Skip to main content

နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၃)မှတစ်ဆင့် ဥပဒေရေးရာအသိပညာများ တိုးမြင့်လာခြင်း

ဒေါက်တာသံလွန်ထွန်း (ကသ-၃၂)

ဥပဒေရေးရာဝန်ကြီးဌာနသည် “ဥပဒေပညာသည် အကျင့်သိက္ခာနှင့်ပြည့်စုံသော ပညာဖြစ်သည် ဟူသည့်ဆောင်ပုဒ်နှင့်အညီ ဥပဒေဆိုင်ရာအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်၊ ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ ပိုမိုအားကောင်းလာစေရန်၊ အများပြည်သူ၏ ယုံကြည်အားကိုးမှုမြှင့်တင်ရန်နှင့် တရားမျှတမှုကဏ္ဍ ပြုပြင်ပြောင်းလဲရေးတွင် ပါဝင်ဆောင်ရွက်ရန်ဟူသည့် ရည်မှန်းချက်ပန်းတိုင်များထားရှိကာ ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ ရည်မှန်းချက်ပန်းတိုင်များ ထားရှိအကောင်အထည်ဖော်ဆောင်လျက်ရှိသည့်အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှု၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၏ ဦးဆောင်မှုတို့ဖြင့် နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၃) ကို ၂၀၂၃ ခုနှစ် ဇွန် ၇ ရက်က အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ သင်တန်းကို ၂၀၂၃ ခုနှစ် ဇွန် ၈ ရက်မှ ဩဂုတ် ၁၉ ရက်အထိ ပို့ချခဲ့ရာ စာရေးသူအပါအဝင် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန အဖွဲ့အစည်းများမှ သင်တန်းသား ၃၇ ဦး တက်ရောက်ခဲ့ကြသည်။

ဥပဒေပညာပြန့်ပွားရေး

ဥပဒေပညာပြန့်ပွားရေးလုပ်ငန်းစဉ် တစ်ရပ်အဖြစ်ဖွင့်လှစ်ပို့ချခဲ့သည့် အဆိုပါသင်တန်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၏ သမိုင်းကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုစနစ်နှင့် ဖက်ဒရယ်စနစ်အကြောင်း၊ မြန်မာနိုင်ငံဥပဒေများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့၏ ဆက်နွှယ်မှုများ၊ နိုင်ငံ၊ အချုပ်အခြာအာဏာ၊ တရားဝင်မှုနှင့် တရားစီရင်ပိုင်ခွင့်တို့အပေါ် အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးနှင့် ဥပဒေရှုထောင့်တို့မှလေ့လာခြင်း၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၊ အာဆီယံပဋိညာဉ်စာတမ်း၊ နိုင်ငံဖြတ်ကျော်မှုခင်းများအကြောင်း၊ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာကိစ္စများ၊ စီးပွားရေးဆိုင်ရာ စာချုပ် စာတမ်းများနှင့် မမျှော်မှန်းနိုင်သည့် ဖြစ်ရပ်ဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ အထွေထွေဥပဒေအကြံဉာဏ်ပေးရေး ဘာသာရပ်၊ ဥပဒေပြုအဖွဲ့အစည်းနှင့် ဥပဒေပြုအာဏာ၊ ဥပဒေမူကြမ်းစိစစ်ရေးဆွဲရေး နည်းလမ်းများ၊ တစ်ဆင့်ခံ ဥပဒေရေးဆွဲရေးနည်းလမ်းများ၊ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများရေးဆွဲခြင်းနှင့် ပြင်ဆင်ခြင်းနည်းလမ်းများ၊ စာဖတ်နည်း၊ စဉ်းစားတွေးခေါ်နည်း၊ စာရေးနည်းနှင့် ဥပဒေ ရေးဆွဲနည်းအနုပညာ၊ ပြစ်မှုဆိုင်ရာဥပဒေများအကြောင်း၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုများအား ငွေကြေးထောက်ပံ့မှုကို တိုက်ဖျက်ရေးတို့ နှင့်စပ်လျဉ်းသည့် အစိုးရအချင်းချင်းအကြား ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများနှင့် အပြည်ပြည် ဆိုင်ရာ စာချုပ်စာတမ်းများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအကြောင်း၊ ရှေ့တော်သွင်းစာချွန်တော် အမိန့်၊ အာဏာပေးစာချွန်တော်အမိန့်၊ တားမြစ်စေ စာချွန်တော်အမိန့်၊ အာဏာပိုင်မေး စာချွန်တော် အမိန့်၊ အမှုခေါ်စာချွန်တော်အမိန့် စသည့်စာချွန်တော် အမိန့်များအကြောင်း၊ အစိုးရ သို့မဟုတ် ရာထူးအလျောက် ဆောင်ရွက်ရသည့် ပြည်သူ့အရာထမ်းများက စွဲဆိုသည့် တရားမမှုများနှင့် ဥပဒေဆိုင်ရာ အထွေထွေကိစ္စရပ်များ စသည့်စိတ်ဝင်စားစရာ ကောင်းသည့်အပြင် အဖိုးတန်သည့်ပညာရပ်များကို သင်ကြားပို့ချပေးခဲ့ပါသည်။

ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းသည် နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအနေဖြင့် အုပ်ချုပ်ရေး နှင့် စီမံခန့်ခွဲရေးဆိုင်ရာကိစ္စများ ဆောင်ရွက်ရာတွင် ဥပဒေရှုထောင့်အမြင်ဖြင့် မည်ကဲ့သို့ စဉ်းစား ဆုံးဖြတ်ရမည်ကို နားလည်သဘောပေါက်စေသည့်အပြင် ဝေဖန်ပိုင်းခြားတွေးခေါ်မှု စွမ်းရည်ကို တိုးတက်စေသည့် သင်တန်းတစ်ခုဖြစ်ပါသည်။ သင်တန်းသားတစ်ဦးချင်းစီကို ဥပဒေဆိုင်ရာ အယူအဆများ၊ ဥပဒေအခြေခံမူ သဘောတရားများနှင့် လက်တွေ့ကျင့်သုံးဆောင်ရွက်မှုများအား ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်နိုင်စေရန် စီစဉ်ပေးထားပါသည်။ ထို့ပြင် ဌာနဆိုင်ရာ အသီးသီးအတွက် ဥပဒေရေးရာကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေရန် ပံ့ပိုးပေးသည့်အပြင် သင်တန်းသားများအတွက် နယ်ပယ်အသီးသီးမှ ဥပဒေ အသိပညာဗဟုသုတများ တိုးပွားလာစေသည့် သင်တန်းတစ်ခုလည်း ဖြစ်ပါသည်။

ဥပဒေရေးရာဝန်ကြီးဌာနသည် ယခင်ပြည်ထောင်စုရှေ့နေချုပ်ရုံးကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၁၇၆/၂၀၂၁ ဖြင့် ပြင်ဆင်ဖွဲ့စည်းထားသည့် ဝန်ကြီးဌာနဖြစ်ပြီး ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။ ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်ထောင်စုဝန်ကြီးရုံး၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန၊ ဥပဒေအသိပညာပြန့်ပွားရေးဦးစီးဌာနဟူ၍ ဦးစီးဌာနငါးခုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှု

ဥပဒေရေးရာဝန်ကြီးဌာနသည် မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄) ကို တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှုခေါင်းစဉ်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး ဥပဒေပညာပြန့်ပွားရေး လုပ်ငန်းစဉ်များအနေဖြင့် နှစ်အလိုက် ဥပဒေစာအုပ်များ၊ နည်းဥပဒေစာအုပ်များနှင့် Myanmar Laws စာအုပ်များကို ထုတ်ဝေပေးလျက်ရှိပြီး ဥပဒေများကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် လေ့လာနိုင်ရန် စီစဉ်ပေးထားပါသည်။ ဥပဒေပညာလေ့လာလိုသူ များအတွက် ဥပဒေသုတေသနစာတမ်းများကိုလည်း ပြုစုလျက်ရှိသည့်အပြင် ဥပဒေပညာဂျာနယ်၊ အင်္ဂလိပ်-မြန်မာ ဥပဒေဝေါဟာရ အဘိဓာန် စသည်တို့ကိုလည်း ပုံနှိပ်ထုတ်ဝေ ဖြန့်ဖြူးပေးလျက်ရှိပါ သည်။ ထို့ပြင် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို အချိန်နှင့်တစ်ပြေးညီ လေ့လာဖတ်ရှုနိုင်စေရန် မြန်မာဥပဒေသတင်းအချက်အလက်စနစ် (Myanmar Law Information System) ကိုလည်း အွန်လိုင်းဝက်ဘ်ဆိုက်ဖြင့် လွှင့်တင်ပေးထားသည့်အတွက် ဥပဒေရေးရာပညာရပ်များကို စိတ်ပါဝင်စားသူတိုင်း ဝင်ရောက်လေ့လာနိုင်မည်ဖြစ်သည်။

အသိပညာဗဟုသုတဆိုသည်မှာ စွမ်းအားတစ်ရပ်ပင်ဖြစ်ပြီး ကျွန်ုပ်တို့၏ ခေတ်မီဖွံ့ဖြိုးတိုးတက် နေသည့်ကမ္ဘာတွင် ဒေသတွင်းသာမက ကမ္ဘာတစ်ဝန်းတွင် မှတ်သားလေ့လာစရာများ ပို၍ များပြားလာပါသည်။ အသိပညာစွမ်းအားဖြစ်သည့် အကြောင်းအရာတစ်ရပ်နှင့် စပ်လျဉ်းသည့် သတင်းအချက်အလက် သို့မဟုတ် ဗဟုသုတရှိခြင်းဖြင့် တစ်ဦးချင်းစီအတွက် အသိဉာဏ်ခွန်အားကို ဖြစ်စေသည့်အပြင် အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်ပါသည်။ အသိပညာဆည်းပူးခြင်းဖြင့် ပိုမိုကြီးမား သောအခွင့်အလမ်းများ၊ အောင်မြင်မှုများရရှိစေနိုင်ပြီး ပြည့်စုံမှန်ကန်စွာ ဆုံးဖြတ်ချက်ချမှတ်နိုင်စေပါသည်။ အသိပညာဗဟုသုတသည် တစ်ဦးချင်းစီအား အခြေအနေအရပ်ရပ်ကို ကျော်လွှားနိုင်ရန်၊ ပြဿနာများဖြေရှင်းနိုင်ရန်နှင့် ပြည့်စုံမှန်ကန်သည့် ရွေးချယ်မှုများပြုလုပ်နိုင်ရန် လိုအပ်သည့် သိမြင်နားလည်နိုင်စွမ်းများကို ပေးစွမ်းနိုင်ပါသည်။ ထို့ပြင် ကမ္ဘာကြီးကို ရှုထောင့်အမျိုးမျိုးဖြင့် ပိုမိုနက်ရှိုင်းစွာ သိမြင်နားလည်စေပြီး အချက်အလက်များကို ပိုင်းခြားစိတ်ဖြာကာ အကဲဖြတ်နိုင်စွမ်းကိုလည်း ပေးနိုင်ပါသည်။

အမှန်တကယ် ခွန်အားပေးစွမ်းနိုင်

အသိပညာဗဟုသုတသည် ဘဝ၏ကဏ္ဍများစွာတွင် အမှန်တကယ် ခွန်အားပေးစွမ်းနိုင်ပါသည်။ ဥပမာအားဖြင့် ပညာရေးကဏ္ဍတွင် အသိပညာဗဟုသုတနှင့် ကျွမ်းကျင်မှုများရှိခြင်းဖြင့် ပိုမို ကောင်းမွန်သည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းများရရှိစေရန် လမ်းဖွင့်ပေးနိုင်ပါ သည်။ ကိုယ်ရေးကိုယ်တာဆက်ဆံရေးများတွင်လည်း မိမိနှင့်တစ်ပါးသူ၏အကြောင်းကို သိရှိ နားလည်ပေးခြင်းဖြင့် တစ်ဦးအပေါ်တစ်ဦး ဖြည့်ဆည်းပေးနိုင်သည့် ကောင်းမွန်သော ဆက်ဆံရေးကို ရရှိစေနိုင်ပါသည်။ ထို့ပြင် သိပ္ပံပညာရပ်ဆိုင်ရာသုတေသနနှင့် ဆန်းသစ်တီထွင်မှုများ ပြုလုပ်ရာတွင်လည်း အသိပညာဗဟုသုတရှိခြင်းဖြင့် နည်းပညာအသစ်များနှင့် ရှာဖွေတွေ့ရှိမှုအသစ် များကို ဖန်တီးရရှိစေနိုင်ပါသည်။ သို့ရာတွင် အသိပညာဗဟုသုတရှိရုံမျှဖြင့် ပြည့်စုံလုံလောက်ပြီဟု မဆိုနိုင်ပေ။ အဆိုပါ အသိပညာဗဟုသုတများကို လက်တွေ့အသုံးချရန်နှင့် သက်ဆိုင်ရာ ကျွမ်းကျင်မှုများ၊ အရည်အသွေးများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ရန်လည်း လိုအပ်ပါသည်။ အသိပညာ ဗဟုသုတ၊ ကျွမ်းကျင်မှုနှင့် လက်တွေ့ဆောင်ရွက်ချက်များကို ပေါင်းစပ်လုပ်ဆောင်နိုင်မှသာ မတူညီသည့် အပြုသဘောဆောင်သော ပြောင်းလဲမှုအသစ်များကို ဖန်တီးနိုင်မည်ဖြစ်ပါသည်။

ဥပဒေရေးရာအသိပညာများ တိုးမြင့်လာခြင်းသည် နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် အရေး ကြီးသည့် ပြောင်းလဲမှုတစ်ရပ်ဖြစ်သည့်အပြင် အဖွဲ့အစည်းတစ်ရပ်အနေဖြင့် လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အထောက်အပံ့ကောင်းတစ်ရပ်လည်း ဖြစ်ပါသည်။ စာရေးသူတို့အနေဖြင့် ဥပဒေရေးရာဝန်ကြီးဌာနမှ ဥပဒေအသိပညာဗဟုသုတများစွာ သင်ယူလေ့လာနိုင်ခဲ့သည့်အတွက် မိမိတို့၏ အသိပညာကို မြှင့်တင်နိုင်ခဲ့သည်။ နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၃) သင်တန်းတွင် တက်ကြွစွာဆွေးနွေးပို့ချပေးခဲ့ကြသည့်အပြင် အသိပညာဗဟုသုတများ မျှဝေပေး ခဲ့ကြသည့် ဥပဒေပညာရှင် ဆရာကြီး ဆရာမကြီးများအား သင်တန်းသားများအနေဖြင့် လေးစား အသိအမှတ်ပြုပါကြောင်း တင်ပြအပ်ပါသည်။     ။