မြန်မာ့စာတတ်မြောက်ရေးသမိုင်းအစ မိတ္ထီလာခရိုင်က
ဒေါက်တာမောင်သင်း
စာမတတ်သူ၊ တို့ဝိုင်းကူစို့။ ဖေးမဆွဲထူ၊ တို့ဝိုင်းကူလျှင် မတတ်သူတို့၊ တတ်လာမည်။ ကြီးကောင်ဝင်မှ၊ စာသင်ရသူ၊ တို့ဝိုင်းကူစို့၊ ဖေးမဆွဲထူ၊ တို့ဝိုင်းကူလျှင် သူလည်းမကြာ၊ တတ်လာမည်။ ကြီးသူငယ်သူ၊ အရွယ်မတူ တို့ဝိုင်းကူလျှင် _ _ _ _မတတ်ဘယ်သူရှိအံ့နည်း။
(မောင်လင်းကြည်)
ကဗျာဆရာ၏ “တို့ဝိုင်းကူ”ဟူသည့် “စေတနာ့ ဝန်ထမ်းလူထုပူးပေါင်းပါဝင်အကောင်အထည်ဖော်မှု”သည် မြန်မာ့စာတတ်မြောက်ရေးလုပ်ငန်းအောင်မြင်ရေး၏ အဓိကသော့ချက်ဖြစ်ခဲ့ကြောင်း သမိုင်းမှတ်တမ်းရှိခဲ့ပါသည်။ နိုင်ငံတကာစာတတ်မြောက်ရေး ကြိုးပမ်းမှုသည် ၁၉၆၅ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့မှစတင်ပြီး ၁၂ ရက်တိုင်တိုင် အီရန်နိုင်ငံတီဟီရန်မြို့၌ ကျင်းပခဲ့သည့် “ကမ္ဘာ့ စာတတ်မြောက်ရေးကွန်ဂရက်” စတင်ခဲ့သည့်နေ့ကို ဂုဏ်ပြု၍ ၁၉၆၆ ခုနှစ်ယူနက်စကို အထွေထွေ ညီလာခံကြီးက သတ်မှတ်ခဲ့ပေသည်။
မြန်မာနိုင်ငံအနေဖြင့် ယူနက်စကိုထက် နှစ်နှစ်စော၍ ၁၉၆၄ ခုနှစ် နွေရာသီကျောင်းပိတ်ရက်ကတည်းက စတင်ကာ စာမတတ်သူပပျောက်ရေးလုပ်ငန်းကို “စေတနာ့ဝန်ထမ်း လုပ်အားပေးဆရာလောင်းများ”ဖြင့် စတင်ခဲ့ကြောင်း မှတ်တမ်းများအရ လေ့လာသိရှိရပေသည်။ နောက်ပိုင်းတွင် အထက်ပါကဗျာမှာ ညွှန်းသကဲ့သို့ တစ်တိုင်းပြည်လုံး အာဏာပိုင်အဖွဲ့များနှင့် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဝိုင်းဝန်းကူညီကြကာ နိုင်ငံအနှံ့ လူထုလှုပ်ရှားမှုအသွင်ဖြင့် ကြိုးပမ်းခဲ့ကြ၍ တစ်နိုင်ငံလုံး ၉၂ ရာခိုင်နှုန်းကျော် စာတတ်မြောက်ခဲ့ကြပေသည်။
“အ”သုံးလုံးကျေလုပ်ငန်း “ပထမ” ငါးကြိမ်ရ မိတ္ထီလာခရိုင်
မြန်မာနိုင်ငံ စာတတ်မြောက်ရေးလုပ်ငန်းကို တစ်ပြည်လုံးတွင် လူထုပူးပေါင်းပါဝင်လှုပ်ရှားမှုအသွင်ဖြင့် အစိုးရအာဏာပိုင်များ (ထိုအချိန်က ပါတီ၊ ကောင်စီ) “အ”သုံးလုံးဗဟိုကော်မတီဝင်တို့၏ ဦးဆောင်မှုအောက်တွင် လူထုလူတန်းစားများ၊ စာပေပညာရှင်များ၊ ဂီတပညာရှင်များ၊ အနုပညာရှင်များ၊ တက္ကသိုလ်၊ ကောလိပ်သိပ္ပံများမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဒေသအသီးသီးမှ ရပ်မိရပ်ဖများ၊ လုပ်အားပေးများ၊ အလှူရှင်များ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ရာတွင် မိတ္ထီလာခရိုင်သည် “ပထမ” ငါးကြိမ်ရရှိခဲ့ပါသည်။
(က) မြန်မာ့ “အ”သုံးလုံးကျေသင်တန်းအစ မိတ္ထီလာသား ဆရာလောင်းလေးဦးက
၁၉၆၂ ခုနှစ်တော်လှန်ရေးကောင်စီလက်ထက်တွင် ပညာရေးအထူးအရာရှိ (ဆရာအတတ်သင်)မှာ ဦးသံဗျင်ဖြစ်ပါသည်။ ဆရာအတတ်သင်ကိစ္စ အထူးအရာရှိဖြစ်သဖြင့် ဆရာကြီးသည် ရန်ကင်းကန်ဘဲ့ပညာရေးကောလိပ်တွင် ရုံးထိုင်၍ မန္တလေး နှင့်မော်လမြိုင် ဆရာအတတ်သင်အလယ်တန်း သင်တန်းများသို့ သွားရောက်ပြီး “ဆိုရှယ်လစ် ပညာရေး” အကြောင်းပို့ချပါသည်။ ၁၉၆၃ ခုနှစ် ကုန်၍ ၁၉၆၄ ခုနှစ် နွေရာသီကျောင်းပိတ်ရက်တွင် မိတ္ထီလာနယ်မှ ဆရာလောင်းလေးဦးသည် ဆရာကြီးအား အိမ်ပြန်ခါနီး လာရောက်နှုတ်ဆက်ကန်တော့ကြပါသည်။
ယင်းလေးဦးမှာ မူလတန်းဆရာဖြစ်သင်တန်းမှ (၁) မောင်စန်းမောင်၊ (၂) မောင်အောင်သန်း၊ (၃) မောင်သိန်းတို့ သုံးဦးနှင့် အလယ်တန်းဆရာဖြစ် သင်တန်းမှ မောင်သန်းရှိန်တို့ဖြစ်ပါသည်။ မူလတန်းပြဆရာလောင်းသုံးဦးမှာ တစ်နှစ်သင်တန်းပြီးဆုံး၍ အပြီးပြန်ကြရန်ဖြစ်ပါသည်။ ကန်တော့ရန်လာကြသည့် တပည့်များအား ဆရာကြီးက “ဒီကျောင်းနှစ်လပိတ်တုန်း ‘အမျိုးသားရေး’အတွက် အကျိုးရှိမယ့်လုပ်ငန်းတစ်ခုလုပ်ရင် မကောင်းပေဘူးလား” ဟုမေးရာ ကျောင်းသားများက “လုပ်ချင်ပါကြောင်း၊ ဘာလုပ်ရမှန်းမသိ၍ ဘယ်လိုလုပ်ရမယ်ဆိုတာ အကြံပေးစေလိုကြောင်း” ပြောကြားသည့်အခါ ဆရာကြီးက ဆရာလောင်းများဖြစ်ကြ၍ ရွာတစ်ရွာသွားပြီး တစ်လအတွင်း စာမတတ်သည့် သက်ကြီးရွယ်အိုများကို စာသင်ပေးသည့် လုပ်အားပေးလုပ်ငန်းကို ဆောင်ရွက်ရန်တိုက်တွန်းသည်။
ပြီးလျှင် တစ်လအတွင်း စာတတ်မြောက်အောင် သင်သည့်နည်းကို နောက်သုံးရက်အတွင်း ဆရာကြီးက သင်ကြားပြသပေးလိုက်သည်။ ထိုသုံးရက်တွင် စာသင်နည်း၊ ရပ်ရွာလူထုစည်းရုံးနည်းနှင့် စားသောက်နေထိုင်ရန်အတွက် စားစရာနှင့် ချက်ပြုတ်စားသောက်ရန် ပန်းကန်အိုး၊ ခွက်များယူသွားကြရန်ပါ မှာကြားခဲ့သည်။ လုပ်အားပေးအကြောင်းပြပြီး ရွာမှာ ထမင်းအလကားလာစားသည်ဟု အထင်မခံကြစေရန်ဖြစ်ပါသည်။
ဆရာလောင်းလေးဦးသည် မိတ္ထီလာပြန်ရောက်သော် စိုက်ပျိုးရေးဌာနက “စံပြ”အဖြစ် သတ်မှတ်ထားသည့် “သဖန်းစံပြ”ရွာသို့ သွားရောက်၍ ကျေးရွာလူကြီးများအား လုပ်ဆောင်မည့်အစီအစဉ်ကို ချပြဆွေးနွေးသည်။ ရွာလူကြီးများကလည်း စိတ်ပါဝင်စားသည်။ စာမတတ်သည့် ရွာသူရွာသားများကို စာသင်ပေးရန် သဘောတူခဲ့ကြသည်။ သင်တန်းဖွင့်လှစ်ရန် စီစဉ်ကြပါတော့သည်။
ကျေးရွာများမှ လူကြီးများက သဘောတူသည့်အခါ မြို့ပြန်၍ ထိုခေတ်အခါက(၁၉၆၄ ခုနှစ်) မြို့နယ်တာဝန်ရှိသူများဖြစ်ကြသည့် မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြို့နယ် လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီနှင့် ပညာရေးဌာနတို့အား “အ”သုံးလုံးသင်ကြားပေးမည့် အစီအစဉ်များကို ရှင်းပြရင်း ခွင့်ပြုချက်တောင်းခံကြပါသည်။ မြို့နယ်လူကြီးများက သဘောတူရုံတွင် မကပါ အဘက်ဘက်မှ အားပေးကူညီကြသည့်အခါ “သဖန်းစံပြကျေးရွာ “အ”သုံးလုံးသင်တန်းဖွင့်ပွဲ” အခမ်းအနားကျင်းပနိုင်ခဲ့သည်။ ရွာနီးချုပ်စပ်ကျေးရွာများကို ဖိတ်ကြား၍ အတုယူစေခဲ့ပါသည်။ ဤသို့လျှင် အမျိုးသားရေးအတွက် မြန်မာ့ စာတတ်မြောက်ရေးလုပ်ငန်းကို မိတ္ထီလာနယ်သား ကျောင်းဆရာလောင်းလေးဦးက “ပထမဆုံး” အစပျိုးဖွင့်လှစ်အကောင်အထည်ဖော်ခြင်း ဖြစ်ပါသည်။
(ခ) “အ” သုံးလုံးကျေ မျက်ဖွင့်သင်တန်းအစ သဖန်းစံပြကျေးရွာက
မိတ္ထီလာမြို့နယ် သဖန်းစံပြကျေးရွာတွင် ပထမဆုံးဖွင့်လှစ်သည့် “အ”သုံးလုံးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ စုစုပေါင်းလူဦးရေတစ်ထောင်ခန့် တက်ရောက်ခဲ့ပါသည်။ “အ”သုံးလုံးသင်တန်းသားအနေဖြင့် လူ ၂၀၀ နီးပါး တက်ရောက်သင်ကြားခဲ့ကြောင်းနှင့် သူတို့လေးဦးက လေးဖွဲ့ခွဲပြီး သင်ကြားခဲ့ရာ တစ်လကုန်၍ စစ်ဆေးပြီးသောအခါ ၁၀၀ နီးပါးစာတတ်မြောက်ခဲ့သည်ဟု အလယ်တန်းဆရာဖြစ် သင်တန်းသားဆရာလောင်း မောင်သန်းရှိန်က ဆရာကြီးဦးသံဗျင်ထံ အစီရင်စာပေးပို့ခဲ့သည်ဟု သိရပါသည်။
ဆရာကြီးက ကိုယ့်စရိတ်ဖြင့် သင်ကြားရန်ဆိုသဖြင့် အိုးခွက်၊ ပန်းကန်များ ချက်ပြုတ်စားသောက်ရန် ယူသွားရာ ရွာသားများကချက်စားခွင့်မပြုပါ။ အိုးခွက်များကို ရွာသားများက ဖွက်ထားခဲ့ပြီး ဆရာလေးလေးယောက်အား တစ်အိမ်ထောင်လျှင် တစ်နပ်ကျွေးရန် ကျေးရွာလူကြီးက ဇယားဆွဲ၍ ထမင်းကျွေးတာဝန်ချထားရာ ပြန်လာသည်အထိ အိမ်စေ့အောင်မစားခဲ့ရပေ။
အဆိုပါ ဆရာလောင်း မောင်သန်းရှိန်၏ သဖန်းစံပြကျေးရွာ “အ”သုံးလုံး မျက်ဖွင့်သင်တန်း အစီရင်ခံစာကို ပညာရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီး လှဟန်နှင့် မိတ္တူများကို အတွင်းဝန်ပညာညွှန်ကြားရေးဝန်နှင့် လက်ထောက်ညွှန်ကြားရေးဝန်ထံတင်ပြခဲ့ပါသည်။ ထိုအတွေ့အကြုံကိုယူ၍ သက်ကြီးစာမတတ်သူ ပပျောက်ရေးလုပ်ငန်းကို ဆောင်ရွက်ရန် ၁၉၆၅ ခုနှစ် ဒီဇင်ဘာလတွင် “အ”သုံးလုံးကျေသင်တန်း ကြီးကြပ်ညှိနှိုင်းရေး ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပါသည်။ ထိုအဖွဲ့ အောက်တွင် ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ကျေးရွာအုပ်စုအဆင့်၊ အခြေစိုက်စခန်းအဆင့်ဟူ၍ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။
ဤသို့ဖြင့် မိတ္ထီလာမြို့နယ် သဖန်းစံပြကျေးရွာသည် “မြန်မာ့ “အ”သုံးလုံးကျေ စာတတ်မြောက်မှုလုပ်ငန်းအစပြုရာ ပထမကျေးရွာ” အဖြစ် သမိုင်းမှတ်တမ်းထိုးနိုင်ခဲ့သည်။ “အ”သုံးလုံး အစပျိုး သည့်သင်တန်းကို မျက်ဖွင့်သင်တန်းဟုဆိုရခြင်းမှာ ရှေးယခင်က ပညာရေးလုပ်ငန်းကို ပညာရေးဌာန သက်သက်ကသာ ဆောင်ရွက်ခဲ့ကြသည်။ ယခုသင်တန်းမှာ “ပြည်သူပူးပေါင်းပါဝင်မှုသာ အဓိက”ဖြစ်ကြောင်း တစ်တိုင်းပြည်လုံး၏ အမြင်ကို ဖွင့်ပေးလိုက်ခြင်းဖြစ်သဖြင့် “မျက်ဖွင့်”သင်တန်းဟု သုံးစွဲရခြင်းဖြစ်ကြောင်း “အ”သုံးလုံးကျေသင်တန်းကြီးကြပ်မှု ညှိနှိုင်းဗဟိုကော်မတီအတွင်းရေးမှူး သက်တော်ရှည် (ယနေ့ ၉၆ နှစ်) ဆရာကြီး ဒေါက်တာသန်းဦးက ဖွင့်ဆိုခဲ့ပါသည်။
(ဂ) ဝ၊ ထ၊ က၊ လ၊ သ၊ သင်နည်းသစ်အစ သဖန်းစံပြကျေးရွာကပင်
ဆရာကြီးဦးသံဗျင်သည် သူ့တပည့်ဆရာ လောင်းလေးဦးကို တစ်လအတွင်း၊ တစ်နည်းအားဖြင့် နာရီ ၈၀ အကြာဆုံးထားပြီး မြန်မာစာအရေးအဖတ်ကို တတ်မြောက်စေရန် သင်ကြားနည်းကို တီထွင်ပေးလိုက်သည်။ “သက်ကြီးရက်တိုသင်တန်းလမ်းညွှန်” အမည်တွင်ခဲ့သည်။ ပုံမှန်အားဖြင့် ကျွန်တော်တို့သည် မြန်မာစာပေသင်ကြားရာတွင် ဗျည်း ၃၃ လုံးကို အသံထွက်တတ်၊ ဖတ်တတ်၊ ရေးတတ်အောင် လအတော်ကြာသည်အထိ အရင်သင်ကြားရပါသည်။ ပြီးနောက် “သရ” ၁၂ လုံးကို ဆက်လက်သင်ကြားရပါသည်။ ဆရာကြီး ဦးသံဗျင် က “သက်ကြီးတွေဆိုတာ စားဝတ်နေရေးအတွက် အချိန်ပေးနေရတာကြောင့် မအားလပ်ကြပါ။ သမားရိုးကျသင်နည်းနဲ့ သင်ပေးနေရင် သူတို့အတွက် အချိန်တော်တော်ကြာပေးကြရမှာ၊ အတန်းပျက်မှုများလာနိုင်တယ်။ ဘယ်နည်းနဲ့မှ ယခင်နည်းဟောင်းနဲ့ သင်လို့ မရနိုင်၊ သင်နည်းသစ်ကို တီထွင်မှဖြစ်မယ်”ဆိုပြီး “ဝ” “ထ” “က” “လ” “သ” ဆိုသည့် ဗျည်းငါးလုံး ကို အရင်ဆုံးရေးသားနည်းကို သင်ပါသည်။
၁၅ မိနစ်အတွင်း ဗျည်းငါးလုံး ရေးတတ်ပြီဆိုမှ အသံထွက်နည်းကိုသင်ရာတွင် “ဝ” လုံးဟု မသင်ရပါ။ “ဝ” ပဲ အသံထွက်စေရမည်၊ ထဆင်ထူးဟုမပြောရပါ၊ “ထ” ဟုသာအသံထွက်ပါ။ ကကြီးဟုမဆိုရပါ၊ “က” ဟုသာ အသံထွက်စေခြင်းပါ၊ ဆိုလိုသည်မှာ ဝပဲ၊ ထပဲ၊ ကပဲ ဟုသာ အသံထွက်ခိုင်းရပါသည်။ ဤသို့ဆိုလျှင် ခဏအတွင်းမှာ အဆိုပါငါးလုံးကို ရေးလည်းရေးပြ၊ အသံထွက်လည်း ဖတ်စေသလို ဝ၊ ဝ၊ ဝ ဟု အရေးခိုင်း၊ ငါးလုံးကိုလည်း ကျောက်သင်ပုန်းမှာ အရေးခိုင်းခြင်းဖြင့် ခေါင်းထဲမှာ စွဲလာပါသည်။
အဆိုပါ ဗျည်းငါးလုံးကို ပိုင်ပိုင်နိုင်နိုင်ရေးတတ်၊ ဆိုတတ်၊ အသံထွက်တတ်ပြီဆိုမှ ရေးချ (-ာ) သရနှင့် တွဲပြီးရေးခိုင်း၊ အသံထွက် ခိုင်းသည့်အဆင့်ကို တက်ရပါသည်။ ထိုအခါ ဝါ၊ ထာ၊ ကာ၊ လာ၊ သာ ကို ရေးတတ်၊ ဆိုတတ်လာပါသည်။ ယင်းတို့ကို ရေးခိုင်း၊ အသံထွက် တတ်ပြီဆိုလျှင် တစ်ဆင့်တက်ကာ (-ား) သရနှင့် တွဲရေးတတ် အသံထွက်ဖတ်စေရပါသည်။ ထိုအခါ ဝါး၊ ထား၊ ကား၊ လား၊ သား စသည်ဖြင့် ရေးတတ်၊ ဖတ်တတ်လာပါသည်။ ယင်းနောက် စကားလုံးဖြစ်အောင်ရေးပြီး ဖတ်တတ်အောင် သင်ကြားပေးခဲ့ပါသည်။ ဥပမာ - လသာသာ ကမလား ထကမလား သားသားထ ဝသလား လာသာလာ _ _ _ _ _ စသည်ဖြင့် နေ့ချင်းဖတ်နိုင်အောင် သင်ပေးခဲ့ပါသည်။ တစ်နေ့မှာ တစ်နာရီသင်၊ တစ်နာရီလေ့ကျင့်ပေးလျှင် အကြာဆုံး နာရီ ၈၀ အတွင်းစာရေး၊ စာဖတ်တတ်စေသည့်နည်းဖြင့် သင်ကြားပေးခဲ့ပါသည်။ ဤနည်းဖြင့် ဆရာ လောင်းလေးဦးက သင်တန်းသား ၂၀၀ ခန့်အား တစ်လသင်ပြီးသောအခါ ၁၀၀ ခန့် စာရေးစာဖတ် တတ်ခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသဖြင့် “ဝ၊ ထ၊ က၊ လ၊ သ သင်နည်းအသစ်ကို ပထမဆုံး စမ်းသပ်အောင်မြင်မှုအစ” မိတ္ထီလာမြို့နယ် သဖန်းစံပြရွာကဟု မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ နောက်ပိုင်း တွင် ၅၂ နာရီဖြင့်ရေးတတ်၊ ဖတ်တတ်အောင်သင်နိုင်ခဲ့ပါသည်။ ထိုနည်းသစ်ကို နောင်အခါတွင် သက်ကြီး ဖတ်စာပြုစုရေးပြီး ကော်မတီဖွဲ့၍ မွမ်းမံကာ ယနေ့ထိ “အ” သုံးလုံးကျေသင်တန်းများတွင် အသုံးပြုနေဆဲ ဖြစ်ပါသည်။
(ဃ) စာတတ်မြောက်မှု စစ်တမ်းကောက်ယူခြင်းအစ မိတ္ထီလာခရိုင်က
ယခုတင်ပြမည့် စာတတ်မြောက်မှုစစ်တမ်းသည် “အ”သုံးလုံး ခရိုင်လုံးကျွတ် စာတတ်မြောက်ရေးစမ်းသပ်နိုင်ရန်အတွက် မြန်မာနိုင်ငံတွင် ပထမဦးဆုံးပြုလုပ်သည့် ပညာရေးစစ်တမ်းဖြစ်ပါသည်။ ယခင်က ယခုဆောင်းပါးတစ်နေရာမှာ ဖော်ပြထားသကဲ့သို့ မိတ္ထီလာနယ်သား ဆရာလောင်းလေးဦးက ဦးဆောင်၍ မိတ္ထီလာမြို့နယ် သဖန်းအရှေ့စံပြကျေးရွာတွင် ဝ၊ ထ၊ က၊ လ၊ သ ဗျည်းငါးလုံးစတင် သင်ကြားနည်းဖြင့် “အ”သုံးလုံးကျေသင်တန်းကို ပဏာမစမ်းသပ်ခဲ့ရာမှ အောင်မြင်မှုရခဲ့ပါသည်။ ယင်းအောင်မြင်မှုကို အခြေပြုကာ ၁၉၆၅ ခုနှစ်၊ ၁၉၆၆ ခုနှစ်၊ ၁၉၆၇ ခုနှစ်၊ ၁၉၆၈ ခုနှစ်တို့တွင် တစ်ပြည်လုံးရှိမြို့နယ်များ၌ ကွက်ကျားဆောင်ရွက်ခဲ့ပါသည်။ အဆိုပါမြို့နယ်များမှ အတွေ့အကြုံကောင်းများကို ထပ်မံရယူ၍ တစ်ခရိုင်လုံးကျွတ်၊ နှစ်ခရိုင်လုံးကျွတ် စာတတ်မြောက်ရေးအစီအစဉ်ကို ချမှတ်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန်အလို့ငှာ ယခုခရိုင်စာဖတ်တတ်မှုပညာရေး စစ်တမ်းကို ၁၉၆၉ ခုနှစ်တွင် ကောက်ယူခဲ့ပါသည်။
စစ်တမ်းကောက်ယူရန် မိတ္ထီလာခရိုင်ကို ရွေးချယ်ရခြင်းမှာ
(၁) “အ”သုံးလုံးသင်တန်းများဖွင့်လှစ်ရန် လုံခြုံရေးကောင်းမွန်ခြင်း၊
(၂) လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်း၊
(၃) မြို့နယ်အတွင်းရှိ လူထုလူတန်းစားအဖွဲ့များ၊ ပြည်သူများက လိုလိုလားလားလက်ခံခြင်း၊
(၄) ၁၉၆၄ ခုနှစ်တွင် “အ”သုံးလုံးကျေ သင်တန်းကို မြန်မာနိုင်ငံတွင် ပထမဆုံးစမ်းသပ်လုပ်ဆောင်ခဲ့ဖူးရာ အောင်မြင်မှု ရှိခဲ့ခြင်း _ _ _ တို့ကြောင့်ဖြစ်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)