ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းအထူးအဖွဲ့(၁၄)မှ တာဝန်ယူဖောက်လုပ်ခဲ့သော ကွမ်းခြံကုန်းမြို့ရှောင်လမ်းသစ်ကြီး
ခရမ်းစိုးမြင့်
ကွမ်းခြံကုန်းမြို့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းပါဝင်ပြီး ရန်ကုန်မြို့၏ တစ်ဖက်ကမ်းတွင်ရှိသည်။ ထိုမြို့လေးသည် ဖျာပုံမှတစ်ဆင့် ပင်လယ်ကမ်းစပ်မြို့များသို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာ-ဒလ-တွံတေး-ကော့မှူး-ကွမ်းခြံကုန်းလမ်းမှတစ်ဆင့် ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ ဒေးဒရဲမြို့၊ ဖျာပုံမြို့၊ ဘိုကလေးမြို့၊ ကျိုက်လက်မြို့ အစရှိသည့်မြို့များနှင့် ဆက်သွယ်ထားသော လမ်းပေါ်တွင်တည်ရှိသည်။
ရှောင်ကွင်းသွားလာနိုင်သော မြို့ရှောင်လမ်းသစ်တစ်ခု
ယခင်က ကွမ်းခြံကုန်းမြို့တွင် ယာဉ်ကြောကျပ်တည်းခြင်း၊ ယာဉ်အန္တရာယ်များ မကြာခဏဖြစ်ပွားတတ်ခြင်းတို့ ဖြစ်ပေါ်လေ့ရှိပြီး ဒေသခံပြည်သူများအတွက် သွားလာနေထိုင်မှုအဆင်မပြေခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။ ဒေသခံပြည်သူများက ကွမ်းခြံကုန်းမြို့ကို ရှောင်ကွင်းသွားလာနိုင်သော မြို့ရှောင်လမ်းသစ်တစ်ခု ပေါ်ပေါက်လာရေးကို လိုလားတောင်းတခဲ့ကြသည်။
ဒေသခံပြည်သူများ၏ လိုလားတောင်းတချက်အား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် ကွမ်းခြံကုန်းမြို့ရှောင်လမ်းသစ်ကြီးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေများဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနလမ်းဦးစီးဌာန လမ်းအထူးအဖွဲ့(၁၄)မှ ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍနှစ်တွင် အပြီးသတ်အောင်မြင်စွာ ဖောက်လုပ်ပြီးစီးခဲ့သည်။
အဆိုပါလမ်းသစ်ကြီးသည် အရှည် ၂ မိုင် ၄ ဖာလုံရှိပြီး ၂၄ ပေအကျယ် ကွန်ကရစ်လမ်းသစ်ကြီးဖြစ်သည်။ မြို့ရှောင်လမ်းသစ်ကြီးနှင့်အတူ အဆိုပါလမ်းပေါ်၌ ပေ ၂၄၀ အရှည် သံကူကွန်ကရစ်တံတား (တော်ပုလဲချောင်းတံတား) တစ်စင်းပေ ၂ဝ အရှည် သံကူကွန်ကရစ်တံတား နှစ်စင်းနှင့် Box culvert ၁၆ စင်းအား ထည့်သွင်းတည်ဆောက်ထားပြီး လမ်းအသုံးပြုသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် သွားလာမှုလွယ်ကူစေရေးတို့အတွက် လမ်းညွှန်များ၊ လမ်းအမှတ်အသားများကိုလည်း သတ်မှတ်လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထည့်သွင်းတပ်ဆင်ထားသည်။
ကွမ်းခြံကုန်းမြို့ရှောင်လမ်း ကွန်ကရစ်လမ်းသစ်ကြီးအား ၂၄-၃-၂ဝ၂၃ ရက်နေ့တွင် (၆၈)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး စစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အောင်မြင်စွာ ဖွင့်လှစ်ပေးနိုင်ခဲ့သည်။
ကွမ်းခြံကုန်းမြို့ရှောင်လမ်းဖောက်လုပ်
လမ်းအထူးအဖွဲ့ (၁၄)က ဖောက်လုပ်ပေးခဲ့သည့် အဆိုပါကွမ်းခြံကုန်း မြို့ရှောင်လမ်းဖောက်လုပ်မှု၌ ၂၁-၅-၂၀၁၉ ခုနှစ်တွင် လမ်းအူကြောင်း ရှာဖွေတိုင်းတာခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး လမ်းဦးစီးဌာနမှတစ်ဆင့် ဆောက်လုပ်ရေးဝန်ကြီးဌာန(ရုံးချုပ်) လမ်းလေယာဉ်ကွင်းနှင့် ပုံထုတ်ဌာနခွဲသို့တင်ပြ၍ လမ်းပုံထုတ်အဖွဲ့များက Geometric Design တိုင်းတာပုံထုတ်ပေးခဲ့သည်။
ယင်းနောက် အဆိုပါမြို့ရှောင်လမ်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ပထမဦးစွာ မြို့ရှောင်လမ်းနယ်အကျယ် ပေ ၃၀၀ အတွင်းကျရောက်နေသော လယ်မြေ ၇၉ ဒသမ ၄၇ ဧကအတွက် မြေယာလျော်ကြေးပေးချေခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပြီး အကြိုအင်ဂျင်နီယာလုပ်ငန်းများ စတင်ဆောင်ရွက်ခြင်းနှင့် လမ်းအပေါ်ယံမျက်နှာပြင် မြေညံ့များဖယ်ရှားခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့သည်။
ကွမ်းခြံကုန်းမြို့ရှောင်လမ်း၏ ကီလိုမီတာတိုင်စသည့် မြို့ရွာမှာ ကမာပါကျေးရွာအနီးမှဖြစ်ပြီး ကီလိုမီတာတိုင်ဆုံးသည့် မြို့ရွာမှာ တောချောင်းကျေးရွာအနီးတွင်ဖြစ်သည်။ ဖြတ်သန်းသွားလာသည့် မြို့ရွာများမှာ တော်ပုလဲချောင်း၊ တုတ်ခေါင်ချောင်းဖြစ်ပြီး ဖြတ်သန်းသွားလာသည့် ရထားလမ်း၊ မော်တော်ကားလမ်းများမှာ ကမာပါကျေးရွာ၊ တန်းတောကျေးရွာနှင့် မြေနီကုန်းကျေးရွာတို့ဖြစ်သည်။ မြစ်ချောင်းများအနီးရှိ ကျေးရွာများမှာ မရမ်းကျေးရွာ၊ တောင်ချောင်းကျေးရွာတို့ဖြစ်သည်။
ယခုကဲ့သို့ ကွမ်းခြံကုန်း မြို့ရှောင်လမ်းသစ်ကြီး ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ရန်ကုန်တိုင်းဒေသကြီးမှ ကုန်စည်များ၊ ခရီးသွားပြည်သူများအတွက်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်းထွက်ကုန်များကို ရန်ကုန်မြို့မှတစ်ဆင့် တစ်နိုင်ငံလုံးသို့ သယ်ယူပို့ဆောင်ခြင်းအတွက်လည်းကောင်း ဒေသခံပြည်သူများ၏ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးကိစ္စရပ်များအတွက် ဤလမ်းမကြီးကို ဖြတ်သန်း၍ အချိန်တိုအတွင်း လွယ်ကူချောမွေ့စွာသွားလာနိုင်ပြီဖြစ်သည်။
ကုန်စည်ဖလှယ်စီးဆင်းမှုများ ပိုမိုအဆင်ပြေချောမွေ့လာ
ထို့အပြင် မကြာမီအချိန်တွင် ဒလတံတား (ကိုရီးယား-မြန်မာချစ်ကြည်ရေး တံတားသစ်ကြီး) ဆောင်ရွက်ပြီးစီးတော့မည်ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးသို့ ကုန်စည်ဖလှယ်စီးဆင်းမှုများ ပိုမိုအဆင်ပြေချောမွေ့လာပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ကွမ်းခြံကုန်းမြို့တွင်လည်း ယခင်ကဲ့သို့ ယာဉ်ကြောကျပ်တည်းမှုများ၊ ယာဉ်အန္တရာယ်ဖြစ်ပွားမှုများ လျော့နည်းသွားခြင်းနှင့် ခရီးလမ်းတွင် အချိန်ကုန်သက်သာစွာ သွားလာနိုင်ခြင်းတို့ကြောင့် ဒေသခံပြည်သူများမှာလည်း ကျေနပ်ပျော်ရွှင်လျက်ရှိသည်။
“မြစ်ကိုမြင်လျှင် တံတားဆင် ပြည်ခွင်သာဖို့ လမ်းခင်းစို့”ဟူသော ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ဆောင်ပုဒ်နှင့်အညီ ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားစေရန်အတွက် လမ်းကွန်ရက်များ၊ မြို့ရှောင်လမ်းသစ်များဆောက်လုပ်ခြင်းနှင့် လမ်းမကြီးများအား အဆင့်မြှင့်တင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနက စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။