Skip to main content

လူငယ်အင်အား စွမ်းပကားဖြင့် နိုင်ငံ့ဂုဏ်ရောင် အလင်းဆောင်အံ့

မောင်လူအေး(ရေစကြို)

ယနေ့ကမ္ဘာပေါ်တွင် လူဦးရေ ၈ ဘီလီယံကျော်ရှိသည့်အနက် အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းရှိ လူငယ်ဦးရေသည် ၁ ဒသမ ၂ ဘီလီယံခန့်ရှိပြီး ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၁၆ ရာခိုင်နှုန်းခန့်ရှိပါသည်။ ယင်းလူငယ်ဦးရေ၏ ၉၀ ရာခိုင်နှုန်းနီးပါးမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်ကြသူများဖြစ်ကြောင်း တွေ့ရှိရပါသည်။

ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံကြီးများတွင် မွေးဖွားနှုန်းကျဆင်းလာခြင်းကြောင့် လုပ်သားအင်အားရှားပါးလာပြီး သက်ကြီးရွယ်အိုများပြားလာသည့် အခြေအနေများနှင့် ရင်ဆိုင်ကြုံတွေ့နေရသကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူဦးရေတိုးပွားနှုန်း မြန်ဆန်လာသည့်အတွက် တိုးပွားလာသောလူဦးရေအတွက် နေ့စဉ်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် အခက်အခဲများနှင့် ကြုံတွေ့နေရပါသည်။ ကမ္ဘာ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်သည် တစ်ရက်လျှင် ဝင်ငွေ နှစ်ဒေါ်လာအောက်သာရရှိသည့် ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်တွင် နေထိုင်လျက်ရှိကြကြောင်း ကုလသမဂ္ဂကထုတ်ပြန်သည့် စာရင်းများအရ သိရှိရပါသည်။

လူငယ်လူရွယ်များ၏ စုစည်းမှုစွမ်းအားဖြင့် ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်သွားရမည်

တစ်ဖန် ကမ္ဘာ့လူငယ်ဦးရေ၏ ၆၀ ရာခိုင်နှုန်းကျော်မှာ အာရှ-ပစိဖိတ်ဒေသမှဖြစ်ပြီး ဒေသတွင်း စုစုပေါင်းလူဦးရေ၏ ၁၉ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရှိရပါသည်။ အာဆီယံဒေသတွင်းတွင်လည်း လူဦးရေစုစုပေါင်း၏ ၃၄ ရာခိုင်နှုန်းနီးပါးသည် အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်များ ဖြစ်ကြပါသည်။ မိမိတို့မြန်မာနိုင်ငံတွင်လည်း ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း အစီရင်ခံစာအရ ၁၆ ဒသမ ၈၉ သန်းမှာ အသက် ၁၅ နှစ်မှ ၃၄ နှစ်အထိ လူငယ်များဖြစ်ကြပြီး နိုင်ငံ စုစုပေါင်း လူဦးရေ၏ ၃၃ ရာခိုင်နှုန်းကျော်ရှိသည်ဖြစ်ရာ တန်ဖိုးမဖြတ်နိုင်သော အလားအလာကောင်းများနှင့် ပြည့်စုံသော လူ့စွမ်းအားအရင်းအမြစ်များကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ ယင်းလူငယ်လူရွယ်များ၏ စုစည်းမှုစွမ်းအားဖြင့် ဒေသတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍများတွင် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဖော်ဆောင်သွားရမည်ဖြစ်သည်။

လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ယူကြရမည်ဖြစ်ပြီး အနာဂတ်ကမ္ဘာကို ပုံဖော်ရေးဆွဲကြမည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ကြပါသည်။ နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သောကြီးမားသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးခြားသည့်အင်အားစုတစ်ရပ်ဖြစ်၍ အနာဂတ်ခေါင်းဆောင်များလည်း ဖြစ်ကြပါသည်။ ထို့အတွက် လူငယ်မျိုးဆက်သစ်များသည် တစ်ခေတ်ထက်တစ်ခေတ် ပိုမိုထူးချွန်ထက်မြက်ပြီး လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကို ကျော်လွှားနိုင်စွမ်းရှိရန် လွန်စွာအရေးကြီးလှပါသည်။ လူငယ်များ၏အသံ၊ လူငယ်များ၏ သဘောထားများအပေါ် အလေးထားနားထောင်၍ အားကောင်းခိုင်မာထိရောက်သော ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ရေးဆွဲဆောင်ရွက်သွားရမည်ဖြစ်သည်။

လူငယ်များ၏ အခန်းကဏ္ဍကို အသိအမှတ်ပြု

သို့ဖြစ်ရာ ကမ္ဘာတစ်ဝန်း လူငယ်များရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို နိုင်ငံတကာအသိုက်အဝန်းမှ သိရှိနားလည်နိုင်စေရန်နှင့် ယနေ့ကမ္ဘာကြီးတွင် လူငယ်များ၏ အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုရန် ၁၉၉၁ ခုနှစ်တွင် ဩစတြီးယားနိုင်ငံ Vienna မြို့၌ ကျင်းပခဲ့သည့် ပထမအကြိမ် ကမ္ဘာ့လူငယ်များဖိုရမ်သို့ တက်ရောက်ခဲ့သည့် လူငယ်များမှ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ကျင်းပနိုင်ရန် အဆိုပြုခဲ့ရာမှစတင်၍ ၁၉၉၈ ခုနှစ် ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့တွင် ကုလသမဂ္ဂနှင့်ပူးပေါင်း၍ ကျင်းပခဲ့သည့် ပထမအကြိမ်လူငယ်ဆိုင်ရာဝန်ကြီးများ၏ ကမ္ဘာ့ညီလာခံတွင် ဩဂုတ်လ ၁၂ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အဖြစ် သတ်မှတ်ဆောင်ရွက်ရန်အကြံပြုခဲ့ပြီး ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက် နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံကြီးမှ ဆုံးဖြတ်ချက်အမှတ် (၅၄/၁၂၀)ဖြင့် ဩဂုတ်လ ၁၂ ရက်နေ့အား “အပြည်ပြည်ဆိုင်ရာလူငယ်များနေ့” အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားများကို ကုလသမဂ္ဂကကြီးမှူး၍ ၂၀၀၀ ပြည့်နှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် ပထမဆုံးကျင်းပပြုလုပ်ခဲ့ပြီး နှစ်စဉ်အခမ်းအနားများကျင်းပခဲ့ရာ ယခုဆိုလျှင် ၂၃ နှစ်တိုင် ရှိခဲ့ပြီးဖြစ်ပေသည်။ မြန်မာနိုင်ငံတွင်လည်း ရပ်ရွာအကျိုးပြုလုပ်ငန်းများ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် လူငယ်များပိုမိုပူးပေါင်းပါဝင်လာစေရန်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို လူငယ်လူရွယ်များ ပိုမိုသိရှိကာပါဝင်ဆင်နွှဲလာကြစေရန်နှင့် လူငယ်များ၏ အသံ၊ လိုလားချက်များအား တာဝန်ရှိသူများက သိရှိနားလည် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် ၂၀၁၈ ခုနှစ်မှစတင်၍ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားများကို အခြားသောကမ္ဘာ့နိုင်ငံများနည်းတူ နှစ်စဉ် ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်ပေးလျက်ရှိပါသည်။

၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက် ကုလသမဂ္ဂအဖွဲ့ကြီးက ချမှတ်ပေးထားသည့် ဆောင်ပုဒ်မှာ "Green Skills for Youth: Towards a Sustainable World" “ကမ္ဘာမြေ အရှည်တည်တံ့စေဖို့၊ လူငယ်များရဲ့ အစိမ်းရောင်ကျွမ်းကျင်မှုစွမ်းရည်ဖြင့် ဖော်ဆောင်စို့” ဖြစ်ပါသည်။ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီကကြီးမှူး၍ ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားအား လူငယ်ရေးရာကော်မတီဝင်များ၊ လူငယ်အဖွဲ့အစည်းများ၊ မသန်စွမ်းလူငယ်များ၊ နိုင်ငံ့ဝန်ထမ်းလူငယ်များနှင့် ဆက်စပ်ဌာနဆိုင်ရာများ၏ ပူးပေါင်းပါဝင်မှုဖြင့် နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားရုံတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

လူငယ်ဟူသည့်သဘာဝမှာ လျင်မြန်ခြင်း၊ နိုးကြားတက်ကြွခြင်း၊ ခွန်အားရှိခြင်း၊ စူးစမ်းတတ်ခြင်း၊ စွန့်စားခြင်း၊ ရဲရင့်ခြင်း၊ တတ်မြောက်လွယ်ခြင်းနှင့် ဖန်တီးနိုင်စွမ်းအားရှိသူများဖြစ်ကြရာ ၎င်းတို့၏ စွမ်းဆောင်ရည်များအပေါ် အသိအမှတ်ပြု၍ စနစ်တကျပြုစုပျိုးထောင်လေ့ကျင့်ပေးရန် အရေးတကြီး လိုအပ်လျက်ရှိပါသည်။ အနာဂတ်လူ့ဘောင်အားဦးဆောင်မည့် ဖန်တီးရှင်အနာဂတ် အရင်းအမြစ်များဖြစ်ကြသည့် လူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့နီတိနှင့် ကျင့်ဝတ်၊ စံနှုန်းများကို လေးစားလိုက်နာသည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်လာစေရေးအတွက် လူငယ်များ၏ အရေးပါသောကဏ္ဍကို ချန်လှပ်မထားဘဲအဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုးကူညီ ပြုစုပျိုးထောင်ပေးရန် လိုအပ်မည်ဖြစ်ပါသည်။

နိုင်ငံ့သားကောင်းများဖြစ်လာအောင် ပြုစုပျိုးထောင်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များဖြစ်ကြသည့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို စနစ်တကျထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် လူငယ်များပညာသင်ယူ ခြင်းနှင့်အတူ အားကစားလိုက်စားပြီး ကျန်းမာကြံ့ခိုင်သည့် ဗလငါးတန်ပြည့်ဝသည့် နိုင်ငံ့သား ကောင်းများဖြစ်လာအောင် ပြုစုပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁-၈-၂၀၂၁)ရက်စွဲပါ အမိန့်အမှတ်(၁၅၁/၂၀၂၁)ဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို ကျန်းမာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနဟု သီးခြားစီခွဲ၍ ပြင်ဆင်ဖွဲ့စည်း ပေးခဲ့ပြီး (၂-၂-၂၀၂၂) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၂)အရ လူငယ်ရေးရာဦးစီးဌာနအားအင်အား ၁၈၈၀ ဖြင့် ဘဏ္ဍာရေးနှစ်အလိုက် တိုးချဲ့ဖွဲ့စည်းခွင့်ပြုခဲ့ပါသည်။

လူငယ်ရေးရာဦးစီးဌာနအနေဖြင့် ကုလသမဂ္ဂစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်များနှင့်အညီ လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒ(၇)ရပ်၊ ရည်မှန်းချက်(၇)ရပ်နှင့် လုပ်ငန်းစဉ် (၁၀)ရပ်ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

ထို့အတူ လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မှန်ကန်သည့်လမ်းကြောင်းပေါ်သို့ ရောက်ရှိစေပြီး နိုင်ငံတော်ကို အကျိုးပြုမည့် နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် လူငယ်ရေးရာမူဝါဒအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ၊ မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်လူငယ်ရေးရာ ကော်မတီတို့ကို ဖွဲ့စည်းထားရှိပေးပြီးဖြစ်သည့်အတွက် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ယခင်ကထက် ပိုမိုထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်လာနိုင်ခဲ့ပြီဖြစ်သည်။

လူငယ်တို့ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုပြဿနာများကို ဖြေရှင်းကျော်လွှား၍ မြန်မာနိုင်ငံရှိ လူငယ်များ၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ ဖွံ့ဖြိုးမှုအနာဂတ်အလား အလာကောင်းများကို ရှေ့ဆောင်လမ်းပြပေးနိုင်ရန် လူငယ်ရေးရာမူဝါဒကို ၂၀၁၇ ခုနှစ်တွင် ရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့ပြီး ယင်းမူဝါဒနှင့်အညီ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်(၂၀၂၀-၂၀၂၄)ကိုလည်း ရေးဆွဲပြဋ္ဌာန်း နိုင်ခဲ့ပါသည်။ လူငယ်ရေးရာမူဝါဒတွင် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဓိကကဏ္ဍ(၁၆)ရပ်ပါရှိပြီး ၎င်းကဏ္ဍ(၁၆)ရပ်မှာ -

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

မူးယစ်ဆေးဝါးနှင့် အခြားဘေးဖြစ်စေတတ်သည့် အန္တရာယ်များကဏ္ဍ

အားကစားနှင့်အပန်းဖြေခြင်းကဏ္ဍ

အလုပ်အကိုင်အခွင့်အလမ်းကဏ္ဍ

စီးပွားရေးကဏ္ဍ

နိုင်ငံရေးကဏ္ဍ

စာပေအနုပညာနှင့် ယဉ်ကျေးမှုကဏ္ဍ

သုတေသနကဏ္ဍ

သိပ္ပံနှင့်နည်းပညာကဏ္ဍ

ပြည်သူ့နီတိနှင့် နိုင်ငံ့သားကောင်းဖြစ်မှုကဏ္ဍ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ

ငြိမ်းချမ်းရေးနှင့်ဘဝလုံခြုံရေးကဏ္ဍ

ကျား/မ ညီမျှမှုကဏ္ဍ

လူ့အခွင့်အရေးကဏ္ဍ

နိုင်ငံတကာဆက်ဆံရေးကဏ္ဍများ ဖြစ်ကြပါသည်။

ပြည်သူလူထု ပူးပေါင်းပါဝင်မှသာ အောင်မြင်မှုရရှိနိုင်မည်

လူငယ်ရေးရာမူဝါဒတွင်ပါဝင်သော လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဓိကကဏ္ဍ(၁၆)ရပ်မှာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များက အကောင်အထည်အဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရပ်များ၊ ဦးစားပေးကဏ္ဍများ၊ ဆောင်ရွက်ချက်များနှင့် ဆက်စပ်လျက်ရှိသည့်(cross-cutting)ကဏ္ဍများ ဖြစ်ပေရာ ယင်းမူဝါဒပါလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ရာတွင် လူငယ်များ၏ ပူးပေါင်းပါဝင်မှုဖြင့် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် လူငယ်ရေးရာ ကော်မတီများက ဦးဆောင်ကာ ဆက်စပ်ဌာန/အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ကွန်ရက်များနှင့် ပြည်သူလူထု၏ အပြည့်အဝ ပူးပေါင်းပါဝင်မှုရှိမှသာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃ တွင် “နိုင်ငံတော်သည် လူငယ်များမျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန်တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ရမည်”ဟူသော နိုင်ငံတော်အခြေခံမူနှင့်အညီ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီး လူငယ်များစစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံသည့် ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ အမျိုးသားရေး စရိုက်လက္ခဏာများအား ထိန်းသိမ်းစောင့်ရှောက်တတ်စေရေးနှင့် အသိပညာဗဟုသုတ ကြွယ်ဝစေရေးအတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများအား တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အသီးသီးတွင် ကျင်းပဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ် မတ်လမှ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ၂၂၁၉ ကြိမ်ကျင်းပနိုင်ခဲ့ပြီး ကျောင်းသား ကျောင်းသူလူငယ်ပေါင်း ၄၁၉၃၇၁ ဦးကို အသိပညာများ မျှဝေပေးနိုင်ခဲ့ပါသည်။

ထို့အတူ လူငယ်ရေးရာမူဝါဒတွင်ပါရှိသည့် လူငယ်ဆိုင်ရာအဓိကဏ္ဍများနှင့်ပတ်သက်၍ လူငယ်စကားဝိုင်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ခရိုင်၊ မြို့နယ်များတွင် လူငယ်စကားဝိုင်းအကြိမ် ၁၁၀ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၁၃၃၀ ပါဝင်တက်ရောက်ခဲ့ပါသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော (၇၅)နှစ်‌မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ကျင်းပပြုလုပ်ခဲ့သည့် “လူငယ်နှင့်စာပေအနုပညာပြပွဲ”တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနအနေဖြင့် လူငယ်များဗဟုသုတရရှိစေမည့် သုတရသစာအုပ်စာပေများ ခင်းကျင်းပြသခြင်း၊ ဓာတ်ပုံမှတ်တမ်းများ၊ Video Clip မှတ်တမ်းများပြသခြင်းနှင့် ဗဟုသုတဉာဏ်စမ်းမေးခွန်းများ မေးမြန်းခြင်းနှင့်ဆုချီးမြှင့်ခြင်း၊ အမှတ်တရ အပျော်တမ်းဓာတ်ပုံရိုက်ရန် Photo Booth များပြုလုပ်ပေးခြင်းဖြင့် လူငယ်များမျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေး၊ အသိပညာဗဟုသုတများတိုးပွားစေရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

လူငယ်များ ငြိမ်းချမ်းရေးကို တန်ဖိုးထားတတ်စေရန် ရည်ရွယ်

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဆောင်ရွက်ချက်များတွင် လူငယ်များ အပြည့်အဝပါဝင်ခွင့်ရရှိစေရန်နှင့် လူငယ်များ ငြိမ်းချမ်းရေးကို တန်ဖိုးထားထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီကဦးစီး၍ “သွေးချင်းညီနောင် ကောင်းကျိုးဆောင် ပြည်သစ်အောင်ဖို့ ဆွေးနွေးစို့”ဟူသည့် ဆောင်ပုဒ်ဖြင့် တက္ကသိုလ်၊ ဒီဂရီကောလိပ် ကျောင်းသား ကျောင်းသူများ၏ ငြိမ်းချမ်းရေးဆိုင်ရာစကားဝိုင်းကို ၂၈-၁-၂၀၂၃ ရက်နေ့တွင် မန္တလာသီရိအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ကျောင်းသား ကျောင်းသူစုစုပေါင်း ၂၅၀၀၀ ပါဝင်တက်ရောက်ခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် “နိုင်ငံ၏ အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင်တည်ဆောက်၍ တစ်မျိုးသားလုံးသက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ်ဖြစ်ပေါ်လာစေရေး”ဆိုသည့် လူမှုရေးဦးတည်ချက်ကို ချမှတ်ဆောင်ရွက်လျက်ရှိရာ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားကဏ္ဍသည် အရေးကြီးသည့်အခန်းကဏ္ဍတစ်ခုဖြစ်ပါသည်။ လူငယ်များအား ငယ်ရွယ်စဉ်ကတည်းက ပညာသင်ယူခြင်းနှင့်အတူ အားကစားလိုက်စားပြီး ကျန်းမာကြံ့ခိုင်၍ ဗလငါးတန်ပြည့်ဝသည့် နိုင်ငံ့သားကောင်းများဖြစ်အောင် ပြုစုပျိုးထောင်ပေးသွားမည့် ရည်ရွယ်ချက်နှင့်အညီ လူငယ်များကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားနှင့်ကာယပညာဖြင့် ပေါင်းစပ်အကောင်အထည်ဖော်ရန် လိုအပ်လျက်ရှိရာ အခြေခံပညာကျောင်းများနှင့် နည်းပညာကောလိပ်များ၊ တက္ကသိုလ်များသို့ သွားရောက်၍ အားကစားနှင့်လူငယ်ဆိုင်ရာ ဟောပြောပွဲများပြုလုပ်ခြင်း၊ အားကစားနည်းများသရုပ်ပြသခြင်း၊ အားကစားနည်းအလိုက် သင်တန်းများဖွင့်လှစ်ခြင်း၊ အားကစားပြိုင်ပွဲများကျင်းပပေးခြင်းနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

အခြေခံအားကစားနည်းတစ်ရပ်ရပ်ကို လေ့လာလိုက်စားခြင်းအားဖြင့် ကျန်းမာကြံ့ခိုင်၍ ဉာဏ်ရည်ထက်မြက်သော လူငယ်များမွေးထုတ်ပေးနိုင်မည်ဖြစ်ပြီး စနစ်တကျဆက်လက်လေ့ကျင့် ပြုစုပျိုးထောင်ပေးနိုင်ပါက အားကစားဖြင့် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်ပေးနိုင်သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ မွေးထုတ်ပေးနိုင်မည်ဖြစ်ပေသည်။ နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း လူငယ်များအချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်အတွက် နွေရာသီအားကစားအခြေခံသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိရာ ၎င်းသင်တန်းများမှတစ်ဆင့် ကျန်းမာကြံ့ခိုင်သော လူငယ်လူရွယ်များ၊ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားလူရည် ချွန်များ ပေါ်ထွက်လာမည်ဖြစ်ပေသည်။

မြန်မာလူငယ် အားကစားသမားများ နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ် ရယူပေးနိုင်ခဲ့

ထိုရည်မှန်းချက်နှင့်အညီ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီအားကစားသင်တန်းများကို ခရိုင်/ မြို့နယ်အသီးသီးတွင် စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးခဲ့ရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နွေရာသီအားကစား အခြေခံသင်တန်းများသို့ သင်တန်းသား သင်တန်းသူစုစုပေါင်း ၃၄၁၅၀ ပါဝင်တက်ရောက်ခဲ့ပါသည်။ ယင်းကဲ့သို့ စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးမှုများကြောင့်လည်း ၂၀၂၃ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲနှင့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲများတွင် မြန်မာလူငယ် အားကစားသမားများသည် နိုင်ငံ့ဂုဏ်ဆောင်ရွှေတံဆိပ်ဆုများ ရယူပေးနိုင်ခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ပေသည်။

ကမ္ဘာ့နိုင်ငံများတွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မှုနည်းလမ်းများအဖြစ် လူငယ်ဖလှယ်ရေးအစီအစဉ်များ (Youth Exchange Program)၊ လူငယ်ခေါင်းဆောင်မှုအစီအစဉ်များ (Youth Leadership Program)၊ လူငယ်စေတနာ့ဝန်ထမ်းအခွင့်အလမ်းများ(Youth Volunteer Opportunities)၊ ၂၁ ရာစုကျွမ်းကျင်မှု အတတ်ပညာများအပါအဝင် ကျွမ်းကျင်မှုသင်တန်းများ(Skills Training)နှင့် လူမှုရေးဆိုင်ရာစွမ်းဆောင်မှုအစီအစဉ်များ (Social Entrepreneurship Program)များကို ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

လူငယ်ရေးရာဦးစီးဌာနအနေဖြင့် လူငယ်လူရွယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ပတ်ဝန်းကျင် ဒေသန္တရဗဟုသုတများတိုးပွားလာစေရန်၊ လူငယ်အချင်းချင်း အတွေ့အကြုံဗဟုသုတများ ဖလှယ်နိုင်စေရန်နှင့် လူငယ်အချင်းချင်းကြား ချစ်ကြည်ရင်းနှီးမှု တိုးပွားလာစေရန်ရည်ရွယ်၍ လူငယ်လေ့လာရေးခရီးစဉ်များ၊ အသင်းအလိုက်လှုပ်ရှားမှုများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေးဥယျာဉ်(စမတောင်) လူငယ်ဖွံ့ဖြိုးရေးဂေဟာမှ လူငယ်များအား လည်းကောင်း၊ အဝါရောင်မျိုးဆက်သစ်ပရဟိတအသင်း(YGW) လူငယ်ဖွံ့ဖြိုးရေးကျောင်းမှ လူငယ်များအားလည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူ လူငယ်များအားဖိတ်ကြား၍ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း၊ စုပေါင်းဂိမ်းကစားခြင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် အားကစားရုံတို့ကိုလေ့လာခြင်း၊ အားကစားပြိုင်ပွဲများ ကြည့်ရှုအားပေးခြင်း၊ ဝဏ္ဏသိဒ္ဓိရေကူးကန်တွင် ရေကူးအားကစားသရုပ်ပြမှုအား ကြည့်ရှုလေ့လာခြင်း၊ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်း (အားကစားပြတိုက်နှင့်ပြခန်း)အား လေ့လာခြင်း၊ မြန်မာ့ရိုးရာ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲများသို့ သွားရောက်လေ့လာအားပေးခြင်းစသည့် လူငယ်လေ့လာရေးခရီးစဉ် လေးကြိမ်တိတိကို ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

လူငယ်များ၏ အရည်အသွေးနှင့် စိတ်ဓာတ်ကို လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်

နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှုနှင့် လူမှုစီးပွားဘဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် အခြေခံကျပြီး လူသားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးဖြင့်သာ အဓိကတည်ဆောက်ရမည်ဖြစ်သည်။ အသိပညာ ရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင် လူငယ်လူရွယ်များဖြင့် အနာဂတ်နိုင်ငံတော်ကို တည်ဆောက် နိုင်မည်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်လူရွယ်များအား အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုပညာရပ်များကို စနစ်တကျလေ့ကျင့်သင်ကြားပေးရန် လွန်စွာအရေးကြီးလှပါသည်။ အနာဂတ်မျှော်မှန်းချက် အလားအလာများနှင့် ပြည့်ဝနေသောလူငယ်များ၏ အရည်အသွေးနှင့် စိတ်ဓာတ်ကို စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးနိုင်မည့် ပညာရေးရပ်ဝန်း ဖော်ဆောင်ပေးရန် လိုအပ်မည်ဖြစ်သည်။

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်းစာရင်း အစီရင်ခံစာအရ အသက် ၁၅ နှစ်နှင့်အထက်လူဦးရေ၏ လုပ်သားအင်အားပါဝင်နှုန်းမှာ ၆၃ ရာခိုင်နှုန်းဖြစ်ပြီး အလုပ်လက်မဲ့နှုန်းမှာ ၂ ဒသမ ၇ ရာခိုင်နှုန်းဖြစ်ပါသည်။ တစ်ဖန် အသက် ၁၅ နှစ် အထက်လူဦးရေ တစ်နည်းအားဖြင့် အလုပ်လုပ်နိုင်သူဦးရေ စုစုပေါင်း ၂၂ ဒသမ ၉ သန်းရှိသည့်အနက် တစ်ဝက်ခန့်သာ အလယ်တန်းအဆင့်ပညာ တတ်မြောက်ကြောင်း သိရှိရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ပညာရေးဝန်ကြီးဌာနမှ ဦးဆောင်ကာ မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေး ညီလာခံ(၂၀၂၃)အား ကျင်းပပြုလုပ်ခဲ့ပြီး ပညာရေးတန်းစဉ်ကူးပြောင်းမှု နည်းပါးခြင်းကို ကုစားနိုင်မည့် နည်းလမ်းများရှာဖွေခြင်း၊ ကျောင်းတက်သူဦးရေ တိုးတက်လာစေမည့်နည်းလမ်းများရှာဖွေခြင်း၊ KG+9 ပညာရေးကို အမျိုးသားရေးကိစ္စတစ်ရပ်အဖြစ် တိုင်းဒေသကြီး/ပြည်နယ်အားလုံးတွင် ဆောင်ရွက်နိုင်ရေးနှင့် လူငယ်လူရွယ်များ၏ အသက်မွေးဝမ်းကျောင်းမှုကို အထောက်အကူပြုစေမည့် အသက်မွေးဝမ်းကျောင်းပညာ အခြေခံရရှိရေးအတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစတင်၍ KG+ 10, 11, 12တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနည်းပညာရပ်များအား ခရိုင် ၅၀ ရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ၅၁ ကျောင်းဖွင့်လှစ်ကာ သင်ကြားပို့ချပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် လူငယ်ရေးရာကော်မတီများကလည်း ဆက်စပ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အထောက်အကူပြုစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်နှင့် လူငယ်များ သမ္မာအာဇီဝကျကျ လုပ်ကိုင်တတ်စေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းသင်တန်း၊ တန်ဖိုးမြင့်စားသောက်ကုန်သင်တန်း၊ အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်း၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာပေးသင်တန်း၊ တစ်လုံးထိုးအင်ဂျင် ပြုပြင်ခြင်းသင်တန်း၊ ပိုက်ပြင်/ ပိုက်ဆက်သင်တန်း၊ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း အခြေခံသင်တန်း၊ Fancy လက်မှုထည် ထုတ်လုပ်နည်းသင်တန်း၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း၊ အခြေခံကွန်ပျူတာသင်တန်း၊ အခြေခံဓာတ်ပုံပညာသင်တန်းများအား နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များတွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ် မတ်လမှ ၂၀၂၃ ခုနှစ် ဇွန်လအထိ မသန်စွမ်းလူငယ်များအပါအဝင် လူငယ်များစွမ်းဆောင်ရည်မြင့်မားရေးနှင့် အလုပ်အကိုင်ရရှိရေးအတွက် သက်မွေးသင်တန်းများ စုစုပေါင်း (၁၈)ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသား သင်တန်းသူ စုစုပေါင်း ၆၃၃ ဦး တက်ရောက်နိုင်ခဲ့ပါသည်။

လူငယ်ရေးရာဦးစီးဌာနအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပညာဆက်လက် မသင်ယူနိုင်သော အထူးအလေးပေးရမည့် လူငယ်များအုပ်စုတွင်ပါဝင်သည့် လူငယ်များအား အသက်မွေးဝမ်းကျောင်းပညာ ဆက်လက်သင်ယူနိုင်ရေးနှင့် ၎င်းတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသက်မွေးဝမ်းကျောင်းပညာသင်စရိတ် ထောက်ပံ့ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး (ASEAN Ministerial Meeting On Youth – AMMY) နှင့် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ( Senior Officials Meeting On Youth – SOMY)၏ တာဝန်ဝတ္တရားများနှင့် အာဆီယံလူငယ်ရေးရာလုပ်ငန်းစဉ်များကို အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် Virtual စနစ်ဖြင့် မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်ကျင်းပခဲ့သည့် (၁၂)ကြိမ်မြောက် အာဆီယံ လူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေး(AMMY XII)နှင့် (၈)ကြိမ်မြောက် အာဆီယံအပေါင်း(၃) လူငယ်ဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး (8th AMMY+3)တို့တွင် လက်ရှိဥက္ကဋ္ဌ မလေးရှားနိုင်ငံ လူငယ်နှင့်အားကစားဝန်ကြီးမှ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွက် အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေး၏ ဥက္ကဋ္ဌတာဝန်များကို မြန်မာနိုင်ငံအား တရားဝင်လွှဲပြောင်းပေးအပ်ခဲ့ရာ မြန်မာနိုင်ငံ အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးအဖွဲ့ခေါင်းဆောင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်ခံရယူခဲ့သည်။

(၁၃) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၊ (၁၃)ကြိမ်မြောက်အာဆီယံ လူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအား ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။

အာဆီယံလူငယ်ဆိုင်ရာ လုပ်ငန်းအစီအစဉ် ၂၀၂၁-၂၀၂၅ (ASEAN Work Plan on Youth 2021-2025)တွင် ပါဝင်သည့် လူငယ်များ၏အခွင့်အရေးများကို မြှင့်တင်နိုင်ရေး ဆောင်ရွက်သွားမည့် ရည်မှန်းချက်များနှင့်အညီ အာဆီယံဒေသအဆင့် ဆွေးနွေးပွဲများ၊ ညီလာခံများ၊ သင်တန်းများ၊ ပြိုင်ပွဲအစီအစဉ်များတွင် မြန်မာလူငယ်များ ပါဝင်ဆောင်ရွက်ခွင့်ရရှိစေရန် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ မိတ်ဖက်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၂၀၂၂ ခုနှစ် မတ်လမှ ၂၀၂၃ ခုနှစ် ဇွန်လအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံအပေါင်း(၃)နိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများ၊ မိတ်ဖက်အဖွဲ့ အစည်းများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့မှ ဦးဆောင်ကျင်းပခဲ့သည့် အစည်းအဝေး ခြောက်ကြိမ်၊ သင်တန်းတစ်ကြိမ်၊ ပြိုင်ပွဲ ၁၀ ကြိမ်၊ ဆွေနွေးပွဲ ၁၉ ကြိမ်တို့တွင် မြန်မာလူငယ်ကိုယ်စားလှယ် စုစုပေါင်း ၈၇ ဦး ပါဝင်တက်ရောက်နိုင်ခဲ့ပါသည်။

လူငယ်များ၏ အခန်းကဏ္ဍကို ပြုစုပျိုးထောင်ပေးလျက်ရှိ

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနအနေဖြင့် “လူငယ်အင်အားစွမ်းပကားဖြင့် နိုင်ငံ့ဂုဏ်ရောင် အလင်းဆောင်အံ့”ဟူသည့် ဆောင်ပုဒ်နှင့်အညီ လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဗဟိုချက်ဌာနအဖြစ် တာဝန်ယူကာ ဆက်စပ်ဌာန/ အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုဖြင့် လူငယ်များ၏ နယ်ပယ်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။ လူငယ်များ၏ အခွင့်အရေးများ အပြည့်အဝရရှိစေရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် မျိုးဆက်သစ်လူငယ်များ၏ အရေးပါသော အခန်းကဏ္ဍကို လျစ်လျူရှု ချန်လှပ်ထားခြင်းမရှိဘဲ အပြည့်အဝ ပူးပေါင်းပါဝင်နိုင်ရေး အဘက်ဘက်မှ မြေတောင်မြှောက်ပြုစုပျိုးထောင်ပေးလျက်ရှိသကဲ့သို့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။

အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်မှုအစီအမံများနှင့် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုများသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ကမ္ဘာ့နိုင်ငံအများစုက လက်ခံကျင့်သုံးဆောင်ရွက်လျက်ရှိရာ လက်ရှိ မြန်မာနိုင်ငံအခြေအနေ၏ လူငယ်ထုတစ်နည်းအားဖြင့် လုပ်သားအင်အားများပြားနေသည့် အားသာချက်ကို ကောင်းစွာအသုံးပြု၍ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မျက်မှောက်ကာလတွင် ရင်းနှီးမြှုပ်နှံခြင်းများ ပြုလုပ်သွားရမည်ဖြစ်ပါသည်။

လူငယ်ကဏ္ဍ ရင်းနှီးမြှုပ်နှံခြင်းသည် လတ်တလောအကျိုးသက်ရောက်မှုအတွက် မဟုတ်ဘဲ နိုင်ငံ၏အနာဂတ်မျိုးဆက်များအတွက် ရည်ရွယ်၍ အစိုးရတိုင်းက မဖြစ်မနေလုပ်ဆောင်ရမည့် တာဝန်ဝတ္တရားတစ်ရပ်ဖြစ်ကြောင်း သတိပြုရမည်ဖြစ်သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးခြားသောအင်အားစုဖြစ်သည့် လူငယ်များ၏ အရည်အသွေး စွမ်းပကားအား စနစ်တကျ အကျိုးရှိစွာ ကိုင်တွယ်အသုံးပြု၍ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အနာဂတ်တွင် မိမိတို့မျှော်မှန်းသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။

အချုပ်အားဖြင့် စည်းလုံးညီညွတ်၍ သဟဇာတဖြစ်သည့် အနာဂတ်လူ့ဘောင်အဖွဲ့အစည်းအား ထူးချွန်ထက်မြက်သော၊ ကျန်းမာကြံ့ခိုင်သော၊ တွေးခေါ်နိုင်စွမ်းရှိသော၊ အကျင့်စာရိတ္တကောင်းမွန်သော၊ နိုင်ငံကြီးသားပီသသော၊ တာဝန်ယူမှုတာဝန်ခံမှုရှိသော၊ အတ္တနှင့်ပရ မျှတသော၊ လူ့ကျင့်ဝတ်လူ့တန်ဖိုးကို အလေးထား၍ စိတ်ဓာတ်စည်းကမ်း ကောင်းမွန်သော လူကောင်းလူတော်များဖြင့်သာ ဖန်တီးဖော်ဆောင်ပေးနိုင်မည်ဖြစ်ရာ နိုင်ငံ၏ အနာဂတ်အတွက် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ ကော်မတီများနှင့် တာဝန်ရှိသူအားလုံးက ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုတာဝန်ခံမှု အားကောင်းစွာဖြင့် ကြိုးပမ်းအားထုတ်သွားရမည် ဖြစ်ပါကြောင်း တိုက်တွန်းနှိုးဆော်ရင်း ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်။

ကိုးကား-

လူငယ်ရေးရာမူဝါဒ၊ ၂၀၁၇

လူငယ်ရေးရာမူဝါဒဆိုင်ရာ မဟာဗျူဟာစီမံချက်(၂၀၂၀-၂၀၂၄)

မြန်မာ့အလင်းသတင်းစာ၊ ၂၀၂၃ မေ ၁၉

မြန်မာ့အလင်းသတင်းစာ၊ ၂၀၂၃ ဇွန် ၁၈

မြန်မာ့အလင်းသတင်းစာ၊ ၂၀၂၃ ဇူလိုင် ၁၂