Skip to main content

တစ်ဦးကျန်းမာ အားလုံးတွက်တာ၊ အားလုံးအတွက် ပန်းတိုင်တစ်ချက်

ဒေါက်တာခင်စန်းမော်

တိရစ္ဆာန်ဆေးကုဆရာဝန်လည်းဖြစ်၊ ပညာရပ်ဆိုင်ရာစာပေများကိုရေးသားသော စာရေးဆရာလည်းဖြစ်သောကြောင့် တိရစ္ဆာန်အကိုက်ခံရ၍ မေးမြန်းကြသော မေးခွန်းများကို အင်တာနက်မှဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ဖြေကြားရသောအခါ အလျင်ဆုံးပြန်လည်မေးမိသည့် မေးခွန်းများသည် “ဘ”နှင့် စသော မေးခွန်းများဖြစ်ကြပါသည်။

ထိုမေးခွန်းများမှာ...

(၁) ဘယ်နေ့က ကိုက်မိတာလဲ။

(၂) ဘယ်နေရာကို ကိုက်မိတာလဲ။

(၃) ဘယ်သူ့ကို ကိုက်မိတာလဲ။

(၄) ဘယ်တိရစ္ဆာန်က ကိုက်တာလဲတို့ ဖြစ်ကြသည်။

နောက်ဆက်တွဲလိုက်လာသည့် မေးခွန်းများကတော့...

(၅) အကိုက်ခံရသည့်အနာ နက်သလား။

(၆) တိရစ္ဆာန်က အိမ်မွေးတိရစ္ဆာန်လား။

(၇) ပိုင်ရှင်ရှိသလား။

(၈) ကာကွယ်ဆေး မှန်မှန်ထိုးထားသလား စသည်တို့ ဖြစ်ပါသည်။

(၁) ဘယ်နေ့ကကိုက်မိတာလဲ

တိရစ္ဆာန်အကိုက်ခံရသည့်ကိစ္စများတွင် ဤမေးခွန်းသည် အရေးကြီးဆုံးမေးခွန်းဖြစ်သည်။ရှေးယခင်က ခွေးကိုက်ခံရလျှင် ခွေးကိုဆယ်ရက်ခန့်စောင့်ကြည့်ပြီးမှ ခွေးရူးကာကွယ်ဆေးထိုးပေးလေ့ရှိခဲ့ကြသည်။ ကိုက်သောခွေးသည် လမ်းဘေးလေလွင့်ခွေးဖြစ်နေပါက သွားချင်ရာသွားတတ်သောကြောင့် စောင့်ကြည့်ရန် အဆင်မပြေနိုင်ပါ။

ခွေးကိုက်ခံရသောအခါ လူအများစုက မေးခိုင်ကာကွယ်ဆေးကို မဖြစ်မနေထိုးကြပါ၏။ ခွေးရူးကာကွယ်ဆေးထိုးရန် လိုမလိုကိုမေးမြန်းပြီးမှ ထိုးတတ်ကြသည်။ အမှန်မှာ ခွေးရူးရောဂါကာကွယ်ဆေးထိုးရန်ကိစ္စက ပထမဦးစားပေးဖြစ်ရပါမည်။ အောက်ပါမေးခွန်းများကိုကြည့်ပါ။

“သမီးကို ခွေးကိုက်ခံရလို့ပါ။ မေးခိုင်ကာကွယ်ဆေးတော့ထိုးပြီးပါပြီ။ ခွေးရူးကာကွယ်ဆေး ဘယ်တော့ထိုးရပါမလဲ” “သမီးကို ဒီနေ့ခွေးကိုက်သွားလို့ပါ။ ခွေးကအိမ်မွေးခွေးပါပဲ။ သမီးကာကွယ်ဆေးထိုးရမှာလား သိချင်လို့ပါ” “သမီးကို အိမ်မှာမွေးထားတဲ့ မျောက်ကကိုက်လိုက်လို့ပါ။ သူ့ကို ဘာကာကွယ်ဆေးမှ မထိုးထားပါဘူး။ အဲဒါ သမီး ခွေးရူးကာကွယ်ဆေးထိုးရမလားဟင်”

ထိုမေးခွန်းများအတွက်အဖြေမှာ တိရစ္ဆာန်အကိုက်ခံရပြီး ၂၄ နာရီအတွင်း ခွေးရူးကာကွယ်ဆေးထိုးရန် လိုအပ်သဖြင့် ဆရာဝန်ထံပြသပြီး ချက်ချင်းထိုးပါဟူ၍ ဖြစ်ပါသည်။ ကာကွယ်ဆေးထိုးရမည်ဆိုသောအသိ ရှိနေသောကြောင့် ထိုအသိပညာ ဗဟုသုတအတွက်တော့ ကျေနပ်ရပါသည်။

နောက်ထပ်မေးခွန်းတစ်ခုမှာ... “သမီးက တိရစ္ဆာန်ဆေးကုဆရာဝန် တစ်ယောက်ပါ။ ခွေးရူးကာကွယ်ဆေးထိုးထားတာ တစ်လလောက်ပဲရှိသေးတဲ့ ခွေးလေးကို ဆေးတိုက်လိုက်တာ လက်ကိုသွားနဲ့ နည်းနည်းလေးခြစ်မိသွားပါတယ်။ သမီးကအသက်ရှစ်လအရွယ်ကလေးကို နို့တိုက်နေတဲ့ ကလေးအမေပါရှင်။ လက်ကိုတော့ အထပ်ထပ်ဆေးပြီး အရက်ပြန်သုတ်ထားပါတယ်။ ညှစ်တော့ သွေးထွက်ပါတယ် ဆရာမ။ သမီးကာကွယ်ဆေးထိုးဖို့လိုလားဟင်”

ထိုသို့သော မေးခွန်းမျိုးအတွက် လိုအပ်သောအချက်အလက်များစစ်ဆေးရန် အောက်ပါတို့ကို မေးမြန်းကြည့်ရပါသည်။

(၂) ဘယ်နေရာကို ကိုက်မိတာလဲ

ခွေးရူးရောဂါသည် ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး ဦးနှောက်နှင့် အာရုံကြောအဖွဲ့ကို အဓိကတိုက်ခိုက်သည်။ အကိုက်ခံရသောနေရာသည် ဦးနှောက်အာရုံကြောအဖွဲ့နှင့်နီးကပ်သော ဦးခေါင်း၊ မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်၊ ကျောစသည့်နေရာများကိုကိုက်မိပါက အထူးအရေးကြီးပါသည်။ မေးခွန်းတချို့ကိုကြည့်ပါ။

“သမီးရဲ့မျက်နှာကို သမီးရဲ့ခွေးလေးက ကိုက်လိုက်လို့။ အဲဒါ RIP ဆိုတဲ့ ဆေးထိုးရမှာလားဟင်” (HRIG ကို RIP ဟု နားစွန်နားဖျားအကြားနှင့် မေးရှာသော သူ့ကို မရယ်ရက်ခဲ့ပါ။)

“သမီးကို ခွေးကိုက်သွားလို့ပါ။ ညာဘက်ပေါင်ကိုကိုက်လိုက်တာပါ။ ဂါဝန်ခံနေလို့ အသားတော့မပေါက်သွားပါဘူး။ အညိုအမည်းစွဲပြီး ကျန်ခဲ့ပါတယ်။ ဆေးထိုးဖို့ လိုပါသလား”

“အိမ်မွေးခွေးကိုက်မိတာပါ။ သမီးရဲ့ ခွေးလေးပါ။ ကာကွယ်ဆေး မှန်မှန်ထိုးထားပါတယ်။ ချီထားရင်း သူ့ကိုစလိုက်တာ သူကပြန်ကိုက်တော့ နဖူးနဲ့မျက်ခွံကို ထိသွားပါတယ်။ အနာက နည်းနည်းနက်ပါတယ်ရှင့်။ သွေးလည်းများများထွက်ပါတယ်။ ဆေးရုံတစ်ခုမှာ ခွေးရူးပြန်ကာကွယ်ဆေးသွားထိုးတာ အကိုက်ခံရတာက မျက်နှာမှာဆိုတော့ အနာပတ်လည်ကို Immunoglobulin (HRIG) ဆေးထိုးရမယ်ပြောလို့ ဆရာမကြီးကို မေးကြည့်တာပါ။ အဲဒီဆေးထိုးဖို့လိုမလို ဖြေကြားပေးပါရှင်”

ထိုမေးခွန်းနှစ်ခုကို ယှဉ်ကြည့်လိုက်လျှင် အကိုက်ခံရသောနေရာ၏ အရေးကြီးပုံကို သိမြင်နိုင်မည်ဖြစ်သည်။ ဦးနှောက်အာရုံကြောအဖွဲ့နှင့် နီးကပ်သောနေရာမှာ အကိုက်ခံရခြင်းက ပိုမို၍အန္တရာယ်များပါသည်။ ထို့ကြောင့်ပင် အနာပတ်လည်ကိုထိုးရသော ခွေးရူးရောဂါကာကွယ်ဆေးအသင့် ကိုယ်ခံအား(Human Rabies Immunoglobulin - HRIG)ကိုပါ တွဲ၍ ထိုးပေးခြင်းဖြစ်ပါသည်။

(၃) ဘယ်သူ့ကို ကိုက်မိတာလဲ

ကိုယ်ခံအားနည်းသည့် အုပ်စုထဲမှာပါဝင်သော ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ခုခံအားနည်းဝေဒနာရှင်များ၊ ကိုယ်အင်္ဂါအစားထိုးလဲလှယ်ထားသူများကို တိရစ္ဆာန်တစ်ကောင်က ကိုက်လိုက်ပါက သာမန်လူများထက် အထူးဂရုပြုရမည့်ကိစ္စဖြစ်ပါသည်။ ထို့ကြောင့် ဤမေးခွန်းကိုမေးရခြင်းဖြစ်သည်။ တစ်ကမ္ဘာလုံးတွင် နှစ်စဉ်နှစ်တိုင်း ခွေးရူးပြန်ရောဂါကြောင့် သေဆုံးရသူလူဦးရေ၏ ၄၀ ရာခိုင်နှုန်းမှာ ကလေးသူငယ်များဖြစ်နေကြသဖြင့် ကလေးငယ်များ ခွေးကိုက်ခံရလျှင် မပေါ့ဆသင့်ပါ။

“သမီးရဲ့သားလေး အသက် ခုနစ်နှစ်အရွယ်ကို အိမ်မှာမွေးထားတဲ့ခွေးကလက်မောင်းကို ဟပ်လိုက်တာသွေးစို့သွားလို့ ကာကွယ်ဆေးထိုးဖို့လိုပါသလား” “ကျွန်မတူလေး သူ့ဘာသာဆော့နေတာကို ဘေးအိမ်ကခွေးဝင်ကိုက်လို့ ခြေဖနောင့်မှာ သွေးထွက်သွားပါတယ်။ ကာကွယ်ဆေးထိုးရမလားရှင်” ကလေးများကို အကိုက်ခံရသောကြောင့် မေးမြန်းမှုများသည် အများဆုံးမေးလေ့ရှိကြသော မေးခွန်းများဖြစ်ပါသည်။

(၄) ဘယ်တိရစ္ဆာန်က ကိုက်တာလဲ

Rabies ဟုခေါ်သော ခွေးရူးရောဂါသည် ခွေး၊ ကြောင်၊ လင်းနို့နှင့် အသားစားသတ္တဝါတို့၌ အဓိကကျရောက်တတ်သော ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး လူ၊ နွား၊ မြင်း၊ ဆိတ်၊ ဝက်စသော သွေးနွေးသတ္တဝါအားလုံးကို ရောဂါကျရောက်စေနိုင်သည်။ ခွေးရူးရောဂါဖြစ်ပွားလျှင် ကုရာနတ္ထိဆေးမရှိဘဲ အသက်ဆုံးရှုံးမှုဖြင့်သာ အဆုံးသတ်သောကြောင့် ကိုက်လိုက်သော တိရစ္ဆာန်အမျိုးအစားကို မေးမြန်းရခြင်းဖြစ်သည်။

အကိုက်ခံရသည့် အနာနက်သလား၊ တိရစ္ဆာန်က အိမ်မွေးတိရစ္ဆာန်လား၊ ပိုင်ရှင်ရှိသလား၊ ကာကွယ်ဆေး မှန်မှန်ထိုးထားသလားစသော မေးခွန်းတို့မှာ အကိုက်ခံရပြီးနောက်ထိုးရသည့် ခွေးရူးကာကွယ်ဆေး (Post Exposure Program-PEP)ထိုးဖို့ အုပ်စုခွဲရန်လိုအပ်သော မေးခွန်းများဖြစ်ကြပါ၏။

ကိုဗစ်-၁၉ ကပ်ရောဂါကာလကြီးအတွင်း ကိုဗစ်ရောဂါကာကွယ်ဆေးကို ဦးစားပေးပြီး ထိုးရမလား၊ ခွေးရူးရောဂါ ကာကွယ်ဆေးကို အရင်ထိုးရမလားဆိုသော ဒွိဟဖြစ်မှုများအား ဖြေရှင်းပေးခဲ့ရပါသေးသည်။ ခွေးရူးရောဂါကာကွယ်ဆေးကို ဦးစားပေးပြီးထိုးပါဟု အကြံပြုခဲ့ပါသည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားလျှင် ပြန်လည်နာလန်ထ၍ ကျန်းမာနိုင်သေးသည်။ ခွေးရူးပြန်ရောဂါဖြစ်ပွားလျှင် ၁၀၀ ရာခိုင်နှုန်း အသက်ဆုံးရှုံးကြရမည်ဖြစ်သောကြောင့် ဖြစ်ပါသည်။ အကိုက်ခံရသူများထဲတွင် ထပ်တလဲလဲအကိုက်ခံရသူများ၊ ပထမအကြိမ်အကိုက်ခံရသောကြောင့် ခွေးရူးရောဂါကာကွယ် ဆေးထိုးနေစဉ် ကာကွယ်ဆေးအစီအစဉ် မပြည့်သေးခင်ထပ်မံအကိုက်ခံရ၍ မေးမြန်းသူများ၊ ခွေးရူးရောဂါကာကွယ်ဆေးအစီအစဉ် ပြည့်စုံစွာမထိုးဖြစ်ဘဲ ရက်ကျော်သွားသူများ၊ မေ့လျော့သွားသူများလည်း ပါဝင်ကြသည်။

ခွေးရူးရောဂါသည် တိရစ္ဆာန်မှ လူကိုကူးစက်တတ်သော ရောဂါဆိုးကြီးတစ်ခုဖြစ်ပြီး ခွေးရူးပြန်ရောဂါဖြစ်ပွားလျှင် ၁၀၀ ရာခိုင်နှုန်းသေဆုံးသည့် ကြောက်မက်ဖွယ်ရောဂါဖြစ်သည်။ ကမ္ဘာပေါ်ရှိ ကျွန်းနိုင်ငံများနှင့်ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံအချို့တို့တွင် ခွေးရူးရောဂါကို အမြစ်ပြတ်သုတ်သင်ဖယ်ရှား ပြီးဖြစ်သော်လည်း အာရှနှင့်အာဖရိကတိုက်ကြီးများတွင် နိုင်ငံအလိုက်၊ ဒေသအလိုက်ရောဂါဖြစ်ပွားမှုများ ရှိနေသေးသောကြောင့် နှစ်စဉ်နှစ်တိုင်း လူ ၆ဝဝဝဝ ခန့် ခွေးရူးရောဂါဖြစ်ပွားပြီး အသက်ဆုံးရှုံးနေကြရာ ထိုလူဦးရေ၏ ၄၀ ရာခိုင်နှုန်းသည် အသက် ၁၅ နှစ်အောက်ငယ်ရွယ် နုနယ်သောကလေးများ ဖြစ်နေကြပါသည်။

ခွေးရူးရောဂါကာကွယ်ဆေး

ခွေးရူးရောဂါကို ဘီစီ ၂၀၀၀ ဝန်းကျင်ကတည်းက သိရှိခဲ့ကြသည်။ ခွေးရူးရောဂါအကြောင်းရေးသားခဲ့သည့် ပထမဆုံးမှတ်တမ်းမှာ ဘီစီ ၁၉၃၀ က မီဆို ပိုတေးမီးယား Codex of Eshnunna အညွှန်းစာအုပ်ထဲတွင်အကယ်၍ မိမိမွေးမြူထားသောခွေးက ခွေးရူးရောဂါဖြစ်ပွားပြီး အခြားလူတစ်ဦးတစ်ယောက်ကို ကိုက်မိသောကြောင့် ထိုလူသေဆုံးလျှင် ခွေးပိုင်ရှင်အား ကြီးလေးသောဒဏ်ငွေပေးဆောင်စေသည်ဟု မှတ်တမ်းတင်ခဲ့သည်။

၁၇၆၈ ခုနှစ်တွင်ဘော့စတွန်မြို့မှ စတင်ဖြစ်ပွားခဲ့သော ခွေးရူးရောဂါသည် နှစ်အနည်းငယ်အတွင်း အခြားပြည်နယ်များသို့ ပျံ့နှံ့သွားပြီးနောက် ပြင်သစ်ပြည်နှင့် မြောက်အမေရိကတိုက်အထိ ရောက်ရှိသွားခဲ့သည်။ ၁၉ ရာစုအတွင်းက ခွေးရူးဟုသံသယဖြစ်သော ခွေးကကိုက်လိုက်လျှင် ထိုလူသည် သူ့ကိုယ်သူသတ်၍သေခြင်း သို့မဟုတ် အခြားလူများက ဝိုင်း၍သတ်ဖြတ်ခြင်းဖြင့် ကိစ္စတုံးအောင် စီရင်ခဲ့ကြသည်။

ဤသို့ ပြုလုပ်ခြင်းသည် လူဝီပါစတာ(Louis Pasteur)ခေါ် ပြင်သစ်သိပ္ပံပညာရှင်ကြီးအဖို့ စမ်းသပ်မှုများပြုလုပ်ရန် အခွင့်အရေးများရရှိခဲ့သောကြောင့် ၁၈၈၅ ခုနှစ်တွင် “အကိုက်ခံရပြီးနောက် ထိုးရသောကာကွယ်ဆေး- PEP” ကုထုံးကို တီထွင်နိုင်ခဲ့ပါသည်။

ထိုကာကွယ်ဆေး ပေါ်ထွန်းလာခြင်းကြောင့် မရေမတွက်နိုင်သော လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သည်။ ခွေးရူးရောဂါကာကွယ်ဆေးကို တီထွင်ခဲ့သော ပြင်သစ်သိပ္ပံပညာရှင်ကြီး လူဝီပါစတာသည် ၁၈၉၅ ခုနှစ် စက်တင်ဘာ၂၈ ရက်တွင် ကွယ်လွန်ခဲ့ပါသည်။ ခွေးရူးရောဂါသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော ရောဂါဆိုးကြီးတစ်ခုဖြစ်သည်။ သို့သော်အကိုက်ခံရပြီးနောက် ခွေးရူးရောဂါကာကွယ်ဆေး အစီအစဉ်ပြည့်စုံအောင်ထိုးထားလျှင် ကာကွယ်နိုင်သောရောဂါဖြစ်ကြောင်း သိရှိစေလိုပါသည်။

ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့

ပြင်သစ်သိပ္ပံပညာရှင်ကြီး လူဝီပါစတာသည် ခွေးရူးရောဂါကာကွယ်ဆေးကို တီထွင်ပေးခဲ့သည်။ သဘာဝသိပ္ပံပညာရပ်များ၏ ကွဲပြားခြားနားသော နယ်ပယ်အမျိုးမျိုးထဲမှ သူ၏ရှာဖွေတွေ့ရှိခဲ့မှုများသည် ပြည်သူ့ကျန်းမာရေးအတွက် ထောက်ပံ့ကူညီနိုင်သည့်အပြင် ယခုအချိန်ထိတိုင်အောင် လူ့အသက် ပေါင်းများစွာကို ကယ်တင်ပေးနိုင်ဆဲဖြစ်ပါသည်။

ထို့ကြောင့် တစ်ကမ္ဘာလုံး ပူးပေါင်းပါဝင်သည့် ခွေးရူးရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့အစည်းကြီး (Global Alliance for Rabies Control-GARC)နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)တို့က သူကွယ်လွန်ခဲ့သော စက်တင်ဘာ ၂၈ ရက်တွင် ခွေးရူးရောဂါတိုက်ဖျက်ရေးနှင့် ကာကွယ်တားဆီး ရေး၏ အရေးပါပုံကို လူတိုင်းသတိပြုမိကြအောင် သူ့အားအောက်မေ့သတိရဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ (World Rabies Day)အဖြစ် သတ်မှတ်ပြီး ၂၀၀၇ ခုနှစ်မှ စတင်ကျင်းပခဲ့ရာ စက်တင်ဘာ ၂၈ ရက်တွင် ၁၇ နှစ် ပြည့်မြောက်မည်ဖြစ်သည်။

ယခုနှစ်တွင်ကျရောက်သော ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့၏ဆောင်ပုဒ်မှာ “တစ်ဦးကျန်းမာ အားလုံးအတွက်တာ၊ အားလုံးအတွက် ပန်းတိုင်တစ်ချက်” ဖြစ်ပါသည်။ တစ်ဦးကျန်းမာရေးဆိုသည်မှာ ရွေးချယ်ထားသည့် လူနည်းစုတစ်ခုအတွက်မဟုတ်ဘဲ အားလုံးအတွက်ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ခွေးရူးရောဂါကာကွယ်ထိန်းချုပ်ရေးအစီအစဉ်သည် တစ်ဦးချင်းကျန်းမာရေးကို တည်ဆောက်သည့် ဖွဲ့စည်းပုံအတွက် ကြီးမားသော စံနမူနာတစ်ခုဖြစ်သည်။ ကပ်ရောဂါများအပါအဝင် အခြားသောတိရစ္ဆာန်မှတစ်ဆင့် လူကိုကူးစက်တတ်သောရောဂါများအတွက် အရေးပါသောစနစ်ကောင်းများ ဖန်တီးရာတွင် ယုံကြည်မှုလည်းရစေပါသည်။

ပြည်သူ့ကျန်းမာရေးလုပ်ငန်းများတွင် အကိုက်ခံရပြီးနောက် ခွေးရူးကာကွယ်ဆေးထိုးရန် မပြည့်စုံမလုံလောက်သေးသည့် လူ့အဖွဲ့အစည်းများ၌ လိုအပ်သော ကိရိယာတန်ဆာပလာနှင့် ဆေးဝါးများထောက်ပံ့ပေးခြင်းသည် လူ့အသက်များစွာကို ကယ်တင်နိုင်သည့်အပြင် အမျိုးသားကျန်းမာရေးစနစ်ကို ကြံ့ခိုင်ကောင်းမွန်အောင် လုပ်ဆောင်ပေးခြင်းမည်ပါ၏။

“၂၀၃၀ ပြည့်နှစ်တွင် ခွေးကိုက်ခံရ၍ဖြစ်သော ခွေးရူးရောဂါဘေးအန္တရာယ်ကြီး လူသားတို့မှာ ကင်းစင်ပပျောက်ရေး”ဟူသော မဟာဗျူဟာကို တစ်ကမ္ဘာလုံး၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်အောင် မျှဝေပေးရပါမည်။

ရှေးအကျဆုံးသော ရောဂါဆိုးကြီးတစ်ခုဖြစ်သော ခွေးရူးရောဂါကို ဖြတ်တောက်ဖယ်ရှားနိုင်ရန်ကာကွယ်ဆေးများ၊ ထိရောက်သောနည်းလမ်းများ၊ နည်းပညာသစ်များ ပေါ်ထွန်းနေပြီဖြစ်သောကြောင့် နောက်မှာကျန်နေခဲ့ခြင်းမျိုးမရှိစေဘဲ အတူတကွ စုစည်းညီညွတ်စွာ ဆောင်ရွက်ကြရပါမည်။

ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များတွင်

- ခွေး၊ ကြောင် စသော တိရစ္ဆာန်များကို ခွေးရူး ကာကွယ်ဆေးထိုးခြင်း၊

- တိရစ္ဆာန်ကောင်ရေထိန်းချုပ်ခြင်း၊

- တိရစ္ဆာန်ဂေဟာများ၏ အရည်အသွေးကို မြှင့်တင်ပေးခြင်း၊

- အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များအား ပညာပေးစည်းရုံးခြင်း၊

- လေလွင့်တိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက် သောဂေဟာများ တိုးပွားလာအောင်ဆောင်ရွက်ခြင်း၊

- လူကိုအကိုက်ခံရသောအခါ အုပ်စုခွဲပြီး လိုအပ်သောကာကွယ်ဆေးများ ပြည့်စုံစွာထိုးခြင်း၊

- ခွေးရူးဟု သံသယဖြစ်ဖွယ် တိရစ္ဆာန်ကိုတွေ့လျှင် ချက်ချင်းသတင်းပေးခြင်း၊

- ခွေးရူးရောဂါအကြောင်း အသိပညာပေးခြင်းစသည်ဖြင့် ပါဝင်ပါသည်။

လူ့ကျန်းမာရေး၊ တိရစ္ဆာန်ကျန်းမာရေး၊ ပတ်ဝန်းကျင်ကျန်းမာရေး ကဏ္ဍများအားလုံးစုပေါင်းလုပ်ဆောင်ပြီး ရည်ရွယ်ချက်အတိုင်းဖြစ်မြောက်အောင် ဆောင်ရွက်နိုင်ရန် မီးမောင်းထိုးပြသော “တစ်ဦးကျန်းမာ အားလုံးအတွက်တာ၊ အားလုံးအတွက်ပန်းတိုင်တစ်ချက် (All for one, one health for All) ဆောင်ပုဒ်ဖြင့် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် ကျရောက်မည့်(၁၇)နှစ်မြောက် “ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့”ကို ကြိုဆိုလိုက်ရပါသည်။ ။