ်ဟူသည် အပြန်အလှန်ဆက်စပ်မှုဖြင့် ကောင်းကျိုးဖြစ်ထွန်းအောင် ဖော်ဆောင်နိုင်ပေသည်။ အသက်အရွယ် ကြီးရင့်သူများသည် သူတို့အရွယ်ကောင်းစဉ်က ငယ်နုသူများကို ပြုစုစောင့်ရှောက်ခြင်း၊ ကူညီဖေးမ ခြင်းများပြုခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့ အိုမင်းမစွမ်းဖြစ်ချိန်တွင် သံယောဇဉ်နှင့် ပြန်လည်ပြုစုစောင့်ရှောက်ကြရပေမည်။ ထိုသို့ ပြုစုစောင့်ရှောက်ရင်း သူတို့ထံမှ လေးနက်တည်ကြည်မှုများ၊ အသိအလိမ္မာများ၊ ဉာဏ်ပညာများ ရယူနိုင်ပါသည်။

သက်ကြီးပူဇော်ပွဲများ

မြန်မာနိုင်ငံတွင် ပြုလုပ်သော သက်ကြီးပူဇော်ပွဲများသည် ရာထူးဂုဏ်သိန်၊ စည်းစိမ်ဥစ္စာနှင့်မဆိုင်။ အသက်အရွယ်ကြီးရင့်အိုမင်းမှု တစ်ခုတည်းကိုသာ မူတည်ကျင်းပသော ပူဇော်ပွဲများဖြစ်သည်။ လူ့လောကတွင် အသက်အရွယ်ကြီးရင့်သူဟူသည့် ဂုဏ်ပုဒ်ကိုသာ အလေးထားမြတ်နိုးစွာ ဦးတည်ပြုလုပ်ခြင်းဖြစ်သည်။ သက်ကြီးပူဇော်ပွဲများကို ကျေးရွာ၊ ရပ်ကွက်အလိုက် စုပေါင်းကျင်းပသည်လည်း ရှိသည်။ အဖွဲ့အစည်းအလိုက်၊ ဌာနဆိုင်ရာ အလိုက် ကျင်းပကြသည်လည်းရှိသည်။ သူငယ်ချင်း အပေါင်းအသင်းများစုပေါင်း၍ ကောင်းမှုကုသိုလ်အဖြစ် သက်ကြီးရွယ်အိုများကို ကျွေးမွေးလှူဒါန်းကြသည်လည်းရှိသည်။ ထို့ပြင် သက်ကြီးပူဇော်ပွဲများကို သီတင်းကျွတ်ပွဲတော်၊ မြန်မာ့ရိုးရာသင်္ကြန် ရေသဘင်ပွဲတော်များ နှင့်လည်း တွဲဖက်ကျင်းပလေ့ရှိသည်။ သီတင်းကျွတ်ချိန်တွင် မိဘ၊ ဘိုးဘွား သက်ကြီးရွယ်အိုများကို သားသမီး၊ မြေးမြစ်များက ပူဇော်ကန်တော့ကြသည်။ သင်္ကြန်ပွဲတော်တွင် ခေါင်းလျှော်၊ ရေချိုး၊ ခြေသည်းလက်သည်း ညှပ်ပေးကြသည်။ ဝန်ထမ်းအဖွဲ့အစည်းများတွင်လည်း သက်ပြည့်အငြိမ်းစား အဘိုး၊ အဘွားများကို ဖိတ်ကြား၍ သက်ကြီးပူဇော်ပွဲ ကျင်းပကြသည်။ နှစ်စဉ် အောက်တိုဘာလ ၅ ရက်နေ့တွင် ကမ္ဘာ့ဆရာ များနေ့၌ သက်ကြီးပင်စင်စား ဆရာကြီး ဆရာမကြီးများ၊ ဂုဏ်ထူးဆောင်ဆရာကြီး ဆရာမကြီးများကို ပူဇော်ဂုဏ်ပြုကြပါသည်။ တစ်ဖန် နှစ်စဉ် နတ်တော်လတွင် သက်ကြီးစာဆိုတော်ကြီးများကို ပူဇော်ကန်တော့ကြပါသည်။

ဘိုးဘွားရိပ်သာများ ဆက်လက်တည်ထောင်

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ (၅၂) ကြိမ်မြောက် အထွေထွေညီလာခံမှ အတည်ပြုဆုံးဖြတ်ချက်နှင့် (၃၅) ကြိမ်မြောက် လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကော်မရှင်တို့၏ ထောက်ခံချက်များအရ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီသည် ၁၉၉၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အဖြစ် သတ်မှတ်ကျင်းပရန် ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် ဆုံးဖြတ် ခဲ့သည်။ တရုတ်နိုင်ငံတွင် သက်ကြီးရွယ်အိုများ ပြုစုစောင့်ရှောက်ရေး ဝန်ဆောင်မှုလုပ်ငန်းများကို ပုံမှန်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကိုင်လျက်ရှိရာ တရုတ်ပြည်ရှိ သက်ကြီးရွယ်အိုများကို နေ့ဘက်အခါတွင် ပြုစုစောင့်ရှောက်ပေးရေးဌာနများ တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်နေကြောင်း သိရသည်။ ထိုဌာနများက ဘိုးဘွားများ၏ သားသမီးများ နေ့ဘက် အလုပ်ခွင်ဝင်နေချိန်တွင် ဘိုးဘွားများကို ပြုစုစောင့်ရှောက်ပေးထားပါသည်။ မြန်မာနိုင်ငံ၏ သက်ကြီးဘိုးဘွား စောင့်ရှောက်ရေးလုပ်ငန်းကို ကုသိုလ်ဖြစ်သာ ဆောင်ရွက်ခဲ့ကြပါသည်။ အထည်စက်ရုံပိုင်ရှင် ဒေါ်ဦးဇွန်းကစတင်၍ ဘိုးဘွား စောင့်ရှောက်ရေးဂေဟာကို အစပျိုးတည်ထောင် ဖွင့်လှစ်ခဲ့သည်။ ထို့နောက်ပိုင်းတွင် ဘိုးဘွား ရိပ်သာများ ဆက်လက်တည်ထောင်လာကြပြီး သားထောက်သမီးခံမရှိသည့် ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုများကို ခေါ်ယူစောင့်ရှောက်ထားခဲ့ကြသည်။ ယခုအခါ တစ်နိုင်ငံလုံးတွင် ဘိုးဘွားများကို သန်းချီ ၍ ပြုစုစောင့်ရှောက်နေပြီဖြစ်ကြောင်း သိရပါသည်။

အချို့သော သက်ကြီးရွယ်အိုများမှာ ဆွေမျိုးသားချင်းများနည်း၍ မှီခိုစရာကင်းမဲ့နေသည်။ အချို့သော ဘိုးဘွားများမှာ အသက်အရွယ်အရ ကျန်းမာရေးချို့တဲ့နေကြသည်။ အချို့မှာကား စားသောက်ရန်ပင် အဆင်မပြေဘဲ ဆင်းရဲမှုနှင့် ကြုံတွေ့နေရသည်။ ထိုသို့သော သက်ကြီးရွယ်အို များကို သားမြေးမြစ်အရွယ် လူငယ်မောင်မယ်များက ညှာတာထောက်ထားမှုတရားနှင့် ပြုစုစောင့်ရှောက်ပေးကြရမည်။ ဘိုးဘွားသက်ကြီး ရွယ်အိုများကို ပြုစုစောင့်ရှောက်ခြင်းဖြင့် သူတို့၏ သိမ်ငယ်မှု၊ အားငယ်မှုကို ပြေပျောက်စေကာ ကိုယ်စိတ်နှစ်ပါးရွှင်လန်း ကြည်နူးချမ်းမြေ့မှု ရစေသဖြင့် ထူးမြတ်သောကောင်းမှုကို ပြုခြင်းမည်ပါသည်။ မြန်မာတို့၏ ဓလေ့ထုံးစံယဉ်ကျေးမှု အစဉ်အလာထဲတွင် သားသမီးတို့သည် မိဘဘိုးဘွားများကို ကျွေးမွေးပြုစုစောင့်ရှောက်ရမည့် ဝတ္တရား ရှိကြောင်း သင်္ဂဇာဆရာတော်က “သားသမီးဝတ် ကဗျာတွင်“ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံ ထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ဝတ် ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ”ဟု ရေးဖွဲ့လမ်းညွှန်ခဲ့သည်။

ကျွန်ုပ်တို့သည် “သင်လည်း တစ်နေ့ အိုရအံ့” ဟူသော သံဝေဂယူဖွယ်၊ သတိပြုဆင်ခြင်ဖွယ် ဆောင်ပုဒ်လေးကို တွေ့ဖူးဖတ်ဖူးကြမည်ဖြစ်သည်။ ထို့အပြင် လူတိုင်းလိုလို ဘိုးဘွားများနှင့် အတူတကွ နေထိုင်ဖူးကြမည်ဖြစ်သည်။ ထိုအခါ ဘိုးဘွားတို့၏ တတိယအရွယ် ရှင်သန်လှုပ်ရှားပြုမူပုံများကို မြင်ဖူးတွေ့ဖူးကြမည်လည်းဖြစ်သည်။ မိမိတို့သည်လည်း တစ်ချိန်တွင် ထိုဘိုးဘွားများကဲ့သို့ အိုမင်းရင့်ရော်မှုကို မလွဲမသွေ ရင်ဆိုင်တွေ့ကြုံကြရမည်ဖြစ်ပေသည်။ ဤတွင် မိမိ၏ ဘဝရှေ့ရေးကို မြော်မြင်စဉ်းစားကြည့်လျှင် ဘိုးဘွားတို့အပေါ် ကိုယ်ချင်းစာစိတ်များ၊ အကြင်နာမေတ္တာစိတ်များ ဖြစ်ပေါ်ပွားများ လာပါလိမ့်မည်။ လူ့ဘဝတွင် မရှိမဖြစ်လိုအပ်သည့် ထောက်ထားညှာတာ စာနာစိတ်များရှိခြင်းသည် မွန်မြတ်သန့်စင်သော လူ့ဂုဏ်ဒြပ်တစ်ခုအဖြစ် လက်ခံလာနိုင်ကြမည် ဖြစ်ပါသည်။

သက်ကြီးရွယ်အိုများကို ရိုသေပူဇော်သည့် ဓလေ့သည် မြန်မာလူမျိုးများတွင် ရှိသကဲ့သို့ အခြား လူမျိုးများတွင်လည်း ထားရှိလာကြသည်ကို တွေ့ရရာ လွန်စွာဝမ်းမြောက်မိပါသည်။ မြန်မာလူမျိုးများကား ကလေးအရွယ်ကပင် သက်ကြီးရွယ်အိုများကို ရိုသေလေးစားစွာဆက်ဆံရန် မိဘဆရာသမားများက ဆုံးမသွန်သင်ကြသဖြင့် လိမ္မာရေးခြားရှိသူများပီပီ သက်ကြီးရွယ်အိုများကို ငယ်စဉ်ကပင် ပူဇော်ကန်တော့ခြင်း၊ ဖေးမကူညီခြင်း၊ပြုစုစောင့်ရှောက် ခြင်းဓလေ့များ စွဲမြဲနေသူများဖြစ်သည်။ ဤကဲ့သို့ မွန်မြတ်လှသော ဓလေ့အစဉ်အလာကောင်းများကို မျိုးဆက်သစ် လူငယ်မောင်မယ်များက မြတ်နိုးဖွယ် အစဉ်အလာတစ်ရပ်အဖြစ် ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားကြရန် လိုအပ်လှကြောင်း တင်ပြလိုက်ရပေသည်။ ။

ကိုးကားစာရင်း

- အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ (ဒေါ်နုကြည် – မဟာဝိဇ္ဇာ)

- သက်ကြီးပူဇော်ပွဲ (မေသူဇော်)

- ဓမ္မစာစောင်များ