Skip to main content

 မြန်မာသတင်းစာသက်တမ်း ၁၈၇ နှစ်ပြည့်ခရီးနှင့် ၁၀၉ နှစ်ပြည့် သမိုင်းဝင် မြန်မာ့အလင်း (အပိုင်း- ၁)

သီဟစည်သူ

“သတင်းစာတွင် ဖော်ပြပါရှိသည့် ပြည်သူ့အရေးအခင်းတို့သည် ယနေ့အဘို့၌ “သတင်း ဖြစ်သော်လည်း နောက်နေ့တွင် “သမိုင်းအဖြစ်သို့ ရောက်ရှိသွားကြလေသည်။ ထို့ကြောင့် သတင်းစာများသည် သမိုင်းကို မှတ်တမ်းတင်နေကြသည်ဟု ဆိုရိုးရှိလေသည်။ ဤစကားသည် မှန်၏။ သို့သော် မပြည့်စုံသေးချေ။ သတင်းစာ၏ အခန်းကဏ္ဍကို တဝက်တပျက်မျှသာ ထပ်ဟပ်ခြင်းဖြစ်ပေသည်။ အကြောင်းသော်ကား သတင်းစာများသည် သမိုင်းကို မှတ်တမ်းတင်နေကြသည်သာမဟုတ်ဘဲ အနာဂတ်သမိုင်းကိုပါ ဖန်တီးနေကြ၍ ဖြစ်သည်။ ဤနေရာတွင် သတင်းစာဟုဆိုရာ၌ စာနယ်ဇင်းတရပ်လုံးကို ဆိုလိုခြင်းဖြစ်ပါသည်ဟု သတင်းစာဆရာကြီး ဇဝနက စာနယ်ဇင်းနှင့် နိုင်ငံရေးစာတန်းတွင် ရေးသားဖော်ပြခဲ့သည်။

သတင်းစာများသည် သမိုင်းကို ပြောနေကြသည် ဆိုသော စကားကိုမူ သတင်းစာဆရာကြီး လူထုဦးလှက မိန့်ဆိုခဲ့ခြင်းဖြစ်ပါသည်။ ထိုသို့သော အတိတ်သမိုင်းနှင့် အနာဂတ်ကိုပါ ပြောပြနေသော ခေတ်အဆက်ဆက် သတင်းစာများ၏ သမိုင်းကိုမူ သတင်းစာ ကဝိအဆူဆူတို့က သတင်းစာများမှ တစ်သွယ်၊ ဂျာနယ်များမှတစ်ဖုံ၊ စာအုပ် စာပေများမှတစ်နည်း အမျိုးမျိုးမှတ်တမ်း တင်ခဲ့ကြပေသည်။ ထိုထိုသော ခေတ်ဟောင်းသတင်းစာများထဲမှ စာရေးသူ ဖတ်ရှုလေ့လာမိ သလောက် သမိုင်းဝင် ထူးခြားချက်များအား အကျဉ်းမျှတင်ပြလိုပါသည်။

အမျိုးမျိုးသော မြန်မာသတင်းစာများ၏ မူလဘူတဇာစ်မြစ်ကို ဖော်ပြရမည်ဆိုလျှင်ကား ယခုအထိ တွေ့ရှိရသမျှ မြန်မာနိုင်ငံတွင် ထုတ်ဝေသော သတင်းစာများအနက် အစောဆုံးဟူ၍ အမှတ်အသား တွေ့ရှိရသည့် “မော်လမြိုင် ခရော်နီကယ်သတင်းစာ စတင်ထုတ်ဝေခဲ့သည်မှာ ၁၈၃၆ ခုနှစ် မတ် ၃ ရက် ဖြစ်သောကြောင့် ၂၀၂၃ ခုနှစ် မတ် ၃ ရက်က မြန်မာနိုင်ငံ သတင်းစာသက်တမ်း မှာ ၁၈၇ နှစ် ပြည့်၍ ၁၈၈ နှစ်ထဲသို့ ရောက်ရှိခဲ့ပေသည်။ မော်လမြိုင် ခရော်နီကယ် သတင်းစာမှာ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် သတင်းစာဖြစ်သည်။ မြန်မာဘာသာဖြင့် အစောဆုံး ထုတ်ဝေ သည့် သတင်းစာဟူ၍ သုတေသီအများက လက်ခံအမှတ်အသားပြုကြသော သတင်းစာမှာ မော်လမြိုင်မြို့မှပင် ထုတ်ဝေသည့် “ဓမ္မသိတင်းစာပင် ဖြစ်သည်။ ထိုသတင်းစာကို ၁၈၄၂ ခုနှစ် တွင် စတင်ထုတ်ဝေခဲ့သည်ဟု သိရှိရ သည်။ ထို့ကြောင့် မြန်မာသတင်းစာများ၏ သက်တမ်းမှာ နှစ်ပေါင်း ၁၈၀ ကျော်ပြီဖြစ်၍ ရာစုနှစ် နှစ်ခုစာပြည့်မြောက်ရန်ပင် နီးကပ်ခဲ့လေပြီ။ စင်စစ် မြန်မာနိုင်ငံ သတင်းစာသက်တမ်းမှာ နည်းတော့သည်မဟုတ်ချေ။

ဓမ္မသိတင်းစာ မြန်မာဘာသာဖြင့် စတင်ထွက်ပေါ်လာပြီးနောက်တွင် ရတနာပုံနေပြည်တော် သတင်းစာ၊ လောကီသုတပညာ သတင်းစာတို့ ထွက်ပေါ်လာခဲ့ပေသည်။ မြန်မာ့သမိုင်း ခေတ်ဦး သတင်းစာများမှာ နေ့စဉ်သတင်းစာများမဟုတ်ဘဲ အပတ်စဉ်၊ လစဉ်ထုတ်ဝေသည့် သတင်းစာများ အဖြစ်သာရှိခဲ့ပြီး ဘာသာရေးဆိုင်ရာများ၊ အမိန့်တော်ပြန်တမ်းများ၊ တိုင်းရေးပြည်ရာ သတင်း အနည်းငယ်ကိုသာ ဖော်ပြနိုင်ခဲ့ကြသည်ဟု သိရှိရသည်။

မှတ်မှတ်ထင်ထင် အဆိုအမိန့်တစ်ခု

ထို့အတူ သမိုင်းကို လေ့လာကြည့်လျှင်မူ မြန်မာသတင်းစာများ၏ ဩဇာတိက္ကမမှာလည်း များစွာကြီးမားခဲ့ကြသည်။ မြန်မာသတင်းစာသမိုင်းတွင် မှတ်မှတ်ထင်ထင် အဆိုအမိန့်တစ်ခု ရှိခဲ့ဖူးပါသည်။ ယင်းအဆိုအမိန့်မှာ မန္တလေးမြို့တွင် မင်းတုန်းမင်းတရားကြီး လက်ထက် မြန်မာသက္ကရာဇ် ၁၂၃၆ ခု တန်ခူးလဆန်း ၇ ရက်က စတင်ထုတ်ဝေခဲ့သည့် ရတနာပုံနေပြည်တော် သတင်းစာကို မင်းတုန်းမင်းကြီးက တိုင်းသူပြည်သားတို့အား မှန်ကန်သော အသိအမြင်ကို ရရှိစေလိုသောအားဖြင့် “ငါဘုရင်မကောင်းလျှင် မကောင်းသလို ငါ့ကိုရေး၊ ငါ့မိဖုရား မကောင်းလျှင် မိဖုရားတွေကိုရေး၊ သားတော် သမီးတော် မင်းညီမင်းသားတွေ နည်းလမ်းမကျလျှင် မကျသလိုရေး၊ လွှတ်တော်တရားသူကြီးတွေ လွဲမှားလျှင် လွဲမှားသလိုရေး၊ မြို့ဝန် မတရားလျှင် မြို့ဝန်ကိုရေး၊ မင်းတို့သတင်းစာ၌ ဘာအပြစ်မှမရှိစေရ၊ နန်းတော်တွင်းကို သတင်းစာတိုက်ကလူတွေ ဝင်စေထွက်စေ အဆီးအတားမရှိစေရဟူသော သတင်းစာတို့၌ အမှန်တကယ်လိုအပ်လျက်ရှိသော လွတ်လပ်ခွင့်ကို ပေးခဲ့ပါသည်။

ရတနာပုံ နေပြည်တော်သတင်းစာတွင် သတင်းများကို ဒွေးချိုး၊ ရတု၊ ငိုချင်း စသည့်ပုံစံများဖြင့် ကာရန်နဘေထပ် ရေးသားဖော်ပြလေ့ရှိပြီး အထက်မြန်မာနိုင်ငံမှ သတင်းများသာမက ရန်ကုန်မြို့ သတင်းစာများမှ သတင်းအချို့ကိုလည်း ဖော်ပြခဲ့သည်ဟုဆိုသည်။ သတင်းဌာနကိုမူ မြို့သစ် မြို့စားကြီး မဟာမင်းခေါင်က ဦးစီးအုပ်ချုပ်ကာ အယ်ဒီတာမောင်ထင် (ခေါ်) ဘိုးဝဇီရနှင့် နေမျိုးသီဝသိဒ္ဓိဘွဲ့ခံ သံတော်ဆင့် ဦးအဟီးတို့က အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော ရန်ကုန် ဂေဇက်သတင်းစာမှ သတင်းနှင့် ဆောင်းပါးအချို့ကိုလည်း ဘာသာပြန်ဆို ထည့်သွင်းခဲ့သည်။ ၁၂၄၇ ခုနှစ် အရောက်တွင်မူ မင်းနှင့်တကွ တိုင်းပြည်တစ်ခုလုံးသည် နယ်ချဲ့တို့လက်တွင်းသို့ သက်ဆင်း ရသည့်နည်းတူ ရတနာပုံနေပြည်တော်သတင်းစာတိုက်ကိုလည်း လေလံတင် ရောင်းချခြင်း ခံလိုက်ရသည်။ ထိုခေတ်က သတင်းစာသည် ယဉ်ကျေးမှုမဏ္ဍိုင် တစ်ခုပင်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်းကို လေ့လာရာ၌ ထိုနိုင်ငံတွင် ဖြစ်ထွန်းခဲ့သော အနုပညာ(အဇ္ဈတ္တဗဟိဒ္ဓအဆောက်အဦ)ကို ကြည့်ရှုသည်ဖြစ်၍ ယဉ်ကျေးမှု အတွေးအခေါ် အဆင့်အတန်း မည်မျှမြင့်မားလှသည်ကို ထိုခေတ်ကတည်းက ရတနာပုံနေပြည်တော် သတင်းစာကြီး ပေါ်ထွက်လာခဲ့မှုကို ကြည့်ခြင်းအားဖြင့် ထင်ရှားစွာ သိမြင်နိုင်မည်ဖြစ်ကြောင်း ပညာရှင်များကဆိုသည်။

ထိုသို့ ခေတ်ဦးသတင်းစာများ ပေါ်ပေါက်လာခဲ့ပြီးနောက် သတင်းစာ အများအပြား ပေါ်ထွက်လာခဲ့သည်။ ၁၈၆၉ ခုနှစ်တွင် မြန်မာသံတော်ဆင့်၊ ၁၈၇၃ ခုနှစ်တွင် ဗြိတိသျှအစိုးရက ထုတ်ဝေသည့် လောကီသုတပညာ၊ ၁၈၈၅ ခုနှစ်တွင် မြန်မာအဆွေ၊ ၁၈၉၅ ခုနှစ်တွင် ဇမ္ဗူ့ကြက်သရေ၊ ၁၈၉၅ ခုနှစ်တွင် တိုင်းလုံးဇမ္ဗူ၊ ၁၈၉၇ ခုနှစ်တွင် ဟံသာဝတီ၊ ၁၉၀၂ ခုနှစ်တွင် မဟာဗောဓိသတင်းစာ စသည်တို့ ပေါ်ပေါက်လာခဲ့သည်။

ယင်းနောက် ဘကြီးဘဘေ၊ ဦးလှဖေ၊ ဒေါ်တင်တင်တို့သုံးဦး ဦးစီး၍ သူရိယသတင်းစာကြီးကို ၁၉၁၁ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှစတင်၍ တစ်ပတ်လျှင် သုံးကြိမ်ထုတ်ဝေခဲ့ပြီး ၁၉၁၅ ခုနှစ်မှစတင်၍ နေ့စဉ်သတင်းစာအဖြစ် ထုတ်ဝေခဲ့သည်။ သူရိယသတင်းစာစတင် ထုတ်ဝေရန် ဘကြီးဘဘေက ငွေရင်း ၂၅ ကျပ်၊ ၎င်း၏ မိတ်ဆွေ ဦးလှအောင် ထံမှ ၂၅ ကျပ် စုစုပေါင်းငွေ ၅၀ ကျပ်ဖြင့် သာ စတင်ခဲ့သည်။ အဆိုပါငွေရင်း ၅၀ ကျပ်ဖြင့် “နေမင်းကြီးကဲ့သို့ အလင်းရောင်ကို ပေးစွမ်းနိုင်မည့် သူရိယသတင်းစာကြီးကို ထုတ်ဝေတော့မည်ဖြစ်၍ တစ်နှစ်လုံးအတွက် သတင်းစာခ ငွေတစ်ဆယ့်ငါးကျပ် ကြိုတင်ပေးသွင်းထားကြရမည်ဟု ကြော်ငြာစာရွက်များ ရိုက်နှိပ်ဝေငှခဲ့ရာ အရင်းအနှီးငွေကျပ် ၄၀၀၀ ခန့် ရရှိလာသဖြင့် သတင်းစာကို စတင်ထုတ်ဝေနိုင်ခဲ့သည်ဟု ဘကြီးဘဘေက ပြောကြားခဲ့ကြောင်း သတင်းစာဆရာကြီး ချစ်ကြည်ရေး ကြည်ညွန့်၏ “သမိုင်းဝင် သူရိယ၊ မြန်မာ့အလင်းနှင့် မြန်မာနိုင်ငံရေးစာအုပ်တွင် ဖော်ပြခဲ့သည်။

ပထမဆုံး သတင်းထောက်

သူရိယသတင်းစာတိုက်တွင် ပထမဆုံး လခစားသတင်းထောက်မှာ ခေါင်းကြီး ဦးထွန်းဖေဟု ခေါ်တွင်ခဲ့သော ဝန်ကြီးဟောင်း ထွန်းနေ့စဉ် ဦးထွန်းဖေ ပင်ဖြစ်သည်။ ဦးထွန်းဖေသည် မြန်မာ နိုင်ငံ သတင်းစာလောကတွင် မြန်မာအမျိုးသားများထဲမှ ပထမဦးဆုံးသော သတင်းထောက်ဖြစ်သည် ဟုလည်းဆိုပါသည်။ ထို့အတူ မြန်မာနိုင်ငံ သတင်းစာသမိုင်း၌ ပထမဦးဆုံး သတင်းဓာတ်ပုံကိုလည်း ၁၉၁၂ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့ ထုတ် သူရိယသတင်းစာကြီးတွင် စတင်ဖော်ပြခဲ့သည်ဟု မှတ်သားရပေသည်။

သူရိယသတင်းစာကြီး ထွက်ပေါ်လာပြီးနောက် မြန်မာ့အလင်းဟူသောအမည်ဖြင့် မဂ္ဂဇင်းကို စတင်စီစဉ်ထုတ်ဝေသူကား ဦးရွှေကြူး ဖြစ်သည်။ ၎င်းသည် ခရစ်နှစ် ၁၉၁၀ ပြည့်နှစ်တွင် ရှိတ်စပီး ယား စာပုံနှိပ်တိုက်အမည်ဖြင့် စာရေးဆရာကြီး ရှိတ်စပီးယား၏ စာများကို မြန်မာဘာသာပြန်ဆို ထုတ်ဝေခဲ့သည်။ ၁၉၁၀ ပြည့်နှစ်တွင် ရွှေကြူးကုမ္ပဏီ အမည်ဖြင့် အလုပ်တိုက်ကို တည်ထောင် ဖွင့်လှစ်၍ အခြားကူးသန်းရောင်းဝယ်ရေး အလုပ်များကိုလည်း လုပ်ကိုင်ဆောင်ရွက်သည့်အပြင် ရွှေကြူးပုံနှိပ်တိုက်ဟူသော ပုံနှိပ်တိုက်တစ်တိုက်ထူထောင်ကာ မြန်မာ့အလင်းအမည်ဖြင့် တစ်လ တစ်ကြိမ်မဂ္ဂဇင်းကို စတင်ထုတ်ဝေခဲ့သည်။

ပထမကမ္ဘာစစ်ကာလ

၁၉၁၄ ခုနှစ် ဇူလိုင် ၂၈ ရက်တွင် ပထမကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားလာခဲ့ရာ ၁၉၁၄ ခုနှစ် ဩဂုတ် ၁၅ ရက် စနေနေ့၌ မြန်မာ့အလင်းသတင်းစာကို ရန်ကုန်မြို့၌ ဦးရွှေကြူးက စတင်ထုတ်ဝေခဲ့သည်။ ထိုအချိန်က မြန်မာ့အလင်းသတင်းစာ၏ အယ်ဒီတာချုပ်မှာ လယ်တီပဏ္ဍိတ ဦးမောင်ကြီးဖြစ်၍ တာဝန်ခံအယ်ဒီတာအဖြစ် ဆရာသင်က ဆောင်ရွက်သည်။ ထို့ကြောင့် ၂၀၂၃ ခုနှစ် ဩဂုတ် ၁၅ ရက်တွင် မြန်မာ့အလင်းသတင်းစာကြီး၏ သက်တမ်းမှာ နှစ်ပေါင်း ၁၀၉ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

မြန်မာ့အလင်းသတင်းစာ သန္ဓေတည်ပြီးနောက် ပထမကမ္ဘာစစ်ကြီးနှင့် ပတ်သက်၍ ၁၉၁၄ ခုနှစ် စက်တင်ဘာ ၂၁ ရက် တနင်္လာနေ့မှစတင်ကာ “မြန်မာ့အလင်း စစ်ကြေးနန်းသတင်း ကို တိုးချဲ့ရိုက်နှိပ်ထုတ်ဝေသဖြင့် စောင်ရေများစွာ တိုးတက်လာခဲ့သည်။ မြန်မာ့အလင်းသတင်းစာတွင် စစ်သတင်းများကိုသာ အထူးဦးစားပေးဖော်ပြလွန်းသဖြင့် “ရွှေကြူးစစ်သတင်းစာ ဟူ၍ပင် ထိုခေတ်ကခေါ်ခဲ့ကြသည်။ “မြန်မာ့ အလင်းစစ်ကြေးနန်းသတင်း ကို နေ့စဉ်ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။

မြန်မာ့အလင်းမဂ္ဂဇင်းတွင် တိုင်းသူပြည်သား အမျိုးသားများ မျက်စိပွင့်ရာပွင့်ကြောင်း နည်းကောင်း နည်းသစ်တို့ကို ဖော်ပြရေးသားသည့်နည်းတူ မြန်မာ့အလင်းသတင်းစာတွင်လည်း ကမ္ဘာစစ်ကြီးနှင့် ပတ်သက်သည့် ကြေးနန်းသတင်းထူးများကို ထည့်သွင်းဖော်ပြသဖြင့် တိုင်းပြည်က များစွာနှစ်သက် ခဲ့ကြသည်။

ထိုအကြောင်းနှင့် ပတ်သက်၍ ဆရာဇေယျ၏ မြန်မာ့မျက်ပွင့် (ရွာဓလေ့၊ လူ့ဓလေ့)တွင် “ထိုစဉ်က ကျွန်တော်တို့ နေထိုင်သောအရပ်မှာ တောမြို့ကလေးဖြစ်ပေသည်။ နတ်တော်၊ ပြာသို၊ တပို့တွဲ လများတွင် နံနက်စောစော ဝေလီဝေလင်းအချိန်မှစ၍ တောမှစပါးလှည်းများ ရောက်လာကြပြီး နောက် နံနက် ကိုးနာရီ ဆယ်နာရီလောက် စပါးရောင်း ဈေးလာဝယ်၍ပြန်ကြသည်။ သို့သော် ထိုနှစ်တွင် တောမှလူကြီးလူငယ်များမှာ စပါးရောင်းပြီး မပြန်နိုင်ကြသေးဘဲ ဈေးပတ်လည် လက်ဖက်ရည်ဆိုင်များသို့ လာရောက်၍ ရွှေကြူးစစ်သတင်းကို ဝဝကြီးနားထောင်ပြီးမှ ပြန်နိုင်ကြလေသည်။ ရှေးပဝေသဏီမှစ၍ ကျေးရွာလက်စွဲဖြစ်သော ဘုရားရှိခိုးမူဟောင်း၊ သုတန္နိစ္စယကျမ်း၊ မောင်ဘိုးစိန်၊ ကိုအောင်ဗလတို့ ကပြသော သူခိုးကြီးထိလပ် ပြဇာတ် ဆိုသည်များကို သတိမရကြတော့ဘဲ ရွှေကြူးစစ်ကြေးနန်း သတင်းကိုသာ စွဲလမ်းလျက်ရှိကြလေ သည်။ နှုတ်ခမ်းမွှေးဇာမဏီ ကိုင်ဇာကြီး ၏ ကရူဇာစစ်သင်္ဘောကြီးက အင်္ဂလိပ် သင်္ဘောကြီး သုံးစင်းကို တစ်ချက်တည်း မြှုပ်ပစ်လိုက်သည်ဟုကြားရလျှင် ကိုင်ဇာကွဟုဆိုကာ လက်သီး လက်မောင်းတန်းလျက် အလွန်ဝမ်းသာကြသည်။ သို့လျှင် ကမ္ဘာနှင့် အဆက်အသွယ်မရှိသော မြန်မာကျေးလက်တောသူတောင်သားများမှာ ရွှေကြူးကြေးနန်းသတင်း၏ ကျေးဇူးဖြင့် ရှေးဦးစွာ ကမ္ဘာနှင့် ဆက်မိကြလေသည် ဟု ဖော်ပြခဲ့လေသည်။

၂၀ ရာစုအစပိုင်းတွင် ထွက်ပေါ်လာခဲ့သည့် မြန်မာသတင်းစာများဖြစ်သည့် သူရိယနှင့် မြန်မာ့အလင်းသတင်းစာများသည် မြန်မာ့သတင်းစာတစ်ခေတ်ကို ထူထောင်နိုင်ခဲ့ကြသည်ဟု ဆိုရ မလောက်ပင် တိုင်းသူပြည်သားလူအများက စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြသည်ကို တွေ့ရှိရသည်။

၁၉၁၅ ခုနှစ်တွင် “မတ်လ ၁၅ ရက်နေ့ကို သတိပြုပါ ဟူသော မြန်မာ့အလင်း သတင်းစာကြော်ငြာကြောင့် အစိုးရကအထင်လွဲကာ ပိုင်ရှင် ဦးရွှေကြူးနှင့် ၎င်း၏ညီကို အကျယ်ချုပ်ဖြင့် ဖမ်းခဲ့သည်။ မတ် ၁၅ ရက် လွန်မြောက်၍ ထူးခြားချက်မတွေ့မှသာ အစိုးရက ပြန်လွှတ်၍ အာမခံငွေ ၅၀၀၀ တောင်းခဲ့ရာ ဦးရွှေကြူးက ထိုငွေကိုမတင်ဘဲ သတင်းစာကို ရပ်စဲပြီး ၁၉၁၆ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ ခရီးထွက်ခဲ့ပြီး မြန်မာ့အလင်းမဂ္ဂဇင်းနှင့် သတင်းစာကို ခေတ္တ ရပ်နားခဲ့သည်။

ယင်းနောက် အင်ဒိုချိုင်းနား၌ ထိုစဉ်က ရောက်ရှိနေသော မြင်ကွန်းမင်းသားကြီးထံဝင်၍ မြန်မာပြည်ကို မြန်မာမင်းဆက်များလက်သို့ ပြန်အပ်ရေးကိစ္စ ဆွေးနွေးခဲ့သည်။ ထိုကိစ္စကြောင့် ဗြိတိသျှအစိုးရက ဦးရွှေကြူးအား မြန်မာပြည်သို့ပြန်ပို့ရန် ဂျပန်အစိုးရအားတောင်းဆိုသည်။

ဂျပန်နိုင်ငံမှအပြန် စင်ကာပူအရောက်တွင် မြန်မာပြည်သို့မပြန်ရဟု ဗြိတိသျှအစိုးရက ပြည်နှင်ဒဏ်ပေး၍ စင်ကာပူ၌ နေရသည်ဟုဆို၏။ အခြားမှတ်တမ်းတစ်ခုအဆိုမှာ စင်ကာပူမြို့သို့ ဦးရွှေကြူးရောက်သောအခါ မြန်မာ့အလင်းပုံနှိပ်စက်များကို ရောင်းချလိုက်ပြီဟု ညီဖြစ်သူ ဦးထွန်းဝင်းထံမှ သတင်းကြားရသဖြင့် စိတ်ပျက်ကာ စင်ကာပူ၌ပင် နေရစ်ရန် ဆုံးဖြတ်ခဲ့ပြီး ဦးရွှေကြူးနှင့်အတူ ပြန်လာသည့် မန္တလေးမှ ဦးကိုကိုကြီးက ငွေကျပ် ၃၀၀၀ ဖြင့် ဦးရွှေကြူးပိုင် မြန်မာ့အလင်း သတင်းစာကို ဝယ်ယူခဲ့သည်ဟူ၍ဖြစ်သည်။