Skip to main content

နိုင်ငံတော်ကြီး သာယာဝပြောမှု ရှိစေဖို့ ဆိုရာဝယ်…

မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံရဲ့အထင်ကရမြို့တော်ဖြစ်တဲ့ နေပြည်တော်မှာ တည်ထားကိုးကွယ်ရတဲ့ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီးသာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီး ငြိမ်းချမ်းသာယာမှုဖြစ်စေရန်ဆိုတဲ့ ရည်ရွယ်ချက်(၄)ရပ်နဲ့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါတယ်။ အဲဒီရည်ရွယ်ချက်များအရ မြန်မာနိုင်ငံသားအများစုဟာ ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့ အဆုံးအမ၊ တရားဓမ္မတွေကို မြတ်နိုးတာကြောင့် အဲဒီအတိုင်း လိုက်နာကျင့်သုံးနေတဲ့ “ဗုဒ္ဓဘာသာ” ဘာသာဝင်တွေ ဖြစ်ကြတယ်ဆိုတာကို ကမ္ဘာကသိရှိစေဖို့ပြသလိုခြင်းပဲဖြစ်ပါတယ်။ ကမ္ဘာကြီးမှာ ကိုးကွယ်ယုံကြည်မှုနဲ့ ဘာသာတရားအမျိုးအစား စုံလင်စွာရှိသလိုလူတိုင်းဟာ မိမိနှစ်သက်ရာ လေးစားမြတ်နိုးတန်ဖိုးထားတဲ့အတိုင်း လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ရှိရမှာဖြစ်သလို မြန်မာနိုင်ငံမှာလည်း ယင်းအခွင့်အရေးဟာ နိုင်ငံသားတိုင်းရဲ့အခြေခံဥပဒေပါ ရပိုင်ခွင့် ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ဗြိတိသျှတို့ကသုံးကြိမ်သိမ်းပိုက် တိုက်ခိုက်ခဲ့ပြီးအချို့ဒေသများကို နှစ်ပေါင်း ၁၂၀ ကျော်နဲ့ တစ်နိုင်ငံလုံးကို အနှစ် ၆၀ ကြာ အုပ်စိုးသွားပေမယ့် ရင်ထဲမှာဖြစ်တည်နေတဲ့ ဗုဒ္ဓရဲ့အဆုံးအမတွေကြောင့်သာ မြန်မာတို့ရဲ့ယဉ်ကျေးမှု ထုံးတမ်းဓလေ့အများစုဟာ ပျောက်ကွယ်သွားခြင်းမရှိဘဲ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံနဲ့ထေရဝါဒသာသနာအပေါ် ကမ္ဘာကပင်အလေးထား အာရုံစိုက်ခြင်းခံနေရတာပါ။

သဒ္ဓါရှိတဲ့ ပုဂ္ဂိုလ်ရဲ့ အမှတ်အသားလက္ခဏာ ၃ ချက်

ဘယ်လို အာရုံစိုက်တာလဲဆိုရင် မြန်မာနိုင်ငံသားတွေဟာ“သဒ္ဓါ”တရားကြီးမားကြတယ်ပေါ့။ “သဒ္ဓါ” ဆိုလိုက်တာနဲ့ စိတ်ဝင်စားတယ်၊ ယုံကြည်တယ်လို့ပဲအဓိပ္ပာယ်ဖွင့်မိလိမ့်မယ်။ အမှန်ကတော့ ယုံကြည် တာချည်းသက်သက်တော့ မဟုတ်ဘူး။ ဘုရား၊ တရား၊ သံဃာကို ယုံကြည်တယ်။ ကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်လို့ ယုံကြည်တယ်။ အဲဒါလက်ခံပြီးတော့ ကုသိုလ်ကောင်းမှုလုပ်ဖို့ စိတ်ဝင်စားနေတာကို သဒ္ဓါလို့ခေါ်တာပါ။ သဒ္ဓါတရား မိမိစိတ်ထဲမှာဖြစ်လာတာနဲ့ တစ်ပြိုင်နက် “ဘာလှူရင်ကောင်းမလဲ”လို့ စိတ်ကလှူဖို့တန်းဖို့ကြံစည်လာတယ်။ လှူတာတစ်ခုတည်းတင် မဟုတ်ဘဲ သီလဆောက်တည်ဖို့၊ ဥပုသ်သီတင်းစောင့်ဖို့၊ တရားပွဲသွားပြီးတရားနာဖို့၊ ကမ္မဋ္ဌာန်း အားထုတ်ဖို့ စတဲ့ အခြားသော ကုသိုလ်ကောင်းမှုတွေမှာ စိတ်ဝင်စားလာတာမျိုးပါ။ အဲဒီလိုစိတ်ကူးလေး ဖြစ်လာရင် မိမိရဲ့သန္တာန်မှာသဒ္ဓါဖြစ်ပြီလို့မှတ်ယူနိုင်ပါပြီ။ အဲဒီလိုစိတ်ကူးမရသေးရင် “သဒ္ဓါတရား” မရှိဘူးလို့ ပြောရပါမယ်။ ဒါကြောင့်မို့လို့ သဒ္ဓါရှိတဲ့ ပုဂ္ဂိုလ်တွေဟာ (၁) တရားနာချင်တယ်၊ (၂) သူတော် သူမြတ်ကို ဆည်းကပ်ဖူးမြင်ချင်တယ်၊ (၃) လှူချင် တန်းချင်တယ်ဆိုတဲ့ စိတ်ထားမျိုး ရှိလာမှာ ဖြစ်တယ်။ ဒါဟာ သဒ္ဓါရှိတဲ့ ပုဂ္ဂိုလ်ရဲ့အမှတ်အသားလက္ခဏာ ၃ ချက်ပဲ ဖြစ်ပါတယ်။

ဒါဆိုရင် အဲဒီလိုပုဂ္ဂိုလ်မျိုးတွေဟာ ကိုယ်ကျင့် တရားလုံခြုံအောင်ထိန်းသိမ်းခြင်း၊ အမြင်အကြား ပေါ်မှာ လောဘ၊ ဒေါသမဖြစ်အောင် သတိနဲ့ စောင့်ရှောက်ခြင်း၊ အစားအစာ စားတဲ့အခါ ဘာအတွက်စားတာလဲ၊ စားသင့်တယ်/ မစားသင့်ဘူးဆိုတဲ့ပညာနဲ့စားခြင်း၊ (၄) မိမိသန္တာန်မှာ ဘာတွေဖြစ်နေတယ်ဆိုတာကို နေ့စဉ်တိုင်း ဆင်ခြင်ရှုမြင်နေပြီးတော့ မကောင်းတဲ့စိတ်တွေ ဖြစ်ပေါ်နေတာတွေ့ရင် ရှင်းထုတ်ခြင်းနဲ့ ကောင်းတဲ့စိတ်ဖြစ်ပေါ်နေတာတွေ့ရင် တိုးပွားအောင်မွေးမြူခြင်းဆိုတဲ့ စရဏတရားလေးပါးကို လိုက်နာကျင့်သုံး နေမှာပဲ ဖြစ်ပါတယ်။ ဒီလေးခုကို လုပ်ဆောင်ခြင်းမှ သူတော်ကောင်းတရား ခုနစ်ပါးနဲ့ ပြည့်စုံသွားမှာ ဖြစ်ပါတယ်။

သူတော်ကောင်းတရားခုနစ်ပါး

လူတိုင်းလူတိုင်း သူတော်ကောင်းဖြစ်လိုကြပြီး အနည်းဆုံးတော့ သူတော်ကောင်းလို့ အထင်ခံလိုကြပါတယ်။ ဒါ့အပြင် သူတော်ကောင်းများနဲ့သာ ပေါင်းသင်းဆက်ဆံလိုကြတာလည်း ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားက သူတော်ကောင်းဖြစ်ဖို့ အချက်ခုနစ်ချက်၊ တစ်နည်းအားဖြင့် သူတော်ကောင်းတရား ခုနစ်ပါးကိုဟောကြားတော်မူခဲ့တယ်။ ဒါတွေက ယုံကြည်ခြင်းဆိုတဲ့ သဒ္ဓါ၊ ကိုယ်နှုတ်စောင့်စည်းခြင်းဆိုတဲ့ သီလ၊ မကောင်းမှုဒုစရိုက်ပြုမှုကို ရှက်ခြင်းဆိုတဲ့ဟီရိ၊ မကောင်းမှုဒုစရိုက်ပြုမှုကိုကြောက်ခြင်းဆိုတဲ့ သြတ္တပ္ပ၊ အကြားအမြင်ရှိခြင်းဆိုတဲ့ သုတ၊ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းဆိုတဲ့ စာဂနဲ့ဟုတ်မှန်စွာသိခြင်းဆိုတဲ့ ပညာတို့ပဲဖြစ်ပါတယ်။

ယုံကြည်ခြင်းဆိုတာ ဘုရား၊ တရား၊ သံဃာကိုယုံကြည်ခြင်း၊ ကံ၊ ကံရဲ့ အကျိုးကိုယုံကြည်ခြင်း တို့ဖြစ်ပါတယ်။ ဘုရား၊ တရား၊ သံဃာကို ယုံကြည်မှသာ အမှန်တရားကို ခွဲခြားသိမြင်နိုင်မှာဖြစ်လို့ ဘဝ ခရီးကို လျှောက်လှမ်းရာ၌ ဆူးငြောင့်ခလုတ်ကန်သင်းတို့ကို ရှောင်ရှားနိုင်မယ်၊ လိုရာခရီးပန်းတိုင်ကို ကောင်းစွာရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီးတော့လည်း ကံ၊ ကံရဲ့ အကျိုးကိုယုံကြည်မှသာ မကောင်းမှုကိုရှောင်၍ ကောင်းမှုကိုဆောင်နိုင်မယ်။ ဒါဆို မျက်မှောက်ဘဝမှာ ကောင်းကျိုးချမ်းသာကိုရရှိပြီး တမလွန်ဘဝမှာကောင်းမြတ်တဲ့ သုဂတိဘုံဘဝကို ရောက်နိုင်မှာဖြစ်ပါတယ်။

ဗုဒ္ဓမြတ်စွာဘုရားကသဒ္ဓါတရားဟာ အထောက်အကူကောင်းရစေတဲ့ အဖော်ကောင်းနဲ့တူတယ်၊ ကုသိုလ်အမျိုးမျိုးကို ရယူနိုင်တဲ့ လက်နဲ့တူတယ်၊ လိုရာသုံးစွဲနိုင်တဲ့ ပစ္စည်းဥစ္စာရတနာတွေနဲ့ တူတယ်၊ အသီးအနှံကောင်းတွေကို ဖြစ်ထွန်းစေတဲ့ မျိုးစေ့ကောင်းတွေနဲ့တူတယ်လို့ ဟောကြားတော် မူခဲ့ပါတယ်။ ကိုယ်နှုတ်စောင့်စည်းခြင်းဆိုတဲ့ သီလတရားမှာ အခြေခံဖြစ်တဲ့ “သူ့အသက်ကို မသတ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူမှုမပြုခြင်း၊ သူတစ်ပါးသားမယား သားသမီးများကို မဖျက်ဆီးခြင်း၊ လိမ်လည်ပြောဆိုမှု မပြုခြင်းနဲ့ အရက်သေစာ မသောက်စားခြင်း”ဆိုတဲ့ ငါးပါးသီလအပြင် ရှစ်ပါး သီလ၊ ကိုးပါးသီလနဲ့ဆယ်ပါးသီလ စတာတွေလည်းရှိပါသေးတယ်။ သီလရှိမှ၊ သီလစင်ကြယ်မှသာ ကောင်းကျိုးချမ်းသာကို ရရှိနိုင်မယ်၊ သီလဟာ နိဗ္ဗာန်ရောက်ကြောင်း အခြေခံကောင်းတစ်ရပ်ဖြစ်ပါတယ်။

မကောင်းမှုဒုစရိုက်ပြုမှုကို ရှက်ခြင်းဆိုတာ သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ သူတစ်ပါးသားမယား သားပျို၊ သမီးပျိုများကိုဖျက်ဆီးခြင်း၊ လိမ်ပြောခြင်း၊ ကုန်းတိုက်ခြင်း၊ ကြမ်းတမ်းစွာဆဲဆို ကြိမ်းမောင်းပြောဆိုခြင်း၊ အကျိုးမရှိသိမ်ဖျင်းတဲ့စကားကို ပြောဆိုခြင်းနဲ့မနောကံဒုစရိုက်သုံးပါးအပါအဝင် မကောင်းမှုဒုစရိုက် ၁၀ ပါး အစရှိတဲ့မကောင်းမှု ဒုစရိုက်တို့ကို ပြောဆို၊ ပြုမူ၊ လုပ်ဆောင်၊ ကြံစည်တွေးတောရမှာကို ရှက်ခြင်းဖြစ်ပါတယ်။

မကောင်းမှု ဒုစရိုက်ပြုမှုကိုကြောက်ခြင်းဆိုတာ အထက်မှာဖော်ပြထားပြီးဖြစ်တဲ့ မကောင်းမှုဒုစရိုက်တို့ကို ပြောဆို၊ ပြုမူ၊ လုပ်ဆောင်၊ ကြံစည်တွေးတောရမှာကို ကြောက်ခြင်းဖြစ်ပါတယ်။ နောက်ပြီးတော့ သမထကျင့်စဉ်ကျင့်ပြုလုပ်ခြင်းကနေ ပထမ၊ ဒုတိယ၊ တတိယနှင့်စတုတ္ထဈာန်ဆိုတဲ့ ဈာန်လေးပါးရရှိနိုင်မှာ ဖြစ်ပါတယ်။ အဲဒီဈာန်လေးပါးကို စရဏ တရားလေးပါးရယ်၊ သူတော်ကောင်းတရားခုနစ်ပါး ရယ်နဲ့ပေါင်းလိုက်ရင်တော့ စရဏတရား ၁၅ ပါး ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါဟာ မြတ်စွာဘုရား ဟောကြားထားတဲ့ လမ်းစဉ်ပဲဖြစ်တယ်။ မြန်မာ နိုင်ငံမှာ လူလာဖြစ်ပြီး ဗုဒ္ဓဘာသာဝင်မိသားစုက မွေးဖွားလာတဲ့ ပုဂ္ဂိုလ်တွေဟာ မြတ်စွာဘုရား ဟောကြားတဲ့ တရားဓမ္မတွေကို နာယူရလို့ဘုရားတရားကို သိတတ်လာကြမှာပဲ၊ အဲဒီလမ်းစဉ်ကို ကျင့်သုံးကြမှာပဲ၊ မြတ်စွာဘုရားသာသနာတော်နဲ့ ကြုံတွေ့နေရတော့ တရားဓမ္မအတိုင်းမှန်ကန်မှုရှိအောင် လုပ်ဆောင်နေကြမှာပဲလို့ကမ္ဘာနဲ့အဝန်း ယေဘုယျလက်ခံထားကြမှာ ဖြစ်ပါတယ်။ နောက်ပြီး ဗုဒ္ဓမြတ်စွာရဲ့မေတ္တာဓာတ်လွှမ်းခြုံရာဒေသမှာ မွေးဖွားကြီးပြင်းခွင့်ရရှိခဲ့ပြီး မေတ္တာတရားအပေါ် အလွန်တန်ဖိုးထားကြမယ်လို့လည်း သူတို့ကယူဆထားပြီးသားလည်း ဖြစ်နေမှာပါ။

မေတ္တာဆိုရာဝယ်

မေတ္တာဆိုတဲ့ စကားလုံးလေးဟာ အင်မတန်မှ ကြားလို့ကောင်းတယ် နာလို့ကောင်းတယ်၊ ခံယူ လို့ကောင်းတယ်၊ သိမ်မွေ့တယ်၊ နူးညံ့တယ်လို့ခံစားရမှာဖြစ်ပါတယ်။ မေတ္တာတရားလို့ ရွတ်ဆို လိုက်တာနဲ့ သူ့နောက်မှာစေတနာပါလာမှာ ဖြစ်ပါတယ်၊ စေတနာနဲ့ကပ်လျက်မှာ ကရုဏာတရား ပါလာမှာလည်း ဖြစ်ပါတယ်။ ကရုဏာဆိုတဲ့သဘောတရားနောက်မှာ သနားကြင်နာမှုတွေ ကျန်နေပါသေးတယ်။ ဒါနဲ့တင် မပြီးသေးဘဲကိုယ့်အတွက် ခွန်အားတချို့ကိုလည်း ဖြစ်တည်စေပါ တယ်။ လောကမှာတချို့လူတွေဟာ မေတ္တာတရားအပေါ် နားမလည်ကြပါဘူး။ သူတို့အတ္တတွေ အတွက် ကိုယ်ချင်းစာတရား နည်းပါးကြပါတယ်။

သူတို့ မာနအတွက် တစ်ဖက်လူရဲ့ ခံစားချက်ကို မစာနာတတ်ကြပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ဒုက္ခဖြစ်အောင်လုပ်လိုတယ်၊ တစ်ယောက်ရဲ့ဆင်းရဲမှုကို လိုလားတယ်၊ ဒါနဲ့ပဲအခုခေတ်မှာ အကြမ်းဖက်ဝါဒ Terrorism ဆိုတာ ပေါ်လာတယ်။ အကြမ်းဖက်ဝါဒဆိုတာ လူတွေဒုက္ခရောက်အောင် လုပ်တဲ့ဝါဒပဲဖြစ်တယ်။

လူတစ်ယောက် ဒုက္ခဖြစ်တာကိုကျေနပ်တဲ့ လူမျိုးရှိနေလို့ပါ။ လူတစ်ယောက် ဒုက္ခရောက်အောင် လုပ်လိုက်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတွေရှိနေလို့ပါ။ ဒါဟာ အင်မတန်မှယုတ်ညံ့တဲ့ စိတ်ဓာတ်မျိုးဖြစ်တာကြောင့် အဲဒီလို စိတ်ဓာတ်မျိုးတွေကို ဖယ်ရှားနိုင်အောင် မြတ်ဗုဒ္ဓက သင်ကြားပေးခဲ့ပါတယ်။ ဘယ်သူသေသေဆိုပြီး လုပ်ကြတာတွေဟာ အင်မတန်မှကြောက်စရာကောင်းပါတယ်။ အဲဒါဟာ မေတ္တာခန်းခြောက်လာတဲ့ အဓိပ္ပာယ်မျိုးဖြစ်လာတာပေါ့။

ကမ္ဘာကြီးပူနွေးလာတာသာ လူတွေကသိကြတာ။ မေတ္တာခန်းလာတာမျိုးကိုတော့ သိပ်မသိကြပါ။ သတိမထားမိကြပါ။ လူတွေရဲ့သန္တာန်မှာရှိတဲ့မေတ္တာတွေဟာ ခန်းခြောက်လာလို့ ရင်ထဲနှလုံးထဲမှာ ပူနွေးလာတာကို သတိထားဖို့လိုအပ်တယ်ပေါ့။ ကမ္ဘာကြီးပူနွေးနေတာကို ဆွေးနွေးဖြေရှင်းဖို့လုပ်နေကြတယ်။ ရင်ထဲကပူနေတာတော့ ဘယ်သူမှမဆွေးနွေးကြဘူး။ ရင်ထဲပူနွေးတာက ပိုဆိုးလို့အေးချမ်းအောင်လုပ်ရပါ့မယ်။ ဒါကြောင့်မို့ ဒီလိုမေတ္တာစိတ်ဓာတ်တွေ ကိုယ့်သန္တာန်မှာ ဖြစ်ပေါ်စေရမယ်လို့ မြတ်စွာဘုရားက ဟောကြားခဲ့တယ်လို့ ပါမောက္ခချုပ်ဆရာတော်ကြီးရဲ့ တရားမှတ်စုမှာ ဖတ်ရှုမှတ်သားခဲ့ရပါတယ်။

ကရုဏာဆိုရာဝယ်

နောက်တစ်မျိုးကတော့ ကရုဏာဖြစ်ပါတယ်။ ဒါကတော့ လူတစ်ယောက်ဒုက္ခရောက်နေပြီဆိုရင် အဲဒီပုဂ္ဂိုလ်ကို ကြည့်မိတဲ့အခါမျိုးမှာ အကြင်နာတရားတွေပွားလာမိပြီး သူခံစားနေရတဲ့ ဒုက္ခတရားကို ဘယ်လိုများကူညီဖြေရှင်းပေးရင်ရနိုင်မလဲဆိုတဲ့ နှလုံးသားရဲ့လှုံ့ဆော်မှုမျိုး ဖြစ်ပေါ်လာပါတယ်။ အဲဒီလိုလှုံ့ဆော်မှုပေးတဲ့ သဘာဝတရားကို ကရုဏာလို့ခေါ်တာမျိုးဖြစ်ပါတယ်။ ကရုဏာဆိုတာဟာ တစ်ဖက်သားကိုကြည့်ပြီး စိတ်ရဲ့ကြင်နာမှုကိုခေါ်တာဖြစ်ပြီး သောကဆိုတာကတော့ အဲဒီလိုမဟုတ်ပါ။ ဖြစ်ရလေခြင်းဆိုပြီး ဝမ်းနည်းတဲ့သဘောဖြစ်လို့ သောကဆိုတာကဒေါသနဲ့ယှဉ်ပြီး စိုးရိမ်မှုခံစားချက်တစ်ခု ဖြစ်ပါတယ်။ ကရုဏာနဲ့သောကဟာ အလွန်နီးစပ်တာကြောင့် “သောက” က ကရုဏာယောင်ဆောင်ပြီးတော့ ဝင်လာတတ်ပါတယ်။ ကရုဏာဆိုတဲ့ဘောင်ကိုကျော်ပြီး သောကဖြစ်သွားရင်ကုသိုလ်လိုလိုနဲ့ အကုသိုလ်ဖြစ်သွားတတ်လို့ ဒါဟာသတိထားရမယ့်အချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သောကဟာကရုဏာရဲ့ အနီးကပ်ရန်သူလို့ စာပေကျမ်းဂန်တွေမှာ ဆိုထား တာပါ။ ကရုဏာစစ်စစ်ဆိုတာက အင်မတန်မှမွန်မြတ်သန့်စင်တဲ့တရား၊ အဲဒီကရုဏာတရားကို မိမိသန္တာန်မှာ ဖြစ်ပွားစေချင်ရင်“အခက်အခဲတွေမှ လွတ်မြောက်ကြပါစေ”၊ “ဒီလို အကျပ်အတည်းကြီးမှ လွတ်မြောက်ကြပါစေ”၊ “ဒုက္ခတွေမှ လွတ်မြောက်ကြပါစေ”ဆိုတဲ့ စိတ်ဓာတ်မျိုးတွေကို များများဖြစ်ပွားစေရမယ်လို့ ဆရာတော်ကြီးရဲ့ဟောကြားမှုကိုနာယူခဲ့ဖူးပါတယ်။

မေတ္တာတရားကြီးမားမှု၏ အကျိုးရလဒ်

မေတ္တာဆိုတာမျိုးက နဂိုကတည်းက ကိုယ့်အတွက်လောဘထားရှိတာမျိုးမဟုတ်ဘဲ တစ်ဖက်သားရဲ့အကျိုးကို မျှော်ကိုးတာဖြစ်တာကြောင့် ကိုယ့်လောဘပြည့်သည်ဖြစ်စေ၊ မပြည့်သည်ဖြစ်စေမေတ္တာဟာ အပြောင်းအလဲမရှိဘူးလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် အကျိုးစီးပွားကို လိုလားတာဟာ မြင့်မြတ်တဲ့စိတ်နေသဘောထားသာဖြစ်တယ်။ ဒါကြောင့် အားလုံးကို ခြုံငုံပြီးပြောလို့ရှိရင် မေတ္တာဟာ အရေးကြီးဆုံးပဲ ဖြစ်ပါတယ်။ မေတ္တာပျက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ကရုဏာလည်း မထားနိုင် ဘူး၊ မုဒိတာလည်း မထားနိုင်ဘူး။ ဒီလို မေတ္တာတရား ကြာရှည်စွာခံဖို့အတွက် နောက်က ဥပေက္ခာလိုက်မှရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အကျိုးစီးပွားလိုလားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ကိုယ်ကလည်းသူအကျိုးစီးပွားရနိုင်စေဖို့ ဆောင်ရွက်ပေးမယ်။ အဲဒီလိုဆောင်ရွက်ပေးလိုက်တဲ့အခါမျိုးမှာ ဥပေက္ခာမထားနိုင်ခဲ့ရင် သူ့ဆီကကျေးဇူးတင်ပါတယ်ဆိုတာ လေးလောက်တော့ မျှော်လင့်လာတတ်ပါတယ်။ ကိုယ်က လုပ်ဆောင်ပေးထားတဲ့အပေါ် သူ့ဆီက တုံ့ပြန်မှုဘာမျှမလာဘူး၊ ကျေးဇူးတင်တဲ့သဘော မျိုးတောင်ပြန်မရဘူးဆိုခဲ့ရင် ကိုယ့်အပေါ်ကျေးဇူး ကန်းတယ်ဆိုပြီး မခံမရပ်နိုင်တွေ ဖြစ်လာတတ်ပါတယ်။ ဒါဟာကိုယ်ကိုယ်တိုင်က ဥပေက္ခာမထားနိုင်လို့ ဖြစ်လာတာမျိုးပါ။ မျှော်လင့်ချက်နဲ့လုပ်တဲ့ ပုဂ္ဂိုလ်တွေဟာဥပေက္ခာမထားနိုင်ဘူး ဖြစ်တတ်ပါ တယ်။ ဒါကြောင့် ကိုယ်လုပ်တာကသာကိုယ်၊ သူမလုပ်တာကိုယ်နဲ့မဆိုင်ဘူး၊ သူနဲ့ပဲဆိုင်တယ် ဆိုတဲ့စိတ်မျိုး ထားနိုင်ရမယ်။ လောကမှာလူသားတွေဟာ လုပ်တော့ပေးတယ်။ သို့သော် မျှော်လင့် တယ်၊ မျှော်လင့်ချက်ကြီးနဲ့လုပ်ပေးတယ်။ ဒါဟာ ဥပေက္ခာပါရမီအားနည်းနေလို့ပဲဖြစ်တယ်လို့ ဆရာတော်ကြီးရဲ့ဟောကြားမှုကိုနာယူခဲ့ဖူးပါတယ်။

ဒါ့အပြင် ဥပေက္ခာဆိုတာ အလွန်မွန်မြတ်တယ်။ ဥပေက္ခာဆိုတာလူတွေအပေါ်မှာ လျစ်လျူရှုတာမဟုတ်ဘူး၊ သူတို့လုပ်တဲ့စော်ကားမှု၊ ချီးမွမ်းမှုတွေကို လျစ်လျူရှုနိုင်တာ။ သူကသိပ်ကိုအဆင့် မြင့်ပါတယ်။ ဥပမာအားဖြင့် လူတစ်ယောက်ကိုယ့်ကိုဆဲလည်း သူ့ကိုကူညီစရာရှိရင် ကူညီလိုက်တယ်။ ကိုယ့်ကို ချီးမွမ်းနေလို့လည်း ပိုပြီးမကူညီဘူး။ ကိုယ့်အပေါ်မှာစော်ကားမှု၊ ဦးစားပေးမှုစတာတွေကိုကြည့်မနေဘဲ လုပ်သင့်ရင်လုပ်သင့်တာကို လုပ်ပေးလိုက်တယ်။ ညီတူညီမျှလုပ်ပေးနိုင်တဲ့ စိတ်ဓာတ်၊ တည်ငြိမ်တဲ့ စိတ်ဓာတ်မျိုးဟာ ဥပေက္ခာဆိုတဲ့ အလွန်မွန်မြတ်သောတရားဖြစ်ပါတယ်။

မြတ်စွာဘုရားက သားတော်ရာဟုလာမို့ ပိုချစ်တာမရှိဘူး။ ဒေဝဒတ်ကြီးကဆိုးသွမ်းပြီး အမျိုးမျိုးသေကြောင်းကြံလို့ ပိုမုန်းတာမရှိဘူး။ သူတို့ နှစ်ယောက် အတူတူထားနိုင်တယ်၊ အဲဒီလို အတူတူထားနိုင်ခြင်းမျိုးပါ။ တချို့က ဥပေက္ခာပြုလိုက်တယ်ဆိုပြီး မခေါ်မပြောနေတာကို “ဥပေက္ခာ” လို့ထင်တယ်။ အဲဒါက “ဦးပစ်ခါ”ပါ။ တကယ့် “ဥပေက္ခာ” ဆိုတာက မခေါ်မပြောနေတာမျိုးမဟုတ်ဘဲ ကိုယ့်စိတ်ထဲမှာ အချစ်၊ အမုန်းကင်းပြီးလုပ်တာမျိုးပါ။ အလွန်ကောင်းပြီး အလွန်မွန်မြတ်တဲ့ ကိုယ်ကျင့်တရားဖြစ်တာကြောင့် ထားတတ်ရင်စိတ်ချမ်းသာစရာတွေချည်းပဲ တွေ့ကြုံရမှာမျိုးပါ။ ဒါကြောင့်လည်း အရှေ့မှာဖော်ပြပြီးဖြစ်တဲ့ မေတ္တာနဲ့ကရုဏာ၊ မုဒိတာဆိုတဲ့ တိုးတက်ကြီးပွားသွားတဲ့ တစ်ဖက်သားအပေါ် အပြစ်မပြောဘဲဝမ်းမြောက်ဝမ်းသာဖြစ်တတ်မှု စိတ်နေသဘောထားမျိုးနဲ့ ယခုနောက်ဆုံးဖော်ပြခဲ့တဲ့ ဥပေက္ခာဆိုတဲ့ တရားလေးပါးဟာ “ဗြဟ္မဝိဟာရ”၊ မြင့်မြတ်သော နေထိုင်ခြင်းလို့ မြတ်ဗုဒ္ဓက ဟောကြားခဲ့ပါတယ်။ ဒါကြောင့်လည်း အဲ့ဒီတရားတွေနဲ့နေထိုင်ရင် မြင့်မြတ်တဲ့နေထိုင်ခြင်းဖြစ်တယ်လို့ ဆရာတော်ကြီးရဲ့ ဟောကြားခဲ့မှုကိုလည်းနာယူဖူးပါတယ်။ ဗြဟ္မစိုရ်တရားတွေဟာ အေးမြကြည်လင်ကြတယ်။ မိမိနဲ့ သူတစ်ပါးကောင်းကျိုးကိုပေးနိုင်သော အပြုတရားများဖြစ်ကြတယ်။ ဗြဟ္မစိုရ်တရားထားရှိကြဖို့ ဗုဒ္ဓဘာသာကသာမက အခြားဘာသာတရားတို့ကလည်း ဟောကြားတိုက်တွန်းကြပေမယ့်လည်း ဗုဒ္ဓဘာသာဝင်များက ပိုမိုအလေးထားပြီး ပြုကျင့်ကြတယ်လို့ နိုင်ငံတကာက လက်ခံထားကြပါတယ်။

သူတော်ကောင်းတို့ရဲ့ မြတ်သောဒါန

သူတော်ကောင်းတွေဟာ လှူပြီဆိုလို့ရှိရင် အလှူခံပုဂ္ဂိုလ်တွေကို ချီးမြောက်တဲ့စိတ်နဲ့ လှူလေ့ရှိတယ်။ ကိုယ်ကအသာစီးနဲ့လှူတာ မဟုတ်ဘူး။ “ငါလှူထားတာ ငါကျွေးနိုင်တယ်ငါကျွေးတယ်” ဆိုတဲ့အပေါ်စီးနဲ့ မဟုတ်ဘူး။ လှူကတည်းက ကိုယ်ကနေပြီးတော့ ချီးမြှောက်လိုတဲ့စိတ်နဲ့ လှူတာဖြစ်တယ်။ အလှူခံပုဂ္ဂိုလ်တွေ ဝဝလင်လင်စားသောက်ရလို့ စိတ်ချမ်းသာမှုတွေရကြပါစေ၊ သူတို့အဆင်ပြေကြပါစေ၊ နေရေးထိုင်ရေးအဆင်ပြေကြပါစေ၊ စားရေးသောက်ရေးအဆင်ပြေကြပါစေ။ အဲဒီလို အလှူခံပုဂ္ဂိုလ်တွေကို ပူဇော်လို ချီးမြှောက်လိုတဲ့စိတ်မျိုးနဲ့ လုပ်ရမယ်။ လှူတယ်ဆိုကတည်းက ပူဇော်တဲ့စိတ်နဲ့လှူဖို့၊ ချီးမြှောက်တဲ့စိတ်နဲ့လှူဖို့၊ သူ့ကိုကူညီတယ်ဆိုတဲ့ စိတ်ထားမျိုးနဲ့လှူဖို့ လိုအပ်တယ်။ အဲဒီလို လှူလိုက်ရင်ဒါနရဲ့ အကျိုးရလာတဲ့အခါမှာ လူတွေဟာမွန်မွန်မြတ်မြတ် ပစ္စည်းတွေကိုသုံးဆောင်လိုတဲ့စိတ် ဖြစ်ပေါ်လာတယ်။

ဒါနကောင်းမှုလုပ်ခဲ့တဲ့ အချိန်တုန်းကအလှူခံပုဂ္ဂိုလ်တွေကို ချီးမြှောက်လိုတဲ့စိတ်နဲ့ လှူတာမဟုတ်ဘူး။ အားပေးလိုတဲ့စိတ်နဲ့ လှူတာမဟုတ်ဘူးဆိုရင် မပေးချင်ပေးချင်ပေးတာမျိုးတွေ ဖြစ်လာတယ်။ အဲဒါကြောင့် ရလာတဲ့အခါလည်း မစားချင်မသောက်ချင်ဖြစ်လာတယ်။ ဒါလည်း သတိထားစရာကောင်းတယ်။ ဒါကြောင့်မို့လို့ အလှူခံပုဂ္ဂိုလ်တွေကို ချီးမြှောက်လိုတဲ့ စိတ်မျိုးထားရှိပြီး တစ်ဖက်သားရွှင်လန်းသွားအောင်၊ အားတက်သရောဖြစ်လာအောင် တစ်ဖက်သားကို ပံ့ပိုးကူညီပေးတဲ့ဒါနမျိုးသာဖြစ်သင့်တယ်။ ဒါဟာ သူတော်ကောင်းတွေ လှူလေ့ရှိတဲ့ ဒါနမျိုးပဲဖြစ်တယ်လို့ ဆရာတော်ကြီးရဲ့ဟောကြားမှုကို နာယူဖူးပါတယ်။

အလှူနဲ့စပ်လျဉ်းလို့ မင်္ဂလသုတ်တော်မှာပါတဲ့အတိုင်း သုံးတန်စေတနာဖြူစင်လန်းလို့ ပေးကမ်းဝေမျှလှူနိုင်စေခြင်းမျိုးဖြစ်တဲ့ ကိုယ့်အောက်နိမ့်ကျတဲ့သူတွေကို ပေးကမ်းရမယ်၊ ကိုယ်နဲ့တန်းတူ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေကို ဝေမျှရမယ်၊ ကိုယ့်ထက်သီလ၊ သမာဓိ၊ ပညာသာလွန်တဲ့ ရတနာသုံးပါး၊ ကျေးဇူးကြီးမားတဲ့မိဘဆရာသမား ကျေးဇူးရှိသူတွေကို လှူဒါန်းရပါမယ်။ ဒါကြောင့် ဘုရားတည်၊ ကျောင်းဆောက်တာကိုလှူတာလည်း ဒါနဖြစ်သလို စာသင်ကျောင်းကိုလှူရင်လည်း ဒါန ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားကျောင်းကန်တွေလည်းလှူပါ။ လူငယ်တွေအတွက် တိုင်းပြည်အနာဂတ်အတွက်အရေးကြီးတဲ့ စာသင်ကျောင်းတွေ ကောင်းအောင်လည်းလှူပေးပါ။ ကိုယ့်ရပ်ရွာ ဖွံ့ဖြိုး တိုးတက်အောင်လည်း စောင့်ရှောက်လှူဒါန်းပါ။ စားနိုင်သောက်နိုင်တဲ့သူတွေကိုလည်း လှူသလိုမစားနိုင်မသောက်နိုင်တဲ့ သူတွေကိုလည်းလှူပေးပါ။ စီးပွားရေးလုပ်ငန်းရှင်တွေဆိုရင်လည်း လှူသင့်လှူထိုက်တာ လှူသလိုပဲကိုယ့်ရဲ့အလုပ်သမား တွေရသင့်ရထိုက်တဲ့ လုပ်အားခနဲ့အခွင့်အရေးလည်း မျှတအောင်ပေးကမ်းပါ။ ကိုယ့်အောက်နိမ့်ကျ တဲ့သူတွေကို ပေးကမ်းချီးမြှင့်ပါ။ ဒါဟာ စာဂဖြစ်သလို မေတ္တာ၊ ကရုဏာတရားကို လက်တွေ့ကျင့်သုံးခြင်းဖြစ်လို့ တရားအားထုတ်ခြင်းလည်းဖြစ်ပါတယ်။ ။

(ဆက်လက်ဖော်ပြပါမည်)

မောင်မောင်လင်း