Skip to main content

သမားရိုးကျမဟုတ်သည့် လုံခြုံရေးစိန်ခေါ်မှုများနှင့် မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုများ

နန္ဒာလွင်မိုး(Myanmar-ISIS)

မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (Myanmar Institute of Strategic and Internation- al Studies)က ကြီးမှူးပြီး မဲခေါင်-လန်ချန်းနိုင်ငံများအကြား သမားရိုးကျမဟုတ်သော လုံခြုံရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဆွေးနွေးပွဲ (Seminar: Cooperation on Non-Traditional Security Matters among Mekong Lancang Countries) ကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့ Chatrium ဟိုတယ်၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ မဖော်ပြမီ မဲခေါင်-လန်ချန်းနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုယန္တရားနှင့် စပ်လျဉ်း၍ အနည်းငယ်မျှတင်ပြလိုပါသည်။ ဤ နေရာ၌ “မဲခေါင်-လန်ချန်း” အခေါ်အဝေါ် နှင့် “လန်ချန်း-မဲခေါင်” အခေါ်အဝေါ်ကို အနည်းငယ်ရှင်းပြလိုပါသည်။

မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှုအစ

အရှေ့အာရှနိုင်ငံဖြစ်သော တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်စသည့် ခြောက်နိုင်ငံမှ လူဦးရေ ၃၂၆ သန်းကျော်၏ ဘုံအကျိုးစီးပွားနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုစတင်စေခဲ့သည့် မဲခေါင် (သို့မဟုတ်)လန်ချန်းမြစ်သည် မိုင်ပေါင်း ၂၇၀၀ ကျော်ရှည်လျားပြီး ကမ္ဘာတွင်(၁၂)စင်းမြောက် အရှည်ဆုံးမြစ်တစ်စင်းဖြစ်ပါသည်။ တရုတ်နိုင်ငံအနောက်တောင်ပိုင်း တိဗက်ကုန်းမြင့်ဒေသတွင် မြစ်ဖျားခံ၍ ဖော်ပြပါခြောက်နိုင်ငံကို ဖြတ်သန်းလျက် ဗီယက်နမ်မြစ်ဝှမ်းဒေသကို ဖြတ်သန်းပြီး တောင်တရုတ်ပင်လယ် အတွင်းစီးဝင်သွားသော အဆိုပါမြစ်ကို တရုတ်နိုင်ငံတွင် လန်ချန်းမြစ်ဟုခေါ်ဆို ပြီး ကျန်ဖြတ်သန်းစီးဆင်းရာ နိုင်ငံများက မဲခေါင်မြစ်ဟု ခေါ်တွင်ကြပါသည်။

၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံ နေပြည်တော်၌ ကျင်းပခဲ့သော (၁၇) ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးတွင် မဲခေါင်ဒေသတွင်းနိုင်ငံများအကြား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကွာဟချက် လျှော့ချနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုယန္တရား တစ်ခုထူထောင်နိုင်ရေးစတင်ဆွေးနွေးခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် တရုတ်နိုင်ငံ ဆန်းယမြို့၌ ကျင်းပခဲ့သည့် ပထမအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးတွင် “မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု (Mekong-Lancang Cooperation-MLC)”ယန္တရားကို တည်ထောင်ခဲ့ပါသည်။

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များ

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအဓိကမဏ္ဍိုင်(၃)ခု (MLC Cooperation Pillars)ဖြစ်သည့် နိုင်ငံရေးနှင့် လုံခြုံရေးမဏ္ဍိုင်(Political and Security)၊ စီးပွားရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးမဏ္ဍိုင် (Economic and Sustainable Development)နှင့်လူမှုရေး၊ ယဉ်ကျေးမှုနှင့်ပြည်သူအချင်းချင်း အပြန်အလှန်ထိတွေ့ဆက်ဆံရေးမဏ္ဍိုင် (Social, Cultural and People-to-People Exchange)နှင့် ဦးစားပေးကဏ္ဍ (MLC Priority Cooperation Areas) (၅)ခုဖြစ်သည့် ပေါင်းစည်းဆက်နွှယ်မှု၊ ထုတ်လုပ်မှုစွမ်းရည်တိုးမြှင့်ရေး ပူးပေါင်းဆောင်ရွက်မှု၊ နယ်စပ်ဖြတ်ကျော်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ရေအရင်းအမြစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် စိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတို့ပါဝင်သည့် (5+3 Framework) လုပ်ငန်းမူဘောင်ကိုချမှတ်၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ် တွင် ကျန်းမာရေးကဏ္ဍ၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် ထိခိုက်ပျက်စီးမှုလျှော့ချရေးကဏ္ဍ၊ သစ်တောကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ၊ အကောက်ခွန်နှင့် ကုန်ပစ္စည်း အရည်အသွေးစစ်ဆေးမှုကဏ္ဍ၊ ယဉ်ကျေးမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကဏ္ဍ၊ ခရီးသွားလာရေးကဏ္ဍ၊ ပညာရေးကဏ္ဍနှင့် မီဒီယာကဏ္ဍ စသည့်ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ခဲ့ပါသည်။

အဖွဲ့ဝင်နိုင်ငံများ၏ မိသားစုစိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းကြောင့် အဖွဲ့၏သက်တမ်းသည် နုနယ်သော်လည်း လက်တွေ့ဆန်ပြီး ထိရောက်သည့် လူထုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းအခြေပြု ပူးပေါင်းဆောင်ရွက်မှု ယန္တရားတစ်ရပ်အဖြစ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကြီးသည် အောင်မြင်စွာရပ်တည်နိုင်လျက်ရှိပါသည်။

သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲ ကျင်းပခြင်း

သိပ္ပံနှင့်နည်းပညာရပ်များ စက္ကန့်နှင့်အမျှ တိုးတက်လာမှု၏ကောင်းကျိုးများကို မိမိတို့ကမ္ဘာသူကမ္ဘာသားတိုင်း စံစားနေရသကဲ့သို့ ဆိုးကျိုးများကိုလည်း ကြုံတွေ့ခံစားနေကြရပါသည်။ နိုင်ငံအသီးသီးတွင် မိမိတို့နိုင်ငံ၏ အနေအထားနှင့်ကိုက်ညီသည့် ပြည်တွင်းဥပဒေများ၊ နည်းဥပဒေများအသုံးပြု၍ နည်းပညာရပ်၏ ကောင်းကျိုးဆိုးကျိုးများကို ချိန်ခွင်လျှာညီမျှစေရန် ဆောင်ရွက်လျက်ရှိပါသည်။ ထို့အတူ မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများသည်လည်း နည်းပညာ တိုးတက်လာမှု၏ နောက်ဆက်တွဲကောင်းကျိုးများကို တူညီစွာလက်တွဲအသုံးချနိုင်ရေးနှင့် ဆိုးကျိုးများကို ရင်ဆိုင်ဖြေရှင်းနိုင်ရေးတို့ကို ဝိုင်းဝန်းအဖြေရှာ ဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့သည် ယနေ့ခေတ်လူသားတစ်ဦးချင်း၊ တစ်ယောက် ချင်းနီးပါးကြုံတွေ့နေရသည့် နည်းပညာဆိုးကျိုးများနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဝိုင်းဝန်းအဖြေရှာနိုင်ရန်အလို့ငှာ မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများမှ ပညာရှင်များအားဖိတ်ကြားပြီး သမားရိုးကျမဟုတ်သော လုံခြုံရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲကို အပိုင်းနှစ်ပိုင်းခွဲ၍ ကျင်းပခဲ့ပြီး ပထမအပိုင်းတွင် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများဖြစ်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ အွန်လိုင်းလောင်းကစား၊ လိမ်လည်မှု၊ ဆိုက်ဘာရာဇဝတ်မှုတို့နှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယပိုင်းတွင် စားရေရိက္ခာလုံခြုံရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့နှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးမှုများသည် တရုတ်၏ Global Security Initiative (GSI)၊ Global Development Initiative(GDI)၊ Global Civilization Initiative (GCI) တို့နှင့် ဆက်စပ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးကတက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ဥက္ကဋ္ဌတို့ကလည်း မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဆွေးနွေးပွဲနှင့် စပ်လျဉ်း၍လည်းကောင်း အသီးသီးအမှာစကားပြောကြားခဲ့ကြပါသည်။

ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ အဖွဲ့ဝင်များအပြင် မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံ ခြောက်နိုင်ငံရှိ အသိပညာရှင်အဖွဲ့အစည်းများဖြစ်သည့် Cambod- ian Institute for Cooperation and Peace၊ China Institute of International Studies၊ International Studies Center in Thailand၊ Institute of Foreign Affairs in Laos PDR၊ Institute for Southeast Asian Studies in Vietnam နှင့် ရန်ကုန်တက္ကသိုလ်တို့မှ ပါမောက္ခများ၊ သုတေသီများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ပါဝင်ဆွေးနွေးခဲ့ကြပြီး ကျောင်းသား ကျောင်းသူများနှင့် ရန်ကုန်မြို့ရှိ မဲခေါင်-လန်ချန်းနိုင်ငံများ၏ သံရုံးများမှ ကိုယ်စားလှယ်များလည်း တက်ရောက်လေ့လာခဲ့ကြပါသည်။ ဆွေးနွေးပွဲ၌ အသိပညာရှင်/ အတတ်ပညာရှင်များသည် အောက်ဖော်ပြပါကိစ္စရပ်များနှင့် အကြံပြုချက်များကို ဆွေးနွေးပြောကြားခဲ့ပါသည်။

(ဆက်လက်ဖော်ပြပါမည်)