တစ်ဦးတစ်ယောက်မှ မကျန်ရစ်ခဲ့စေရေးအခြေခံမူနှင့် ၂၀၃၀ အာဂျင်ဒါ
ဒေါက်တာခိုင်ခိုင်ဝင်း
၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustainable Development Goals, SDGs) ၁၇ ခုနှင့် ရည်မှန်းချက်ပေါင်း (Targets) ၁၆၉ ခုပါရှိသည့် “ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ၂၀၃၀ လုပ်ငန်းစဉ်” (The 2030 Agenda for Sustainable Development)ကို ကုလသမဂ္ဂအထွေထွေညီလာခံမှ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ တညီတညွတ်တည်းသဘောတူညီမှုဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။
“ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ၂၀၃၀ လုပ်ငန်းစဉ်” ပါရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များကို ကမ္ဘာတစ်ဝန်းတွင် အကောင်အထည်ဖော်ရမည့်ကာလမှာ ၂၀၁၆ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ ၁၅ နှစ်တာဖြစ်ရာ ယနေ့ဆိုလျှင် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ခရီးစဉ်တစ်ဝက်ကျိုးကာလရောက်ခဲ့ပြီဖြစ်ပါသည်။
“ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ၂၀၃၀ လုပ်ငန်းစဉ်” တွင် အခြေခံအကျဆုံးဖြစ်ပြီး အဓိကကျသည့်အချက်မှာ ပန်းတိုင်များအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်မှ ကျန်ရစ်မနေခဲ့စေရေး (Leaving no one behind) ဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသည် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံ အနေအထား၊ အရင်းအမြစ်များနှင့်ကိုက်ညီသည့် မူဝါဒများ၊ စီမံချက်များချမှတ် ဆောင်ရွက်လျက်ရှိကြသည်ဖြစ်ရာ နိုင်ငံအတွင်းနေထိုင်ကြသူ လူသားများတစ်ဦးတစ်ယောက်မှ ကျန်ရစ်မနေခဲ့စေရေးမူဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါသည်။
မညီမျှမှုများ လျှော့ချရေး၊ ခွဲခြားမှုမရှိရေးဆောင်ရွက်ရမည်
ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ကိုးကွယ်သည့်ဘာသာ၊ ဘာသာစကားမတူညီကွဲပြားကြသည့် လူမျိုးများ၊ ဆင်းရဲသူနှင့်ချမ်းသာသူ၊ မြို့ပြတွင်နေထိုင်ကြသူများသာမဟုတ် ကျေးလက်တောရွာများတွင် နေထိုင်ကြသူများ စာတတ်မြောက်သူနှင့် စာမတတ်မြောက်သူ၊ သန်စွမ်းသူနှင့် မသန်စွမ်းသူများ၊ ကလေးနှင့်လူကြီး၊ အမျိုးသားနှင့်အမျိုးသမီး အစရှိသည်ဖြင့် မတူညီကွဲပြားမှုများ ရှိနေစေကာမူ စဉ်ဆက်မပြတ်ပန်းတိုင်များအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လူ့အခွင့်အရေး၏ အခြေခံသဘောတရားများဖြစ်သည့် မညီမျှမှုများ လျှော့ချရေး၊ ခွဲခြားမှုမရှိရေး၊ အားလုံးပါဝင်ရေး၊ ဖယ်ထားခံရမှုမရှိရေး၊ တရားမျှတမှုရှိရေးစသည့် အခြေခံသဘောတရားများဖြင့် တစ်ဦးတစ်ယောက်မှ ကျန်ရစ်မနေခဲ့စေရေး ဆောင်ရွက်ရမည်ဖြစ်ပါသည်။
“ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ၂၀၃၀ လုပ်ငန်းစဉ်” သည် ကမ္ဘာကြီး၊ ကမ္ဘာကြီးပေါ်ရှိ လူသားများနှင့် အနာဂတ်လူသားများ ငြိမ်းချမ်းသာယာဝပြောမှုရှိစေရေးအတွက် ရည်ရွယ်ချမှတ်ခဲ့သည့် လုပ်ငန်းစဉ်ဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ တညီတညွတ်တည်းသဘောတူညီမှုဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ခြင်းဖြစ်ရာ “ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ၂၀၃၀ လုပ်ငန်းစဉ်” ကို ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းစဉ်ဟုလည်း ခေါ်ဆိုကြပါသည်။ ယနေ့အချိန်အခါတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံရှိပြီး နိုင်ငံတစ်ခုနှင့်တစ်ခု လူဦးရေ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ စာတတ်မြောက်မှု၊ နည်းပညာတိုးတက်မှုအစရှိသည်တို့ မတူညီကြသည့်အတွက် အကောင်အထည်ဖော်မှုအပိုင်းနှင့် အောင်မြင်ပြီးမြောက်မှုအပိုင်း၊ တွေ့ကြုံရသည့် စိန်ခေါ်မှုအခက်အခဲများသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီကြပါ။
သို့ရာတွင် ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းစဉ်ဖြစ်သည့်အတွက် ကမ္ဘာကြီးပေါ်ရှိ နိုင်ငံအချင်းချင်းပူးပေါင်းလက်တွဲ ကူညီဆောင်ရွက်မှု၊ ဖေးမကူညီမှု၊ ထောက်ပံ့ပေးမှုများရှိမှသာလျှင် တစ်ဦးတစ်ယောက်မှ မကျန်ရစ်စေရေးအခြေခံမူနှင့်အညီတစ်နိုင်ငံမှ မကျန်ရစ်ခဲ့ဘဲ အောင်မြင်မှုအသီးအပွင့်ကို ညီတူညီမျှခံစားကြရမည်ဖြစ်ပါသည်။
ဆင်းရဲသည့်နိုင်ငံများအတွက်ရည်ရွယ်
၂၀၃၀ လုပ်ငန်းစဉ်သည် ငြိမ်းချမ်းပြီးဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံတစ်နိုင်ငံအတွက်သာ ရည်ရွယ်ပြဋ္ဌာန်းခဲ့ခြင်းမဟုတ်ဘဲ အခြေအနေမတူကွဲပြားရှိနေကြသည့် ကမ္ဘာကြီးပေါ်ရှိ နိုင်ငံအားလုံး အတွက် ရည်ရွယ်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါသည်။ အထူးသဖြင့်ရေရှည်စဉ်ဆက်မပြတ်ဖွံ့ ဖြိုးတိုးတက်မှုပန်းတိုင်များ၏ ပထမဆုံးပန်းတိုင်ဖြစ်သော ဆင်းရဲမှုတိုက်ဖျက်ရေး (poverty eradication) ပန်းတိုင်သည် ဆင်းရဲသည့်နိုင်ငံများရှိ လူများအတွက် ရည်ရွယ်ခြင်းဖြစ်ပြီး “ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ၂၀၃၀ လုပ်ငန်းစဉ်” အကောင်အထည်ဖော်မှုပြီးစီးမည့် ၂၀၃၀ ရောက်သည့်အခါ ဆင်းရဲသည့်နိုင်ငံရှိ လူများအပါအဝင် ကမ္ဘာကြီးပေါ်ရှိလူများ တစ်ဦးတစ်ယောက်မှ မကျန်ရစ်စေဘဲ အောင်မြင်မှုအသီးအပွင့်များကို အားလုံးတန်းတူညီမျှ ရယူခံစားနိုင်ရေးရည်ရွယ် ချမှတ်ခြင်းဖြစ်ပါသည်။
ရာသီဥတုပြောင်းလဲလာခြင်း အကျိုးဆက်များ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးလာနေမှုများ၊ ကိုဗစ်-၁၉ ကပ်ရောဂါမှအစပြုခဲ့သည့် စီးပွားရေးကပ်ဆိုက်နေမှုများ အစရှိသည်တို့သည် ယနေ့ကမ္ဘာကြီး ရင်ဆိုင်နေရသည့် ပြဿနာများဖြစ်ပါသည်။ သို့ဖြစ်ရာ နိုင်ငံတိုင်းသည် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ အကောင်အထည်ဖော်မှုအတွက် အနည်းနှင့်အများဆိုသလို အခက်အခဲ၊ အကျပ်အတည်းနှင့် ရင်ဆိုင်နေကြရသည် ဖြစ်ပါသည်။
မိတ်ဖက်များ၏ကဏ္ဍသည် အရေးကြီး
“ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ၂၀၃၀ လုပ်ငန်းစဉ်” ကို ပြည်သူ(People )၊ ကမ္ဘာမြေ (Planet)၊ သာယာဝပြောမှု (Prosperity)၊ ငြိမ်းချမ်းမှု( Peace )၊ မိတ်ဖက် (Partnership) ဆိုသည့် 5Ps ဖြင့် လွှမ်းခြုံထားပြီးမိတ်ဖက်(Partnership)ကို ထည့်သွင်းထားသည်ကို ကြည့်ခြင်းအားဖြင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များကို အကောင်အထည်ဖော်ရာတွင် မိတ်ဖက်များ၏ကဏ္ဍသည် အရေးကြီးသည့်နေရာတွင်တည်ရှိနေကြောင်းကို ဆိုလိုသည်ဖြစ်၍ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုသည်လည်း လိုအပ်ပါသည်ဟု ဆိုလိုရင်းဖြစ်ပါသည်။
၂၀၃၀ ပြည့်နှစ်အမီ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ရာ နိုင်ငံတစ်နိုင်ငံချင်းစီ၏ အားတစ်ခုတည်းဖြင့် ရရှိနိုင်မည်မဟုတ်ဘဲ နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှု၊ အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုများ၊ ကဏ္ဍစုံမှမိတ်ဖက်များ၏ ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်ပါသည်။ အထူးသဖြင့် ဖွံ့ဖြိုးမှုနောက်ကျသော နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပိုမိုလိုအပ်သည်လည်း ဖြစ်ပါသည်။
စီးပွားရေးအင်အားချို့တဲ့ပြီးဖွံ့ဖြိုးမှု နောက်ကျသော နိုင်ငံငယ်များအား အဓိကထား ကူညီလက်တွဲပူးပေါင်း ဆောင်ရွက်မှုရှိမှသာလျှင် အဆိုပါနိုင်ငံငယ်များ၏ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုအတွက် ဆောင်ရွက်နေသည်များ အောင်မြင်ပြီးမြောက်မည်ဖြစ်ပြီး ကူညီလက်တွဲပူးပေါင်းဆောင်ရွက်မှုမရှိဘဲ ဖယ်ထုတ်ထားရှိ(exclusion)ပါက အဆိုပါနိုင်ငံတွင်းရှိ လူအများသည် အောင်မြင်မှုအသီးအပွင့် မခံစားမရရှိဘဲ ကျန်ရစ်ခဲ့သူများ ဖြစ်လာမည်ဖြစ်ပါသည်။
ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းစဉ်ကို ချမှတ်ခဲ့
ဖယ်ကြဉ်ထားရှိခြင်းသည် လူ့အခွင့်အရေး အခြေခံသဘောတရားနှင့်လည်း ဆန့်ကျင်ကွဲလွဲနေသည်လည်း ဖြစ်ပါသည်။ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းစဉ်အကောင်အထည်ဖော် ဆောင်ရွက်နေ သည့်အချိန်ကာလအတွင်း ဖယ်ထုတ်ထားရှိ (exclusion)ခြင်းသည် ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းစဉ် အခြေခံသဘောတရား၊ မူများနှင့်ဆန့်ကျင်နေသည်လည်း ဖြစ်ပါသည်။ အကြောင်းမှာ ကမ္ဘာကြီးပေါ်ရှိ နိုင်ငံအားလုံးနှင့်နိုင်ငံအားလုံးတွင်နေထိုင်ကြသူ လူအများတန်းတူညီမျှအောင်မြင်ပျော်ရွှင်နိုင်ဖို့ရာ ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းစဉ်ကို ချမှတ်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။
ကမ္ဘာမြေပေါ်ရှိ လူသားများနှင့်နောင်လာမည့်မျိုးဆက်သစ်များ ငြိမ်းချမ်းသာယာဝပြောစေရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန် “ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ၂၀၃၀ လုပ်ငန်းစဉ်” ကို သဘောတူလက်ခံထားခဲ့ကြသည့် နိုင်ငံအားလုံးတွင် တာဝန်ရှိသည်လည်းဖြစ်ရာ နိုင်ငံတစ်နိုင်ငံကို ပူးပေါင်းကူညီမှုမရှိဘဲ ခွဲခြားမှုပြုလုပ်ခြင်းသည် အဆိုပါနိုင်ငံအတွင်း နေထိုင်ကြသူလူအများအား ၂၀၃၀ ပြည့်နှစ်လုပ်ငန်းစဉ်၏ အောင်မြင်မှုအသီးအပွင့်များကို မခံစားရနိုင်ရန် ချန်လှပ်ထားခြင်းဟု မှတ်ယူရမည်လည်း ဖြစ်ပါသည်။
ဘုံအကျိုးစီးပွားကိုရည်မှန်းကာ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်
ချန်လှပ်ဖယ်ထားခြင်းမပြုဘဲ နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုဟုဆိုရာတွင် ဘုံအကျိုးစီးပွားအတွက် ရှေးရှုဆောင်ရွက်ရန်ကို ဆိုလိုရင်းဖြစ်ပါသည်။ တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုအတွက် ပူးပေါင်းဆောင်ရွက်ရန်မဟုတ်ဘဲ နိုင်ငံတစ်နိုင်ငံ၏ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးနှင့် အဆိုပါနိုင်ငံအတွင်းရှိ နိုင်ငံသားတို့ အေးချမ်းသာယာဝပြောစွာ နေထိုင်နိုင်ရေး၊ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘာကြီးပေါ်ရှိ လူသားတစ်ဦးတစ်ယောက်မှ မကျန်ရစ်ခဲ့စေရေးစသည့် ဘုံအကျိုးစီးပွားကိုရည်မှန်းကာ ပူးပေါင်းဆောင်ရွက်ရန် ဖြစ်ပါသည်။ တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုတစ်ခုအတွက် ရည်ရွယ်ဆောင်ရွက်ရန်မဟုတ်ဘဲ ကမ္ဘာကြီးနှင့်ကမ္ဘာကြီးပေါ်ရှိ လူသားများအတွက် ရည်ရွယ်ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ပါသည်။
သို့မှသာ ကမ္ဘာကြီး၏နေရာစုံတွင် ရှိနေကြသည့် လူသားအားလုံး အကျုံးဝင်ပါဝင်ပြီး သာယာဝပြောသည့်၊ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးသည့် ငြိမ်းချမ်းသည့် ကမ္ဘာကြီးဆီဦးတည်သွားနိုင်မည်ဖြစ်ပြီး ထိရောက်အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မှသာလျှင် လူသားအားလုံးမျှော်မှန်းသည့် အောင်မြင်မှုပန်းတိုင်ဆီ အရောက်သွားနိုင်မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။