ငါးမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေး သက်ရှိအစာ ရေချိုရိုတီဖာနှင့် ရေချိုရေညှိမွေးမြူပေး
မောင်တံငါ (M.Sc)၊ မွေးသု(မန်း)
မွေးမြူထုတ်လုပ်ရေးလုပ်ငန်းတွင် တိရစ္ဆာန်အစာသည် အဓိကအခန်းကဏ္ဍမှပါဝင်နေပေရာ မွေးမြူထုတ်လုပ်ရေးနည်းပညာများ ခေတ်မီတိုးတက်လာသည်နှင့်အမျှ တိရစ္ဆာန်အစာလုံလောက်ရုံမျှနှင့် မပြည့်စုံနိုင်ဘဲ ၎င်းတိရစ္ဆာန်အစာများမှ မည်မျှအသုံးချနိုင်မှုရှိသည် (Digestibility) သို့မဟုတ် မည်မျှ အကျိုးသက်ရောက်မှုရှိသည် (Net Energy)တို့ကို သိရှိရန်လိုအပ်ပေသည်။
ငါးမွေးမြူရေးအခန်းကဏ္ဍအတွက် အသုံးများသော အပင်မျှောလှေးများနှင့် သတ္တမျှောလှေးများတွင် ပရိုတိန်း(Protein)၊ အဆီဓာတ်များ(Fats)၊ ကစီဓာတ်များ (Carbohydrates)၊ အမိုင်နိုအက်စစ်ဓာတ်များ (Amino acids)၊ အင်ဇိုင်းဓာတ်များ(Enzymes) နှင့် ပြည့်ဝအဆီ(polyunsaturated fatty acids) ပါဝင်ပြီး အာဟာရပြည့်စုံစွာပါဝင်ရုံမျှမက အစာချေဖျက်နှုန်းကောင်းမွန်သော သက်ရှိအရာ(အစာ)များလည်း ဖြစ်ပါသည်။
သဘာဝရေထုများနှင့်ငါးမွေးမြူသောကန်များအတွင်းရှိ ရေထုများတွင် အပင်မျှောလှေးများ (Phytoplankton) နှင့် သတ္တမျှောလှေးများ (Zooplankton)ဟူ၍ အုပ်စုနှစ်မျိုးရှိကာ အပြန်အလှန် သဟဇာတညီမျှစွာ ပါဝင်နေရန်လည်း အထူးလိုအပ်ပါသည်။ အပင်မျှောလှေးဆိုသည်မှာ အရွယ်အစားသေးငယ်ပြီး ဆဲလ်တစ်ခုတည်းဖြင့်ဖွဲ့စည်းထားကာ အဏုကြည့်မှန်ပြောင်းဖြင့်သာ မြင်နိုင်သော အလင်းမှီစု အစာအာဟာရဖွဲ့စည်းခြင်း (Photosynthesis)နည်းဖြင့် ရှင်သန်ကြီးထွားပွားများသည့် ရေညှိရေမှော်လေးများကို ဆိုလိုပါသည်။ သတ္တမျှောလှေးဆိုသည်မှာ သက်ရှိအကောင်ငယ်လေးများဖြစ်ပြီး တစ်နည်းအားဖြင့် သက်ရှိအစာ(ရိုတီဖာ-Rotifer)ဟုခေါ်ဆိုကာ အဏုကြည့်မှန်ပြောင်းဖြင့်သာမြင်နိုင်သော သေးငယ်သည့် ရေနေသတ္တဝါငယ်လေးများဖြစ်ပါသည်။ သတ္တမျှောလှေးတို့သည် အပင်မျှောလှေးများကို စားသုံးကာ ရှင်သန်ကြီးထွားကြပေသည်။
ငါးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ငါးများ၏ ပထမအဆင့်ငါးငယ်(ခေါ်)ငါးမှုန်အဆင့်ဘဝတွင် ကြီးထွားရှင်သန်နှုန်းကောင်းမွန်စေရန်နှင့် အာဟာရပြည့်ဝစွာစားသုံးနိုင်ရန်မှာ လွန်စွာအရေးကြီးလှပေသည်။ မွေးမြူရေးနည်းပညာများ ခေတ်မီတိုးတက်လာသည်နှင့်အမျှ ငါး(Fish)နှင့် အခွံမာသတ္တဝါလေးများ (Crustanceaus)၏ အစောဆုံးအရွယ်ဖြစ်သော သားပေါက်အဆင့်တွင် အလွယ်တကူစားသုံးနိုင်ရန် ဖော်စပ်စာများကို အသုံးပြုလာကြသော်လည်း စိန်ခေါ်မှုအနေဖြင့် မွေးမြူရာတွင် အသုံးပြုသောရေထုနှင့်ပတ်ဝန်းကျင်ကို ညစ်ညမ်းစေနိုင်သည့်အပြင် ငါးမှုန်အဆင့်တွင် ငါးများ၏ အစာချေစနစ်သည် ကောင်းစွာမဖွံ့ဖြိုးသေးသည့်အတွက် ၎င်းတို့၏ ပါးစပ်အရွယ်အစားနှင့်သင့်လျော်သော အစာကိုကျွေးမွေးရန်လိုအပ်ပြီး ထိုအထဲတွင် သက်ရှိအစာ(ရိုတီဖာ)သည် အသင့်လျော်ဆုံးဖြစ်ပါသည်။ နိုင်ငံတကာတွင် ငါးမှုန်ငါးသန် ထုတ်လုပ်မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လာသည်နှင့်အမျှ သက်ရှိအစာ(ရိုတီဖာ)များ နေ့စဉ် အမြောက်အမြား လိုအပ်လျက်ရှိပါသည်။
ကန်အတွင်းရှိ ရေညှိရေမှော်လေးများကို သတ္တမျှောလှေးများကလည်းကောင်း၊ သတ္တမျှောလှေးများကို ငါးငယ်များကလည်းကောင်း၊ ငါးငယ်လေးများကို ငါးကြီးများကလည်းကောင်း အဆင့်ဆင့်စားသုံးကြပြီး အစာကွင်းဆက်တစ်ခုအဖြစ် သဘာဝအတိုင်း လည်ပတ်လျက်ရှိကြပေသည်။
အပင်မျှောလှေးမွေးမြူနည်း
ရေညှိအမျိုးအစားပေါင်း ၄၃၀၀၀ ကျော်ရှိပြီး ၉၀ ရာခိုင်နှုန်းခန့်သည် ရေချိုရေပြင်များ၌သာ တွေ့ရှိရသကဲ့သို့ ရေငန်ရေပြင်များတွင် တွေ့မြင်ရသော ရေညှိမျိုးစိတ်များလည်းရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ ရေချိုရေညှိတွင် အာဟာရတန်ဖိုး(% dry weight) အားဖြင့် အသားဓာတ် ၅၅ ဒသမ ၄ ရာခိုင်နှုန်းနှင့် အဆီဓာတ် ၃ ဒသမ ၈ ရာခိုင်နှုန်းပါဝင်သည်။ ရေချိုရေညှိသည် လိင်မဲ့မျိုးပွားနည်းဖြင့်မျိုးပွားပြီး မူရင်းမိခင်ဆဲလ်တစ်ခုအတွင်းတွင် မိခင်ဆဲလ်နှင့်ပုံစံတူ ဆဲလ်လေးခုဖြစ်ပေါ်လာကာ မွေးမြူရန်အကောင်းဆုံး အပူချိန်မှာ (၂၈−၃၅°C) အတွင်းဖြစ်ပါသည်။
သတ္တမျှောလှေးမွေးမြူနည်း
ရိုတီဖာ(Rotifer)ဆိုသည်မှာ သတ္တမျှောလှေးအုပ်စုတွင်ပါဝင်သော ကျောရိုးမဲ့ရေနေသတ္တဝါငယ် မျိုးစိတ်တစ်မျိုးဖြစ်ကာ ရေချိုမျိုးစိတ်နှင့် ရေငန်မျိုးစိတ်ဟူ၍ ယေဘုယျအားဖြင့် နှစ်မျိုးခွဲခြားနိုင်ပြီး ရေချို မျိုးစိတ်တွင် မျိုးစိတ်ပေါင်း ၂၀၀၀ ခန့်နှင့် ရေငန်မျိုးစိတ်တွင် မျိုးစိတ် ပေါင်း ၅၀ ခန့် အသီးသီး ရှိကြပါသည်။ သက်ရှိအစာရေချိုရိုတီဖာတို့သည် လိင်မဲ့နည်းနှင့် လိင်ရှိနည်းတို့ဖြင့် မျိုးပွားခြင်းကိုပြုလုပ်ကြပါသည်။ ရေချိုရိုတီဖာများသည် အကောင်းဆုံးအပူချိန် (၂၅°C)တွင် (၃-၄)ရက်အထိ နေထိုင် အသက်ရှင်နိုင်ပြီး အပူချိန် (၁၅-၃၅°C)အထိ ခံနိုင်ရည်ရှိပါသည်။ ရိုတီဖာတို့ နှစ်ခြိုက်သောရေချိုရေညှိကို နေရောင်ခြည်ကောင်းစွာ ရရှိသောနေရာတွင် ပုံး၊ ကွန်ကရစ်ကန်၊ မိုးကာကန် စသည်ဖြင့် အဆင်ပြေသည့် ပစ္စည်းများကို အသုံးပြုနိုင်ပြီး အောက်ဖော်ပြပါအချိုးအစားများအတိုင်း ထည့်သွင်း၍ ပြင်ဆင်ရပါမည်။ ကနဦးမွေးမြူရာတွင် ရေချိုရေညှိနှင့်ရေစစ်ရေကို (၁:၃) ပမာဏအတိုင်း အသုံးပြုရမည်ဖြစ်ပြီး မွေးမြူမည့် ပမာဏကို အခြေခံတွက်ချက်ကာ သမအောင်မွှေရပါမည်။ ရေချိုရေညှိများ အလင်းမှီစုအစာဖွဲ့စည်းခြင်း ကောင်းစွာပြုလုပ်နိုင်ရန်နှင့် အထက်နှင့်အောက်ခြေသမအောင် ကန်အတွင်းသို့ ပျော်ဝင်အောက်ဆီဂျင် (၆−၈မီလီဂရမ်/လီတာ) ပမာဏကို လေပေးစက်ဖြင့်ပေးထားရန် လိုအပ်ပါသည်။
စတင်မွေးမြူသည့်ရက်မှ (၃−၅)ရက်အကြာတွင် အစိမ်းရင့်ရောင်သို့ ပြောင်းလဲလာပါက အနည်ထိုင်ထားသော ရေအသစ်ကိုအခြားမလိုလားအပ်သော သတ္တမျှောလှေးများ မပါဝင်စေရန်အတွက် ရေစစ် ပိုက်ကွက်(69μm)ဖြင့်စစ်ကာ ထည့်သွင်းရမည်ဖြစ်ပြီး ရေထပ်မံထည့်သွင်းသည့် ပမာဏအတိုင်း တွက်ချက်ကာ ပေါက်ပွားရန်လိုအပ်သည့်ပစ္စည်းများ ထပ်မံထည့်သွင်းရမည်ဖြစ်ပါသည်။
အထက်ပါနည်းလမ်းအတိုင်း မိမိတို့လိုအပ်သည့် သတ္တမျှောလှေးပမာဏရရှိလာစေရန် ပြင်ဆင်မွေးမြူထားသော ရေချိုရေညှိကန်အတွင်းသို့ သက်ရှိရိုတီဖာ မျိုးစိတ်သီးသန့်အား 12 pcs/ml နှုန်းဖြင့် ထည့်သွင်းမွေးမြူပြီး (၄−၅)ရက်အကြာတွင် ပမာဏအမြောက်အမြားပွားများလာသည်ကို တွေ့မြင်နိုင်မည်ဖြစ်ပါသည်။
ရေချိုရေညှိနှင့် သက်ရှိအစာ(ရိုတီဖာ)ကို မွေးမြူရာတွင် ဓာတ်ခွဲစမ်းသပ်ခန်းအတွင်း ပမာဏအနည်းငယ်မွေးမြူခြင်း (laboratory scale culture)၊ အလတ်စားပမာဏမွေးမြူခြင်း (Medium scale culture)၊ အမြောက်အမြားမွေးမြူခြင်း (Mass culture) စနစ်တို့ကို အသုံးပြုနိုင်ပြီး တစ်သုတ်ခြင်း မွေးမြူခြင်း (Batch culture) နှင့် စဉ်ဆက်မပြတ်မွေးမြူခြင်း (Continuous culture)တို့ဖြင့် ဆောင်ရွက်နိုင်ပါသည်။
သက်ရှိအစာ(ရိုတီဖာ)တွင် ပရိုတိန်းဓာတ် ၆၅ ဒသမ ၆ ရာခိုင်နှုန်းနှင့် အဆီဓာတ် ၁၁ ဒသမ ၇ ရာခိုင်နှုန်း ပါဝင်ခြင်းကြောင့် ငါးမှုန် အဆင့်တွင်လိုအပ်သော အာဟာရဓာတ်များကို ဖြည့်တင်းပေးနိုင်မည်ဖြစ်ပြီး ရေညစ်ညမ်းမှုကိုလည်း ကာကွယ်နိုင်ပါသည်။ ထို့အတူ သက်ရှိအစာ(ရိုတီဖာ)ကို မွေးမြူထားသော ကန်အတွင်းမှခပ်ယူ၍ ငါးသားပေါက်ကန်များအတွင်းသို့ ပက်ဖျန်းကျွေးမွေးခြင်း(သို့မဟုတ်) သက်ရှိအစာ(ရိုတီဖာ) မွေးမြူထားသောကန်အတွင်းသို့ ငါးမှုန်များအား ပြောင်းရွှေ့ထည့်သွင်းမွေးမြူခြင်းတို့ဖြင့် နှစ်သက်ရာပုံစံဖြင့် မွေးမြူနိုင်ပါသည်။ မွေးမြူထားသောကန်များအတွင်းမှ ရိုတီဖာများ အမြောက်အမြားစုဆောင်းရရှိပါက လေလုံအိတ်ငယ်များအတွင်းသို့ ထည့်သွင်းကာ ရေခဲသေတ္တာ (၄°C)အတွင်း အေးခဲထားရှိပြီး (၂−၃)လအတွင်း ပြန်လည်အသုံးပြုနိုင်ပါသည်။ မွေးမြူသားဖောက်ထားသော ငါးမှုန်များ ဥမှအကောင်ပေါက်ပြီး သုံးရက်သားခန့်တွင် ရိုတီဖာကို စတင်ကျွေးမွေးနိုင်ပြီး အနည်းဆုံးတစ်ပတ်သားမှ အများဆုံးနှစ်ပတ်သားအထိ သက်ရှိအစာကျွေးမွေးနိုင်မည်ဆိုပါက ငါးများရှင်သန်နှုန်းကို သိသာစွာမြှင့်တင်ပေးနိုင်မည်ဖြစ်ကာ သုတေသနပြုစမ်းသပ်မှုများအရ ရှင်သန်နှုန်း ၇၀ ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်ပါသည်။
လူကျန်းမာရေးနှင့် အပင်မျှောလှေး၊ သတ္တမျှောလှေးစျေးကွက်
နိုင်ငံတကာတွင် ရေချိုရေညှိ Chlorella မျိုးစိတ်ကို လူတို့အသုံးပြုရန် ကျန်းမာရေးဆေးဝါးများအဖြစ် အမှုန့်ပုံစံ၊ ဆေးပြားနှင့် ဆေးတောင့်ပုံစံများဖြင့် အသုံးပြုလျက်ရှိကြပါသည်။ ထို့အပြင် ငါးများနှင့် အခွံပါသတ္တဝါများကို ကျွေးမွေးရန် အမှုန့်ပုံစံဖြင့်လည်းကောင်း၊ သက်ရှိအစာမွေးမြူရေးလုပ်ငန်းများ အတွက် အရည်ပုံစံအဖြစ်လည်းကောင်း၊ အသင့်မွေးမြူရန်အတွက် သက်ရှိအစာရေချိုရိုတီဖာ မွေးမြူရန် ဥ(cysts)များကို စနစ်တကျထုပ်ပိုးထားသော အိတ်ပုံစံဖြင့်လည်းကောင်း၊ ရေချိုရိုတီဖာ(အရှင်)ကို ထုပ်ပိုးအိတ်များဖြင့်လည်းကောင်း ပုံစံအမျိုးမျိုးဖြင့် ရောင်းဝယ်အသုံးပြုလျက်ရှိပါသည်။
ငါးမွေးမြူရေးလုပ်ငန်းရေရှည်တည်တံ့ဖွံ့ဖြိုးရေး
ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ငါးမှုန်အရွယ်ငါးငယ်များအတွက် လိုအပ်သော အာဟာရတန်ဖိုးများပါဝင်အောင် ဖော်စပ်စာများ ထုတ်လုပ်ဖြန့်ဖြူး အသုံးပြုကျွေးမွေးလျက်ရှိသော်လည်း အဆိုပါ ကျွေးမွေးလိုက်သည့် ဖော်စပ်စာများကို ငါးငယ်များမှ ကုန်စင်အောင်မစားသုံးနိုင်ပါက ကန်အောက်ခြေသို့ လျင်မြန်စွာ နစ်မြုပ်သွားခြင်းကြောင့် ရေအရည်အသွေး ကျဆင်းစေနိုင်ခြင်း၊ အစာသည် အနည်းငယ်ခြောက်သွေ့မာကြောသဖြင့် အစာချေစနစ်ကောင်းစွာ မဖွံ့ဖြိုးသေးသည့် ငါးငယ်များအတွက် ဆိုးကျိုးသက်ရောက်မှုရှိစေနိုင်ခြင်း၊ ထိုမှတစ်ဖန် ရှင်သန်နှုန်းကျဆင်းသဖြင့် တစ်ဖက်တစ်လမ်းမှလည်း စီးပွားရေးဆုံးရှုံးစေခြင်း စသောအချက်များကို ရင်ဆိုင်ကြုံတွေ့နိုင်ပါသည်။ ထို့ကြောင့် ရေရှည်တည်တံ့ အောင်မြင်သော ငါးမှုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် အထောက်အကူပြုပံ့ပိုးပေးနိုင်ရန်နှင့် ငါးမျိုးစိတ်အားလုံး၏ ငါးမှုန်အဆင့်တွင် ရှင်သန်ကြီးထွားနှုန်းကို ကောင်းမွန်စေရုံသာမက အာဟာရဓာတ်များ ပြည့်စုံစွာပါဝင်သော သက်ရှိအစာရိုတီဖာ၏ အရေးပါပုံနှင့် မွေးမြူပုံနည်းစနစ်တို့ကို သိရှိအသုံးပြုနိုင်ရန် မျှဝေဖော်ပြရေးသားလိုက်ရပါသည်။ ။