Skip to main content

နိုင်ငံတကာလူငယ်များနေ့နှင့် အစိမ်းရောင်ကျွမ်းကျင်မှု

သိန်းထွန်း (IR)

နှစ်စဉ် ဩဂုတ်လ ၁၂ ရက်နေ့ဟာ နိုင်ငံတကာလူငယ်များနေ့ဖြစ်ပါတယ်။ လူငယ်များနဲ့ပတ်သက်လို့ ကမ္ဘာတစ်ဝန်း အသိပညာကျယ်ပြန့်စေဖို့အတွက် နိုင်ငံတကာလူငယ်များနေ့ကို ကမ္ဘာတစ်ဝန်း နှစ်စဉ်ကျင်းပလျက်ရှိပါတယ်။

၁၉၉၉ ခုနှစ်မှာ ကုလသမဂ္ဂက ဆုံးဖြတ်ချက် အမှတ် ၅၄/၁၂၀ နဲ့ ဩဂုတ်လ ၁၂ ရက်နေ့ကို နိုင်ငံ တကာလူငယ်များနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ် ဩဂုတ်လ ၁၂ ရက်နေ့မှစပြီး နိုင်ငံ တကာလူငယ်များနေ့ကို ကျင်းပခဲ့ပါတယ်။ အခုဆိုရင် နိုင်ငံတကာလူငယ်များနေ့ ကျင်းပခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပါပြီ။ ဒီလိုနှစ်စဉ်ကျင်းပခဲ့တဲ့ နိုင်ငံတကာလူငယ်များနေ့မှာ လူငယ်တွေနဲ့ဆိုင်တဲ့ ဆောင်ပုဒ်တွေချမှတ်ပြီး သက်ဆိုင်ရာနိုင်ငံတွေအလိုက် အကောင်အထည်ဖော်ကြပါတယ်။ အခု ၂၀၂၃ ခုနှစ် နိုင်ငံတကာလူငယ်များနေ့အတွက် ဆောင်ပုဒ်ကတော့ “Green Skills for Youth: Towards a Sustainable World” ဖြစ်ပါတယ်။ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကိုဦးတည်တဲ့ လူငယ်တွေအတွက် အစိမ်းရောင်ကျွမ်းကျင်မှုတွေ ရရှိစေဖို့ပါ။

သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့အစိမ်း ရောင်အပြောင်းအလဲနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဟာ လူထုအတွင်း အစိမ်းရောင်ကျွမ်းကျင်မှုတိုးတက်လာမှုအပေါ် များစွာတည်မှီနေပါတယ်။ ပြည်သူ လူထုအတွင်းမှာ အစိမ်းရောင်ကျွမ်းကျင်မှု တိုးတက်ပျံ့နှံ့လာလေ ပြောင်းလဲမှုထိရောက်တိုးတက်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးပေးနိုင်မှာပါ။ ဒါကြောင့် အစိမ်းရောင်အသွင်ကူးပြောင်းရေး အောင်မြင်ဖို့နဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အဓိကအခန်းကဏ္ဍမှာ ပါဝင်နေတဲ့လူငယ်တွေကို အစိမ်းရောင်ကျွမ်းကျင်မှု ဖြည့်ဆည်းပေးနိုင်ဖို့ အခုနှစ် နိုင်ငံတကာလူငယ်များနေ့မှာ အဓိက တိုက်တွန်းထားတာကို တွေ့ရပါတယ်။

အစိမ်းရောင်ကျွမ်းကျင်မှု

အစိမ်းရောင်ကျွမ်းကျင်မှုတွေဆိုတာက “အသိ ပညာ၊ အရည်အချင်း၊ တန်ဖိုးထားမှုတွေနဲ့ နေထိုင် ရပ်တည်ဖို့အတွက် လိုအပ်တဲ့သဘောထားတွေ၊ ရေရှည်တည်တံ့ခိုင်မြဲပြီး သဘာဝရင်းမြစ်တွေကို အကျိုးရှိရှိအသုံးချတဲ့ လူ့အဖွဲ့အစည်းတစ်ခုအဖြစ်သို့ ပံ့ပိုးကူညီရေး တို့ဖြစ်တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

အစိမ်းရောင်ကျွမ်းကျင်မှုတွေက အသက်အရွယ်မရွေး လူတိုင်းနဲ့သက်ဆိုင်ပါတယ်။ လူတိုင်း နဲ့သက်ဆိုင်တာမှန်ပေမယ့် အဲဒီကျွမ်းကျင်မှုတွေက အစိမ်းရောင်အကူးအပြောင်းကို အချိန်ကြာမြင့်စွာ ပံ့ပိုးပေးနိုင်တဲ့ လူငယ်တွေအတွက် ပိုပြီးအရေးကြီးပါတယ်။ လူငယ်တွေဟာ လက်ရှိအချိန်ကာလကို ပိုင်ဆိုင်ထားကြသလို အနာဂတ်ကိုလည်း ပိုင်ဆိုင် ထားကြပါတယ်။ ဒါကြောင့် ကမ္ဘာကြီးမှာ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လူငယ်တွေမှာ အစိမ်းရောင် ကျွမ်းကျင်မှုတွေပိုင်ဆိုင်ဖို့ ပံ့ပိုးပေးကြရမှာဖြစ်ပါ တယ်။

အစိမ်းရောင်ကျွမ်းကျင်မှုများ၏ အရေးပါမှု

ကုလသမဂ္ဂက ကမ္ဘာကြီးကို အစိမ်းရောင်ကူးပြောင်းရေးလုပ်ဆောင်ရာမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍနဲ့ အစိမ်းရောင်ကျွမ်းကျင်မှုတွေရဲ့ အရေးပါမှုကို မီးမောင်းထိုးပြထားပါတယ်။ နိုင်ငံ အလိုက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်တွေ အကောင်အထည်ဖော်ကြရာမှာ လူငယ်တွေ ဟာ အစိမ်းရောင်အလုပ်အကိုင်တွေနဲ့ တိုက်ရိုက်ဆက်နွှယ်လျက်ရှိပါတယ်။

နိုင်ငံတကာ အလုပ်သမားအဖွဲ့ကြီးအဆိုအရ အစိမ်းရောင်အပြောင်းအလဲကြောင့် ၂၀၃၀ မှာ လူငယ်တွေအတွက် အလုပ်အကိုင် ၈ ဒသမ ၄ သန်း ဖန်တီးပေးနိုင်မယ်လို့ဆိုပါတယ်။ အဲဒီအလုပ်အကိုင်တွေဟာ အစိမ်းရောင်ထုတ်ကုန်ပစ္စည်းတွေ ထုတ်လုပ်ပေးခြင်းနဲ့ ဝန်ဆောင်မှုတွေပေးခြင်းဖြစ်ပါတယ်။ အဲဒီအလုပ်အကိုင်တွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့လုပ်ဆောင်မှုတွေကို ပံ့ပိုးကူညီပေးတဲ့အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ခြင်း ဒါမှမဟုတ် မူလအတိုင်းပြန်လည်ဖန်တီးခြင်းကို အထောက်အကူဖြစ်စေပါတယ်။

လူငယ်တွေအနေနဲ့ အစိမ်းရောင်ကျွမ်းကျင်မှုတွေ ပြည့်ဝနေမယ်ဆိုရင် သူတို့အနေနဲ့ ယိုယွင်းလာ နေတဲ့သဘာဝပတ်ဝန်းကျင်ကို အောင်မြင်အောင် ထိန်းသိမ်းနိုင်မှာဖြစ်ပြီး အခွင့်အလမ်းတွေလည်း ရရှိစေမှာဖြစ်ပါတယ်။ အစိမ်းရောင်ကျွမ်းကျင်မှုတွေနဲ့ပတ်သက်လို့ ကမ္ဘာတစ်ဝန်းမှာ အသိအမှတ်ပြု တာတွေ တိုးမြင့်နေပေမယ့် တွေ့ရှိချက်တွေအရဆိုရင် လူငယ်များကြားမှာ အဲဒီလိုကျွမ်းကျင်မှုတွေ အားနည်းနေတယ်လို့ဆိုပါတယ်။ အစိမ်းရောင် ကမ္ဘာကြီးတစ်ခုဆီ ပြောင်းလဲနေတဲ့အခြေအနေမှာ ကျွမ်းကျင်မှုကွာဟချက်တွေကြောင့် လူငယ်တွေ ပူးပေါင်းပါဝင်ဖို့အတွက် အခက်အခဲတွေရှိနေပါ တယ်။ တကယ်လို့များ အခုလိုအခက်အခဲတွေ ဆက်ရှိနေမယ်ဆိုရင် ၂၀၃၀ ပြည့်နှစ်မှာ လူငယ် ၆၀ ရာခိုင်နှုန်းကျော်ဟာ အစိမ်းရောင်စီးပွားရေးမှာ ရှင်သန်တိုးတက်ဖို့ လိုအပ်တဲ့ကျွမ်းကျင်မှုတွေ လျော့နည်းသွားနိုင်တယ်လို့ ကုလသမဂ္ဂကဆိုပါတယ်။ ဒါကြောင့် အစိမ်းရောင်ကျွမ်းကျင်မှုတွေ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် မူဝါဒတွေကိုက်ညီဖို့နဲ့ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးမှာ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာလူငယ်များနေ့ ဦးတည်ချက်

လူငယ်တွေမှာ အစိမ်းရောင်ကျွမ်းကျင်မှုတွေ ပြည့်ဝစေဖို့အတွက် ကုလသမဂ္ဂက ၂၀၂၃ ခုနှစ် နိုင်ငံတကာလူငယ်များနေ့ရည်မှန်းချက် လေးချက်ချမှတ်ထားပါတယ်။ အဲဒီရည်မှန်းချက်မှာ အစိမ်း ရောင်ကျွမ်းကျင်မှုတွေမြှင့်တင်ရေးနဲ့ အစိမ်းရောင်အပြောင်းအလဲမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍ မြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်ရမှာတွေ ပါဝင်ပါတယ်။ အဲဒီဦးတည်ချက်တွေကတော့ -

၁။      အစိမ်းရောင်အသွင် ကူးပြောင်းရေးမှာ လူငယ်တွေရဲ့ အဓိကအခန်းကဏ္ဍကို မီးမောင်းထိုးပြ ရင်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် အစိမ်းရောင်ကျွမ်းကျင်မှုတွေ နဲ့ သူတို့ရဲ့ဆက်စပ်မှုကို အသိပညာပေးမြှင့်တင်ရန်၊

၂။       အစိမ်းရောင်အတတ်ပညာဟာ လူငယ်တွေအတွက် အရေးပါတာကို သက်ဆိုင်သူတွေ သိရှိနားလည်စေဖို့အတွက် လိုအပ်တဲ့အသိပညာနဲ့ သတင်းအချက်အလက်တွေကို ပံ့ပိုးပေးရန်၊

၃။      လူငယ်တွေကြားမှာ အစိမ်းရောင်ကျွမ်းကျင်မှုတွေ ဖွံ့ဖြိုးတိုးတက်လာစေမယ့် မူဝါဒတွေနဲ့ လိုက်နာကျင့်သုံးမှုတွေပြသရန်၊

၄။      အထက်မှာပါတဲ့ အကြောင်းအရာတွေ နဲ့ပတ်သက်လို့ သက်ဆိုင်သူတွေအကြား အမြင်ချင်း ဖလှယ်ဖို့အတွက် အားလုံးပါဝင်တဲ့ ပလက်ဖောင်းတစ်ခု ပံ့ပိုးပေးရန်တို့ဖြစ်ပါတယ်။

အရေးပါသည့် လူငယ်အင်အား

လူငယ်ဆိုတဲ့ အသက်အုပ်စုသတ်မှတ်ချက်နဲ့ပတ်သက်လို့ အများသဘောတူထားတဲ့ နိုင်ငံတကာ အဓိပ္ပာယ်ဖွင့်ဆိုချက်မရှိသေးပါဘူး။ ဒါပေမဲ့ စာရင်းဇယားတွေမှာ အသုံးပြုဖို့အတွက် ကုလသမဂ္ဂက လူငယ်ဆိုတာ အသက် (၁၅) နှစ်နဲ့ (၂၄) နှစ်အကြား ရှိတဲ့သူကို လူငယ်အဖြစ် သတ်မှတ်ထားပါတယ်။ ဒီသတ်မှတ်ချက်အပေါ်မူတည်ပြီး ကုလသမဂ္ဂက လူဦးရေပျံ့နှံ့မှု၊ ပညာရေး၊ အလုပ်အကိုင်နဲ့ ကျန်းမာရေးဆိုင်ရာအချက်အလက်တွေမှာ အသုံးပြုလျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် လူငယ်ရဲ့အသက်သတ်မှတ်ချက်ကို လူငယ်ရေးရာမူဝါဒ၊ အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ “လူငယ်ဆိုသည်မှာ အသက်အပိုင်း အခြား ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိ မြန်မာနိုင်ငံသား များကို ဆိုလိုသည် လို့ သတ်မှတ်ထားပါတယ်။

ကုလသမဂ္ဂရဲ့ အသက်သတ်မှတ်ချက်အရ ဒီကနေ့လူငယ်ပမာဏအနေနဲ့ ၁ ဒသမ ၂ ဘီလီယံ ရှိပြီး ကမ္ဘာ့လူဦးရေရဲ့ ၁၆ ရာခိုင်နှုန်းရှိကြောင်း ကုလသမဂ္ဂစာရင်းတွေအရ သိရပါတယ်။ မြန်မာ နိုင်ငံမှာဆိုရင် ၂၀၁၄ သန်းခေါင်စာရင်းအရလူငယ်ဦးရေဟာ မြန်မာနိုင်ငံလူဦးရေရဲ့ ၃၃ ဒသမ ၈၁ ရာခိုင်နှုန်းရှိပါတယ်။ ကုလသမဂ္ဂရဲ့သတ်မှတ်ချက် အရဖြစ်ဖြစ်၊ မြန်မာနိုင်ငံရဲ့ သတ်မှတ်ချက်အရ ဖြစ်ဖြစ် လူငယ်ပမာဏဟာ သက်ဆိုင်ရာလူဦးရေရဲ့ ကြီးမားတဲ့အချိုးအစားတစ်ခုအနေနဲ့ ပါဝင်နေပါ တယ်။ အခုလို လူဦးရေအချိုးအစားပမာဏ ကြီးမားနေခြင်းဟာ သက်ဆိုင်ရာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောအင်အားတစ်ရပ်လို့ ဆိုနိုင်ပါတယ်။

လူငယ်များအတွက် လိုအပ်ချက်

ယနေ့လူငယ်တွေရဲ့အခြေအနေဟာယေဘုယျအားဖြင့် ယခင်မျိုးဆက်တွေထက် ပိုပြီးကောင်းမွန် တယ်လို့ ဆိုနိုင်ပါတယ်။ လူငယ်တွေရဲ့အခြေအနေတွေ ပိုမိုကောင်းမွန်တယ်ဆိုပေမယ့် လူငယ်အများစုဟာ ပညာရေး၊ ဆင်းရဲမွဲတေမှု၊ ကျန်းမာရေးစိန်ခေါ်မှု၊ အလုပ်အကိုင်ရရှိမှု၊ သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုပြောင်းလဲမှု၊ မူးယစ်ဆေး၊ ကျား/မ မညီမျှမှု၊ ရွှေ့ပြောင်းသွားလာမှုနဲ့ ပဋိပက္ခရဲ့အကျိုးဆက်တွေကို ပြင်းပြင်းထန်ထန်ခံစားနေရတာတွေ လည်း ရှိနေပါတယ်။ ဒီစိန်ခေါ်မှုတွေဟာ နေရာဒေသအလိုက် ကွဲပြားတာတွေတော့ရှိပါတယ်။ အချို့ဒေသ တွေမှာဆိုရင် ပြင်းထန်တဲ့စိန်ခေါ်မှုတွေကြောင့် လူငယ်တွေရဲ့အနာဂတ်နဲ့ နိုင်ငံရဲ့အနာဂတ်အပေါ် ဆိုးကျိုးသက်ရောက်နေတာလည်းရှိကြပါတယ်။

လူငယ်တွေအနေနဲ့ အချို့နေရာတွေမှာစိန်ခေါ်မှုတွေရှိတယ်ဆိုပေမယ့် တစ်ဖက်မှာလည်းတိုးတက် ပြောင်းလဲမှုနဲ့ အခွင့်အလမ်းများစွာရှိနေပါတယ်။ လူငယ်တွေအနေနဲ့ အခွင့်အလမ်းတွေကို ဖမ်းဆုပ် နိုင်ဖို့အတွက် မှန်ကန်တဲ့အရည်အချင်းတွေတိုးတက်ဖို့ လိုအပ်ပါတယ်။ လူမှုဆက်ဆံရေး၊ အသင်းအဖွဲ့စိတ်၊ ပိုင်းခြားဝေဖန်စဉ်းစားမှုနဲ့ လိုက်လျောညီထွေရှိမှု စတဲ့အရည်အသွေးတွေဟာ အသက်မွေးလုပ်ငန်းအတွက်သာမက ကိုယ်ပိုင်ဘဝအတွက်ပါ အရေးပါပါတယ်။ အထူးသဖြင့် အစိမ်းရောင်အပြောင်းအလဲ တွေကြိုးပမ်းနေချိန်မှာ အနာဂတ်တာဝန်တွေကို လက်ဆင့်ကမ်းယူကြမယ့် လူငယ်တွေမှာ အစိမ်းရောင်ကျွမ်းကျင်မှုတွေပြည့်ဝဖို့ ဝိုင်းဝန်းကြိုးပမ်း ကြရမယ့်အချိန် ဖြစ်ပါတယ်။

ရေရှည်ဖွံ့ဖြိုးတိုးတက်မှု

ကမ္ဘာကြီးဟာ ပြောင်းလဲမှုတွေနဲ့ တိုးတက်နေပါတယ်။ ဒါပေမဲ့ အခြားတစ်ဖက်မှာ လူသားတွေကို ရေရှည်ထိခိုက်စေနိုင်တဲ့ခြိမ်းခြောက်မှုတွေ ရှိနေပါတယ်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးလာမှုတွေဟာ လူသားတစ်ရပ်လုံးရဲ့ ရေရှည်ရှင်သန်ရပ်တည်ရေးနဲ့ တိုးတက်ရေးအတွက် ခြိမ်းခြောက်မှုတွေဖြစ်နေပါတယ်။ ပိုမို ပြင်းထန်လာတဲ့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုတွေကြောင့် အနာဂတ်အတွက် မသေချာမရေရာမှုတွေ ပိုပြီးဖြစ်နေတာ ကြာပါပြီ။ ဒါကို တားဆီးကာကွယ်ဖို့အတွက် ထိရောက်တဲ့ ကြိုးပမ်းအားထုတ်မှုတွေ လုပ်ဆောင်ကြရပါဦးမယ်။ အားလုံးပါဝင်ပြီး ထိရောက်တဲ့ တားဆီးကာကွယ်တာတွေ အားနည်း နေရင် အဲဒီရဲ့အကျိုးဆက်တွေက လက်ရှိမျိုးဆက်တွေကို ထိခိုက်စေရုံသာမကပါဘူး။ အနာဂတ် မျိုးဆက်သစ်တွေကိုလည်း ထိခိုက်စေပါလိမ့်မယ်။

ဒါကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်လာတဲ့ဆိုးကျိုး တွေကို ထိထိရောက်ရောက် တားဆီးကာကွယ်ရေးဟာ ဦးစားပေးကဏ္ဍတစ်ခုဖြစ်နေပါတယ်။ စကြ ဝဠာအတွင်းက တစ်ခုတည်းသောကမ္ဘာဆိုတဲ့အတိုင်း လူသားတို့ရဲ့ကမ္ဘာမြေကြီး ကျန်းမာနေမှ အနာဂတ်မျိုးဆက်တွေကို လက်ဆင့်ကမ်းနိုင်မှာပါ။ တစ်ဖက်မှာ ဖွံ့ဖြိုးရေးလုပ်တာမှန်ပေမယ့် တစ်ဖက် မှာ ကြီးမားတဲ့ပျက်စီးမှုတွေရှိနေရင် အိပ်ပေါက်နဲ့ ဖားကောက်သလိုပါပဲ။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဖို့နဲ့ ထိန်းသိမ်းကာကွယ်ဖို့အတွက် အစိမ်းရောင် တိုးတက်မှုဖြစ်အောင် မျိုးဆက်သစ်လူငယ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်မှသာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ကို ရနိုင်ပါလိမ့်မယ်။

လူငယ်များ၏အခန်းကဏ္ဍ

မြန်မာစကားမှာ ယနေ့လူငယ် နောင်ဝယ်လူကြီးလို့ဆိုပါတယ်။ လူငယ်တွေဟာ အနာဂတ်ကို ပိုင်စိုးသူတွေဖြစ်ပါတယ်။ ယနေ့လူငယ်တွေဟာ ဖွံ့ဖြိုးတိုးတက်ရေးမှာ ဦးစားပေးဖြစ်တယ်လို့ ကုလသမဂ္ဂကလည်း ဆိုထားပါတယ်။ ဒါကြောင့်မို့ ကမ္ဘာကြီးနဲ့ နိုင်ငံအလိုက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ လူငယ်တွေအနေနဲ့ အဓိကအခန်းကဏ္ဍကနေပါဝင်နိုင်အောင် လက်တွဲလုပ်ဆောင်ကြရမှာပါ။ လူငယ်တွေနဲ့ပူးပေါင်းလုပ်ဆောင်ခြင်းဟာ မျိုးဆက် တစ်ခုနဲ့တစ်ခုအကြား လက်ဆင့်ကမ်းခြင်းဖြစ်ပါတယ်။ မျိုးဆက်တွေအကြား မှန်ကန်တဲ့လက်ဆင့် ကမ်းမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေကသာ ရေရှည်တိုးတက်ရေးကို ဦးတည်နိုင်မှာဖြစ်ပါတယ်။

ဒီကနေ့ လူသားတွေနဲ့ သက်ရှိသတ္တဝါတွေအားလုံး ရင်ဆိုင်နေကြရတဲ့ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတွေဟာ နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခု၊ လူမျိုးတစ်စု တည်းကိုပဲ ထိခိုက်နေတာမဟုတ်ပါဘူး။ လူသား မျိုးနွယ်အားလုံး ရင်ဆိုင်နေကြရတာပါ။ ဒါကြောင့် ကမ္ဘာကြီးမှာ အစိမ်းရောင်အပြောင်းအလဲတွေ လုပ်ဆောင်နေကြပါတယ်။ အစိမ်းရောင်အပြောင်း အလဲက ကမ္ဘာကြီးပေါ်မှာရှိကြတဲ့ သက်ရှိ၊ သက်မဲ့ အားလုံးအတွက်ဖြစ်ပါတယ်။ အဲဒီအပြောင်းအလဲ မှာ အနာဂတ်ကို ဆက်လက်တာဝန်ယူကြမယ့် လူငယ်တွေဟာ အဓိကအခန်းကဏ္ဍမှာ ပါဝင်နေပါ တယ်။ ဒါကြောင့် အစိမ်းရောင်အပြောင်းအလဲကို ရေရှည်ပံ့ပိုးကူညီနိုင်မယ့် လူငယ်တွေရဲ့အရေးပါမှုကို ၂၀၂၃ ခုနှစ် နိုင်ငံတကာလူငယ်များနေ့ရဲ့ ဆောင်ပုဒ်အဖြစ် သတ်မှတ်ထားတာတွေ့ရပါတယ်။

ကြီးမားသောစွမ်းအား

လူငယ်တွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ကို ကိုယ်စားပြုနေရုံသာမကဘဲ လူ့အဖွဲ့အစည်းရဲ့ ပြောင်းလဲမှုနဲ့ တိုးတက်မှုတွေကို ကိုယ်စားပြုမှုတစ်ခုလို့လည်း ဆိုကြပါတယ်။ ဒါဟာ လူ့အဖွဲ့အစည်းတစ်ခုမှာ လူငယ်တွေရဲ့အရေးပါမှုနဲ့ ကြီးမားတဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။ ဒီတော့ ရေရှည်ဖွံ့ဖြိုးတိုးတက် ရေးလုပ်ဆောင်ရာမှာဖြစ်ဖြစ်၊ လက်ရှိရင်ဆိုင်နေရတဲ့အခက်အခဲတွေ ကျော်လွှားဖို့ပဲဖြစ်ဖြစ် လူငယ်တွေနဲ့ အပြည့်အဝပူးပေါင်းလုပ်ဆောင်နိုင်ဖို့ လူငယ်တွေကို ဘက်စုံမြှင့်တင်ပေးကြရမှာဖြစ်ပါတယ်။ လူငယ်တွေမှာ ဗလငါးတန်ပြည့်ဝလာတာနဲ့အမျှ နိုင်ငံနဲ့လူမှုအသိုက်အဝန်းအတွက် ထူးချွန်ထက်မြက်တဲ့ အရင်းအမြစ်တွေဖြစ်လာပြီး ကြီးမား တဲ့တွန်းအားတွေရရှိမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ကုလသမဂ္ဂအပါအဝင် နိုင်ငံအလိုက် လူငယ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ဆိုင်တဲ့ မူဝါဒတွေ၊ စီမံကိန်းတွေ ချမှတ်အကောင်အထည်ဖော်နေကြတာ ရှိပါတယ်။

အခုဆိုရင် ကမ္ဘာကြီးရဲ့အစိမ်းရောင်အပြောင်းအလဲမှာ လူငယ်တွေရဲ့ကဏ္ဍနဲ့ အစိမ်းရောင်ကျွမ်းကျင် မှုတွေ မြှင့်တင်ပေးဖို့ ရည်ရွယ်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီကနေ့ ကမ္ဘာမှာ အသက်(၁၀) နှစ် ကနေ (၂၄) နှစ်အတွင်းရှိတဲ့သူ ဦးရေ ၁ ဒသမ ၈ ဘီလီယံရှိနေပါတယ်။ သူတို့ထဲက ၉၀ ရာခိုင်နှုန်း ခန့်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ နေထိုင်နေကြပါတယ်။ သူတို့တစ်တွေဟာ နိုင်ငံတွေအတွက် ကြီးမားတဲ့ တွန်းအားအလားအလာတွေအဖြစ် ရှိနေပါတယ်။ သူတို့တစ်တွေကို လိုအပ်တဲ့ကျွမ်းကျင်မှုတွေနဲ့ အခွင့်အလမ်းတွေ ထောက်ပံ့ပေးခြင်း၊ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် အစိမ်းရောင်အပြောင်းအလဲနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးမှာ ထိရောက်တဲ့စွမ်းအား တွေ ရရှိနိုင်မှာဖြစ်ပါတယ်။ ။

ကိုးကား

၁။      Concept Note, International Youth Day 2023 (August 12)

၂။       လူငယ်ရေးရာမူဝါဒ၊ ၂၀၀၇