Skip to main content

နိုင်ဂျာနိုင်ငံမှ နိုင်ငံရေးသင်ခန်းစာ

မျိုးငြိမ်းငယ်

အနောက်အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ နိုင်ဂျာနိုင်ငံမှာ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က နိုင်ဂျာသမ္မတ မိုဟာမက်ဘာဇွမ်ကို သမ္မတရဲ့အစောင့်တပ်က ထိန်းသိမ်းလိုက်ပါတယ်။ နိုင်ဂျာနိုင်ငံရဲ့ဖြစ်စဉ်အပေါ် ရှုထောင့်အမျိုးမျိုး၊ အမြင်အမျိုးမျိုးနဲ့ ချဉ်းကပ်နေကြပါတယ်။

အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ နိုင်ဂျာနိုင်ငံဟာ ၁၉၆၀ ပြည့်နှစ်ကမှ ပြင်သစ်ဆီကလွတ်လပ်ရေးရခဲ့တာပါ။ နိုင်ဂျာနိုင်ငံဟာ အနောက်အာဖရိကမှာရှိတဲ့ ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အနောက်အာဖရိကမှာ အကြီးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ နယ်မြေအကျယ်အဝန်းအနေနဲ့ စတုရန်းကီလိုမီတာ ၁၂ သိန်းနီးပါးရှိပါတယ်။ နိုင်ငံ့ဧရိယာရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာ ဆာဟာရသဲကန္တာရဖြစ်ပါတယ်။ လူဦးရေအနေနဲ့ ၂၄ ဒသမ ၄ သန်းရှိပါတယ်။ ၂၀၂၃ ခုနှစ် ဘက်စုံဆင်းရဲမွဲတေမှု ညွှန်းကိန်းတွေအရ နိုင်ဂျာနိုင်ငံဟာ ကမ္ဘာမှာ အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံပါ။

ပြည်တွင်းနောက်ခံအခြေအနေ

နိုင်ဂျာနိုင်ငံဟာ ၁၉၂၂ ခုနှစ်မှာ ပြင်သစ်တို့ရဲ့အနောက်အာဖရိကအတွင်းက ကိုလိုနီနယ်မြေတစ်ခုဖြစ်ခဲ့ပါတယ်။ ၁၉၅၈ ခုနှစ်မှာ ပြင်သစ်ကိုလိုနီအတွင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တစ်ခုဖြစ်ခဲ့ပြီး ၁၉၆၀ ပြည့်နှစ်မှာ လွတ်လပ်ရေးရရှိခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက်မှာ တစ်ပါတီစနစ်နဲ့ အုပ်ချုပ်ခဲ့ပါတယ်။ အဲဒီကာလအတွင်း စီးပွားရေးအခက်အခဲတွေ၊ မူးယစ်ဆေးဝါး၊ အကျင့်ပျက်ခြစားမှုနဲ့ စားရေရိက္ခာပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ နိုင်ဂျာနိုင်ငံဟာ ပြင်သစ်တို့ဆီကနေ လွတ်လပ်ရေးရပြီးတဲ့ နှစ်ပေါင်း ၆၀ ကျော်အတွင်းမှာ အာဏာသိမ်းမှုငါးကြိမ်နဲ့ မငြိမ်မသက်မှုတွေဆက်တိုက်ဖြစ်ခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်က နိုင်ဂျာနိုင်ငံမှာ ပါတီစုံရွေးကောက်ပွဲကျင်းပခဲ့ပြီး အရပ်ဘက်အစိုးရ တက်လာခဲ့ပါတယ်။ ၁၉၉၀ နဲ့ ၉၅ အကြားမှာ အငတ်ဘေးပြဿနာတွေကြောင့် နိုင်ဂျာမြောက်ပိုင်းမှာ တော်လှန်ပုန်ကန်မှုတွေ ဖြစ်ပွားခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ တပ်မတော်က အာဏာရယူခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာလည်း နိုင်ဂျာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် မကြာခဏမိုးခေါင်တာနဲ့ ဆင်းရဲမွဲတေမှုတွေကြောင့် နိုင်ဂျာနိုင်ငံဟာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ နိုင်ငံရဲ့စီးပွားရေးတိုးတက်ဖို့အတွက် ရေနံတူးဖော်တာ၊ ရွှေတူးဖော်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ဂျာနိုင်ငံဟာ ကမ္ဘာမှာယူရေနီယံအများဆုံးထုတ်လုပ်တဲ့ သတ္တမမြောက်နိုင်ငံဖြစ်ပြီး ကမ္ဘာ့ယူရေနီယံထွက်ရှိမှု စုစုပေါင်းရဲ့ ငါးရာခိုင်နှုန်းရှိတဲ့နိုင်ငံပါ။ ဒါပေမဲ့လည်း နိုင်ငံရေးအကျပ်အတည်းတွေနဲ့ စီးပွားရေးကျဆင်းမှုတွေကြောင့် နိုင်ဂျာနိုင်ငံမှာ မတည်ငြိမ်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။

၂၀၁၁ ခုနှစ်ကစတင်ပြီး နိုင်ငံအနောက်မြောက်ဘက်နဲ့ အနောက်တောင်ဘက်ဒေသတွေမှာ အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တဲ့အပြင် အရှေ့မြောက်ဘက်မှာ ဘိုကိုဟာရမ်နဲ့ အခြားအကြမ်းဖက်အဖွဲ့တွေကြောင့် တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ နိုင်ငံရဲ့အရှေ့တောင်ပိုင်းဘက်မှာ ခွဲထွက်ရေးလှုံ့ဆော်မှုတွေကြောင့် မငြိမ်သက်မှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

အနောက်အုပ်စုလွှမ်းမိုးမှု

နိုင်ဂျာနိုင်ငံရဲ့ အကျပ်အတည်းဟာ ဒေသတွင်းကို ရုရှားနိုင်ငံရဲ့ အာဏာလွှမ်းမိုးမှုနဲ့ အခြားမငြိမ်သက်မှုတွေကြောင့်လို့ အနောက်နိုင်ငံတွေကရှုမြင်ကြပါတယ်။ တစ်ဖက်မှာလည်း နိုင်ဂျာနိုင်ငံအတွင်းက စစ်သွေးကြွသောင်းကျန်းမှုကို တိုက်ဖျက်ရာမှာ ကူညီဖို့အတွက် နိုင်ဂျာနိုင်ငံအတွင်းမှာ ပြင်သစ်နဲ့ အမေရိကန် စစ်အခြေစိုက်စခန်းတွေကို လက်ခံထားပါတယ်။ နိုင်ဂျာနိုင်ငံ မြို့တော် Niamey ရှိ နိုင်ငံတကာလေဆိပ်အနီးက လေတပ်အခြေစိုက်စခန်း ၁၀၁ ဟာ အမေရိကန်နဲ့ ပြင်သစ် တပ်ဖွဲ့တွေအတွက် ပူးတွဲမစ်ရှင်နေရာတစ်ခုအဖြစ် အသုံးပြုနေပါတယ်။ အခြေစိုက်စခန်းမှာ အမေရိကန် တပ်ဖွဲ့ဝင် ၈၀၀ ခန့်နဲ့ ပြင်သစ်တပ်ဖွဲ့ဝင် ၁၅၀၀ ခန့်ရှိနေပြီး စစ်ဘက်နဲ့ အရပ်ဘက်လေ့ကျင့်ရေး မစ်ရှင်နှစ်ခုလုံးအတွက် ဥရောပနိုင်ငံတွေက တပ်ဖွဲ့ဝင်တွေလည်းရှိနေပါတယ်။ ဒါ့အပြင် အခြေစိုက်စခန်း ကို အနောက်နိုင်ငံတွေက စစ်လေယာဉ်အမျိုးမျိုးအတွက် အသုံးပြုနေကြပါတယ်။

အမေရိကန်နိုင်ငံက နိုင်ဂျာနိုင်ငံ Agadez ဒေသမှာ နိုင်ဂျာလေတပ်စခန်း ၂၀၁ လို့ခေါ်တဲ့ တန်ဖိုးကြီးမားတဲ့ ဒရုန်းအခြေစိုက်စခန်းတစ်ခု  တည်ဆောက်ထားပါတယ်။ အဲဒီအခြေစိုက်စခန်းဟာ အာဖရိကမှာရှိတဲ့ အမေရိကန်ရဲ့ ဒုတိယအကြီးမားဆုံး လေတပ်အခြေစိုက်စခန်းဖြစ်ပါတယ်။ နိုင်ဂျာနိုင်ငံမှာရှိတဲ့ စစ်ဘက်ဆိုင်ရာ လုပ်ဆောင်မှုတွေထဲမှာဆို အီးယူ၊ အီတလီ၊ ဂျာမနီနဲ့ အက်စတိုးနီးယားတို့လည်း ပါဝင်ပါတယ်။

တစ်ဖက်မှာ ရုရှားနိုင်ငံက နိုင်ဂျာနိုင်ငံနဲ့ အိမ်နီးချင်းမာလီနဲ့ ဘာကီနာဖာဆိုတို့နဲ့ နီးနီးကပ်ကပ်ဆက်ဆံရေး ထူထောင်ထားပါတယ်။ ဒါကြောင့် အာဖရိကနိုင်ငံတွေအတွက် ရုရှားနိုင်ငံက ပိုမိုကောင်းမွန်တဲ့ မဟာမိတ်အဖြစ် ယူဆထားကြပါတယ်။ ဩဂုတ်လအာဏာသိမ်းမှုဖြစ်ပွားစဉ်က နိုင်ဂျာလူထုဟာ ရုရှားအလံတွေဝှေ့ယမ်းပြီး ရုရှားကို ထောက်ခံကြောင်း ပြသခဲ့ကြပါတယ်။

ယူရေနီယံ

နိုင်ဂျာနိုင်ငံဟာ အာဖရိကရဲ့ အဆင့်မြင့်ဆုံး ယူရေနီယံသတ္တုရိုင်းတွေ ပိုင်ဆိုင်ထားပါတယ်။ နိုင်ဂျာနိုင်ငံရဲ့ ယူရေနီယံထုတ်လုပ်မှုအနေနဲ့ ကမ္ဘာမှာ သတ္တမအများဆုံးဖြစ်ပြီး ကမ္ဘာ့ထုတ်လုပ်မှုရဲ့ ငါးရာခိုင်နှုန်းရှိပါတယ်။ ပြင်သစ်နိုင်ငံက နိုင်ဂျာနိုင်ငံရဲ့ ယူရေနီယံထုတ်လုပ်တဲ့လုပ်ငန်းသုံးခုမှာ ရင်းနှီးမြှုပ်နှံထားပါတယ်။ အဲဒီလုပ်ငန်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို ပြင်သစ်တို့ ပိုင်ဆိုင်ထားပါတယ်။ ပြင်သစ်တို့အနေနဲ့ အဲဒီယူရေနီယံမိုင်းလုပ်ငန်းတွေ လုပ်ကိုင်နေတာ ဆယ်စုနှစ်လေးခုကျော်ပါပြီ။ ပြင်သစ်နိုင်ငံဟာ သူ့ရဲ့ နျူကလီးယားဓာတ်ပေါင်းဖိုတွေ လည်ပတ်ဖို့အတွက် နှစ်စဉ်ပျမ်းမျှ ယူရေနီယံတန်ချိန် ရှစ်ထောင်ခန့်လိုအပ်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ယူရေနီယံကို နိုင်ဂျာနိုင်ငံဆီကနေ တင်သွင်းနေပြီး ၂၀၀၅ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ်ကြားမှာ တန်ချိန် ၂၄၇၈၇ (၁၇ ဒသမ ၉ ရာခိုင်နှုန်း) ရှိခဲ့ပါတယ်။ ဒါ့အပြင် အခြားတင်ပို့မှုအနေနဲ့ ၂၀၂၂ ခုနှစ် အတွင်းမှာ အီးယူကိုယူရေနီယံ ဒုတိယအများဆုံးတင်သွင်းခဲ့ပြီး စုစုပေါင်းတင်သွင်းမှုရဲ့ ၂၅ ဒသမ ၃၈ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

ဒါပေမဲ့ ဇူလိုင်လ အာဏာသိမ်းပြီးနောက်မှာ နိုင်ဂျာအစိုးရသစ်က ပြင်သစ်နိုင်ငံကို ယူရေနီယံတင်သွင်းမှု ရပ်ဆိုင်းမယ်လို့ကြေညာခဲ့ပါတယ်။ နိုင်ဂျာနိုင်ငံက ယူရေနီယံတင်သွင်းတာကို ရပ်ဆိုင်းလိုက်တဲ့အတွက် ပြင်သစ်ရဲ့ နျူကလီးယားဓာတ်အားပေးကဏ္ဍကို လတ်တလောအားဖြင့် သိသိသာသာ အကျိုးသက်ရောက်မှုမရှိဘူးလို့ ဆိုပါတယ်။ အဲဒီလိုရပ်ဆိုင်းလိုက်တဲ့အတွက် နိုင်ဂျာနိုင်ငံအနေနဲ့ သူ့ရဲ့ယူရေနီယံတွေ ရောင်းချဖို့ဝယ်ယူသူအသစ် ရှာဖွေရမှာဖြစ်ပါတယ်။ နိုင်ဂျာနိုင်ငံရဲ့ ယူရေနီယံတွေကို ဝယ်ယူဖို့အဖြစ်နိုင်ဆုံးက တရုတ်နိုင်ငံဖြစ်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။

တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ

တရုတ်နိုင်ငံက နိုင်ဂျာနိုင်ငံမှာ စက်မှုဇုန်၊ ရေနံပိုက်လိုင်းနဲ့ ယူရေနီယံထုတ်လုပ်ဖို့ ဆွေးနွေးနေပါတယ်။ တရုတ်နိုင်ငံဟာ သူ့ရဲ့နျူကလီးယားအစီအစဉ်အတွက် ယူရေနီယံပမာဏများများရရှိဖို့ ရှာဖွေနေပါတယ်။ လွန်ခဲ့တဲ့တစ်လလောက်က တရုတ်အစိုးရပိုင် နျူကလီးယားစွမ်းအင်ကုမ္ပဏီဟာ နိုင်ဂျာနိုင်ငံအလယ်ပိုင်း Azelik မှာရှိတဲ့ သတ္တုတွင်းတစ်ခုမှ ယူရေနီယံထုတ်ယူမှုကို ပြန်လည်စတင်ဖို့အတွက် နိုင်ဂျာအစိုးရနဲ့ သဘောတူညီမှုရထားပြီး ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ပြင်သစ်နိုင်ငံပြီးရင် နိုင်ဂျာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုအတွင်း ရေနံနဲ့ ယူရေနီယံတူးဖော်ရေးအတွက် ဒေါ်လာဘီလီယံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံထားပါတယ်။ နိုင်ဂျာနိုင်ငံအတွင်းမှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏအနေနဲ့ ၂၀၂၀ ပြည့်နှစ်က အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၈ ဘီလီယံရှိခဲ့ပါတယ်။ ဒါ့အပြင် ၂၀၀၉ ခုနှစ်က နိုင်ဂျာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် တရုတ်နိုင်ငံက ချေးငွေအမေရိကန်ဒေါ်လာ ၉၀ ဒသမ ၉၃ သန်း ပေးအပ်ခဲ့ပါတယ်။

နောက်ခံအကြောင်းရင်း

နိုင်ဂျာနိုင်ငံ အာဏာသိမ်းမှုဖြစ်စဉ်ဖြစ်ပွားရတဲ့ အကြောင်းရင်းက အင်အားကြီးနိုင်ငံတွေရဲ့ ပြိုင်ဆိုင်မှုတစ်ခုတည်းမဟုတ်ပါဘူး။ ပြည်တွင်းမငြိမ်သက်မှု၊ လုံခြုံရေးအခြေအနေ၊ စီးပွားရေးကျဆင်းမှုနဲ့ အစိုးရရဲ့စွမ်းဆောင်ရည်အားနည်းမှုစတဲ့ အခြေခံအကြောင်းရင်းများစွာလည်း ပါဝင်ပါတယ်။ နိုင်ငံရဲ့ နယ်စပ်ဒေသတွေမှာ ဂျီဟတ်စစ်သွေးကြွမှုနဲ့ လူမျိုးရေးအကြမ်းဖက်မှုတွေ ကျယ်ပြန့်လာတဲ့အပြင် နိုင်ငံအတွင်း နိုင်ငံခြားတပ်ဖွဲ့တွေထားရှိတဲ့အပေါ် ဆန့်ကျင်နေတာတွေဟာ နိုင်ဂျာသမ္မတ မိုဟာမက် ဘာဇွမ်အတွက်အကျပ်အတည်းပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက ပြင်သစ်တပ်ဖွဲ့တွေ ချထားတာကို နိုင်ဂျာလူထုက ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။ အဲဒီဖြစ်စဉ်က နိုင်ဂျာနိုင်ငံမှာ ပြင်သစ်ဆန့်ကျင်မှုတိုးပွားလာနေတာကို မီးမောင်းထိုးပြနေတာဖြစ်သလို နိုင်ငံခြားတပ်ဖွဲ့တွေ ပိုမိုလက်ခံဖို့ အစိုးရရဲ့ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကြောင်း ဖော်ပြခဲ့ကြတာလည်းဖြစ်ပါတယ်။ နိုင်ဂျာနိုင်ငံမှာ အာဏာမသိမ်းခင်ကရော အာဏာသိမ်းပြီးနောက်မှာပါ အနောက်နိုင်ငံတွေက စစ်စခန်းဖွင့်အသုံးပြုနေကြတာကို လက်မခံခဲ့ကြပါဘူး။

အကျိုးစီးပွားပြိုင်ဆိုင်မှုအကျိုးဆက်

နိုင်ဂျာအာဏာသိမ်းမှုကို အင်အားသုံးဖြေရှင်းဖို့အတွက် Ecowas အဖွဲ့ခေါင်းဆောင်တွေက တပ်ဖွဲ့တစ်ရပ်အသင့်ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ Ecowas က နိုင်ဂျာအကျပ်အတည်းကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့ကြိုးစားမှာဖြစ်ပေမယ့် အဲဒီနည်းလမ်းကို နောက်ဆုံးအခြေအနေမှသာ အသုံးပြုသွားမယ်လို့ နိုင်ဂျီးရီးယား သမ္မတဘိုလာတီနူဘူက ဩဂုတ်လ ၁၀ ရက်နေ့က ပြောပါတယ်။ Ecowas ရဲ့ဆုံးဖြတ်ချက်ကို ပြင်သစ် နိုင်ငံကထောက်ခံကြောင်း ဖော်ပြခဲ့ပါတယ်။ Ecowas ရဲ့ စစ်ရေးအရေးယူမှုကြောင့် ကာလ ရှည်ကြာ ထိပ်တိုက်တွေ့ဆုံတာတွေ ဖြစ်လာနိုင်ကြောင်း ရုရှားက သတိပေးခဲ့ပါတယ်။ အမေရိကန်ကတော့ ဖြုတ်ချခံထားရတဲ့ မိုဟာမက်ဘာဇွမ်ကို ပြန်လည်ခန့်အပ်ဖို့ ကြိုးပမ်းတာတွေကိုထောက်ခံပြီး ဝဂ်နာအဖွဲ့ဟာ မတည်ငြိမ်မှုကို အခွင့်ကောင်းယူနေတယ်လို့ ပြောပါတယ်။ နိုင်ဂျာအစိုးရသစ်ကတော့ အခုဖြစ်ပွားတဲ့ အာဏာသိမ်းမှုဟာ ပြင်သစ်နဲ့ စစ်ရေးပူးပေါင်းလုပ်ဆောင်တာတွေ အားလုံးရဲ့အဆုံးသတ်ဖြစ်ပြီး ပြင်သစ်တပ်ဖွဲ့တွေ လက်ခံထားတာကိုလည်း ဖျက်သိမ်းသွားမယ်လို့ ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နိုင်ဂျာနိုင်ငံရဲ့ဖြစ်စဉ်အပေါ် အာဏာရှင်ဟောင်း ပြင်သစ်နိုင်ငံအပါအဝင် အင်အားကြီးနိုင်ငံတွေရဲ့ ခြေရှုပ်နေမှုဟာ ထင်သလောက် မရိုးရှင်းပါဘူး။ နိုင်ဂျာပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် မဟုတ်သလို ဒီမိုကရေစီထွန်းကားရေးအတွက်လည်း မဟုတ်ပါဘူး။ သူတို့ အကျိုးစီးပွားအတွက်သာ ဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီးကတည်းက နိုင်ဂျာနိုင်ငံဟာ နိုင်ငံရေး၊ စီးပွားရေး၊ ဂျီဟတ်စစ်သွေးကြွမှု၊ အကြမ်းဖက်မှုပဋိပက္ခစတဲ့ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ နိုင်ဂျာနိုင်ငံမှာ ယူရေနီယံ သယံဇာတတွေပိုင်ဆိုင်ထားပေမယ့် နိုင်ငံရဲ့စီးပွားရေးကတော့ ချွတ်ခြုံကျနေဆဲပါပဲ။ အခုဖြစ်စဉ်ကို အကြောင်းပြပြီး Ecowas က စစ်ရေးအရ ဝင်ရောက်စွက်ဖက်မယ်ဆိုရင် နိုင်ဂျာနိုင်ငံဟာ ပိုမိုဆိုးရွားတဲ့အခြေအနေတွေနဲ့ ဆက်ပြီးရင်ဆိုင်ရဦးမှာပါ။ နိုင်ဂျာပြည်သူတွေကတော့ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မယ်ဆိုတဲ့ Ecowas ရဲ့ ဆုံးဖြတ်ချက်ကို ဒေါသတကြီး တုံ့ပြန်နေကြပါတယ်။

အခုဆိုရင် နိုင်ဂျာနိုင်ငံဟာ ပြည်တွင်းပြဿနာတွေအပြင် အင်အားကြီးနိုင်ငံတွေရဲ့ စွက်ဖက်မှုအောက် ရောက်နေပါတယ်။ ကမ္ဘာမှာ ဒီမိုကရေစီစနစ်၊ လူ့အခွင့်အရေး၊ ဈေးကွက်စီးပွားရေးစနစ် ဆိုတာတွေဟာ လူသားတစ်ဦးချင်းနဲ့ လူ့အဖွဲ့အစည်းအတွက် အကျိုးရှိကြပါတယ်။ ဒါပေမဲ့လည်း အင်အားကြီးနိုင်ငံအချို့ဟာ ဒီမိုကရေစီတွေ၊ လူ့အခွင့်အရေးတွေကို အသုံးချပြီး နိုင်ငံငယ်တွေအပေါ် လွှမ်းမိုးအသုံးချဖို့ ကြိုးစားနေကြပါတယ်။ ခေတ်သစ်ကိုလိုနီစနစ်ရဲ့ နည်းလမ်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ အဲဒီလို ကြီးနိုင်ငယ်ညှဉ်းဖြစ်စဉ်တွေရှိနေသမျှ ကမ္ဘာကြီးမှာ ပဋိပက္ခတွေ၊ တင်းမာမှုတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ရှိနေဦးမှာ ဖြစ်ပါတယ်။ ။

ကိုးကား

၁။ https://www.bbc.com/news/world-africa-13943662

၂။ https://en.wikipedia.org/wiki/Niger

၃။ https://www.aa.com.tr/en/africa/western-military-presence-in-niger-faces-uncertainty-following-coup/ 2959863

၄။ https://www.bbc.com/news/world-africa-66365376