Skip to main content

လူငယ်များ ဗလငါးတန်ပြည့်ဝဖို့ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်စို့

သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)

လူငယ်ဆိုတာအပြစ်ကင်းစင်ပြီး တက်ကြွတဲ့သူတွေဖြစ်ပါတယ်။ အရောင်နဲ့တင်စားရရင်တော့ အဖြူရောင်သက်သက်ပါပဲ။ အဖြူရောင်ရဲ့သဘာဝက အစွန်းအထင်းမခံပါဘူး။ အကိုင်အတွယ်မတတ်ရင် ညစ်ပေလွယ်ပါတယ်။ လူငယ်ဆိုတာလည်းဒီလိုပါပဲ။ ကိုင်တွယ်ထိန်းသိမ်းမှုကောင်းရင်ကောင်းသလို အင်အားတွေဖြစ်လာပြီး ထိန်းသိမ်းမှုမကောင်းရင် အင်အားတွေဆုံးရှုံးရမှာဖြစ်ပါတယ်။ လူငယ်ဆိုတာ နိုင်ငံ့အင်အားဖြစ်တဲ့အတွက် လူငယ်တွေကို ပြုစုပျိုးထောင် အရောင်တင်ခြင်းဟာနိုင်ငံတော်တိုးတက်ဖို့ အရေးပါတဲ့ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ဦးတည်ချက်(၉)ရပ်ထဲက လူမှုရေးဦးတည်ချက်မှာ “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး”လို့ ပါဝင်ပါတယ်။ ဒီဦးတည်ချက်ကိုကြည့်ရင် လူငယ်မျိုးဆက်သစ်တွေကို ပြုစုပျိုးထောင်ပြီး နိုင်ငံရေရှည် ဖွံ့ဖြိုးတိုးတက်လာဖို့ ရည်ရွယ်တယ်လို့ ယူဆမိပါတယ်။ နိုင်ငံမှာရှိတဲ့ သဘာဝသယံဇာတအရင်းအမြစ်တွေဆိုတာ ကုန်ဆုံးသွားနိုင်ပေမယ့် လူသားစွမ်းအားအရင်းအမြစ်ဆိုတာ ဘယ်တော့မှကုန်ဆုံးသွားမှာ မဟုတ်ပါဘူး။ မကုန်ဆုံးနိုင်တဲ့အရင်းအမြစ်တွေကို ပြုစုပျိုးထောင်ပေးခြင်းဟာ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အလွန်သင့်တော်မှန်ကန်တဲ့ လုပ်ဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။

လူသားတွေရဲ့ ဘဝတစ်ခုလုံးအတွက် မရှိမဖြစ်အလင်းရောင်

လူတိုင်းငယ်ရွယ်စဉ်ကာလမှာမဖြစ်မနေ လုပ်ဆောင်ရမယ့်အရာက ပညာသင်ကြားခြင်းဖြစ်ပါတယ်။ ပညာရေးဆိုတာလူတွေအတွက် အလွန်အရေးကြီးပါတယ်။ ပညာတတ်မှ အမှားအမှန်ချင့်ချိန်နိုင်မယ်။ အမှားအမှန်သိမှ မှန်တဲ့လမ်းကြောင်းကို ရွေးချယ်နိုင်မှာပါ။ “ပညာသမာအာဘာနတ္ထိ” လောက၌ ပညာနဲ့တူတဲ့အရာသည် မရှိလို့ပြောကြပါတယ်။ တကယ်လည်း ပညာနဲ့တူတဲ့အရာဆိုတာမရှိပါဘူး။ ပညာဆိုတာ လူသားတွေရဲ့ ဘဝတစ်ခုလုံးအတွက် မရှိမဖြစ်အလင်းရောင်ပါပဲ။

ပုဂံခေတ် သိင်္ဃသူ့သမီးကျောက်စာမှာ “ပညာမရှိသော၊ မိုက်သော၊ ဝန်တိုသော၊ အပေးအကမ်းမရှိသော၊ သစ္စာမရှိသော၊ ပျက်တတ်သော၊ မေ့လျော့သော၊ အောက်မေ့တသကင်းသော၊ မဖြစ်မူ၍။ ရမ္မက်နည်းသော၊ ရောင့်ရဲလွယ်သော၊ အမျက်နည်းသော၊ သနားတတ်သော၊ ပညာရှိသော၊ အကြောင်းကိုသိတတ်သော၊ ဝန်မတိုသော၊ အပေးအကမ်းရှိသော၊ သစ္စာရှိသော၊ မပျက်တတ်သော၊ မမေ့လျော့သော၊ အောက်မေ့တသရှိသော ဤသို့သော ကျေးဇူးတို့နှင့် ပြည့်စုံလျက် သံသရာ၌ကျင်လည်၍ မေတ္တယျဘုရား မျက်မှောက်ကင်္ကာလျှင် မြတ်သောအကျွတ်တရားရလိုသတည်း”လို့ ရေးထိုးထားတာတွေ့ရပါတယ်။

အတိုချုပ်ပြောရရင်တော့ သိင်္ဃသူ့သမီး ကျောက်စာမှာ ပညာနဲ့ပတ်သက်ပြီး “ပညာမရှိသော၊ မိုက်သော၊ ဝန်တိုသော” “ပညာရှိသော၊ အကြောင်းကို သိတတ်သော၊ ဝန်မတိုသော”ဆိုတဲ့ စကားနှစ်ရပ်ပါဝင်ပါတယ်။ “ပညာမရှိရင်မိုက်မယ်။ ပညာရှိရင်အကြောင်းကို သိတတ်မယ်”အကြောင်းကို သိတတ်တယ်ဆိုတာက အကြောင်းအကျိုးအကောင်းအဆိုးတွေကိုသိပြီး ဘဝအောင်မြင်မှုတွေရမယ်။ ဘယ်ထိအောင်မြင်မလဲဆိုရင်တော့ အကျွတ်တရားရပြီး နိဗ္ဗာန်အထိတိုင် ရောက်နိုင်တယ်လို့ နားလည်မိပါတယ်။ ပညာရဲ့တန်ခိုးက ကြီးမားလှပါတယ်။

ပညာသင်ကြားရေးနဲ့ပတ်သက်ပြီး အလေးအနက်ဆုံးမခဲ့

စာဆိုတော်ကြီး ရှင်မဟာရဋ္ဌသာရက စာသင် သားတွေကို “သုစိပုဘာ ဝိလိသိဓာအက္ခရာစွဲသုံး ဤရှစ်လုံးကို သီကုံးပန်သွင် နေ့တိုင်းဆင်လော့”လို့ဆုံးမခဲ့ပါတယ်။ “သု = သုဏေယျ ကြားနာရာ၏။ စိ = စိန္တေယျ ကြံစည်ရာ၏။ ပု = ပုစ္ဆေယျ မေးမြန်းရာ၏။ ဘာ = ဘာသေယျ ပြောဆိုဆွေးနွေးရာ၏။ ဝိ = ဝိစာရေယျ စူးစမ်းဆင်ခြင်ရာ၏။ လိ=လိခေယျ ရေးမှတ်ရာ၏။ သိ = သိက္ခေယျ လေ့ကျင့်ရာ၏။ ဓာ = ဓာရေယျ နှုတ်တက်ဆောင်ရာ၏” ဆိုတာကို ကြည့်ရင်ပညာသင်ကြားရေးနဲ့ပတ်သက်ပြီး အလေးအနက်ဆုံးမခဲ့တာကို တွေ့ရပါတယ်။ ခေတ်မီနေဆဲ အဆုံးအမတွေဖြစ်ပါတယ်။

မဃဒေဝလင်္ကာသစ်မှာ မန်လည်ဆရာတော်ကြီးက “ပညာပြည့်ဝနှလုံးလှသော်၊ ကိစ္စကြီးငယ်ဆောက်သဖွယ်လျှင်၊ ကျဉ်းကျယ်ထွင်းဖောက်၊ ဖြတ်တောက်လိုရာ ပြီးနိုင်စွာ၏”လို့ဖွဲ့ဆိုခဲ့ပါတယ်။ ဆောက်သွားကို အကျဉ်းအကျယ်လိုအပ်သလို ထွင်းဖောက်ဖို့အသုံးချနိုင်သလို ပညာဆိုတာလည်း လိုသလိုအသုံးချနိုင်တဲ့အရာဖြစ်တယ်လို့ ဆိုလိုပါတယ်။ ပညာရှိရင် ကိစ္စများစွာ ပြီးမြောက်နိုင်ပါတယ်။

လူမည်းခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလားကတော့ “လောကကြီးကို ပြောင်းလဲနိုင်တဲ့ တစ်ခုတည်းသောအရာက ပညာပဲဖြစ်တယ်”လို့ ပြောခဲ့ပါတယ်။ လူငယ်တွေဆိုတာ ကိုယ့်အင်အားနဲ့ လောကကြီးကို ပြောင်းလဲမယ်လို့ အိပ်မက်မက်ကြ တဲ့သူတွေပါ။ ပြောင်းလဲချင်တဲ့အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့ ပညာတွေတတ်မြောက်အောင် သင်ယူကြပါလို့ လူငယ်တွေကို တိုက်တွန်းချင်ပါတယ်။

ပညာအရည်အချင်းရှိလာအောင် ပြုစုပျိုးထောင်

“ပညာရွှေအိုးလူမခိုး၊ ပညာရဲရင့် ပွဲလယ်တင့်၊ ပညာရှာ ပမာသူဖုန်းစား၊ ပညာဆည်းပူး ပန်းသို့ခူး၊ ပညာမရှိ သူ၏ဝန်ထမ်း”စတဲ့ ဆိုရိုးစကားတွေ လည်းရှိပါတယ်။ ပညာဆိုတာ နိုင်ငံတိုင်း လူမျိုးတိုင်းအတွက် ရတနာတစ်ပါးဖြစ်ပါတယ်။ နိုင်ငံတိုးတက်ဖို့ လူသားစွမ်းအားအရင်းအမြစ်တွေကို ပညာအရည်အချင်းရှိလာအောင် ပြုစုပျိုးထောင်ခြင်းဟာ အထိရောက်ဆုံးလုပ်ငန်းပဲဖြစ်ပါတယ်။

လူငယ်တွေ ပညာသင်ကြားခွင့်ရဖို့ လူကြီးတွေက စီစဉ်ပေးကြရပါတယ်။ လူငယ်တွေကလည်း ဘယ်လိုအခက်အခဲပဲရှိရှိ ပညာကိုကြိုးစားသင်ယူရပါမယ်။ ပညာတွေကြိုးစားသင်ယူရင်းကပဲ လူငယ်တွေမှာ မဖြစ်မနေရှိရမယ့် ဗလငါးတန်ပြည့်ဝဖို့ကိုလည်း ဖြည့်ဆည်းနေရမှာဖြစ်ပါတယ်။ ဗလငါးတန်ဆိုတာ ကာယဗလ-ကိုယ်ကာယ ကြံ့ခိုင်သန်စွမ်းခြင်း၊ ဉာဏဗလ-အသိဉာဏ်ပညာဖြင့်ပြည့်စုံခြင်း၊ စာရိတ္တဗလ-ကိုယ်ကျင့်တရားဖြင့် ပြည့်စုံကောင်းမွန်ခြင်း၊ မိတ္တဗလ-ကောင်းသောမိတ်ဆွေခင်ပွန်းများဖြင့် ပြည့်စုံခြင်း၊ ဘောဂဗလ- ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာမှုနဲ့ ပြည့်စုံခြင်းတို့ဖြစ်ပါတယ်။

လူငယ်တွေဟာ ပင်ကိုအားဖြင့် အရည်အချင်းအစွမ်းအစရှိကြသူတွေဖြစ်ပါတယ်။ တစ်ဦးချင်း ကောင်းမွန်တတ်ကျွမ်းတဲ့အရာတွေလည်း ရှိကြပါတယ်။ တစ်ဦးချင်းစီက တစ်ခုကောင်းတတ်ကျွမ်းနေရုံနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာရေးမှာ ထိရောက်တဲ့ စွမ်းဆောင်မှုဖြစ်လာမှာမဟုတ်ပါဘူး။ လူငယ်တွေအားလုံးသာ ဗလငါးတန်နဲ့ ပြည့်ဝကြမယ်ဆိုရင် နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုလာမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော်အစိုးရက ဦးဆောင်ပြီး ဗလငါးတန်ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတာကို တွေ့မြင်ရပါတယ်။

မြင်တွေ့ရသူကို ပီတိဖြစ်

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းမှာလည်း လူငယ်တွေဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ နိုင်ငံတစ်ဝန်းက အထင်ကရနေရာတွေကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို “လှပသာယာပြည်မြန်မာ” ခေါင်းစဉ် ဓာတ်ပုံပြပွဲတွေပြသပေးပါတယ်။၊ စာအုပ်စာစောင်ပြပွဲတွေ၊ စကားပုံဆက်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ မြားပစ်ပြိုင်ပွဲနဲ့ ခွက်နင်းလမ်းလျှောက်ပြိုင်ပွဲတွေကို အခြေခံပညာကျောင်းမှ ကလေးငယ်တွေအတွက် လုပ်ဆောင်ပေးနေကြပါတယ်။ ဌာနရဲ့ပံ့ပိုးမှုနဲ့ ဂီတဖျော်ဖြေပွဲတွေကိုလည်း ထည့်သွင်းပြီး လုပ်ဆောင်ပေးနေကြပါတယ်။ ကလေးတွေ စိတ်လွတ်လပ်ပေါ့ပါးစွာ ပါဝင်လှုပ်ရှားနေကြတာ တွေ့ရပါတယ်။ အဲဒီပွဲမှာစာအုပ်တစ်အုပ်စီကိုင်ပြီး စိတ်ဝင်စားစွာစာဖတ်နေကြတဲ့ ကျောင်းသား ကျောင်းသူတွေကိုလည်း တွေ့ရပါတယ်။ တစ်ကျောင်းလုံး အုန်းအုန်းကျွက်ကျွက်ဖြစ်အောင် ပါဝင်နေကြတာ မြင်တွေ့ရသူကို ပီတိဖြစ်စေပါတယ်။

ကျွန်မအနေနဲ့ ဒီပွဲတွေမှာ လူငယ်အသိပညာပေး ဟောပြောသူအဖြစ် တာဝန်ယူပါဝင်ဆောင်ရွက်ခွင့်ရခဲ့ပါတယ်။ လူငယ်တွေစိတ်ဝင်စားအောင် ကြိုးစားဟောပြောခဲ့ပါတယ်။ “လူငယ်နဲ့ယဉ်ကျေးမှု၊ လူငယ်နဲ့ပညာရေး၊ လူငယ်နဲ့မျိုးချစ်စိတ်ဓာတ်” ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ အသိပညာပေးဟောပြောခဲ့ပါတယ်။ စိတ်ဝင်စားအောင် စီကာစဉ်ကာပြောပြတဲ့အခါ တောက်ပတဲ့ မျက်ဝန်းလေးတွေနဲ့ နားထောင်နေကြတဲ့ သိချင်တတ်ချင်စိတ် အပြည့်အဝရှိတဲ့ ကလေးတွေကို တွေ့မြင်ခဲ့ရပါတယ်။

ဒီလိုပွဲတွေကင်းကွာပြီး လူငယ်တွေရဲ့နှလုံးသားထဲကို အဆိပ်ခတ်ခံခဲ့ရတဲ့အတွက် ဒီနှစ်တွေအတွင်း ဆုံးရှုံးခဲ့ရတဲ့လူငယ်တွေ ဘယ်လောက်များပြီလဲလို့ တွေးမိတဲ့အခါတိုင်း ရင်နာခဲ့ရပါတယ်။ ဆုံးရှုံးမှုတွေကို အဖတ်ဆယ်လုပ်ဆောင်ဖို့ ခက်ခဲပါတယ်။ ကျွန်မတို့လုပ်နိုင်တာကဘာလဲ။ နောက်ထပ် လူငယ်တွေမဆုံးရှုံးရဖို့ ကျွန်မတို့ ကြိုတင်လုပ်ဆောင်သင့်တာဟာ အသိပညာပေးခြင်းပဲဖြစ်တယ်လို့ စဉ်းစားမိပါတယ်။ ဒါကြောင့် အတွေးမှန်၊ အမြင်မှန်၊ အသိတွေမှန်နေအောင် ပညာပေးလုပ်ငန်းတွေ အမြောက်အမြားဆောင်ရွက်ကြပါမယ်။ မရပ်မနားဆောင်ရွက်ကြပါမယ်။ ဒီအတွေးကြောင့် ပင်ပန်းပေမယ့် တက်ကြွနေခဲ့ပါတယ်။

စေတနာစကားတွေဖြစ်တဲ့အတွက် အင်အားသစ်တွေဖြစ်

ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေး ဟောပြောပွဲမှာ ကျောင်းသားကျောင်းသူလေးတွေက “မင်္ဂလာကဗျာ၊ ဇာတိမာန်သီချင်း၊ လူချွန်လူကောင်းသီချင်း”တွေနဲ့ ဖျော်ဖြေပေးကြပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့ရဲ့ အမှာစကားကိုလည်း နာကြားရပါတယ်။ လူငယ်တွေကို အောင်မြင်တိုးတက်စေချင်တဲ့ စေတနာစကားတွေဖြစ်တဲ့အတွက် အင်အားသစ်တွေဖြစ်စေပါတယ်။ လူကြီးတွေရဲ့ လှိုက်လှဲနွေးထွေးတဲ့ဆက်ဆံရေးကြောင့် ကျောင်းသား ကျောင်းသူလေးတွေ မြူးပျော်ရွှင်ပျနေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ မြင်တွေ့ကြားနာရတာ စိတ်ကြည်နူးချမ်းမြေ့ခဲ့ရပါတယ်။

နုနယ်တဲ့ မျိုးဆက်သစ်ကျောင်းသားလူငယ်တွေရဲ့ နှလုံးသားထဲကို နိုင်ငံချစ်တဲ့စိတ်၊ လူမျိုးကိုချစ်စိတ်၊ သမိုင်းအမွေအနှစ်တွေနဲ့ ထုံမွမ်းနေတဲ့ အမိမြေကိုချစ်တဲ့စိတ်၊ ပညာကိုလိုလားနှစ်သက်တဲ့ စိတ်တွေကြိုးစားပြီး ထည့်သွင်းပေးခဲ့ပါတယ်။ ဒီပွဲတွေမှာ ကိုယ်တတ်နိုင်တဲ့ဘက်က အသိပညာတွေမျှဝေပြီး နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့တယ်ဆိုတဲ့အသိနဲ့ ဝမ်းမြောက်ဂုဏ်ယူနေခဲ့ပါတယ်။

ဗလငါးတန်ပြည့်ဝအောင် ဆောင်ရွက်ပေးရေးကို ဒီလိုပွဲလေးတစ်ပွဲစီ လုပ်ဆောင်ပေးရုံနဲ့ တာဝန်ကျေတာတော့မဟုတ်ပါဘူး။ ဒီပွဲလေးကနေတို့တွေကို နိုင်ငံတော်အကြီးအကဲတွေက တန်ဖိုးထားတယ်ဆိုပြီး အားတက်မယ်။ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ရတဲ့ အစီအစဉ်တွေကြောင့်ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာမယ်။ ပျော်ရွှင်ဖွယ်အစီအစဉ် ကစားနည်းတွေကြောင့် စိတ်ပျော်ရွှင်လန်းဆန်းမယ်။ မြန်မာနိုင်ငံအနှံ့က ရောင်စုံခြယ်လှပတဲ့ ရှုခင်းတွေနဲ့ ဓာတ်ပုံပြပွဲတွေကိုလည်း တိုးမပေါက်အောင် စိတ်ဝင်တစားကြည့်ရှုကြပြီး နိုင်ငံနဲ့လူမျိုးကို ချစ်ခင်တဲ့စိတ်တွေ မွေးဖွားလာကြပါမယ်။ စိတ်ဓာတ် ခွန်အားတွေ ထည့်ပေးလိုက်နိုင်တဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။ အားသွန်ခွန်စိုက် ကြိုးစားလုပ်ဆောင်နေကြတဲ့ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့်က ဝန်ထမ်းတွေကို မြင်ရတာလည်း ဝမ်းသာအားရရှိလှပါတယ်။ မပြည့်စုံမှုတွေကြားကနေ တာဝန်တွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်ကြတဲ့အတွက် နိုင်ငံအတွက်အားတက်မိပါတယ်။

နိုင်ငံတော်တည်ငြိမ်ဖွံ့ဖြိုးရေးကို အထောက်အကူပြုမှာဖြစ်

ဒီနေ့အချိန်မှာ လူငယ်တွေစိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးသွားကြတာကို တွေ့မြင်နေရပါတယ်။ ပျက်စီးမှုတွေပြန်လည်ပြုပြင်ဖို့ တစ်ဦးတစ်ယောက်တည်းဆောင်ရွက်လို့မရဘဲ တတ်သိနားလည်လုပ်ဆောင်နိုင်တဲ့လူတွေ အားလုံးပါဝင်ဆောင်ရွက်ကြမှ ဆုံးရှုံးမှုတွေကို အဖတ်ဆယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါမှသာ နိုင်ငံတော်တည်ငြိမ်ဖွံ့ဖြိုးရေးကို အထောက်အကူပြုမှာဖြစ်ပါတယ်။

အသိပညာခိုင်မာတဲ့ နိုင်ငံနဲ့လူမျိုးကိုချစ်တဲ့ မျိုးဆက်သစ်လူငယ်တွေကို ပြုစုပျိုးထောင်ပေးလိုက်ခြင်းဟာ အမိနိုင်ငံတော်ကြီး ကမ္ဘာ့အလယ်မှာဂုဏ်သိက္ခာရှိရှိ အဓွန့်ရှည်တည်တံ့အောင် ဆောင်ရွက်နေခြင်းပဲဖြစ်ပါတယ်။

နိုင်ငံတော်အကြီးအကဲတွေက အမြော်အမြင်ကြီးစွာနဲ့ လူငယ်များဘဝတိုးတက်မြှင့်တင်ရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ဆရာ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေ ကိုယ်တိုင်နဲ့ မိဘတွေအပါအဝင် တတ်သိပညာရှင်တွေအားလုံးက နိုင်ငံတော်ကို တကယ်ချစ်တယ်ဆိုရင် လူငယ်တွေ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပါဝင်ဆောင်ရွက်ကြရင်း နိုင်ငံတော်ရေရှည်ဖွံ့ဖြိုးရေးကို အုတ်တစ်ချပ် သဲတစ်ပွင့်ပမာပါဝင်လုပ်ဆောင် အားဖြည့်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ပါရစေရှင်။ ။