Skip to main content

ကွက်စိပ်သဘင်

ကိုဇော်‌ဌေး(ယဉ်ကျေးမှု)

သုခုမသဘင်ဖြစ်သော ကွက်စိပ်စာဟောသဘင်ကို မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၌ ပြန်လည်မြင်တွေ့ နားသောတဆင်ကြရသဖြင့် ကွက်စိပ်ကြိုက်နှစ်သက်သူပရိသတ်များ ကျေနပ်ကြရသည်။ မြန်မာ့ရိုးရာတစ်ခုဖြစ်သော စာဟောသဘင် သို့မဟုတ် ကွက်စိပ်စာပြောသဘင်တို့ တိမ်မြုပ်ခဲ့သည်မှာကြာပြီဖြစ်သည်။ ပြိုင်ပွဲကြီး၏ကျေးဇူးကြောင့် စာဟောဆရာတို့ ပြန်လည်နိုးထလာခွင့်နှင့်အတူ စာပေအသီးအပွင့်တို့လည်း ဖူးပွင့်ခွင့်ရလာခဲ့ကြတော့သည်။

စာဟောသဘင်စင်မြင့်ကို တွေးမြင်ကြည့်နိုင်

စာဟောသဘင်၏ ပုံရိပ်များကို ပြန်လည်တူးဆွကြည့်ပါက ရှေးခေတ်ကာလကရပ်ကွက်များတွင် လမ်းလယ်၌ခြေလေးချောင်းခုတင် အကြီး၊ အလတ်၊ အသေးသုံးလုံးကို ထပ်၍ခင်းပြီး အပေါ်ဆုံးခုတင်၌ သင်ဖြူးဖျာချောခင်း၍ ခေါင်းအုံးကြာတွန့်အဖြူ နှစ်လုံးဆင့်ထားပြီး အနားတွင် ရေတကောင်းနှင့် ရေခွက်ကို ထားကြသည့် စာဟောသဘင်စင်မြင့်ကို တွေးမြင်ကြည့်နိုင်သည်။

အလင်းအမှောင်အနေဖြင့် ခုတင်တိုင်နှစ်ခုတွင် ဝါးလုံးနှစ်လုံးထောင်၍ တန်းလုပ်ပြီး လသာပြောင်းမီးအိမ် သုံးလုံးထွန်းညှိထားကြသည်။ စာဟောစင်မြင့်သို့ ညရှစ်နာရီလောက်တွင် စာပြောကွက်စိပ်ဆရာ ရောက်လာပြီး မင်းသား၊ မင်းသမီးမပါ၊ လူကြမ်း၊ လူရွှင်တော်မပါ တစ်ကိုယ်တည်းဖြင့် ဇာတ်စုံခင်းကျင်း၍ ပရိသတ်၏စိတ်ဓာတ်ကို ဆွဲငင်ဟောပြောခြင်းဖြစ်သည်။ ကွက်စိပ်ဆရာသည် စာပြောသဘင်ကို ရတနာသုံးပါးကန်တော့ခန်းဖြင့် ပဏာမပြု၍ စတင်ဟောပြောလေသည်။

ဟောပြောချက်များမှာ နိပါတ်တော်၊ ဇာတ်တော်လာ ပုံပြင်များဖြစ်သည်။ ရာဇဝင်လာအချက်အလက်များ၊ စကားပုံများနှင့် အခြားမှတ်သားဖွယ် နက္ခတ်၊ ဗေဒင်ပညာ၊ ဆေးပညာမှစပြီး ပညာရပ်ဆိုင်ရာများကို ဟောပြောလေ့ရှိသည်။ ပျင်းရိဖွယ်အခန်းများကို ရယ်ရွှင် ဖွယ်စကားလုံးများညှပ်ပြီး ဟောပြော တတ်သဖြင့် ပရိသတ်ကိုလည်း ပိုမိုစွဲလမ်းစေသည်။ မန္တလေးမြို့က စာပြောသဘင်ဟု စတင်သုံးပြီး အောက်ပြည်ရောက်လာသည့်အခါ ကွက်စိပ်သဘင်ဟု ခေါ်ကြသည်။

ကွက်စိပ်ဆိုသည်မှာ “ရှေးဟောင်းပုံပြင်စသည်မှ ဇာတ်ကောင်အမျိုးမျိုး၏ ဟန်အမူအရာ၊ အသံနေအသံထားဖြင့် တစ်ယောက်တည်းက သရုပ်ဖော်ရွတ်ဆိုဟောပြောချက်”ဟု မြန်မာအဘိဓာန်က ဖွင့်ဆိုထားလေသည်။

မြန်မာ-အင်္ဂလိပ်အဘိဓာန်တွင်- “ကွက်စိပ်/ Kwe’set’/ n narration of religious of historical stories by a single person affecting various roles.” ဟူ၍ ဖွင့်ဆိုထားခြင်းကြောင့် လူတစ်ဦးတည်းက ဇာတ်ရုပ်အမျိုးမျိုးတွင် သရုပ်ဆောင်လျက်ဘာသာရေး သို့မဟုတ် သမိုင်းဝတ္ထုများကိုပြောဟောခြင်းဟု အဓိပ္ပာယ်ရလေသည်။

စာရေးဆရာ မောင်ထင်ကလည်း- “ကွက်စိပ်ဆိုသည်မှာ စာဟောဆရာ(ကွက်စိပ်ဆရာ)တစ်ဦးတည်းက ဇာတ်တစ်ခုလုံးကိုဦးစီး၍ မင်းကြီးနေရာ၌ သူပဲမင်းကြီး၊ ဝန်ကြီးလေးပါးနေရာ၌ သူပဲဝန်ကြီးလေးပါး၊ မင်းသားနေရာ၌ သူပဲမင်းသား၊ မင်းသမီးနေရာ၌ သူပဲမင်းသမီး၊ လူကြမ်းနေရာ၌ သူပဲလူကြမ်းဤကဲ့သို့ အမျိုးမျိုးသောဇာတ်ဆောင် သူတို့နေရာကို သူတစ်ဦးတည်းက ဒိုင်ခံယူ၍ ဟောပြောအသုံးတော်ခံခြင်းဖြစ်သည်”ဟူ၍ ရှင်းလင်းဖွင့်ဆိုထားလေသည်။

နှစ်ပေါင်းနှစ်ထောင်ကျော်လောက်က စတင်ပေါ်ပေါက်

စာပြောသဘင် စတင်ပေါ်ပေါက်ခဲ့သော အချိန်အခါကိုလေ့လာမိသောအခါ လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ကျော်လောက်က အီဂျစ်ပညာရှိများ၊ ဂရိဖီလိုဆိုဖာကြီးများခေတ်မှ စတင်ပေါ်ပေါက်လာသည်ဟု ယူဆကြသည်။ ထိုအချိန်ကာလက ဒဏ္ဍာရီပုံပြင်ဆရာကြီးများသည် မြေတလင်းပြင်တွင် စာပြောသဘင်များပြုလုပ်၍ ဝါသနာပါသူ ပရိသတ်စုကို ပြောဟောလေ့ရှိကြသည်။ ထို့နောက် အိန္ဒိယ ဟိန္ဒူပညာရှိများ လက်ထက်တွင် ရာမ၊ ဘာရတ္ထ၊ ဥပနိသျှ စသောကျမ်းထွက်ပုံပြင်များနှင့် စကားပုံများကို စာဟောသဘင် ဆင်ယင်ကျင်းပ၍ ပြောဟောလေ့ရှိခဲ့ကြသည်။

ဥရောပတစ်ခွင်တွင် နာမည်ကျော်ကြားခဲ့သော ဝတ္ထုရေးဆရာကြီး ဒစ်ကင်းသည် သူရေးသားသောဝတ္ထုများကို နယ်လှည့်၍ စာဟောဆရာအဖြစ် နှင့်ဟောပြောပြီး စာအုပ်များကို ရောင်းချဖူးခဲ့ကြောင်း သိရသည်။ အမေရိကန်ပြည်နှင့် ကနေဒါပြည်များ၌ ဆရာကြီး၏ဝတ္ထု လူကြိုက်များသွားသည်မှာ ဆရာကြီး ကိုယ်တိုင်ဟောပြောချက်များကြောင့်ပင်ဖြစ်သည်ဟု မှတ်တမ်းများကဆိုလေသည်။ ထိုအထောက်အထားများကို သိရခြင်းဖြင့် စာဟောသဘင်၏ ဦးစွာဖြစ်ပေါ်ပုံကို အကဲခတ်နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရှေးရှေးကာလကဒဏ္ဍာရီဝတ္ထုများကို ရဲဝံ့စွာရေးသား ပြောဆိုသူမရှိသလောက်နည်းပါးသည်။ သမ္ဖပ္ပလာပဝါစာမဖြစ်စေရန် ဘုရားဟောဇာတ်နိပါတ်တို့ကိုသာ လူအများနားလည်လွယ်သော စကားပြောနှင့်တစ်မျိုး၊ ကဗျာသံနှင့်တစ်ဖုံရေးသားပြောဆို ဟောကြားခဲ့ကြလေသည်။ ဒဏ္ဍာရီဝတ္ထုများမပေါ်မီ စာဖတ်ပရိသတ်အား ပြဇာတ်ဟောစာစသည်တို့ဖြင့် ရှေးမြန်မာစာဆိုကြီးများက ရေးသားတင်ဆက်ခဲ့ကြသည်။ ဇာတ်ပွဲသဘင်ကို ကြည့်ရှုနေရသကဲ့သို့ ထင်မြင်လာစေရန်ဆွဲဆောင် ရေးသားနိုင်ကြသဖြင့် ထိုပြဇာတ်ဟောစာရေးဆရာတို့ ထို အချိန်အခါက အတော်ပင်ခေတ်စားခဲ့သည်။

“သာချင်း”များ ပေါ်ပေါက်ခဲ့

အထူးသဖြင့် အလောင်းဘုရားခေတ်မှ နောက်ပိုင်းခေတ်များတွင် ပြဇာတ်ဟောစာများ ခေတ်စားလာခဲ့သည်ကိုတွေ့ရသည်။ ဟောစာဟူသော အသုံးအနှုန်းများမပေါ်မီ “သာချင်း”များ ပေါ်ပေါက်ခဲ့သေးသည်။ သာချင်းမှာရကန်သဘောကဲ့သို့ တစ်ဖက်ကစာဆိုကို အတိုက်အခံဆုတ်ကန်၍ ရေးသားနည်း ဖြစ်သည်။ သာချင်းတွင်လည်း စိတ်ဝင်စားဖွယ်၊ ထင်မြင်စွဲလမ်းဖွယ်အချက်အလက်များကို ကွက်ကွက်ကွင်းကွင်း ရှင်းလင်းပြတ်သားစွာဖော်ပြတတ်သော သတ္တိထူးများ ရှိလေသည်။

ပုံပြင်နားထောင်ပြီး ကြီးပြင်းခဲ့ကြသူများမှာ စာဟောသဘင်၊ ကွက်စိပ်သဘင်တို့ကို ပိုမိုနှစ်ခြိုက်ကြသည်။ “ကြွလာသမျှတို့ကို သဂါရဝရိုသေစွာဖြင့် ထိုနေရာ အဆင်မသင့်တော့ ပလ္လင်အမြင့်က အားနာစရာဖြစ်သော်လည်း တရားဘာဝနာလှစ်မှာမို့ ”ဟူသည့် ဂါရဝစကားနှင့်ပင် ကွက်စိပ်ဆရာ၏ နှုတ်အဖြာဖြာကို စောင့်ကာနေတတ်ကြသည်။

အဘိုးအဘွား၊ အမိအဘတို့ရင်ခွင်၌ နားထောင်ရသော ရှေးစကားပုံပြင်သည် ရိုးရိုးကလေးပင်ဖြစ်သည်။ ကွက်စိပ်ကား ဇာတ်အိမ်ဇာတ်ကွက်ကြီးသည်။ ခမ်းနားသည်။ အသော၊ အလွမ်း၊ အရွှင်အရွှန်းများနှင့် ကွန့်ချင်တိုင်းကွန့်နိုင်သည်။ ထိုမျှမကသေး ကွက်စိပ်ဆရာသည် ဆိုင်းနှင့်တွဲဖက်၍ အဆို၊ အငိုများဖြင့် ထည့်သွင်းဖျော်ဖြေပေးသည်။ စာဟောကလည်း ဆိုင်းမပါသည်မှအပ ဘုရင့်အသံ၊ သမီးတော်အသံ၊ ဝန်သံ၊ မတ်သံတို့ဖြင့် စိတ်ဝင်စားဖွယ်ဟောပြောနိုင်သည်။

ဇာတ်ပွဲ၊ ရုပ်သေးပွဲများ မထည့်သွင်းနိုင်သည့် အလှူပိန်(ဆင်းရဲသူများ၏အလှူ)တွင် ကွက်စိပ်သဘင်တော့ ပါဝင်တတ်သည်။ အချို့သောတုံးလုံးပွဲ(အသုဘ)များတွင်လည်း ကွက်စိပ်ဆရာ၊ စာဟောဆရာများကို ပင့်ဖိတ်ကာ ကွက်စိပ်နာပွဲ၊ စာနာပွဲများ ထည့်သွင်းတတ်ကြသည်။ ကွက်စိပ်ဆရာသည် အလှူဖြစ်ပါက မဏ္ဍပ်အတွင်းရှိ သံဃာစင်ပေါ်မှဟော၍ တုံးလုံးပွဲဖြစ်ပါက ပရိသတ်အလယ်တွင် ခုတင်တစ်လုံး၊ ရေတကောင်း၊ ထွေးခံ၊ ကွမ်းအစ်၊ ဆေးလိပ်ခံခွက်၊ လက်ဖက်အုပ်များခင်းကျင်းကာ ဟောသည်။

ကွက်စိပ်သဘင်သို့ ရွာနီးချုပ်စပ်မှလှည်းများဖြင့် လာရောက်နားထောင်ကြသည်။ ဟောပြောသူမှာဆိုင်းပါလျှင် ဆိုင်းတီးချိန်၌နားရသည်။ ဆိုင်းမပါလျှင် “တေတျာကလည်း မပါတဲ့အတွက် ဆေးကလေးတစ်ဖွာလောက် ရပ်ဆိုင်းပါရစေဦးဗျား”ဆိုကာပွဲနားရသည်။ ရေသောက်၊ လက်ဖက်စား၊ ဆေးလိပ်ဖွာရသည်။

ကွက်စိပ်ဆရာကြီးများ

စာရေးသူမှတ်သားမိသမျှ ကွက်စိပ်ဆရာကြီးများမှာ ဒဂုဏ်ဆရာတင်၊ ဒဂုဏ်ဆရာလင်း၊ တောင်တွင်းကြီး ဒဂုဏ်ဆရာကျား၊ ဒဂုဏ်ဆရာညွန့်၊ နေပြည်တော်ဆရာကျား၊ ခေတ္တရာစိန်၊ သီရိမင်္ဂလာဆရာတင်၊ မန်းဧရာ ဒဂုဏ်ဆရာထွန်း၊ ကျိုက်လတ်ဆရာကျော်၊ မန္တလေးသောင်း၊ ဘိုကလေး ဆရာလှ၊ ဓနုဖြူ ဆရာတင်၊ နေပြည်တော် ဆရာစံ၊ တွံတေးကရင်ချောင်းရွာမှ မင်္ဂလာဆရာရှိန်တို့ဖြစ်ကြသည်။

စာဟော၊ ကွက်စိပ်၏ ဦးတည်ချက်မှာ ဖြေဖျော်ရင်းပညာပေးခြင်းဖြစ်သည်။ ဟောပြောသူ၏ အသံဩဇာ၊ မှင်မောင်း၊ ကျက်မှတ်လေ့လာထားသော စာများ၏တန်ဆာတို့ကြောင့် တန်ဖိုးမဖြတ်နိုင်သော ရိုးရာယဉ်ကျေးမှုအဖြစ် တည်ရှိနေခဲ့ခြင်းဖြစ်သည်။

ဖျော်ဖြေရင်း၊ ပညာပေးရင်း၊ အပန်းဖြေစေရာ အကြောင်းအရာများဖြင့်ပြည့်စုံသော ကွက်စိပ်သဘင်ကို ၂၀၀၇ ခုနှစ် (၁၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် စတင်ထည့်သွင်းကျင်းပလာခဲ့သည်။ ပြဋ္ဌာန်းပေးထားသည့် ဇာတ်ထုတ်အတွင်းမှ ဇာတ်ကောင်၊ ဇာတ်ရုပ်အသီးသီးတို့၏ ဇာတ်ကောင်စရိုက်ပေါ်လွင်စေရန် အသံပြောင်း၊ အသံလွှဲဖြင့် သရုပ်ပေါ်အောင် ကွက်စိပ်ဆရာတို့က အကွက်စိပ်စိပ်ဖြင့် ဝေဝေဆာဆာ ဟောပြောလာနိုင်သည်မှာ အားရစရာကောင်းလှသည်။

ကွက်စိပ်ပြိုင်ပွဲကို ဝါသနာရှင် (ပထမတန်း)အဆင့်၊ အမျိုးသား)အသက် (၄၁)နှစ်နှင့်အထက်နှင့် ဝါသနာရှင်(ဒုတိယတန်း)အဆင့်၊ အမျိုးသား)အသက် (၄၁)နှစ်အောက်ဟူ၍ အဆင့်နှစ်ဆင့်သာ ပြိုင်ပွဲပြုလုပ်ပေးသည်။

ဟောပြောချိန် ၄၅ မိနစ်ကြာ တစ်ဆက်တည်း ယှဉ်ပြိုင်ကြရသည်။ ရရှိချိန်၏ ၈၅ ရာခိုင်နှုန်းကို ဟောပြောရန်ဖြစ်ပြီး ရရှိချိန်၏ ၁၅ ရာခိုင်နှုန်းသည် ပံ့ပိုးဆိုင်း၏ ရရှိချိန်ဖြစ်သည်။

ဟောပြောသူသည် ကော်ဇောပေါ်တွင် တင်ပျဉ်ခွေထိုင်၍ ဟန်အမူအရာအားဖြင့် လက်ဟန်၊ ဦးခေါင်းဟန်၊ မျက်နှာဟန်တို့ကိုအသုံးပြု၍ အမျိုးသားဝတ်စုံ(ပုဆိုး၊ တိုက်ပုံ၊ အင်္ကျီလည်ကတုံး၊ ခေါင်းပေါင်း) သို့မဟုတ် တိုင်းရင်းသားဝတ်စုံဖြင့် ဝတ်ဆင်ကြရသည်။ ဆိုင်းကပံ့ပိုးဆိုင်းတီးနေချိန်တွင် ကွက်စိပ်ဆရာသည် ရေသောက်ခြင်း၊ အနားယူခြင်းပြုလုပ်နိုင်ရန် ရေတကောင်းကိုချပေးထားသည်။ ချီးမြှင့်သည့်ဆုများအနေဖြင့်-

- ပထမ၊ ဒုတိယ၊ တတိယဆု

- ဇာတ်ညွှန်းဆု

- ပံ့ပိုးဆိုင်းဆုတို့ဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ကွက်စိပ်ဇာတ်ထုတ်များအဖြစ် ဝါသနာရှင် ပထမတန်းပြိုင်ပွဲ၌ တိလမုဋ္ဌိဇာတ်၊ ဝါသနာရှင် ဒုတိယတန်းပြိုင်ပွဲ၌ သသပဏ္ဍိတဇာတ်တို့ကို ပြဋ္ဌာန်းပေးထားသည်။

တိုးတက်ပြောင်းလဲနေသော ခေတ်စနစ်တို့နှင့်အတူ ထိန်းသိမ်းသင့်သည်များ လက်ဆင့်ကမ်းပေးဝေခြင်းများရှိနေမှသာလျှင် နိုင်ငံနှင့် လူမျိုး၊ အစဉ်အလာဟူသည့် ဂုဏ်ဒြပ်တို့သည် တည်တံ့ နေမည်ဖြစ်သည်။ “အသီးကိုဆွတ်တယ် ----------အရွက်ကိုခူးတယ်၊ အမြစ်ကိုတူးမယ် အဲ့ဒီပင်စည်မရူး ဘယ်သူရူးမလဲ ။ ။”

ဆိုသည့် K ဇော်၏ ဉာဏ်ပန်းအိုးလေးမှ ကဗျာကိုဖတ်ရင်း ဂလိုဘယ်လိုက်ဇေးရှင်းခေါ် ကမ္ဘာ့ရွာအတွင်း ကျွန်တော်တို့မရူးကြစေရန် လိုအပ်နေပါသည်။ ထိုအချိန်ဝယ် အချိန်အခါကိုက်ပေါ်ပေါက်လာသည့် ကွက်စိပ်သဘင်သည် အမွေအနှစ်ကောင်းပင်ဖြစ်သည်။ နောင်လာနောက်သားမျိုးဆက် မြေးမြစ်များသည် အမွေအနှစ်ကောင်းကို ချစ်မြတ်နိုးစေရန်နှင့် ယဉ်ကျေးမှုအသီးအရွက်အမြစ်တစ်ခုဖြစ်သည့် ကွက်စိပ်သဘင်ကို ဆက်လက်သယ်ဆောင်နိုင်ကြပါစေဟု ဆန္ဒဆုမွန်ပြုလိုက်ရပါတော့သည်။ ။

မှီငြမ်း။

၁။ ကျေးလက်ရိုးရာ မြန်မာမှုဓလေ့များ။ (ဆင်ဖြူကျွန်းအောင်သိန်း)သတ္တမအကြိမ်၊ စာပေဗိမာန်။

၂။ သုတကြေးမုံ။(ဒဂုန်နတ်ရှင်)ဒုတိယအကြိမ်၊ စိတ်ကူးချိုချိုအနုပညာ။

၃။ ကွက်စိတ်ဗေဒသုခုမ။ (မင်းသျှင်အောင်(တွံတေး)။စာပေဗိမာန်။