မျိုးဆက်တစ်ဆက်မှတစ်ဆက်သို့ လက်ဆင့်ကမ်းဖြည့်ဆည်းပေးကြရမည့် သက်ကြီးရွယ်အိုများအခွင့်အရေး
ကြည်ထွန်း (လူမှု)
သက်ကြီးရွယ်အိုစောင့်ရှောက်ရေး တစ်နည်းအားဖြင့် သက်ကြီးရွယ်အိုများအခွင့်အရေးကို ကုလသမဂ္ဂအဖွဲ့ကြီးက လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်ကပင် စတင်အာရုံစိုက်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ ပထမအကြိမ်၊ ၂၀၀၂ ခုနှစ်တွင် စပိန်နိုင်ငံ မက်ဒရစ်မြို့၌ ဒုတိယအကြိမ် ကမ္ဘာ့သက်ကြီးရွယ်အိုညီလာခံများ ကျင်းပကာ ရှေ့လုပ်ငန်းစဉ်များချမှတ်ပေးခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၄၅/ ၁၀၆ ဖြင့် နှစ်စဉ်အောက်တိုဘာလ ၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ဟု ဂုဏ်ပြု သတ်မှတ်ပေးသည်။ ၁၉၉၁ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက် ၄၆/ ၉၁ ဖြင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဆိုင်ရာ အခြေခံမူငါးရပ်ကို ချမှတ်ပေးခဲ့သည်။ ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက်အမှတ် (၁၉၉၇/၁၈) ဖြင့် ၁၉၉၉ ခုနှစ် ကို အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနှစ်ဟု သတ်မှတ်ပေးခဲ့သည်။ ကုလသမဂ္ဂက နှစ်စဉ်နှစ်တိုင်း ဦးတည်ချက်ဆောင်ပုဒ်များ ချမှတ်ပေးလေ့ရှိရာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများစွာတို့တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်လှုပ်ရှားမှုများ၊ အခမ်းအနားများကို ကျင်းပကြမြဲဖြစ်သည်။
၂၀၂၃ ခုနှစ်အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ဦးတည်ချက်
၂၀၁၉ ခုနှစ် World Population Ageing ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်းတွင်အသက် (၆၅) နှစ်နှင့်အထက် လူဦးရေသန်းပေါင်း ၇၀၀ ကျော်ရှိနေပြီး ၂၀၅၀ ပြည့်နှစ်ရောက်ပါက ၁ ဒသမ ၅ ဘီလီယံအထိ တိုးမြှင့်ရောက်ရှိကာ လူခြောက်ဦးတွင် တစ်ဦးမှာသက်ကြီးရွယ်အိုဖြစ်လာမည်ဟု ခန့်မှန်းထားသည်။ ဒုတိယအကြိမ် ကမ္ဘာ့သက်ကြီး ရွယ်အိုများဆိုင်ရာညီလာခံက သက်ကြီးရွယ်အိုများဖွံ့ဖြိုးတိုးတက်ရေး၊ ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာရေး၊ ၎င်းတို့ကို ကူညီစောင့်ရှောက်ပေးမည့် ပတ်ဝန်းကျင်ကောင်းများ ဖြစ်ထွန်းရေးဟူသည့်လုပ်ငန်းအစီအစဉ်များကို ကမ္ဘာ့နိုင်ငံအသီးသီး၌ အကောင်အထည်ဖော်ဆောင်ရွက်ကြရန် ချမှတ်ထားပြီးဖြစ်သည်။ သို့ရာတွင် ဆယ်စုနှစ်နှစ်ခုကျော် လာသည့်တိုင် သိသာထင်ရှားစွာတိုးတက်မှုရှိမလာခဲ့ပေ။ ခေတ်စနစ်များ ပြောင်းလဲလာသည်နှင့်အမျှ မျိုးဆက်သစ်သားသမီး၊ မြေးမြစ်များကသက်ကြီး ရွယ်အိုမိဘဘိုးဘွားများအပေါ် တာဝန်ယူစောင့်ရှောက်မှုများ ပေါ့လျော့ပျက်ယွင်းလာသည်။ ထို့အပြင် အမျိုးမျိုးသော ပစ်ပယ်ခွဲခြားဆက်ဆံမှုနှင့်တန်းတူညီမျှမရှိမှုများက သက်ကြီးရွယ်အိုတို့၏ ဂုဏ်သိက္ခာ၊ လွတ်လပ်မှု၊ တရားမျှတမှုနှင့် ငြိမ်းချမ်းမှုတို့ကိုပါ ခြိမ်းခြောက်မှုများရှိလာပြီ။
သက်ကြီးရွယ်အိုတို့၏ နေ့စဉ်လူမှုဘဝတွင် ခွဲခြားဆက်ဆံခံရခြင်း၊ ပူးပေါင်းပါဝင်ခွင့်မရခြင်း၊ ကျန်းမာရေးစောင့်ရှောက်ခွင့်မရခြင်း၊ သတင်းအချက်အလက်များမရရှိခြင်း၊ တန်းတူညီမျှမှုမရှိခြင်း၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်မရှိခြင်း စသည့်အခြေခံလူ့အခွင့်အရေးများ၊ ထိပါးစော်ကားခံရမှုများ ကမ္ဘာတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လျက်ရှိနေသည်မှာ ရတက်မအေးဖွယ်ဖြစ်လာရသည်။ ထို့ကြောင့် ကုလသမဂ္ဂက ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း ၇၅ နှစ်ပြည့် စိန်ရတုအခါသမယနှင့်တိုက်ဆိုင်၍ ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ ဦးတည်ဆောင်ပုဒ်ကို “Fulfilling The Promises of The Universal Declaration of Human Rights For Older Persons: Across Generations”ဟု သတ်မှတ်ပေးလိုက်ခြင်းဖြစ်သည်။ ခေတ်အဆက်ဆက် သက်ကြီးရွယ်အိုများ ရရှိခံစားခွင့်ရှိသည့် အခြေခံအခွင့်အရေးများကို မျိုးဆက်တစ်ဆက်မှတစ်ဆက်သို့ လက်ဆင့်ကမ်းဖြည့်ဆည်းပေးရန် တာဝန်ရှိမှုကို ဤဆောင်ပုဒ်က မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။
စောင့်ထိန်းရမည့်ကျင့်ဝတ်များ လစ်ဟင်းလာ
ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း သက်ကြီးရွယ်အိုတိုးပွားမှုနှုန်း မြင့်မားလာပြီဖြစ်သည်။ နိုင်ငံတစ်ဝန်းလုံး၌ သက်ကြီးရွယ်အိုဦးရေ ၄ ဒသမ ၅ သန်းခန့်ရှိလာပြီဖြစ်ရာ မြန်မာ့လူဦးရေ ၅၄ သန်းကျော်နှင့်တွက်ချင့်လျက် မြန်မာ ၁၂ ဦးတွင် တစ်ဦးသည် သက်ကြီးရွယ်အိုစာရင်းဝင် ဖြစ်လာသည်။ ရှောင်လွှဲ၍မရနိုင်သော လူဦးရေအချိုးအစားပြောင်းလဲမှုက သက်ကြီးရွယ်အိုများကို စိန်ခေါ်စပြုလာသည်။ ရှေးကကဲ့သို့ မျိုးဆက်တစ်ခုထက်မက လက်ရည်တစ်ပြင်တည်း နေထိုင်ကြသော မိသားစုများ နည်းပါးလာသည်။ “ကြီးသူကိုရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကိုသနား”ဟူသည့် မြန်မာဆိုရိုး စကားကို မျက်ကွယ်ပြုလာကြသည်။ စောင့်ထိန်းရမည့် “မိဘကျင့်ဝတ်”၊ “သားသမီးကျင့်ဝတ်”များ ယွင်းပျက်လာကြသည်။ “အစ်ကိုကြီးအဖအရာ၊ အစ်မကြီးအမိအရာ” ဆိုသည့်အတိုင်း ညီငယ်၊ ညီမငယ်တို့က အစ်ကိုကြီး၊ အစ်မကြီးတို့ကို မိဘသဖွယ်လေးစားကြရသကဲ့သို့ အစ်ကိုကြီး၊ အစ်မကြီးများ ကလည်း ညီငယ်၊ ညီမငယ်တို့ကို သားသမီးသဖွယ် ကာကွယ်စောင့်ရှောက်ကြရမည့် ဝတ္တရားများလည်း ပေါ့လျော့လစ်ဟင်းမှုများရှိလာသည်။
မျက်မှောက်ခေတ်တွင် မျိုးဆက်သစ်လူငယ် လူရွယ်များသည် နိုင်ငံတကာဆက်စပ်ယှက်နွှယ် ပြောင်းလဲမှုဖြစ်စဉ်တွင် မလွှဲမရှောင်သာ လိုက်ပါစီးမျောနေကြရသည်။ လူငယ်အချို့မှာ ယဉ်ကျေးမှုကူးလူးယှက်နွှယ်မှုတွင် အကောင်းကိုအတုမယူ၊ အဆိုးကိုအတုယူမှားခြင်းကြောင့် ခေတ်ရေစီးကြောင်းနှင့် လိုက်ပါခြင်းမဟုတ်ဘဲ ခေတ်ရေဆိုးမြောင်းအတွင်း လိမ့်ကျမျောပါလျက်ရှိကြသည်။ ထိုထိုသော လူငယ်လူရွယ်များအပေါ် အားထားယုံကြည်မှီခိုနေရသော ဘိုးဘွားမိဘသက်ကြီးရွယ်အိုအချို့မှာ နှလုံးစိတ်ဝမ်းမချမ်းမြေ့ဖွယ်အဖြစ်ဆိုးများနှင့် ကြုံတွေ့နေကြရသည်။ အဆိုပါ ဝဲဩဃသံသရာအတွင်း၌ ယခုထက်ပို၍ မနစ်မွန်းစေရန်၊ ဝိုင်းဝန်းတည့်မတ်ပြုပြင်ပေးရန် အားလုံးတွင် တာဝန်ရှိပါသည်။ ယဉ်ကျေးလိမ္မာမျိုးမြန်မာတို့ များစွာထွက်ပေါ်လာမှသာလျှင် နိုင်ငံတော်၏ အနာဂတ်အရေး စိတ်အေးရပါမည်။
မြန်မာနိုင်ငံသက်ကြီးရွယ်အိုစောင့်ရှောက်ရေး
မြန်မာနိုင်ငံသည် ရှေးမြန်မာမင်းများလက်ထက်မှစ၍ မျက်မှောက်ခေတ်တိုင် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းများကို အစဉ်အဆက် လက်ဆင့်ကမ်းဆောင်ရွက်ခဲ့သောနိုင်ငံဖြစ်သည်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံလည်းဖြစ်၊ အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံလည်းဖြစ်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံလည်း ဖြစ်သည့်အားလျော်စွာ ၁၉၉၉ ခုနှစ် နောက်ပိုင်းမှစ၍ မူဝါဒအသစ်များချမှတ် ဆောင်ရွက်ခဲ့သည်။ ၂၀၁၂ ခုနှစ် မေလတွင် အာရှ-ပစိဖိတ်ဒေသ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဆိုင်ရာညီလာခံကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့သည်။ ၂၀၁၂ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် “လူမှုရေးကာကွယ်စောင့်ရှောက်မှုဆိုင်ရာညီလာခံ”တစ်ရပ်ကို နေပြည်တော်၌ကျင်းပခဲ့သည်။ “သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံကိန်း”ကို ၂၀၁၄ ခုနှစ် ဇွန်လတွင်လည်းကောင်း၊ သက်ကြီးရွယ်အိုများကို လူမှုရေးပင်စင်ပေးအပ်ရေးနှင့် သက်ကြီးသူချင်း ကူညီစောင့်ရှောက်အဖွဲ့များကို ထောက်ပံ့ရေးဟူသည့် လုပ်ငန်းများပါရှိသော “မြန်မာနိုင်ငံ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်”ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင်လည်းကောင်း စတင်ချမှတ်နိုင်ခဲ့သည်။
၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် နိုင်ငံတစ်ဝန်းလုံးရှိ အသက်(၁၀၀)နှင့်အထက် သက်ကြီးဝါကြီး ဘိုးဘွား ၁၁၇၉ ဦးကို ကျပ်နှစ်သိန်းစီ ထောက်ပံ့ခြင်းမှအစပြု၍ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်များတွင် အသက်(၉၀)နှင့်အထက် ဘိုးဘွားများကို နှစ်စဉ်ထောက်ပံ့မှုများပြုနိုင်ခဲ့သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ “လူမှုရေးပင်စင်”အဖြစ် အသက်(၉၀)နှင့်အထက် သက်ကြီးရွယ်အိုတစ်ဦးလျှင် လစဉ်ကျပ်တစ်သောင်းနှုန်း ထောက်ပံ့ပေးခဲ့သည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်သစ်အစ အောက်တိုဘာလမှစ၍ အသက်(၈၅)နှစ်သို့ ပြောင်းလဲလျှော့ချကာ ဆက်လက်ထောက်ပံ့မှုပြုခဲ့ရာ ၂၀၂၃ ခုနှစ်တွင် အကျိုးခံစားခွင့်ရရှိသူ ၂၃၂၇၀၃ ဦး ရှိပြီဟု သိရသည်။ အသက် (၆၀) ပြည့်သော်လည်း နိုင်ငံ့တာဝန်များကို ဆက်လက်ထမ်းဆောင်လိုသော သက်ကြီးရွယ်အိုများ ပင်စင်ယူရမည့်အသက်ကို ၂၀၂၁ ခုနှစ်မှစ၍ (၆၂)နှစ်အထိ တိုးမြှင့်သတ်မှတ်ပေးခြင်းကြောင့် သက်ကြီးရွယ်အိုများတွင် ကျန်ရှိနေသေးသော စွမ်းပကားကို ဖော်ထုတ်ပြသခွင့်ရရှိနေကြပြီဖြစ်သည်။
သက်ကြီးရွယ်အိုများ၏ ရင်တွင်းစကားကို စာနာဆပွားအလေးထားနိုင်ရန်ရည်ရွယ်၍ “သက်ကြီးပုဂ္ဂိုလ်များ တွေ့ဆုံနှီးနှောခြင်း အလုပ်ရုံဆွေးနွေးပွဲ” တစ်ရပ်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ တက်ရောက်လာသော ဘိုးဘွားများက အုပ်စုများခွဲ၍ ဘိုးဘွားများနှင့်ပတ်သက်သည့် စောင့်ရှောက်မှုအစီအစဉ်များ၊ သက်ကြီးဖြစ်စဉ်နှင့် စိတ်ပိုင်းဆိုင်ရာဖြည့်ဆည်းပေးရမည့်အချက်များ၊ ဖြစ်ပွားတတ်သည့်ရောဂါများမှ ကြိုတင်ကာကွယ်ရေးဆောင်ရွက်ရမည့်အချက်များ၊ ပုံမှန်ဝင်ငွေ၊ စားသောက်နေထိုင်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ဘာသာရေးအသင်းအဖွဲ့များတွင် ပါဝင်ဆောင်ရွက်ခွင့် စသည့်ခေါင်းစဉ်များကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့်အတူ ဆွေးနွေးခဲ့ကြသည်။ ဤကဲ့သို့သော ဆွေးနွေးပွဲများကို အခါအားလျော်စွာ ပြုလုပ်ပေးခြင်းဖြင့် ၎င်းတို့ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲပြဿနာများကို သိမြင်နားလည်ကာ ဆောင်ရွက်ဖွယ်ရာအဖြာဖြာတို့ကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည် ဖြစ်ပေသည်။
လုလင်ငယ်သွေးအားမာန်မွေး
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းအစီရင်ခံစာအရ ၁၆ ဒသမ ၈၉ သန်းမှာ အသက်(၁၅) နှစ်မှ (၃၄) နှစ်အရွယ်ရှိ မျိုးဆက်သစ်လူငယ်များ ဖြစ်ကြသည်။ နိုင်ငံ့လူဦးရေ၏ သုံးပုံတစ်ပုံခန့်အင်အားရှိသော လုလင်ငယ်သွေးတို့က အားမာန်အပြည့်မွေး၍ နိုင်ငံတော်၏တာဝန်ကို ပခုံးပြောင်း တာဝန်ယူကြရတော့မည်ဖြစ်သည်။ အနာဂတ်နိုင်ငံတော်နှင့် ဘိုးဘွားမိဘများက အားကိုးအားထားပြုနိုင်လောက်အောင် အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဟူသည့်ဗလငါးတန် ပြည့်စုံရေးမှာ လွန်စွာအရေးကြီးလှသည်။ သို့မှသာ “သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများ”၊ “မိဘဘိုးဘွားများအား စရိတ်ထောက်ပံ့ခြင်း၊ ကြည့်ရှုစောင့်ရှောက်ခြင်းနှင့် သားသမီးမြေးတို့၏ တာဝန်များ”ကို ယနေ့ခေတ်လူငယ်များ ပိုမိုသိမြင်နားလည် နိုင်ကြမည်ဖြစ်ပါသည်။
လက်ဆင့်ကမ်းဖြည့်ဆည်းပေးကြစို့
ဘိုးဘွားမိဘများက ၎င်းတို့၏ ကလေးများကို ပန်းလိုစိုက်ပျိုး၊ ပိုးလိုမွေးမြူခဲ့ကြသည်။ ထိုက်သင့်သော ကလေးသူငယ်၊ လူငယ်အခွင့်အရေးများအားလုံးကိုလည်း အတတ်နိုင်ဆုံးဖြည့်ဆည်းပေးခဲ့ကြသည်။ သူတို့ကြောင့်လည်း လူတစ်လုံးသူတစ်လုံးဖြစ်လာရသည်။ ယခုမိမိတို့က ပြန်လည်ပေးဆပ်ရမည့်အလှည့်သို့ ရောက်ရှိလာပြီ။ မိမိတို့ကိုယ်တိုင်က ဘိုးဘွားမိဘသက်ကြီးရွယ်အိုများအပေါ် စာနာဆပွားအလေးထားမှသာ မိမိတို့က မွေးဖွားလာသော မျိုးဆက်သစ်ကလေးများကလည်း အတုမြင်အတတ် သင်ဆိုသလို စံနမူနာယူကြမည်ဖြစ်သည်။ သို့ဖြစ်၍ သက်ကြီးရွယ်အိုများ ရရှိခံစားအပ်သောအခွင့်အရေးများကို မျိုးဆက်တစ်ဆက်မှတစ်ဆက်သို့ လက်ဆင့်ကမ်းဖြည့်ဆည်းပေးခြင်းဖြင့် သာယာချမ်းမြေ့ဖွယ်သော မြန်မာ့လူ့ဘောင်ကို အလှဆင်ဖန်တီးပေးကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။ ။