အရှေ့အာရှ ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စံပြစီမံကိန်းနှင့် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေး
ညိုညိုဝင်း-ကျေးလက်
မြန်မာနိုင်ငံတွင် လူဦးရေ ၅၄ သန်းကျော်ရှိရာ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်ကြသူများဖြစ်ကြသည်။ သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှုကွာဟ ချက်ကျဉ်းမြောင်းစေရေးနှင့် ဆင်းရဲမှုလျှော့ချစေရေးအတွက် နယ်မြေဒေသအလိုက် ဖွံ့ဖြိုးရေးအစီအစဉ်များ ရေးဆွဲချမှတ်၍ ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်များကို ကဏ္ဍအလိုက် အစိုးရ-ပုဂ္ဂလိက-ပြည်သူပူးပေါင်းဆောင်ရွက်မှုဖြင့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
ယခုကဲ့သို့ ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်ရာတွင် အဓိကအခြေခံလိုအပ်ချက် ဖြစ်သည့် ကျေးလက်အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးတစ်ခုတည်း ဆောင်ရွက်ခြင်းမဟုတ်ဘဲ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အထောက်အကူပြုရေးအတွက်ပါ ယှဉ်တွဲဆောင် ရွက်နိုင်ရန် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေ နိုင်မည် ဖြစ်ပါသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ရရှိနိုင်မည့် ဘဏ္ဍာ ငွေအရင်းအမြစ်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-
(က) ပြည်သူ့ဘဏ္ဍာရန်ပုံငွေ၊
( ခ ) အကူအညီရငွေ၊
( ဂ ) ပြည်ပချေးငွေ၊
(ဃ) ပြည်သူထည့်ဝင်ငွေ၊
( င ) ပြည်တွင်း ပုဂ္ဂလိက/အဖွဲ့အစည်းများမှ ထည့်ဝင်လှူဒါန်းငွေ။
အဆိုပါ ဘဏ္ဍာရန်ပုံငွေများအနက် အကူအညီ ရငွေဟုဆိုရာတွင် နိုင်ငံခြားအစိုးရများ၊ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများ၊ ငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ အစိုးရအဖွဲ့အစည်း များ ဆောင်ရွက်နေသော လုပ်ငန်းများနှင့် စီမံကိန်း လုပ်ငန်းများအတွက် အသုံးစရိတ်များကို စေတနာအလျောက် အကူအညီပေးသည့် ပြန်လည်ပေးဆပ် ရန်မလိုသော ထောက်ပံ့ငွေ (ငွေကြေး၊ ပစ္စည်းနှင့် ဆောင်ရွက်ပေးမှု)ဖြစ်ပြီး ရေတိုရေရှည် အကျိုး ဖြစ်ထွန်းစေမည့် အထောက်အပံ့များပင် ဖြစ်ပါသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆောင်ရွက်ရန် ဘဏ္ဍာငွေအရင်းအမြစ်တစ်ခုဖြစ်သည့် အကူအညီ ရငွေကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကူညီ ထောက်ပံ့၍ ကျွန်မတို့ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက တာဝန်ယူ အကောင် အထည်ဖော်လျက်ရှိသော အရှေ့အာရှဆင်းရဲမှု လျှော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စံပြစီမံကိန်းအကြောင်းကို တင်ပြပါမည်။
နောက်ခံသမိုင်း
မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၇) ကြိမ်မြောက် အာဆီယံ+၃ (တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား) နိုင်ငံခေါင်းဆောင် များအစည်းအဝေးတွင် တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာလီခချန်က အရှေ့-အာရှဆင်းရဲမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်မှု ကနဦးဆောင်ရွက်ချက် လုပ်ငန်းများအား ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း အဆိုပြုဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးချက်အရ လာအို၊ ကမ္ဘော ဒီးယား၊ မြန်မာ သုံးနိုင်ငံရှိ ကျေးရွာ ၆ ရွာတွင် “အရှေ့အာရှဆင်းရဲမှုလျှော့ချရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုစံပြစီမံကိန်း” အမည်ဖြင့်စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။
မြန်မာနိုင်ငံတွင် “အရှေ့အာရှ ဆင်းရဲမှုလျှော့ချ ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စံပြစီမံကိန်း” ကို နေပြည်တော်ကောင်စီနယ်မြေနှင့် ၈၀ ကီလို မီတာခန့်ကွာဝေးသည့် လယ်ဝေးမြို့နယ် မင်းပြင် ကျေးရွာနှင့် ၆၁ ကီလိုမီတာခန့်ကွာဝေးသည့် တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြ ကျေးရွာတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်းကို ထောက်ပံ့ငွေကျပ် ၂၂၇၂ ဒသမ ၂၅ သန်းဖြင့် ၂၃-၁-၂၀၁၈ မှ ၂၃-၁-၂၀၂၁ အထိသုံးနှစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရပါသည်။
စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေ
အဆိုပါစီမံကိန်းအတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတွင် စီမံကိန်းပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်မှုရုံးအား ဖွဲ့စည်းခဲ့ပြီး တရုတ်နိုင်ငံဘက်မှ ဝန်ထမ်းများနှင့် ပူးပေါင်း တာဝန်ယူ၍ စီမံကိန်းတစ်ခုလုံး အကောင်အထည်ဖော်မှု၊ ညှိနှိုင်းမှုနှင့် လမ်းညွှန်မှု၊ ကြီးကြပ်ကွပ်ကဲမှု၊ စောင့်ကြည့်အကဲဖြတ်မှု၊ နည်းပညာဆိုင်ရာ အကူအညီထောက်ပံ့ပေးမှု စသည့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါသည်။
စီမံကိန်းတွင် အခြေခံအဆောက်အဦ တည်ဆောက်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုဖွံ့ဖြိုး တိုးတက်ရေး၊ အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုး တိုးတက်ရေး၊ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ နည်းပညာအကူအညီပေးခြင်းစသည့် လုပ်ငန်းများ ပါဝင်ပါသည်။ စီမံကိန်းမှ ကျေးလက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း အားဖြင့် စီမံကိန်းကျေးရွာ နှစ်ရွာတွင် အိမ်ထောင်စု ၁၄၈၁ စုနှင့် လူဦးရေ ၇၈၂၀ အား လူမှုစီးပွား ဖွံ့ဖြိုးရေးဆိုင်ရာ အကျိုးကျေးဇူး ရရှိစေခဲ့သည်။
လယ်ဝေးမြို့နယ် မင်းပြင်ကျေးရွာတွင် စီမံကိန်းဆောင်ရွက်မှု
စီမံကိန်းကျေးရွာတစ်ရွာဖြစ်သည့် မင်းပြင်ကျေးရွာတွင် အခြေခံအဆောက်အဦလုပ်ငန်းများ အနေဖြင့် ကွန်ကရစ်လမ်း၊ ရေကာနံရံ ၄၉၅ ပေ ၊ တွင်းနက်တူးဖော်ခြင်း၊ အိမ်တိုင်ရာရောက် ရေပိုက် လိုင်း သွယ်တန်းခြင်းတို့အပြင် မီးလင်းရေးလုပ်ငန်း တွင် ၁၁ ကေဗွီလိုင်း ပေ ၁၃၀၀၊ ၀.၄ ကေဗွီလိုင်း ၄ ဒသမ ၅၃ မိုင်၊ ၃၁၅ ကေဗွီအေ ထရန်စဖော်မာနှင့် ဓာတ်အားခွဲရုံနှင့် ဆိုလာလမ်းမီးတိုင် တပ်ဆင်ခြင်း လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက် ခဲ့သည်။
ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် နှစ်ထပ်ကျောင်းဆောင်သစ်၊ ကျောင်းအားကစား ကွင်း ပြန်လည်ပြုပြင်ခြင်း၊ ကျောင်းသုံးစားပွဲနှင့် ကုလားထိုင် ၁၄၄ စုံ၊ ဆရာ ဆရာမများ စားပွဲခုံ ရှစ်စုံ ထောက်ပံ့ပေးခြင်း၊ လူထုဖွံ့ဖြိုးမှုစင်တာ တည်ဆောက်ပေးခြင်း၊ စွန့်ပစ်အမှိုက်စီမံခန့်ခွဲခြင်း စနစ်နှင့် အသိပညာပေး ခြင်းအပြင် စီမံကိန်းမှ အမှိုက်သိမ်းယာဉ် သုံးဘီးတစ်စီး၊ အမှိုက်စွန့်ပစ် ကျင်းတစ်ကျင်း၊ အမှိုက်ပုံးများနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် စိုက်ပျိုးရေး ကဏ္ဍအနေဖြင့် စပါး၊ နှမ်း၊ မြေပဲသီးနှံများကို စံပြစိုက်ကွက်များအဖြစ် စိုက်ပျိုး၍ သွင်းအားစုနှင့် မျိုးကောင်းမျိုးသန့်များ ပံ့ပိုးပေးခြင်း၊ စိုက်ပျိုးရေး ဆိုင်ရာ သင်တန်းများ ပို့ချပေးခြင်း၊ စံပြပျိုးခြံ တစ်ခြံ တည်ထောင်၍ ရာသီအလိုက် သီးနှံများနှင့်ပန်းများ စိုက်ပျိုးခြင်း၊ အိမ်ထောင်စု ၃၀ သို့ မျိုးစေ့များပံ့ပိုး၍ နေအိမ်ခြံဝင်းများတွင် တစ်နိုင်တစ်ပိုင် စိုက်ခင်းများ ဖော်ဆောင်ပေးခြင်း၊ မွေးမြူရေးလုပ်ငန်းအနေဖြင့် တိုင်းရင်းကြက်မွေးမြူရေးလုပ်ငန်းကို အကောင် အထည်ဖော် ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာရှိမွေးမြူ ရေး စိတ်ပါဝင်စားသူများအား အစုအဖွဲ့ ဖွဲ့စည်းပေး ကာ ကြက်ခြံ နှစ်ခြံ တည်ဆောက်၍ စီမံကိန်းမှ လိုအပ်သော မွေးမြူရေး ဆိုင်ရာသင်တန်းများ ပို့ချ ခြင်း၊ တိုင်းရင်းကြက်မျိုး အကောင် ၄၀၀ နှင့် မွေးမြူရေးဆေး သုံးလစာ ပံ့ပိုးပေးခြင်း၊ ၎င်းအပြင် ဝါးလက်မှုလုပ်ငန်း နည်းပညာသင်တန်းများ ဖွင့်လှစ်ခြင်း၊ ဝါးလက်မှုလုပ်ငန်းအတွက် အလုပ်ရုံ တစ်ခု တည်ဆောက်ခြင်း၊ ဝါးပေါင်းကန်နှင့် လိုအပ်သော ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ဈေးကွက်ဝင် ဝါးလက်မှုပစ္စည်းများ ထွက်ရှိသည်အထိ ဆောင်ရွက် ပေးခဲ့ပါသည်။
တပ်ကုန်းမြို့နယ် အေးချမ်းသာကျေးရွာတွင် စီမံကိန်းဆောင်ရွက်မှု
အခြေခံအဆောက်အဦ တည်ဆောက်ခြင်း လုပ်ငန်းများအနေဖြင့် အေးချမ်းသာကျေးရွာတွင် ကွန်ကရစ်လမ်း၊ ရွာတွင်းရိစာလမ်းဖောက်လုပ်ခြင်း၊ ရေရရှိရေးလုပ်ငန်းတွင် ကျေးရွာနှင့် နှစ်မိုင်ခန့် အကွာအဝေးရှိ ဆင်သေဆည် ရေသောက်ဧရိယာမှ ကျေးရွာသို့ ပိုက်လိုင်းဖြင့် ရေသွယ်ယူခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ ရေစင်နှင့် ဂါလန် ၂၀၀၀၀ ဆံ့ ရေစစ်ကန် တည်ဆောက်ခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ မီးလင်းရေးလုပ်ငန်းတွင် ၁၁ ကေဗွီလိုင်း ပေ ၃၀၀၊ ၀ ဒသမ ၄ ကေဗွီလိုင်း ၂၁၁၁၃ ပေ၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ၊ ၅၀ ကေဗွီအေ ထရန်စဖော်မာနှင့် ဓာတ်အားခွဲရုံ တည်ဆောက်ပေးခြင်း၊ အများနှင့် သက်ဆိုင်သည့် အဆောက် အဦများတွင် ဆိုလာ မီးတိုင် ၁၄ တိုင်၊ လမ်းမီးတိုင် ၂၆ တိုင် စုစုပေါင်း ဆိုလာမီးတိုင် ၄၀ တို့ကို အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည်။
ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် အေးချမ်းသာကျေးရွာတွင် စာကြည့်တိုက်ပါဝင် သော ကျောင်းဆောင်သစ်၊ ကျောင်းအိမ်သာ လေးခန်းတွဲ နှစ်လုံးနှင့် ဆရာ ဆရာမ အိပ်ဆောင်၊ လူထုဖွံ့ဖြိုးရေးစင်တာ တည်ဆောက်ပေးခြင်း၊ စတုရန်းပေ ၃၂၀၀ ကျောင်းအားကစားကွင်းနှင့် ကျောင်းခြံစည်းရိုး၊ ကျောင်းစားပွဲနှင့် ကုလားထိုင် အစုံ ၂၀၀၊ ဆရာ ဆရာမစားပွဲခုံ ခြောက်စုံ ထောက်ပံ့ ပေးခြင်း၊ စတုရန်းပေ ၉၀၀ ဆေးပေးခန်းနှင့် ၃၄၅၆ စတုရန်းပေ အားကစားကွင်း တည်ဆောက်ပေးခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ စွန့်ပစ်အမှိုက် စီမံခန့်ခွဲခြင်းစနစ် မိတ်ဆက် အသိပညာပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး စီမံကိန်းမှ အမှိုက်သိမ်းယာဉ် သုံးဘီး တစ်စီး၊ အမှိုက် စွန့်ပစ်ကျင်း တစ်ကျင်း၊ အမှိုက်ပုံးများ၊ ဆက်စပ် ပစ္စည်းများ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပေး ခဲ့ပါသည်။
အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအနေဖြင့်လည်း ကျေးရွာစိုက်ပျိုးရေး ကဏ္ဍအတွက် လယ် ၄၃ ဧကတွင် စပါး၊ နှမ်း၊ မြေပဲ၊ မတ်ပဲ၊ နေကြာသီးနှံများကို စံပြစိုက်ကွက် များအဖြစ် စိုက်ပျိုး၍ သွင်းအားစုနှင့် မျိုးကောင်း မျိုးသန့်များ ပံ့ပိုးပေးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ သင်တန်းများ ပို့ချပေးခြင်း၊ စံပြပျိုးခြံ တစ်ခြံ တည်ထောင်၍ ရာသီအလိုက်သီးနှံများနှင့် ပန်းများ စိုက်ပျိုးခြင်း၊ အိမ်ထောင်စု ၇၆ စုသို့ မျိုးစေ့များ ပံ့ပိုး၍ နေအိမ်ခြံဝင်းများတွင် တစ်ပိုင်တစ်နိုင် စိုက်ခင်းများ ဖော်ဆောင်ပေးခြင်းအပြင် မှိုစိုက်ပျိုး ခြင်း နည်းပညာသင်တန်း ဖွင့်လှစ်ပို့ချ ပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ မွေးမြူရေးလုပ်ငန်းအနေဖြင့် နည်းပညာသစ် အသုံးပြု၍ စံပြဝက် မွေးမြူနိုင်ရန်အတွက် မွေးမြူရေးစိတ်ပါဝင်စားသူ များအား အစုအဖွဲ့စနစ်ဖြင့် စံပြဝက်မွေးမြူရေးခြံ တည်ဆောက်ပေးခြင်း၊ မွေးမြူရေးဆိုင်ရာနှင့် ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်း၊ အစာနှင့်ဆေး ထောက်ပံ့ပေးခြင်း လုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် အသေးစားစက်မှုလက်မှုကဏ္ဍ ဖွံ့ဖြိုးရေးအတွက် လည်း စက်ရက်ကန်းအထည်စက်ရုံ တည်ဆောက် ပေးခြင်း၊ စက်ရက်ကန်းစင်လေးစုံ၊ ချည်ဖောက်စက် တစ်စုံနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးခြင်းဖြင့် အသက်မွေးဝမ်း ကျောင်း လုပ်ငန်းများအား အားပေး မြှင့်တင်ဆောင်ရွက်ခဲ့သည်။
အဖွဲ့အစည်းဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း
စီမံကိန်းမှ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းများအနေဖြင့် စီမံကိန်း ဝန်ထမ်းများအား စီမံကိန်းလုပ်ငန်းများကို ကျွမ်းကျင်စွာ ကြီးကြပ်ဆောင်ရွက် နိုင်ရန်အတွက် စီမံကိန်း စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းများပို့ချခြင်း၊ ကျေးရွာကော်မတီများ စနစ်တကျဖွဲ့ စည်းထားရှိပြီး ကျေးရွာလူထု စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများဖွင့်လှစ်ပေးခြင်း၊ အခြေခံအဆောက်အဦနှင့် ဝယ်ယူရေးဆိုင်ရာ လုပ်ငန်းများအတွက် လိုအပ်သော သင်တန်းစုစုပေါင်း ၂၂ ကြိမ် ဖွင့်လှစ်ပို့ချ ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။
အတွေ့အကြုံမျှဝေဖလှယ်ခြင်း
၂၀၁၉ ခုနှစ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပသော အရှေ့ - အာရှဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ တက်ရောက်ခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အခြေအနေများအား ကွင်းဆင်း လေ့လာခြင်းနှင့် အတွေ့အကြုံ မျှဝေဖလှယ်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့သည်။ ထို့ပြင် ဒေသတွင်း အတွေ့အကြုံများ မျှဝေဖလှယ်ခြင်းအနေဖြင့်လည်း ၂၀၁၉ ခုနှစ်တွင် မကွေးမြို့နယ်ရှိ အစုအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည့် နှမ်းစက်ရုံတည်ဆောက် လည်ပတ်ခြင်းနှင့် ကျေးရွာများတွင် အစုအဖွဲ့ဖြင့် ဒေသကြက်မွေးမြူရေးလုပ်ငန်း၊ တပ်ကုန်းမြို့နယ် အတွင်း CP Livestock ကုမ္ပဏီမှ ခေတ်မီနည်းစနစ် ဖြင့် ဥစားကြက်မွေးမြူရေးလုပ်ငန်းနှင့် ရန်ကုန် တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ရှိ ကျေးရွာ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု အသိပညာပေးခြင်း လုပ်ငန်း၊ ဝမ်းတွင်းမြို့နယ်ရှိ ရက်ကန်းစက်ရုံကို ကွင်းဆင်းလေ့လာခြင်း၊ စီမံကိန်းကျေးရွာ နှစ်ရွာရှိ ရွာသူ ရွာသားများမှ စီမံကိန်းလုပ်ငန်းများကို အပြန်အလှန် သွားရောက်လေ့လာ ခြင်းများ ဆောင်ရွက်နိုင် ခဲ့သည်။ တရုတ်နိုင်ငံမှ ဝန်ကြီးဌာနကိုယ်စားလှယ် များ ၊ NGO/ INGO အဖွဲ့များ၊ CCTV ၊ CGTN ၊ Phoenix စသော တရုတ်နိုင်ငံရှိ မီဒီယာများ၊ ကိုယ်စားလှယ်များ မှလည်း စီမံကိန်းကျေးရွာများ သို့ လေ့လာရေးခရီးစဉ်များ လာရောက်ခဲ့သည်။ ထို့ပြင် ၂၀၁၉ ခုနှစ်တွင် မင်းပြင်ကျေးရွာမှ ကျေးရွာသူ ငါးဦးကို ရေနီမြို့နယ်ရှိ SUMEC အထည်အလိပ် စက်ရုံတွင် အလုပ်အကိုင်ရရှိစေရန် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ခဲ့သည်။
သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှု
စီမံကိန်း၏ တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းများ တိုးတက်ကောင်းမွန်မှု၊ အရည်အသွေး ပြည့်မီမှု၊ သတ်မှတ်ချိန်အတွင်းပြီးစီးအောင် ဆောင်ရွက်နိုင်မှု၊ ဘဏ္ဍာငွေစီမံခန့်ခွဲမှု ကိစ္စရပ်များတွင် ကြီးကြပ်ဆောင်ရွက်ရန်နှင့်လိုအပ်သည့် အကြံဉာဏ်များ ပံ့ပိုးကူညီရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံဘက်မှ ယူနန်ဆောက်လုပ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှ တာဝန်ခံ အင်ဂျင်နီယာ နှစ်ဦးအား ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှစတင်၍ တာဝန်ပေးခန့်အပ် ခဲ့ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိအင်ဂျင်နီယာများ အရည်အသွေးစစ်ဆေးရေး အဖွဲ့များနှင့်အတူ နီးကပ်စွာ ပူးပေါင်းဆောင် ရွက်ခဲ့ပြီး စီမံကိန်းကာလအတွင်း တည်ဆောက်ရေး လုပ်ငန်းများ၏ အရည်အသွေး စံချိန်စံညွှန်းများကို အကဲဖြတ်သုံးသပ်၍ အစီရင်ခံစာရေးသား ပြုစုခြင်းများ ဆောင်ရွက်ခဲ့သည်။
၎င်းအပြင် စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် Joint Project Management Office(JPMO)ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန (ရုံးချုပ်) တွင် ဖွဲ့စည်းထားရှိပြီး စီမံကိန်းစီမံခန့်ခွဲမှုအဖွဲ့၊ စီမံကိန်း အရည်အသွေး စစ်ဆေးရေးနှင့် ကြီးကြပ် ရေးအဖွဲ့၊ ဝယ်ယူရေးနှင့် တင်ဒါစိစစ်လက်ခံရေးအဖွဲ့ များကို စနစ်တကျဖွဲ့စည်းထားရှိခဲ့ပါသည်။
စီမံကိန်းအကျိုးရလဒ်နှင့် အကျိုးသက်ရောက်မှု
ဤစီမံကိန်းသည် အမှန်တကယ် သိသာ ထင်ရှားစွာ အကျိုးထိရောက်မှုရှိသော စီမံကိန်း လုပ်ငန်းဖြစ်ပြီး တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား နီးနီးကပ်ကပ် လက်တွဲပူးပေါင်းဆောင် ရွက်ခြင်းဖြင့် နှစ်နိုင်ငံအကြား မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ပေးစေခဲ့ပါသည်။ စီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်မှု၏ ရလဒ်ကောင်းများကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုစင်တာနှင့် မြန်မာနိုင်ငံ အစိုးရဘက်မှ အဆင့်ဆင့်သော တာဝန်ရှိသူများက အသိအမှတ်ပြု ချီးကျူးခဲ့ကြသလို စီမံကိန်း ကျေးရွာသူ ရွာသားများကလည်း စီမံကိန်းအပေါ် စိတ်ကျေနပ်မှုများ ရရှိခဲ့ကြောင်း သိရှိခဲ့ရပါသည်။ ၂ဝ၁၉ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်ခဲ့သော “(၁၁)ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး”တွင် တက်ရောက်လာကြသည့် ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အာဆီယံ ၁၀ နိုင်ငံမှ ကိုယ်စား လှယ် ၉၀ ကျော်မှ ကွင်းဆင်းလေ့ လာနိုင်ရန်အတွက် အေးချမ်းသာကျေးရွာအား စံနမူနာကျေးရွာအဖြစ် ရွေးချယ်ပြသ နိုင်ခဲ့ပါသည်။ အဆိုပါ ကိုယ်စားလှယ် များက အေးချမ်းသာကျေးရွာတွင် ကွင်းဆင်းလေ့လာ ခဲ့ပြီးနောက် ကျေးရွာ၏ စီမံကိန်းဆောင်ရွက်ထားရှိမှုများအား နိုင်ငံတကာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စံပြစီမံကိန်းတစ်ခုဖြစ်သည်ဟု ကိုယ်စားလှယ် များက အသိအမှတ်ပြုခဲ့သည်။
စီမံကိန်းကျေးရွာ နှစ်ရွာတွင် လိုအပ်သော အသက်မွေးဝမ်းကျောင်းနှင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်းဆိုင်ရာ သင်တန်းများ ပို့ချခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် စီမံကိန်းကျေးရွာနေ ရွာသူ ရွာသားများအနေဖြင့် အလုပ်အကိုင်အခွင့် အလမ်းများရရှိလာပြီး ကျေးရွာတွင် ရေရှည်တည်တံ့ ခိုင်မြဲပြီး စဉ်ဆက်မပြတ် ထုတ်ကုန်များရရှိလာစေ ခြင်းဖြင့် စီးပွားရေး အခြေခံကောင်းများ ရရှိလာစေပါသည်။
ကျေးလက်ဒေသ အခြေခံအဆောက်အအုံ လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် စီမံကိန်းကျေးရွာ ၏ လူနေမှုအဆင့်အတန်းမြင့်မားလာ၍ လူမှုစီးပွား ဘဝများ သိသာစွာ ဖွံ့ဖြိုးတိုးတက် ကောင်းမွန်လာ ခဲ့ပြီး စီမံကိန်းကျေးရွာ နှစ်ရွာ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာသော အုတ်မြစ်ဖြစ်ခဲ့ပါသည်။ ကျေးရွာများတွင် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်း စောင့်ရှောက်ရေး၊ ဂေဟဗေဒစနစ်နှင့်် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ အသိပညာ မြှင့်တင်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ခြင်းအားဖြင့် ကျေးရွာသူရွာသားများသည် သင်ယူရရှိခဲ့သော အသိအမြင်များကို ကျင့်သုံး၍ စီမံကိန်းလုပ်ငန်း များအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။ စီမံကိန်းကျေးရွာနှစ်ရွာ သာမက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနနှင့် ဆက်စပ်ဌာနများမှ ဝန်ထမ်းများလည်း နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သည့် အတွေ့ အကြုံကောင်းများ ရရှိခဲ့သည်။
ခေတ်မီစံပြကျေးရွာစီမံကိန်း(Smart Village)မွေးဖွားခြင်း
ဤစီမံကိန်းမှ ရရှိလာသော ဖွံ့ဖြိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ ၁၀ နှစ်တာ ကာလ အတွင်း ကျေးလက်ဦးစီးဌာနမှ ဆောင်ရွက်ခဲ့သော ကျေးလက်ဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများ၏ အတွေ့အကြုံကောင်းများအပေါ် အခြေခံ၍ ကျေးလက်ဦးစီးဌာနမှ တာဝန်ရှိအကြီးအကဲများ၊ ဖွံ့ဖြိုးရေးဆိုင်ရာပညာရှင်များက ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းကို ဒီဇိုင်းရေးဆွဲ ဖော်ထုတ်ပြီး ၂၀၂၁-၂၀၂၂ ခုနှစ်မှစတင်၍ နေပြည်တော်ကောင်စီ နယ်မြေ လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့တွင် ကျေးရွာ တစ်ရွာစီ Pilot အဖြစ် ရွေးချယ်၍ စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါတိုင်းဒေသကြီး/ပြည်နယ် အားလုံးတွင်ကျေးရွာ ၈၈ ရွာအထိ တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။
ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်
ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး စံပြစီမံ ကိန်းမှရရှိသော အကျိုးရလဒ်များကို အခြေခံ၍ “တရုတ်နိုင်ငံအထောက်အပံ့ဖြင့် အရှေ့ - အာရှ ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်း(အဆင့်-၂) (China-Aided East Asia Poverty Reduction Cooperation Project Phase-II (Myanmar)”ကို ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၄ ဒသမ ၂၅ သန်းဖြင့် တိုင်းဒေသကြီး နှစ်ခုရှိ ကျေးရွာ နှစ်ရွာစီနှင့် ရှေ့ပြေးစီမံကိန်းအဖြစ် ဆောင်ရွက်ခဲ့သည့် စီမံကိန်းကျေးရွာ နှစ်ရွာတို့၏ စီမံကိန်းလုပ်ငန်းများအား ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ အတွက် နှစ်နှစ်ကြာ အကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
အရှေ့အာရှဆင်းရဲမှု လျှော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစံပြစီမံကိန်း၏ အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သော စီမံကိန်းလုပ်ငန်းများသည် ကျေးရွာရန်ပုံငွေ ထူထောင်နိုင်သည်အထိ ဝင်ငွေရရှိ လာခြင်း၊ ကျေးရွာကော်မတီဝင်များ အနေဖြင့်လည်း တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေ ရရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ နည်းပညာများအား သင်ကြား/ ဖြန့်ဝေပေးနိုင်ခြင်း၊ ရွာသူ ရွာသားများအနေဖြင့်လည်း မိသားစုဝင်ငွေတိုးတက်လာစေပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အတွက် အထောက်အကူပြု နိုင်ခဲ့ရာ စီမံကိန်းကျေးရွာနှစ်ရွာရှိ လုပ်ငန်းများ ရေရှည်လည်ပတ် ထိန်းသိမ်းနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ခေတ်မီ စံပြကျေးရွာများ နှစ်စဉ်တိုးချဲ့ ဆောင်ရွက်ကာ ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း တင်ပြလိုက်ရပါသည်။ ။