De-dollarization နှင့်အတူ အမေရိကန်ကို ပခုံးချင်းယှဉ်လာနေသည့် BRICS
တင်ဇာ (IR)
လတ်တလောကမ္ဘာ့အရေးကို လေ့လာကြည့်ရင် BRICS အဖွဲ့အစည်းရဲ့ လှုပ်ရှားမှုတွေသာ ကြီးစိုးနေတာ တွေ့ရပါတယ်။ အကြောင်းက ဩဂုတ်လ ၂၂ ရက်ကနေ ၂၄ ရက်အထိ သုံးရက်ကြာကျင်းပခဲ့တဲ့ (၁၅) ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးမှာ ထူးခြားတဲ့တိုးတက်ပြောင်းလဲမှုတွေ တွေ့ရတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
ယခုတစ်ကြိမ် ထိပ်သီးအစည်းအဝေးမှာ BRICS ငွေကြေးအသစ်တစ်ခုကို ဖန်တီးနိုင်လိမ့်မယ်လို့ နိုင်ငံအများစုက မျှော်လင့်ထားခဲ့ကြပေမယ့် BRICS ခေါင်းဆောင်တွေအနေနဲ့ ဒီအရေးကို ယခုချိန်မှာ ရှေ့တန်းမတင်နိုင်သေးတာ တွေ့ရပါတယ်။ ဒါပေမယ့် BRICS အနေနဲ့ ငွေကြေးအသစ် တစ်ခုကို မဖန်တီးနိုင်သေးသည့်တိုင် အနာဂတ်မှာ ဒေါ်လာငွေကြေးတန်ဖိုးကို လျှော့ချဖို့၊ ဒေါ်လာကို အသုံးအများဆုံးကမ္ဘာ့အရန်ငွေကြေးဆိုတဲ့ ဂုဏ်ပုဒ်ကနေ ဖယ်ရှားပစ်ဖို့ကတော့ ခိုင်မာတဲ့ရည်မှန်းချက်အဖြစ် ရှိနေဆဲပါ။ ဒါကြောင့်လည်း ကနဦးခြေလှမ်းအနေနဲ့ အမေရိကန်ဒေါ်လာအပေါ် မှီခိုအားထားမှုကို လျှော့ချဖို့နဲ့ နိုင်ငံတကာကုန်သွယ်မှုမှာ မိမိတို့ရဲ့ကိုယ်ပိုင်ငွေကြေးသုံးစွဲမှုကိုမြှင့်တင်ဖို့ရည်ရွယ်တဲ့ ဒေါ်လာငွေသုံးစွဲမှု လျှော့ချနိုင်ရေးကိစ္စရပ်တွေကို အဓိကဆွေးနွေးဖြစ်ခဲ့ကြပါတယ်။
BRICS အပါအဝင် အခြားသောကမ္ဘာ့နိုင်ငံတွေက ဒေါ်လာအပေါ်မှီခိုမှု ဘာကြောင့်လွတ်ကင်းချင် ကြတာလဲဆိုရင် ကုန်သွယ်ရေးစစ်ပွဲတွေနဲ့ အမေရိကန်နဲ့ အပေါင်းပါတို့ရဲ့ အတောမသတ်နိုင်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရင်ဆိုင်ခံစားနေကြရလို့ပဲဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း နိုင်ငံအတော် များများက အမေရိကန်ဒေါ်လာရဲ့စည်းနှောင်မှုမှ ကင်းလွတ်သော လွတ်လပ်တဲ့ငွေကြေး လည်ပတ်မှု စနစ်တစ်ခုကို အပြင်းအထန် လိုလားလာကြတာ ဖြစ်ပါတယ်။
အမေရိကန်ဒေါ်လာ ကြီးစိုးလာခြင်းနှင့် ခြိမ်းခြောက်မှုအချို့
ဒုတိယကမ္ဘာစစ်အပြီးမှာ အမေရိကန် မဟာမိတ်တွေက Bretton Woods စနစ်ကို စတင်ခဲ့ပြီး တစ်ချိန်တည်းမှာပဲဒေါ်လာကို ကမ္ဘာ့အရန်ငွေကြေးအဖြစ် ဘိသိက်တင်မြှောက်ခဲ့ကြပါတယ်။ ရွှေကိုကျောထောက်နောက်ခံပြုထားတဲ့ ဒေါ်လာငွေတန်ဖိုးဟာ ၁၉၇၁ ခုနှစ်ရောက်တဲ့အခါမှာတော့ အမေရိကန်ရဲ့ ရွှေစုဆောင်းမှုမပြည့်ဝခြင်းကြောင့် ကမ္ဘာ့အရန်ငွေကြေးနေရာကနေ ဆင်းပေးလိုက်ရပြီး အမေရိကန်အစိုးရရဲ့ တရားဝင်သာမန်ငွေကြေး (fiat money) တစ်ခု အဖြစ်သာ သတ်မှတ်ခံလိုက်ရပါတယ်။
အဲဒီနောက် နှစ်အနည်းငယ်အကြာမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟင်နရီကစ်ဆင်ဂျာက ဆော်ဒီဘုရင်ဆီ သွားရောက်ပြီး ရေနံ-ဒေါ်လာ (Petro-Dollar) ဖလှယ်ခြင်းစနစ်ကို စတင်ဖို့ ကြိုးပမ်းခဲ့ရာကနေ OPEC နိုင်ငံတွေက ရေနံတန်ဖိုးကို ဒေါ်လာငွေကြေးဖြင့်သာ တရားဝင်သတ်မှတ်ခဲ့ကြပါတယ်။ အပြန်အလှန်အနေနဲ့ အမေရိကန်က ရေနံရောင်းတဲ့ နိုင်ငံတွေကို စစ်လက်နက်တွေ ထောက်ပံ့ပေးခဲ့ပါတယ်။ ဒါကြောင့် ရေနံဝယ်မယ့် နိုင်ငံတွေအနေနဲ့ ငွေပေးချေဖို့ ဒေါ်လာကိုသာလိုအပ်လာကြပြီး ဒီလိုနဲ့ဒေါ်လာရဲ့အရေးပါမှုဟာ စတင်ခဲ့ခြင်းဖြစ်ပါတယ်။
ဒေါ်လာတစ်ခုတည်း ကြီးစိုးလာခြင်းရဲ့ သက်ရောက်မှုတစ်ခုက ကမ္ဘာ့စီးပွားရေးမှာ မတည်မငြိမ်နဲ့ လှုပ်ခတ်မှုများရှိလာခဲ့ခြင်းပါပဲ။ ကိုဗစ် - ၁၉ ကပ်ရောဂါ ကာလအတွင်းမှာဆိုရင် ကမ္ဘာ့ဈေးကွက် မှာ ဒေါ်လာငွေစက္ကူတွေ ထရီလီယံနှင့်ချီပြီး ရိုက်နှိပ်ဖြန့်ဝေခဲ့တာကြောင့် ဖွံ့ဖြိုးဆဲစီးပွားရေး လုပ်ငန်းတွေအပေါ် သက်ရောက်မှုများစွာ ရှိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာဆိုရင် အမေရိကန် ဗဟိုဘဏ်က ငွေကြေးမူဝါဒတွေကို ပြင်ဆင်ပြီး အတိုးနှုန်းတွေ တိုးမြှင့်ခဲ့တာကြောင့် ကမ္ဘာ့ဈေးကွက် တစ်ခုလုံး ခါယမ်းသွားခဲ့ပြီး အခြားသောငွေကြေးတန်ဖိုးတွေလည်း လွန်ခဲ့တဲ့ နှစ် ၂၀ လောက်အထိကို သိသိသာသာ ကျဆင်းသွားတာ တွေ့နေရပါတယ်။ အမေရိကန်ရဲ့ ဒီလိုမျိုးကမ္ဘာ့ငွေကြေးဈေးကွက်နဲ့ ငွေကြေးမူဝါဒတွေအပေါ် ထင်သလိုခြယ်လှယ်နေခြင်းတွေကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံအများစုမှာ ငွေကြေးဖောင်းပွခြင်း၊ ငွေကြေးတန်ဖိုးကျဆင်းခြင်းနဲ့ အရင်းအနှီး ပျောက်ပျက်သွားခြင်းစတဲ့ ဆိုးကျိုးတွေကို ဆက်တိုက်ခံစားလာရပါတယ်။
ဒါ့အပြင် အမေရိကန်ဟာ ကမ္ဘာ့နိုင်ငံရေး ပြဿနာများ၊ တင်းမာမှုများကို ဖြေရှင်းရာမှာ ဒေါ်လာကို လက်နက်တစ်ခုသဖွယ် ကျင့်သုံးလာတာ တွေ့ရပါတယ်။ ဥပမာအားဖြင့် ရုရှား-ယူကရိန်း ပဋိပက္ခမှာ အမေရိကန်နဲ့အပေါင်းပါတွေက ရုရှားကို ဖိအားပေးဖို့အတွက် နိုင်ငံတကာ ငွေပေးချေစနစ်ဖြစ်တဲ့ SWIFT ကနေ ရုရှားဘဏ်အများစုကို ထုတ်ပယ်ပစ်တာတွေ၊ ရုရှားအရန် ငွေကြေးတွေကို ထုတ်လို့မရအောင် ပိတ်ထားလိုက်တာမျိုးတွေ လုပ်ဆောင်ခဲ့ပါတယ်။ မေလအတွင်း ဖြစ်ပျက်သွားခဲ့တဲ့ အမေရိကန်ဘဏ်များပြိုလဲခြင်း ဂယက်က ဒေါ်လာအစားထိုး ငွေကြေးအသုံးပြုခြင်းကို တွန်းအားပေးသလို ဖြစ်စေပါတယ်။
ဒါပေမယ့် ကမ္ဘာ့ကုန်သွယ်ရေးကဏ္ဍ အများစုမှာ အမေရိကန်ဒေါ်လာနဲ့သာ ငွေပေးချေမှုများ ရှိနေဆဲဖြစ်သလို နိုင်ငံအများစုရဲ့ ကော်ပိုရိတ်များ၊ လုပ်ငန်းစုကြီးများကလည်း ဒေါ်လာအပေါ်မှာ မှီခိုမှုများရှိနေဆဲဖြစ်တာမို့ ဗဟိုဘဏ်အများစုအနေနဲ့ ဒေါ်လာကိုသာ အရန်ငွေကြေးအဖြစ် စုဆောင်းနေကြဆဲဖြစ်ပါတယ်။ ဒီလိုကမ္ဘာ့နိုင်ငံအများစုက ဒေါ်လာအပေါ် မှီခိုမှုကြီးမားနေတာကြောင့်လည်း အမေရိကန်ရဲ့ ကြိုးဆွဲခြယ်လှယ်ခြင်းခံနေရတာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ယခုလိုခြိမ်းခြောက်မှုတွေကြောင့် BRICS အနေနဲ့ကတော့ ဒေါ်လာလွှမ်းမိုးမှုတွေကို အမြန်ဆုံးတွန်းလှန်ဖို့ မနှေးအမြန် ကြိုးပမ်းကြမှာ သေချာလာပါတယ်။
စုပေါင်းအားနှင့်အတူ ဒေါ်လာကို ဖယ်ရှားခြင်း
လတ်တလောကာလမှာပဲ BRICS အဖွဲ့ဝင်တွေဟာ ဒေါ်လာအပေါ်မှီခိုမှုကို လျှော့ချဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းလာနေကြပါပြီ။ BRICS အနေနဲ့ ဒေါ်လာအပေါ် မှီခိုမှုလျှော့ချနေရခြင်း ရည်ရွယ်ချက်ငါးခုရှိပါတယ်။ (၁) အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုရန်ကနေ ကာကွယ်ဖို့ (BRICS အဖွဲ့ဝင်အားလုံးဟာ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရင်ဆိုင်ခံစားရဆဲ သို့မဟုတ် ကြုံတွေ့ခဲ့ဖူးပြီးသား နိုင်ငံတွေဖြစ်ပါတယ်။ နျူကလီးယားစမ်းသပ်မှု အကြောင်းပြချက်နဲ့ အိန္ဒိယ (၁၉၉၈)၊ တရုတ် (၂၀၁၈)၊ ရုရှား (၂၀၁၄) နဲ့ တောင်အာဖရိက (၁၉၇၇) တို့ဟာ အမေရိကန်ရဲ့ အရေးယူမှုဒဏ်ခံခဲ့ရပါတယ်)။ (၂) အမေရိကန်ဗဟိုဘဏ်ရဲ့ ဒေါ်လာငွေများ ရိုက်နှိပ်ထုတ်ဝေခြင်းမှ ဖြစ်လာနိုင်တဲ့ ငွေကြေးဖောင်းပွမှုများကို လျှော့ချဖို့၊ (၃) နိုင်ငံတကာကုန်သွယ်ရေးစနစ်မှာ ဒေါ်လာရဲ့လွှမ်းမိုးခြယ်လှယ်မှုကို တုံ့ပြန်ဖို့၊ (၄) အမေရိကန်ရဲ့ အခြားနိုင်ငံတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုက BRICS နိုင်ငံတွေအပေါ် သက်ရောက်မှုမရှိစေဖို့နဲ့ (၅) BRICS အဖွဲ့ဝင်နိုင်ငံတွေအကြား ကုန်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ပဲဖြစ်ပါတယ်။
BRICS အဖွဲ့ဝင်တွေက ကမ္ဘာ့အရေးကိစ္စတွေမှာ အမေရိကန်တစ်ဦးတည်းခြယ်လှယ်နေတဲ့ ပုံစံမျိုးကို မလိုလားကြတော့ပါဘူး။ ဒါကြောင့်လည်း အင်အားကြီးနိုင်ငံတွေက ကမ္ဘာ့အရေးကိစ္စတွေကို ဟန်ချက်ညီညီနဲ့ထိန်းသိမ်းသွားဖို့ကို အစဉ်ကြိုးပမ်းနေကြတာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ ဆော်ဒီ အာရေဗျနဲ့ ရုရှားတို့က စစ်ရေးသဘောတူစာချုပ်ကို ချုပ်ဆိုခဲ့တဲ့အတွက် အမေရိကန်က ဆော်ဒီကိုတစ်ဦးတည်းမူပိုင် ကာကွယ်စောင့်ရှောက်ခွင့် မရတော့ပါဘူး။ ဒါ့အပြင် ဒါဘို့စ်မှာကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာလည်း ဆော်ဒီဘဏ္ဍာရေးဝန်ကြီးက ဒေါ်လာအပြင် အခြားသောငွေကြေးများနဲ့လည်း ကုန်သွယ်ရေးဆောင်ရွက် သွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါတွေက ဒေါ်လာကိုဖယ်ရှားခြင်း ခြေလှမ်းအစတွေပဲဖြစ်ပါတယ်။
(၁၅) ကြိမ်မြောက် BRICS အစည်းအဝေးမှာဆိုရင်လည်း အဖွဲ့ဝင်အဖြစ် လျှောက်ထားသူတွေထဲကမှ ဆော်ဒီအာရေဗျ၊ အီရန်၊ အီသီယိုပီးယား၊ အီဂျစ်၊ အာဂျင်တီးနားနဲ့ ယူအေအီးနိုင်ငံ ခြောက် နိုင်ငံကိုအဖွဲ့ဝင်အဖြစ်လက်ခံဖို့ ခေါင်းဆောင်တွေက အတည်ပြုခဲ့ကြခြင်းဟာ အရေးပါတဲ့ ခြေလှမ်းဖြစ်လာပါတယ်။ ဒီခြောက်နိုင်ငံထဲမှာမှ သုံးနိုင်ငံက OPEC အဖွဲ့ဝင်နိုင်ငံတွေဖြစ်သလို အီဂျစ်ကလည်း ရေနံနဲ့သဘာဝဓာတ်ငွေ့ ကြွယ်ဝတဲ့နိုင်ငံဖြစ်တာကြောင့် ဒီလိုအဖွဲ့ဝင်တွေပါလာခြင်းဟာ BRICS အတွက် အားတစ်ရပ်ဖြစ်လာစေပါတယ်။ အနာဂတ်မှာ ရေနံနဲ့အဖွဲ့ဝင်နိုင်ငံတွေရဲ့ သက်ဆိုင်ရာ ငွေကြေးအတိုင်း တိုက်ရိုက်ဖလှယ်နိုင်ခြေရှိလာပါမယ်။ ဒါ့ကြောင့် BRICS အဖွဲ့ဟာ ယခုလိုပုံစံမျိုးနဲ့သာ ရှေ့ဆက်လျှောက်လှမ်းမယ်ဆိုရင် ဒါဟာ အမေရိကန်မပါဝင်တဲ့ နောင်လာမယ့် အနာဂတ် ကမ္ဘာ့စီးပွားရေးအခင်းအကျင်းရဲ့ လားရာတစ်ခု အဖြစ် ပီပီပြင်ပြင် တွေ့ရတော့မှာဖြစ်ပါတယ်။
အမေရိကန်ဒေါ်လာအပေါ် မှီခိုမှုလျော့နည်း လာတာနဲ့အမျှ ဗဟိုဘဏ်တွေက ဒေါ်လာတွေကို စွန့်ထုတ်ဖို့ ကြိုးပမ်းလာပါမယ်။ ဒါကြောင့် အကျိုးဆက်အနေနဲ့ ဒေါ်လာဝယ်လိုအား ကျဆင်းလာပြီး ဒေါ်လာရဲ့တန်ဖိုးလည်း ကျဆင်းလာမှာဖြစ်ပါတယ်။ ဒါက အမေရိကန်ကို သိသိသာသာထိုးနှက်နေတဲ့ ဖြစ်စဉ်ကြီးဖြစ်ပါတယ်။ ဒေါ်လာဖယ်ရှားခြင်းဖြစ်စဉ်ဟာ အခုမှကြုံတွေ့ရတဲ့ ထူးခြားဖြစ်စဉ်တော့မဟုတ်ပါဘူး။ သမိုင်းတစ်လျှောက်မှာ ဒတ်ချ်ငွေကြေး တန်ဖိုး ကြီးထွားလာခြင်းမှစလို့ ပေါင်စတာလင်မှသည် ဒေါ်လာကြီးထွားလာခြင်းအထိ ငွေကြေးတန်ဖိုး အပြောင်းအလဲများဖြစ်ခဲ့ဖူးပါတယ်။ ဒါကြောင့် အဖြစ်ရှိရင် အပျက်ရှိသလို ဒါတွေကိုရှောင်လွှဲနိုင်မယ့် အလားအလာမရှိပါဘူး။ ကမ္ဘာ့ပါဝါ အပြောင်းအလဲက ၎င်းတို့ရဲ့ငွေကြေးအပေါ် သက်ရောက်မှုတွေရှိလာနေတဲ့အတွက် နောင်မှာဒေါ်လာတန်ဖိုးကျဆင်းပြီး BRICS တွေရဲ့ ခေတ်ကိုရောက်လာပြီလားဆိုတာတော့ ဆက်လက်စောင့်ကြည့်နေရမှာ ဖြစ်ပါတယ်။
BRICS ငွေကြေးအသစ်ကို ဖန်တီးဖို့အားထုတ်ကြခြင်း
BRICS ကဖန်တီးမယ့် ငွေကြေးအသစ်တစ်ခု ဖြစ်လာခဲ့ရင် အမေရိကန်ဒေါ်လာကို ဖယ်ထုတ်နိုင်မလားဆိုတဲ့ မေးခွန်းအတွက်တော့ ယခုအထိအဖြေမရ သေးပါဘူး။ သို့သော် ယင်းငွေကြေးအသစ်က ဒေါ်လာရဲ့မင်းမူနေမှုကိုတော့ သေချာပေါက်လှုပ်ခါသွားစေမယ့် အလားအလာတွေ ရှိနေပါတယ်။ ၂၀၂၂ ခုနှစ် ကတည်းက ရုရှားသမ္မတ ဗလာဒီမာပူတင်က ကမ္ဘာ့အရန်ငွေကြေးအသစ်တစ်ခုကို BRICS အဖွဲ့ကြီးကတစ်ဆင့် အတူတကွဖန်တီးသွားမယ်လို့ ကြွေးကြော်ခဲ့ပြီး ဖြစ်ပါတယ်။ BRICS ငွေကြေးကို ရွှေနဲ့ကျောထောက် နောက်ခံပြုပြီး တည်ငြိမ်တဲ့ ငွေကြေးတန်ဖိုးတစ်ခုအနေနဲ့ ဖန်တီးသွားနိုင်ခြေရှိနေပါတယ်။
ဒါကြောင့် လတ်တလောမှာ ဗဟိုဘဏ်တွေက ဒေါ်လာအစား ရွှေစုဆောင်းခြင်းကို အရှိန်မြှင့်ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ IMF ကမ္ဘာ့ရွှေကောင်စီရဲ့ ဖော်ပြချက်အရ ယခုနှစ်အစောပိုင်းမှာ စင်ကာပူ၊ တူကီယဲ၊ တရုတ်၊ ရုရှားနဲ့ အိန္ဒိယနိုင်ငံတွေဟာ ရွှေစုဆောင်းမှု အများဆုံးနိုင်ငံတွေ ဖြစ်လာကြောင်း သိရှိရပါတယ်။ ဒီစာရင်းထဲမှာ BRICS အဖွဲ့ဝင် သုံးနိုင်ငံတောင်ပါဝင်နေခြင်းက BRICS အဖွဲ့ကြီးရဲ့ ငွေကြေးအသစ်အတွက်လုံးပန်းနေမှုတွေကို ထင်သာမြင်သာဖြစ်စေပါတယ်။ ဒါ့အပြင် BRICS ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (BMF) နဲ့ ဗဟိုဘဏ် (BCB)တို့ကိုလည်း တည်ထောင်ပြီးဖြစ်ပါတယ်။ ဒါတွေဟာ BRICS နိုင်ငံတွေရဲ့ ငွေကြေးအသစ်ကို ဖန်တီးဖို့ ကြိုးပမ်းခြင်း ခြေလှမ်းအစတွေပဲ ဖြစ်ပါတယ်။
ယခုအခါ BRICS နိုင်ငံတွေက ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုနေသလို စုစုပေါင်း GDP က ကမ္ဘာ့ GDP ရဲ့ ၃၁ ဒသမ ၅ ရာခိုင်နှုန်းအထိ ရောက်ရှိနေပါပြီ။ ဒါက ၃၀ ဒသမ ၇ ရာခိုင်နှုန်းပဲရှိတဲ့ G7 နိုင်ငံတွေထက် သာလွန်နေတာကို တွေ့ရတယ်။ ဒါ့အပြင် BRICS နိုင်ငံတွေ က အမေရိကန်အပေါ် မှီခိုစရာမလိုဘဲ အဖွဲ့ဝင်အချင်းချင်းကြား ကုန်သွယ်ရုံနဲ့တင် လုံးလုံးလျားလျား ဖူလုံနေတာကိုတွေ့ရပါတယ်။ ဒါက တရုတ် BRI စီမံကိန်းရဲ့ ကောင်းမွန်တဲ့ သက်ရောက်မှုတွေဖြစ်ပြီး ဒီစီမံကိန်းကြီးက အာရှ၊ အာဖရိက၊ ဥရောပနဲ့ တောင်အမေရိကတိုက်တွေကို ဆယ်သွယ်သွားဖို့ ရည်ရွယ်နေပါတယ်။ ဒါ့အပြင် အရှေ့အလယ် ပိုင်းဒေသက စီးပွားရေးအင်အားကောင်းတဲ့ အဖွဲ့ဝင်နိုင်ငံသစ်တွေလည်း ပါဝင်လာတာကြောင့် ကမ္ဘာတစ်ဝန်းမှာ BRICS ရဲ့ ခြေရာတွေ ဖြန့်ကြက်လာနိုင်တော့မှာပဲဖြစ်ပါတယ်။
အနာဂတ် Multipolar
BRICS အဖွဲ့ကြီးရဲ့ အဖွဲ့အစည်းဆိုင်ရာ လိုက်လျောညီထွေရှိမှုကြောင့် အဖွဲ့ဝင်တစ်နိုင်ငံချင်းဖြစ်စေ၊ နှစ်နိုင်ငံချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကို အတူတကွ လျှောက်လှမ်းလာနိုင်ကြပြီဖြစ်ပါတယ်။ ဒါ့အပြင် BRICS ဖွဲ့စည်းတည်ထောင်သူနိုင်ငံများရဲ့ ဓနအင်အားကြောင့် အခြားအခြားသော နိုင်ငံများကလည်း အဖွဲ့ဝင်ဖြစ်ရေး တောင်းဆိုမှုများများသည်ထက် များပြားလာနေပါတယ်။
အမှန်တကယ် ယခုလိုထွန်းသစ်စ စီးပွားရေးအင်အားစုများ ပေါ်ထွန်းလာခြင်းဟာ ကမ္ဘာ့ငွေကြေးစနစ်အပေါ် အပြုသဘောသက်ရောက်မှုတွေ ဖြစ်ထွန်းလာနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒေါ်လာကိုဖယ်ရှားခြင်းက BRICS ရဲ့ အန္တိမပန်းတိုင်တော့ မဟုတ်သေးပါဘူး။ BRICS ကိုယ်တိုင် အမေရိကန်ကြီးစိုးထားတဲ့ SWIFT နိုင်ငံတကာ ငွေပေးချေမှုစနစ်ကနေသွေဖည်ပြီး အခြားသော စနစ်တစ်ခုကို ပြောင်းလဲကျင့်သုံးသွားမယ့် အနေအထားမှာရှိနေပါတယ်။ သဘောကတော့ တစ်နိုင်ငံတည်း၊ ဒေါ်လာငွေကြေးတစ်ခုတည်း ကြီးစိုးနေတဲ့ ကမ္ဘာ့အခင်းအကျင်းကနေ နိုင်ငံပေါင်းစုံ၊ ငွေကြေးစနစ်ပေါင်းစုံပါဝင်မယ့် Multipolar ကမ္ဘာကြီးဆီကို BRICS က ဦးဆောင်ရွေ့လျားနေပြီဖြစ်ကြောင်း တွေ့မြင်ရမှာဖြစ်ပါတယ်။
အချုပ်အားဖြင့် လတ်တလောကာလဟာ အမေရိကန်နဲ့ အင်အားကြီးနိုင်ငံအများစု ပါဝင်နေတဲ့ BRICS အဖွဲ့ကြီးအကြား အကဲခတ်အား စမ်းနေတဲ့အချိန်ပဲ ဖြစ်ပါတယ်။ BRICS အဖွဲ့ကြီးဟာ တူညီတဲ့ရည်မှန်းချက်တွေ၊ နိုင်ငံရေးအမြင်တွေနဲ့ ရှေ့ဆက်နေတာဖြစ်လို့ အနာဂတ်မှာဖွံ့ဖြိုးဆဲ ကမ္ဘာကြီးကိုကိုယ်စားပြုမယ့် အလားအလာအရှိဆုံး အင်အားစုကြီး ဖြစ်လာမှာ သေချာနေပါတယ်။ BRICS အနေနဲ့ ယခုလိုအင်အားကောင်းလာခြင်းဟာ စာရေးသူတို့လို ဖွံ့ဖြိုးဆဲနိုင်ငံငယ်များအတွက်တော့ ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေရှိလာမယ်လို့ မျှော်လင့်မိပါတယ်။ တရုတ်၊ အိန္ဒိယ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ ညီရင်းအစ်ကို ဆက်ဆံရေးရှိတဲ့ ရုရှားတို့ ပါဝင်နေခြင်းကပဲ မြန်မာနိုင်ငံအတွက်လည်း BRICS အဖွဲ့ဝင်ဖြစ်နိုင်ဖို့ အခွင့်ကောင်းတွေအနာဂတ်မှာ ရှိလာနိုင်ပါတယ်။ ဒါ့အပြင် ဒီအင်အားစုကြီးကြောင့် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်ရှားနိုင်တော့မှာဖြစ်ပြီး BRICS လို စီးပွားရေးအင်အားကောင်းတဲ့အဖွဲ့ကြီးနဲ့ လက်တွဲခြင်းဟာ မြန်မာနိုင်ငံအနေနဲ့ အနောက်နိုင်ငံတွေရဲ့ ဖိအားတွေ၊ ပြည်တွင်းမှာ ကြုံတွေ့နေရတဲ့ စီးပွားရေးအကျပ်အတည်းတွေကနေ အတော်လေးလျော့ပါးသွားနိုင်မယ်လို့ ယုံကြည်မျှော်လင့်မိပါကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။ ။
ကိုးကား
- De-dollarisation: shifting power between the US and BRICS, the Interpreter
- The Coming BRICS Currency Diversification, Modern Diplomacy