Skip to main content

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ပေး

သီတာအောင် (ဟိုတယ်၊ ခရီး)

ယနေ့ခေတ်တွင် ကမ္ဘာ့နိုင်ငံအသီးသီးတို့၏ စီးပွားရေးရာလုပ်ငန်းအဖြာဖြာတို့အနက် ခရီးသွားလုပ်ငန်းသည် နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ရိုးရာအစားအစာများ၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများကို ကမ္ဘာ့အလယ်မှာအများက သိအောင်လုပ်ဆောင်ပေးနိုင်သော လုပ်ငန်းတစ်ခုဖြစ်သည့်အပြင် နိုင်ငံခြားဝင်ငွေကိုလည်း ရှာဖွေပေးနေသောလုပ်ငန်းကြီးတစ်ခုဖြစ်ပါသည်။ အချို့နိုင်ငံများ(ဥပမာ-အိန္ဒိယ၊ အီဂျစ်)သည် ၎င်းတို့၏ အဓိကဝင်ငွေကို ခရီးသွားလုပ်ငန်းမှရရှိပေရာ ၎င်းလုပ်ငန်းကို အစဉ်ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြံဆောင်အားထုတ်ကြပါသည်။ ထိုနည်းတူ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO)သည်လည်း ကမ္ဘာ့ခရီးသွားလုပ်ငန်းကို အစဉ်မြှင့်တင်ပေးရန်အတွက် ၁၉၈၀ ပြည့်နှစ်မှစတင်၍ စက်တင်ဘာလ ၂၇ ရက်နေ့ကို ကမ္ဘာ့ ခရီးသွားလုပ်ငန်းနေ့အဖြစ်သတ်မှတ်ကာ နှစ်စဉ် ဦးတည်ချက်အသစ်နှင့် ဆောင်ပုဒ်အသစ်များချမှတ်၍ ကျင်းပလာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၄၃) ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကို ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် ခရီးသွားလုပ်ငန်းများ ပြန်လည်ထူထောင်ရေးနှင့် အနာဂတ်ကာလတွင် ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရည်ရွယ်ချက်များချမှတ်၍ ရင်းနှီးမြှုပ်နှံမှုများကို အဓိကဦးစားပေးလုပ်ငန်းတစ်ခုအနေဖြင့် သတ်မှတ်ခဲ့ပါသည်။ ဤတွင် လူသားများ၊ ကမ္ဘာမြေနှင့်သာယာဝပြောရေးတို့အတွက် ပိုမိုကောင်းမွန်သည့် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာ၌ သမားရိုးကျနည်းလမ်းအတိုင်းမသွားဘဲ ဆန်းသစ်သောနည်းလမ်းများကို အသုံးပြုဆောင်ရွက်ကြရန်လိုအပ်ကြောင်းစသည်ဖြင့် ရင်းနှီးမြှုပ်နှံမှုများ၏ အရေးပါပုံကို ခရီးသွားလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်သူများအားလုံး သိရှိသတိပြုမိစေရန်ရည်ရွယ်၍ ကျင်းပသွားမည်ဖြစ်ပါသည်။

၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ဆောင်ပုဒ်မှာ “ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ပေး”ဟူ၍ဖြစ်ပါသည်။ အဓိပ္ပာယ်မှာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံအချက်များတွင် ရင်းနှီးမြှုပ်နှံမှုကို ပိုမိုလုပ်ကိုင်ကြရန်နှင့် ထိုသို့ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာ၌ ကျွန်ုပ်တို့နေထိုင်ရာကမ္ဘာမြေအပါအဝင် လူသားများဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သာယာဝပြောရေးတို့အတွက် အစိမ်းရောင်စီးပွားရေးစနစ်ကို ကျင့်သုံးရေးပင်ဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုသော် လူသားများအတွက် ပညာရေးနှင့် ကျွမ်းကျင်မှုအရည်အသွေးရှိစေရန် ရင်းနှီးမြှုပ်နှံခြင်း၊ ရေရှည်တည်တံ့ခိုင်မြဲသော အခြေခံအဆောက်အအုံများနှင့် အစိမ်းရောင်အသွင်ကူးပြောင်းရေးတို့တွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် သာယာဝပြောရေးအတွက် ဆန်းသစ်တီထွင်မှု၊ နည်းပညာနှင့် စွန့်ဦးတီထွင်မှုတို့တွင် ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုပြုလုပ်ကြရန်ဆိုလိုခြင်း ဖြစ်ပါသည်။

ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲစေရန် ရေရှည်ရင်းနှီးမြှုပ်နှံမှုများလိုအပ်သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းကဏ္ဍသည် ထိခိုက်မှုအများဆုံးဖြစ်ခဲ့ရပြီး ခရီးသွားလုပ်ငန်းကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၅ ဘီလီယံရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၆ ဘီလီယံသို့ကျဆင်းသွားခဲ့ရကြောင်းနှင့် နောက်ဆက်တွဲအနေဖြင့် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်များတွင် ခရီးသွားကဏ္ဍ၌ အလုပ်အကိုင်ဖန်တီးပေးနိုင်မှုမှာ ၇၀ ရာခိုင်နှုန်းကျဆင်းသွားခဲ့ရကြောင်း UNWTO ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။ သို့ရာတွင် ခိုင်မာအားကောင်းနေဆဲဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုနယ်ပယ်တစ်ခုမှာ ခရီးသွားလုပ်ငန်းကို အစပျိုးလုပ်ကိုင်ခြင်း(start-up)နှင့် နည်းပညာများတွင် ရင်းနှီးမြှုပ်နှံခြင်းတို့ဖြစ်ပြီး အစပျိုးလုပ်ကိုင်ခြင်းအဆင့်တွင် ခံနိုင်ရည်ရှိမှု၏အရေးပါပုံကိုလည်း UNWTO က မီးမောင်းထိုးပြထားပါသည်။

သို့ပါ၍ ပိုမိုကောင်းမွန်သောရင်းနှီးမြှုပ်နှံမှုများကို ပစ်မှတ်အဖြစ်ထားရှိခြင်းသည် လူသားများအတွက် အခွင့်အလမ်းများရရှိစေရန်၊ ကြံ့ကြံ့ခံနိုင်သော စီးပွားရေးကိုတည်ဆောက်ရန်၊ ရာသီဥတုဆိုင်ရာဆောင်ရွက်ချက်များကို အရှိန်မြှင့်တင်ရန်၊ ကမ္ဘာမြေအတွက် ပိုမိုကောင်းမွန်၍ ရေရှည်တည်တံ့ခိုင်မြဲသော ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်မှုဆိုင်ရာ မဏ္ဍိုင်များပါဝင်သော ချမ်းသာကြွယ်ဝမှုအားလုံးကို မျှဝေနိုင်ရန်ဖြစ်ပါသည်။

ဤအကြောင်းရင်းများကြောင့် UNWTO သည် ၂၀၂၃ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုများကို ခရီးသွားကဏ္ဍအတွက် အဓိကဦးစားပေးအဖြစ်သတ်မှတ်ခဲ့ပြီး ၎င်း၏အဖွဲ့ဝင်နိုင်ငံများ၊ ခရီးစဉ်ဒေသများ၊ စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံသူများအကြား ပေါင်းကူးတံတားအဖြစ် အကောင်းဆုံး ဆောင်ရွက်ပေးနေပါသည်။ UNWTO က ယခုနှစ်အတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ လူသားများတွင်ရင်းနှီးမြှုပ်နှံခြင်း (ပညာရေးနှင့်ကျွမ်းကျင်မှုအရည်အသွေး)၊ ကမ္ဘာမြေတွင်ရင်းနှီးမြှုပ်နှံခြင်း(ရေရှည်တည်တံ့ ခိုင်မြဲသောအခြေခံအဆောက်အအုံများနှင့် အစိမ်းရောင် အသွင်ကူးပြောင်းရေးတွင် အရှိန်မြှင့်တင်ခြင်း)နှင့် သာယာဝပြောရေးတွင် ရင်းနှီးမြှုပ်နှံခြင်း (ဆန်းသစ်တီထွင်မှု၊ နည်းပညာနှင့် စွန့်ဦးတီထွင်မှု)များကို အောက်ပါအတိုင်း အလေးပေးဖော်ပြခဲ့ပါသည်-

(က) ပညာရေးနှင့် ကျွမ်းကျင်မှုအရည်အသွေး မြင့်မားရေးအတွက် ဦးစားပေးရင်းနှီးမြှုပ်နှံခြင်း

ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့ထိပ်တန်းအလုပ်အကိုင် ဖန်တီးပေးနိုင်မှုလုပ်ငန်းများ၌ တစ်ခုအပါအဝင်ဖြစ်ရာ တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် အမျိုးသမီးနှင့်လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းမြင့်မားပြီး လူ ၁၀ ဦးလျှင်တစ်ဦးအား အလုပ်အကိုင်ပေးနိုင်ခဲ့ပါသည်။ ထို့အပြင် ကျေးလက်ဒေသများ၌ ခရီးသွားလုပ်ငန်းသည် အစဉ်အလာအရ အလုပ်အကိုင်အခွင့်အလမ်းရှားပါး သည့်အမျိုးသမီးများနှင့် ဒေသခံလူငယ်၊ လူရွယ်များကို အကျိုးကျေးဇူးများရရှိစေပါသည်။ သို့ရာတွင် ထွန်းသစ်စခရီးစဉ်ဒေသများတွင် ၅၀ ရာခိုင်နှုန်းသောလူငယ်များသည် ပညာသင်ယူရန်နှင့် လေ့ကျင့်သင်ကြားပေးမည့် အခွင့်အလမ်းများမရရှိနိုင်ခြင်းတို့ကြောင့် ခရီးသွားလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်နိုင်ခြင်းမရှိပေ။ ထို့အပြင် မျက်မှောက်ကာလပညာရေးနှင့် လေ့ကျင့်ရန်အခွင့်အလမ်းများသည်လည်း ဟိုတယ်စီမံခန့်ခွဲမှုအပိုင်းတွင်သာ အလေးထားကြသဖြင့် ဟန်ချက်ညီမှုမရှိပေ။ သို့ဖြစ်ပါ၍ ရှေ့သို့မျှော်ကြည့်ပါက တစ်ကမ္ဘာလုံးဆိုင်ရာခရီးသွားလုပ်ငန်း၏ လုပ်သားအင်အားတွင် ဧည့်ဝန်ဆောင်မှုဖြင့် ဘွဲ့ရရှိသူများသည် ယခုအချိန် နှင့် ၂၀၃၀ ပြည့်နှစ်အကြား နှစ်စဉ် သန်းနှင့်ချီ၍လိုအပ်လာမည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။ တစ်ဖန်ထပ်မံ၍ တစ်နှစ်လျှင် အလုပ်အကိုင်ပေါင်း ၈၀၀၀၀၀ သည် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထူးပြုသင်တန်းများ လိုအပ်လာမည်ဖြစ်ကြောင်း UNWTO ၏ ဖော်ပြချက်အရ သိရှိရပါသည်။

ဤအကြောင်းများကြောင့် ခရီးသွားလုပ်ငန်း၏ အခြေခံအုတ်မြစ်ဖြစ်သော လူ့စွမ်းအားအရင်းအမြစ်များအတွက် ရင်းနှီးမြှုပ်နှံရန်လိုအပ်သဖြင့် ကျွန်ုပ်တို့၏အနာဂတ်အတွက် လုပ်ငန်းများလုပ်ဆောင်ရာတွင် ရင်းနှီးမြှုပ်နှံမှုကဏ္ဍကို အဓိကထား၍ ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါသည်။

ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းသည် လုံးဝပြိုလဲခဲ့ရသကဲ့သို့ မြန်မာ့ခရီးသွားလုပ်ငန်းသည်လည်း ၂၀၂၀ ပြည့်နှစ် ဧပြီလမှစ၍ ရပ်ဆိုင်းသွားခဲ့ရပါသည်။ ခရီးသွား လုပ်ငန်းများရပ်ဆိုင်းသွားသဖြင့် နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် ဟိုတယ်များ၊ ခရီးသွားအေဂျင်စီများ၊ ဧည့်လမ်းညွှန်များ၊ စားသောက်ဆိုင်များစသည့် ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်နေသူများသည် အလုပ်လက်မဲ့ဖြစ်ခဲ့ကြရပါသည်။ အလုပ်လက်မဲ့ဖြစ်မှုကြောင့် စားဝတ်နေရေးအတွက် ဒုက္ခရောက်ကြရသော ဝန်ဆောင်မှုပေးသည့်လုပ်သားများသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြောင်းလဲလုပ်ကိုင်သွားကြခြင်း၊ ပြည်ပသို့ သွားရောက်လုပ်ကိုင်ကြခြင်း တို့ကြောင့် ခရီးသွားလုပ်ငန်းအား ဝန်ဆောင်မှုပေးသည့် ကျွမ်းကျင်ဝန်ထမ်းများစွာ ဆုံးရှုံးခဲ့ရပါသည်။

ဤကဲ့သို့ ခရီးသွားကဏ္ဍတွင် လူသားအရင်းအမြစ်များဆုံးရှုံးသွားခြင်းသည် ကိုဗစ်-၁၉ ကပ်ရောဂါအလွန် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းကို ပြန်လည်ဦးမော့လာစေရေးကြိုးပမ်းမှု၌ကြီးမားသော စိန်ခေါ်မှုကြီးတစ်ရပ်အဖြစ် ရပ်တည်လာပါတော့သည်။ သို့ဖြစ်ပါ၍ မြန်မာ့ခရီးသွားကဏ္ဍတွင် ကျွမ်းကျင်ဝန်ထမ်းများ ပြန်လည်ဖြည့်ဆည်းရန် လုပ်သားများ၏ ဝန်ဆောင်မှုအရည်အသွေးများ ပြည့်ဝစေသည့်သင်တန်းများကို နိုင်ငံတကာမှချမှတ်ထားသည့် စံနှုန်းများနှင့်အညီ ဖွင့်လှစ်ပေးခြင်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးခြင်းစသည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများပို့ချပေးနိုင်ရေး၊ သင်တန်းကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်များတည်ထောင်ရေးတို့အတွက် မိတ်ဖက်အဖွဲ့အစည်းများရှာဖွေခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများကို ပြည်တွင်း၊ ပြည်ပမှဖိတ်ခေါ်၍ လူသားများအတွက် ရင်းနှီးမြှုပ်နှံမှုများကို အားပေးမြှင့်တင်ရမည်ဖြစ်ပါသည်။ ဤကဲ့သို့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရနှင့်ခရီးသွားနယ်ပယ်၌ လက်တွေ့လုပ်ကိုင်နေကြသော အတွေ့အကြုံရှိသည့် ပုဂ္ဂလိကကဏ္ဍမှ အသိပညာရှင်၊ အတတ်ပညာရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုသည် လွန်စွာအရေးကြီးပါသည်။

(ခ)ရေရှည်တည်တံ့ခိုင်မြဲသော အခြေခံအဆောက်အအုံများနှင့် အစိမ်းရောင်အသွင်ကူးပြောင်းရေးတွင် ရင်းနှီးမြှုပ်နှံခြင်း

ခရီးသွားလုပ်ငန်းကဏ္ဍ၏ စိမ်းလန်းသော အသွင်ကူးပြောင်းမှုသည် ကမ္ဘာကြီးအတွက်သာမက  ခရီးသွားလုပ်ငန်းအတွက်ပါ ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန်နှင့် ကြံ့ကြံ့ခံနိုင်ရည်ရှိစေရေးတို့အတွက် အလွန်လိုအပ်ပေရာ ခရီးသွားလုပ်ငန်းကဏ္ဍတွင် စိမ်းလန်းသောရင်းနှီးမြှုပ်နှံမှုများနှင့်ဆန်းသစ် တီထွင်မှုများသည် ဤအသွင်ကူးပြောင်းမှုကို အဓိကပံ့ပိုးပေးမည်ဖြစ်ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါသည် စိမ်းလန်းသောအဆောက်အအုံများ၊ ပြန်လည်ပြုပြင်ခြင်းများနှင့်ပတ်သက်သည့် အခွင့်အလမ်းအမျိုးမျိုးကို ဖွင့်ပေးလိုက်ရာ ကမ္ဘာ့ဟိုတယ်လုပ်ငန်း၌ ရင်းနှီးမြှုပ်နှံမှုပမာဏသည် တစ်နှစ်ထက်တစ်နှစ် တိုးတက်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် စုစုပေါင်းအမေရိကန်ဒေါ်လာ ၆၆ ဒသမ ၈ ဘီလီယံရှိခဲ့ကြောင်း UNWTO က ဖော်ပြခဲ့ပါသည်။

အနာဂတ်ကို မျှော်ကြည့်လိုက်ပါက ဓာတ်ငွေ့ထုတ်လွှတ်မှုကိုလျှော့ချရန် ထွန်းသစ်စဈေးကွက်ရှိသည့်မြို့များ၏ စိမ်းလန်းသောအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံရန်လိုအပ်မှုသည် ၂၀၃၄ ခုနှစ် မတိုင်မီတွင် ဒေါ်လာ ၂၄ ဒသမ ၇ ထရီလီယံအထိ ရှိလာမည်ဖြစ်ပြီး ၎င်းပမာဏတွင် ဟိုတယ်များ၊ အပန်းဖြေစခန်းများနှင့်စားသောက်ဆိုင်များအတွက် ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံပါဝင်မည်ဖြစ်ပါသည်။ ထို့အပြင် ဟိုတယ်များသည် စွမ်းအင်နှင့်ရေအလွန်အကျွံသုံးစွဲသူများအဖြစ်လည်း တွေ့ရှိရသဖြင့် ခရီးသွားလုပ်ငန်းသည် ကာဗွန်ဒိုင်အောက်ဆိုက် လျှော့ချသည့်နည်းပညာများ၊ နည်းလမ်းအသစ်များနှင့်ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုများလိုအပ်နေသည်ကို ကြုံတွေ့နေရပါသည်။ သို့သော် အခြေခံအဆောက်အအုံများသည် ဆယ်စုနှစ်များစွာကြာသည့်တိုင်အောင် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်နေပါသည်။

ထို့အတူ မြန်မာနိုင်ငံ၏ခရီးသွားဆိုင်ရာ အခြေခံအဆောက်အအုံများတွင် စိန်ခေါ်မှုများရှိနေပြီး ၎င်းစိန်ခေါ်မှုများသည် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းတစ်ရပ်လည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာအမှတ် (၁၃/ ၂၀၁၇)တွင် နိုင်ငံတော်အနေဖြင့် ဦးစားပေးမြှင့်တင်မည့်ကဏ္ဍများကိုဖော်ပြထားရာ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာကဏ္ဍတွင် အောက်ပါအတိုင်း တွေ့ရှိရပါသည်-

(၁) ဟိုတယ်နှင့် အပန်းဖြေစခန်းများတည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများ

(၂) ခရီးသည်ပို့ဆောင်ရေးနှင့် ရှုခင်းကြည့် ခရီးသည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း

(၃) သဘာဝအခြေခံခရီးသွားလုပ်ငန်း

သို့ပါ၍ မြန်မာနိုင်ငံတွင် ဟိုတယ်နှင့်အပန်းဖြေ စခန်းများနှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုများကိုဆောင်ရွက်ရာ၌ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ဦးဆောင်သော Proposal Assessment Team သည် ရင်းနှီးမြှုပ်နှံလိုသူများမှတင်ပြသည့် Environmental Management Plan အပါအဝင် လိုအပ်သည့်အချက်များကို စစ်ဆေးပြီးမှ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို ခွင့်ပြုပါသည်။ လုပ်ငန်းများ လုပ်ကိုင်ရာတွင်လည်း ASEAN မှ ချမှတ်ထားသော စံနှုန်းများအတိုင်းဟိုတယ်များ၏ လိုက်နာဆောင်ရွက်မှုအပေါ် မြေပြင်ကွင်းဆင်းစစ်ဆေးပြီး ASEAN မှ နှစ်နှစ်လျှင် တစ်ကြိမ်ကျင်းပသော ASEAN Green Hotel Award ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှဆုရရှိရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် အသိပညာပေးဟောပြောမှုများ၊ နှိုးဆော်မှုများကို စဉ်ဆက်မပြတ်လုပ်ကိုင်၍ အစိမ်းရောင်စီးပွားရေးစနစ်ကို အားပေးလျက်ရှိပါသည်။

မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ၂၀၂၃ ခုနှစ်ဇူလိုင်လကုန်၌ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၂၁၅၇ ဘီလီယံဖြင့် လုပ်ငန်းအရေအတွက် ၂၀၉ ခုကို လုပ်ကိုင်နေပြီး ရာခိုင်နှုန်းအားဖြင့် နိုင်ငံတော်ရှိ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး၏ ၉ ဒသမ ၉၇ ရာခိုင်နှုန်းရှိကာ ၎င်းကာလတွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၀၆ ဘီလီယံဖြင့်လုပ်ငန်းအရေအတွက် စုစုပေါင်း ၆၆ ခုကို လုပ်ကိုင်လျက်ရှိပြီး ရာခိုင်နှုန်းအားဖြင့် နိုင်ငံတော်ရှိ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး၏ ၃ ဒသမ ၇၈ ရာခိုင်နှုန်းဖြစ်ပါသည်။ နိုင်ငံတော်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရှိသည့်ကဏ္ဍ ၁၂ ခုအနက် ဟိုတယ်နှင့်ခရီးသွားကဏ္ဍသည် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုတွင် အဆင့်(၅)နေရာတွင် ရပ်တည်နေပြီး နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုတွင် အဆင့်(၆)နေရာတွင် ရပ်တည်နေကြောင်း DICA ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

(ဂ) ဆန်းသစ်တီထွင်မှု၊ နည်းပညာနှင့် စွန့်ဦးတီထွင်မှုတို့တွင် ရင်းနှီးမြှုပ်နှံခြင်း

ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးနှင့် ဆန်းသစ်တီထွင်မှုအစီအစဉ်များသည် ခရီးသွားကဏ္ဍ၏ လုပ်သားအင်အားကို မြှင့်တင်ရန်အတွက် အရေးကြီးသည့် အထူးသဖြင့် လူငယ်နှင့်အမျိုးသမီးများကိုပံ့ပိုးရန် မဟာဗျူဟာမြောက်ဦးစားပေးလုပ်ငန်းဖြစ်ကြောင်း၊ ထို့အပြင် တစ်ကမ္ဘာလုံးဆိုင်ရာ အထောက်အပံ့ပြုသော အစီအစဉ်များတွင် ရင်းနှီးမြှုပ်နှံမှုအဆင့်ကို တိုးမြှင့်ရန်လိုအပ်နေပြီး စွန့်ဦးတီထွင်မှုများကို လှုံ့ဆော်ပေးရန်နှင့် ဆန်းသစ်တီထွင်မှုများအတွက် အခွင့်အလမ်းများဖန်တီးပေးခြင်းသည် ခရီးသွားကဏ္ဍတွင် အလွန်လိုအပ်နေကြောင်း UNWTO က ဖော်ပြခဲ့ပါသည်။

မြန်မာနိုင်ငံသည်လည်း ဒစ်ဂျစ်တယ်စီးပွားရေးစနစ်သို့ ပြောင်းလဲလျက်ရှိရာ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို နိုင်ငံတကာမီဒီယာများ၊ ကမ္ဘာ့ခရီးသွား ဧည့်သည်များသိရှိစေရန်မှာ အချိန်ကုန်သက်သာပြီး ထိရောက်မှုရှိစေမည့် Online Platform ဖြစ်သည့် Instagram၊ Tik Tok စသည်တို့ကိုအသုံးပြု၍လည်းကောင်း၊ Influencer များအသုံးပြု၍လည်းကောင်း၊ ခရီးသွားလုပ်ငန်းပြပွဲများ၊ ကုန်စည်ပြပွဲများကို မိမိတို့နိုင်ငံတွင် ကျင်းပ၍လည်းကောင်း၊ နိုင်ငံတကာရှိ ခရီးသွားပြပွဲများတွင် ပါဝင်မှုကို ပိုမိုမြှင့်တင်၍လည်းကောင်း၊ ဝန်ကြီးဌာန၏ ခရီးသွားဆိုင်ရာ Digital Platform များကို နိုင်ငံတကာရှိမြန်မာသံရုံးများမှ လွှင့်တင်ပေးခြင်းဖြင့် လည်းကောင်းကြော်ငြာရမည်ဖြစ်ပေသည်။ သို့မှသာ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ASEAN ရှိ ဒေသတွင်းနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရန်မှာ ChatGPT Application ၏ အကူအညီကိုရယူ၍ မိမိတို့နိုင်ငံ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရမည်ဖြစ်ပေသည်။ ထို့အပြင် ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် စွန့်ဦးတီထွင်မှုများကိုလုပ်ကိုင်သည့် MSME လုပ်ငန်းများကို ကောင်းစွာရှင်သန်နိုင်စေရန် နိုင်ငံတော်အနေဖြင့် မတည်ရင်းနှီးငွေနှင့် နည်းပညာအကူအညီပေးခြင်း၊ ဈေးကွက်ရှာဖွေပေးခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးခြင်း စသည့်ပံ့ပိုးမှုများကိုပေးခြင်းဖြင့် Tourism MSME များ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ပြီး အလုပ်အကိုင်များကိုလည်း အကာအကွယ်ပေးနိုင်မည်ဖြစ်ပါသည်။

ကိုဗစ်- ၁၉ ကပ်ရောဂါအလွန်တွင် ကမ္ဘာ့နေရာအနှံ့အပြား၌ စီးပွားရေးအကျပ်အတည်းများကို ကျော်လွှားရန် ဈေးကွက်ပြိုင်ဆိုင်မှုများ ပြင်းထန်လာသကဲ့သို့ ဆန်းသစ်တီထွင်မှုများကိုလည်း အပြိုင်ပြုလုပ်လာကြောင်း တွေ့ရှိရပေသည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့်လည်း မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို ရေရှည်တည်တံ့စေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန်မှာ ဆန်းသစ်တီထွင်မှုများကို မဖြစ်မနေပြုလုပ်ရမည်သာဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုရလျှင် ရင်းနှီးမြှုပ်နှံမှုများသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုရာ မြန်မာနိုင်ငံတော်အစိုးရသည် နိုင်ငံတကာနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံ သူများကို ဆွဲဆောင်မှုပေးထားသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်ကို ၂၀၁၆ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပါသည်။ ဤဥပဒေတွင် ရင်းနှီးမြှုပ်နှံသူများ၏ ခံစားခွင့်များနှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံသူများအား ဆက်ဆံဆောင်ရွက်ခြင်း၊ မြေအသုံးပြုခွင့်၊ အမှုထမ်းများနှင့် အလုပ်သမားများခန့်ထားခြင်း၊ ရင်းနှီးမြှုပ်နှံမှုကို အာမခံခြင်း၊ ဘဏ္ဍာငွေများ လွှဲပြောင်းခြင်းနှင့် ကင်းလွတ်ခွင့်နှင့် သက်သာခွင့် စသည့်အကြောင်းအရာများကို အသေးစိတ်ရှင်းလင်းဖော်ပြထားပါသည်။

နိုင်ငံတော်အနေဖြင့် ဤကဲ့သို့ရင်းနှီးမြှုပ်နှံသူများအား ဥပဒေအရအကာအကွယ်ပေးထားမှုများ ကိုလည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူစွာဆောင်ရွက်နိုင်ခြင်း (Ease of Doing Business) ကိုလည်းကောင်း၊ ပြည်တွင်း၊ ပြည်ပမှရင်းနှီးမြှုပ်နှံသူများ သိရှိအောင်ကျွန်ုပ်တို့က ဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုသည် အခြားကဏ္ဍများအပေါ်တွင်လည်းများစွာသော အကျိုးသက်‌‌ရောက်မှုကိုဖြစ်ပေါ်စေရာ အပြန် အလှန်အားဖြင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ကိုင်နေသည့် ဌာနများကလည်း သက်ဆိုင်ရာကဏ္ဍအလိုက် မြန်မာ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် လျှပ်စစ်မီးလုံ‌လောက်စွာရရှိရေး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်မှု ကောင်းမွန်ချောမွေ့စေရေး၊ နိုင်ငံတကာလေကြောင်းလိုင်းများ တိုက်ရိုက်တိုးချဲ့ပျံသန်းနိုင်ရေး၊ လေဆိပ်အဆောက်အအုံများ အဆင့်မြှင့်တင်ရေး၊ အများပြည်သူသုံးသန့်စင်ခန်းများ တည်ဆောက်ရေးတို့အတွက် သက်ဆိုင်ရာဌာနများအနေဖြင့် Win-Win Solution ဖြင့် တာဝန်ယူမှုရှိပြီး အရည်အသွေးရှိသောလုပ်ငန်း များလုပ်ကိုင်မည့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများကိုဖိတ်ခေါ်၍ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ပေးကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။       ။