ရေကြီးရေလျှံ သဘာဝဘေးရန်နှင့် ပူးတွဲလာလေ့ရှိသည့် လျှပ်စစ်အန္တရာယ်များ
မောင်မောင်(လျှပ်စစ်)
လျှပ်စစ်အန္တရာယ်မဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် စာရေးသူအနေဖြင့် ဝါသနာအလျောက် ဆောင်းပါးများကို အခါအခွင့်သင့်သလိုရေးသား သတိပေးလျက်ရှိပါသည်။ ဇူလိုင်လကုန်ပိုင်းထုတ် မြန်မာ့အလင်းသတင်းစာများတွင် လေဖိအားနည်းရပ်ဝန်းသတင်း၊ မြစ်ရေမြင့်တက်မှုသတင်းများကို ဖတ်မိရာ စိုးရိမ်စိတ်များနှင့်အတူ ရေကြီးရေလျှံ သဘာဝဘေးရန်နှင့် ပူးတွဲလာလေ့ရှိသည့် လျှပ်စစ်အန္တရာယ်များအကြောင်း သတိပေးဆောင်းပါးရေးရန် သတိရမိပါသည်။
ရေကြီးရေလျှံခြင်းနှင့် လျှပ်စစ်အန္တရာယ်
မကြာမီကာလအတွင်း မိုးများစွာရွာသွန်းတော့မည်ဖြစ်ရာ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ မြစ်များ၊ ချောင်းများတွင် ရေကြီးရေလျှံမှုများ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ ရေကြီးရေလျှံဖြစ်ပွားသည့်အခါ တစ်ခါတစ်ရံ နေအိမ်များရေနစ်မြုပ်သည် အထိဖြစ်ပြီး ခေတ္တနေအိမ်စွန့်ခွာရသည့် ဖြစ်ရပ်များလည်း ဖြစ်လေ့ရှိပါသည်။ ရေကြီးရေလျှံခြင်းနှင့်အတူ လျှပ်စစ်အန္တရာယ်၊ ဓာတ်လိုက်မှု အန္တရာယ်များလည်း ဖြစ်ပွားလေ့ရှိသဖြင့် လျှပ်စစ်အသိဖြင့် သတိထားကြရန် လိုအပ်ပါသည်။
သဘာဝဘေးအန္တရာယ်ကို တားဆီး၍မရသော်လည်း ကြိုတင်ကာကွယ်မှု၊ ကြိုတင်ပြင်ဆင်မှုများကို စနစ်တကျ စီစဉ်ဆောင်ရွက်ကြခြင်းဖြင့် ထိခိုက်ပျက်စီးမှုနည်းပါးပြီး လူတို့၏ အသက်အိုးအိမ်စည်းစိမ် တို့ကို ကာကွယ်စောင့်ရှောက်ရာ ရောက်ပါသည်။
အကယ်၍ ရေကြီးရေလျှံမှုဖြစ်ပွားပြီး နေအိမ်များအတွင်း ရေဝင်ရောက်လာလျှင်လည်းကောင်း၊ မိမိတို့နေထိုင်ရာ လမ်း၊ ရပ်ကွက်အတွင်းရေများ မြင့်တက်နေလျှင်လည်းကောင်း၊ မိမိတို့နေထိုင်သည့် နေအိမ်အဆောက်အအုံများ၌ ဆက်သွယ်တပ်ဆင် အသုံးပြုနေသည့် လျှပ်စစ်ဓာတ်အားသုံးပစ္စည်းများ၊ ထရန်စဖော်မာများ၊ ဓာတ်တိုင်များ ရေနစ်မြုပ်နေလျှင် လည်းကောင်း ဓာတ်လိုက်မှုအန္တရာယ်ရှိပါသည်။
လျှပ်စစ်ဓာတ်အား ခေတ္တဖြတ်တောက်ခြင်း
ထိုသို့ရေဝင်နစ်မြုပ်နေပါက လျှပ်စစ်ဓာတ်အားကို လုံးဝ(လုံးဝ)မသုံးဘဲ နေအိမ်ရှိ လျှပ်စစ်မိန်းခလုတ် ကို ပိတ်ထားရပါသည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူများကလည်း ရေလွှမ်းမိုးမှုဒဏ်ခံ နေရသည့် နေရာဒေသများတွင် လျှပ်စစ်ဓာတ်အားကို ခေတ္တဖြတ်တောက် (ဓာတ်အားပိတ်)ပေးလေ့ ရှိပါသည်။ အမြန်ဆုံး လျှပ်စစ်ဓာတ်အားပိတ်ပေးနိုင်ရန်အတွက် ရပ်ကွက်အတွင်းရှိ တာဝန်ရှိသူများ၊ ပြည်သူများက မိမိတို့ ရပ်ကွက်၌ ရေကြီးရေလျှံ၍ လမ်းများအိမ်များနှင့် လျှပ်စစ်ပစ္စည်းများ ရေနစ်ပါက သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများသို့ ဆက်သွယ်အကြောင်းကြားရန် လိုအပ်ပါသည်။
ထို့အတူ မိုးဒဏ်၊ လေဒဏ်၊ ရေတိုးသည့်ဒဏ်ကြောင့် ဓာတ်တိုင်များ ယိုင်လဲခြင်း၊ ဓာတ်အားလိုင်း ကြိုးများပြတ်ကျခြင်း၊ ဓာတ်ကြိုးများ လျော့ကျအိကျခြင်း၊ ပြတ်ကျသောဓာတ်ကြိုးများ သစ်ကိုင်း သစ်ပင်ပေါ်တင်နေခြင်း၊ ရေထဲသို့ကျနေခြင်း စသည့် အကြောင်းများကြောင့်လည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် ဓာတ်လိုက်မှုအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသည်။
ရေပတ်လည်ဝိုင်းရံနေသော၊ ရေဝင်နစ်မြုပ်နေ သောဘုရား၊ တန်ဆောင်း၊ ကျောင်းစသည့် သာသနိက အဆောက်အအုံများ၊ ရုံးများ၊ ကျောင်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ လူနေအိမ်များရှိ လျှပ်စစ်ဓာတ်အားသုံးပစ္စည်းများကို ရေစိုနေလျှင် သို့မဟုတ် ရေနစ်မြုပ်နေလျှင်၊ ရေဝင်နေလျှင် ကျန်နေသော အခြားလျှပ်စစ်ဓာတ်အားသုံးပစ္စည်းများကိုပါ လုံးဝမသုံးပါနှင့်။ လျှပ်စစ်မီးခလုတ်များကို မဖွင့်ပါနှင့်။ မီးခလုတ်ကို ပိတ်ထားပါ။ ဓာတ်အားမပိတ်ထားချိန်တွင် လျှပ်စစ်ဓာတ်ကြိုးများနှင့် အသုံးပြုနေသော လျှပ်စစ်ပစ္စည်းများသည် လျှပ်စစ်ဓာတ်အားရှိ နေသည်ဟု မှတ်ယူထားရပါမည်။
နေအိမ်ကို စွန့်ခွာပြီးလျှင်
မိမိတို့နေအိမ်ကိုစွန့်ခွာပြီး ရေကင်းလွတ်ရာနေရာသို့ ခေတ္တပြောင်းရွှေ့လျှင်လည်း မိမိတို့ နေအိမ်ရှိ လျှပ်စစ်မီးခလုတ်များနှင့် မိန်းခလုတ်များကို ပိတ်သွားရန် လိုအပ်ပါသည်။ ရေပြန်ကျ၍ မိမိတို့ နေအိမ်သို့ပြန်လာလျှင် အိမ်ထဲတွင် ရေမရှိတော့သော်လည်း လျှပ်စစ်ဓာတ်အားသုံးပစ္စည်းများ ဖြစ်သည့် ပလပ်ပေါက်များ၊ မီးခလုတ်များ၊ မော်တာများ၊ မီးအားမြှင့်စက်များ၊ အင်ဗာတာများ ရေဝင်နေလျှင်၊ ရေစိုနေသေးလျှင်၊ ရေငွေ့များရိုက်ထားလျှင်၊ ရွှံ့နွံအမှိုက်များပေနေလျှင် ကိုယ်တိုင်ကိုင်တွယ် ပြုပြင်ခြင်း၊ မီးခလုတ်နှင့် လျှပ်စစ်ခလုတ်များကို ဖွင့်ခြင်းမပြုပါနှင့်။ လျှပ်စစ်ကျွမ်းကျင်သူကို ခေါ်ယူပြသ၍ လိုအပ်သလိုဆောင်ရွက်ပြီး လျှပ်စစ်အန္တရာယ် ရှိ၊ မရှိ စစ်ဆေးကာ အန္တရာယ်ကင်းရှင်းမှသာ လျှပ်စစ်ခလုတ်များကိုဖွင့်ကြရန် သတိပေးလိုပါသည်။ လျှပ်စစ်ဓာတ်အားသုံးလိုဇောဖြင့် ကိုယ်တိုင် မပြုလုပ်မိရန် သတိထားကြပါ။
ရေကြီးရေလျှံဖြစ်နေ၍ ရေနစ်မြုပ်နေသော ဓာတ်တိုင်များ၊ ဓာတ်တိုင်ထိန်းကြိုးများကို ကိုင်တွယ်ခြင်း၊ အားပြုခြင်းတို့မှ ရှောင်ကြဉ်ကြပါ။ ဓာတ်အားမပိတ်ထားပါက ဓာတ်လိုက်မှုအန္တရာယ် ရှိနိုင်ပါသည်။
အလားတူမိမိတို့အိမ်ရှိ အိမ်သွယ်ဆားဗစ်ကြိုးပေါ်သို့ ဖြစ်စေ၊ မိမိတို့ပတ်ဝန်းကျင်ရှိ ကောင်းကင် ဓာတ်အားလိုင်းများပေါ်သို့ဖြစ်စေ သစ်ပင်များလဲကျ ခြင်း၊ သစ်ကိုင်းများ သစ်ခက်များ တင်နေခြင်းတို့ကို တွေ့ရှိလျှင်လည်းကောင်း၊ အိမ်သွယ်ဆားဗစ်ကြိုး၊ ကောင်းကင်ဓာတ်အားလိုင်း ဓာတ်ကြိုးတို့ ပြုတ်ကျ နေသည်ကိုတွေ့လျှင်လည်းကောင်း ရေစိုနေသောဝါးလုံး၊ ရေစိုနေသောတုတ်၊ သံချောင်း၊ သံပိုက်လုံး တို့ဖြင့် ထိုးချခြင်း၊ ရိုက်ချခြင်း၊ ဖယ်ရှားခြင်းများ မပြုလုပ်ပါနှင့်။ သက်ဆိုင်ရာ လျှပ်စစ်ရုံးသို့ သတင်း ပို့ပါကသက်ဆိုင်ရာ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများက ဓာတ်အားပိတ်၍ လာရောက်ရှင်းလင်း ဖယ်ရှားပေးမည်ဖြစ်သည်။
ဆက်သွယ်သတင်းပေးပို့ရန်လိုအပ်
မိုးသည်းထန်စွာရွာသွန်း၍ဖြစ်စေ၊ မြစ်ရေကြီး၍ဖြစ်စေ၊ ထူးကဲဒီရေတက်၍ဖြစ်စေ၊ မိမိတို့နေထိုင် ရာ ရပ်ကွက်၊ မိမိတို့နေထိုင်ရာ လမ်းများတွင် နေအိမ်များသို့ ရေဝင်ရောက်လာပါက မိမိတို့အိမ်ရှိ လျှပ်စစ်မိန်းခလုတ်ကို ပိတ်ထားပါ။ ထိုအချိန်အခါတွင် လျှပ်စစ်ဓာတ်အားကို အသုံးမပြုကြပါနှင့်။ မိမိတို့နှင့်သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးသို့လည်း အချိန်မဆွဲဘဲ အခြေအနေအရပ်ရပ်ကို အမြန်ဆက်သွယ်သတင်းပေးပို့ရန် လိုအပ်ပါသည်။ သို့မှသာ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများက သိရှိပြီး ဓာတ်လိုက်မှုအန္တရာယ် ကင်းရှင်းစေရေး အတွက် လိုအပ်သလို ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
လျှပ်စစ်ဓာတ်အားသည် ရေတွင်ဖြတ်သန်း စီးဆင်းနိုင်ပြီး အတိုင်းအဆမရှိ ဓာတ်လိုက်နိုင်သဖြင့် အထူးသတိထားကြရန် လိုအပ်ပါသည်။ ရေဘေးသင့် ပြည်သူတို့အနေဖြင့် မိမိတို့နေအိမ် ရေနစ်မြုပ်ပါက လျှပ်စစ်မိန်းခလုတ်ကိုပိတ်၍ လျှပ်စစ်ဓာတ်အားကို ဖြတ်တောက်ထားရန် လိုအပ်ပါသည်။ နေအိမ်ကို စွန့်ခွာ၍သွားရလျှင်လည်း အိမ်ရှိမိန်းခလုတ်ကို ပိတ်သွားကြပါ။ ရေဘေးသင့်ဒေသများ၌ ရေပြန်ကျ သွား၍ ရပ်ကွက်ရှိပြည်သူများ ညရေးညတာသွားလာ ကြရာတွင် လက်နှိပ်ဓာတ်မီးများကို မဖြစ်မနေ ယူဆောင်သွားသင့်ပါသည်။ ပြတ်ကျနေသော ဓာတ်ကြိုးများ၊ အိကျနေသောဓာတ်ကြိုးများနှင့် မြွေများ၊ ကင်းများ၊ ရေနှင့်အတူပါလာတတ်သော အဆိပ်ရှိသည့် သတ္တဝါများကို မြင်အောင်ကြည့်၊ လွတ်အောင်ရှောင်၍ ရေကြီးလေတိုင်း ဝိုင်းဝိုင်းလည် နေသော သင့်ပတ်ဝန်းကျင်ရှိ အန္တရာယ်များမှ လွတ်ကင်းအောင် ဆင်ခြင်တုံတရားဖြင့် သတိ ထားကြစေလိုကြောင်း ရေးသားတင်ပြလိုက်ရ ပါသည်။ ။