Skip to main content

တိုင်းရင်းဆေးပညာရှင်များ မွေးထုတ်ပေးရာ တိုင်းရင်းဆေးတက္ကသီလာ

ပါမောက္ခသိန်းဇော်လင်း

မြန်မာ့တိုင်းရင်းဆေးပညာသည် မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်း၊ သဘာဝပတ်ဝန်းကျင်၊ ရာသီဥတု၊ ရိုးရာတွေးခေါ်မှုများ၊ ယုံကြည်ချက်၊ လူ့အဖွဲ့အစည်းတို့နှင့် အပြိုင်ဖြစ်ထွန်းလာခဲ့သော စစ်မှန်သည့်မြန်မာ့ရိုးရာအမွေအနှစ်၊ မွန်မြတ်သည့်အသက်မွေး ဝမ်းကျောင်းပညာရပ်ဖြစ်သည်။ “အများ ပြည်သူအားထားဖွယ်ရာ မြန်မာ့တိုင်းရင်းဆေးပညာ” “ပြည်သူလူထုကျန်းမာဖို့တိုင်းရင်းဆေးဖြင့် စောင့်ရှောက်စို့”ဆိုသည့် ဆောင်ပုဒ်များကို လက်ကိုင်ထားပြီး တိုင်းရင်းဆေးပညာရှင်များ မွေးထုတ်ပေးလျက်ရှိသော တိုင်းရင်းဆေးတက္ကသိုလ်ကြီးတစ်ခုကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အိုးဘိုရွှေကျင်ရပ်ကွက် (၁)လမ်းနှင့် မန္တလေး-မိုးကုတ် မတ္တရာလမ်းကြားတွင် နိုင်ငံတော်ကတည်ဆောက်ပေးထားသည်။ တစ်နည်းအားဖြင့် “အသက် ကလေးရယ်တဲ့ရှည်စေလို မန်းတောင် ရိပ်ခို”ဆိုသည့် စာဆိုနှင့်အညီ အသက်ရှည်ရာ အနာမဲ့ကြောင်းအတွက် တိုင်းရင်းဆေးပညာရပ်များ သင်ကြား လေ့လာနေသောမျိုးဆက်သစ်တိုင်းရင်း ဆေးပညာရှင်များကွန်းခိုရာ တက္ကသိုလ်ကြီးအဖြစ် မန္တလေးတောင်ခြေရင်းတွင် ခံ့ခံ့ညားညားတည်ရှိနေပါသည်။

အဆိုပါတက္ကသိုလ်ကြီးတွင် တက်ရောက်ပညာသင်ကြားနေကြသည့် ကျောင်းသား ကျောင်းသူများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက လာရောက်ကြသည့်အတွက် ကွဲပြားခြားနားသည့် တိုင်းရင်းသားပေါင်းစုံတို့၏ ရိုးရာယဉ်ကျေးမှုများ၊ ဓလေ့စရိုက်များ ရှုထောင့်ပေါင်းစုံစုစည်းတည်ရှိပြီး တက်ကြွသည့်သင်ကြားမှု/သင်ယူမှုကို ဖန်တီးပေးနေသော တိုင်းရင်းသားပေါင်းစုံ ဥယျာဉ်ကြီးဟုလည်း ဆိုနိုင်ပါသည်။

တိုင်းရင်းဆေးသိပ္ပံ

ယခင်က တိုင်းရင်းဆေးပညာ သင်ကြားရေးနှင့်ပတ်သက်ပြီး မြန်မာ့တိုင်းရင်းဆေးပညာသမိုင်းတွင် ပထမဆုံးဖွင့်လှစ်ခဲ့သည့် တိုင်းရင်းဆေးသိပ္ပံ တစ်ကျောင်းသာရှိပါသည်။ ၁၉၇၆ ခုနှစ် ဇန်နဝါရီလတွင် မန္တလေးမြို့၌ စတင်ဖွင့်လှစ်ခဲ့ပြီး စာတွေ့နှစ်နှစ်၊ လက်တွေ့တစ်နှစ်ပေါင်း သုံးနှစ်သင်ကြားရကာ တိုင်းရင်းဆေးပညာဒီပလိုမာလက်မှတ်ပေးအပ်သည်။ အမှတ်စဉ်(၃၀)အထိ ဖွင့်လှစ်ခဲ့ကာ တိုင်းရင်းဆေးပညာ ဒီပလိုမာလက်မှတ်ရ ၂၁၈၇ ဦးမွေးထုတ်ပေးနိုင်ခဲ့သည်။

လက်ရှိ တိုင်းရင်းဆေးတက္ကသိုလ်ကြီးကို တိုင်းရင်းဆေးပညာအဆင့် မြှင့်တင်ရန်အတွက် အမျိုးသားပညာရည်မြင့်မားရေး အထူး(၄)နှစ်စီမံကိန်း၏ ကျန်းမာရေးဆိုင်ရာရည်မှန်းချက် (Vision 2030) နှင့်အညီ ၂၀၀၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် တက္ကသိုလ်အဖြစ် ဖွင့်လှစ်ခဲ့ပြီး (၂၀၀၁-၂၀၀၂ ပညာသင်နှစ်) ကို ၂၀၀၂ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားခဲ့သည်။

တက္ကသိုလ်၏ မျှော်မှန်းချက် (VISION)အနေဖြင့် တိုင်းရင်းဆေးပညာ သင်ကြားမှုဗဟိုဌာနအဖြစ် အမျိုးသားအဆင့်မှ နိုင်ငံတကာအဆင့်အထိ ဦးဆောင်လျက်ဆောင်ရွက်နိုင်စေရန် ဖြစ်ပါသည်။ လုပ်ငန်းတာဝန်များ (MISSION) အနေဖြင့် တိုင်းရင်းဆေးတက္ကသိုလ်သည် ၂၁ ရာစုနှင့်လိုက်လျော ညီထွေစွာ တွေးခေါ်ကြံဆတတ်ပြီး ကိုယ်ရည်ကိုယ်သွေးနှင့် ပညာရပ်ဆိုင်ရာအဆင့်အတန်းမြင့်မားသည့် တိုင်းရင်းဆေးပညာရှင်များ လေ့ကျင့်မွေးထုတ်ရန် ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။

ထို့အပြင် ရည်ရွယ်ချက်များအနေဖြင့် မြန်မာ့တိုင်းရင်းဆေးပညာကို ကျွမ်းကျင်စွာတတ်မြောက်စေရမည်၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် တိုင်းရင်းဆေးပညာဖြင့် ပါဝင်ဆောင်ရွက်နိုင်ရမည်၊ နိုင်ငံတကာတွင် အစဉ်သဖြင့် ပြောင်းလဲတိုးတက်နေသော တိုင်းရင်းဆေးပညာရပ်များကိုလည်း စဉ်ဆက်မပြတ် လေ့လာနိုင်ရမည်၊ သမားတစ်ဦးတွင် ရှိရမည့်ကျင့်ဝတ်သိက္ခာနှင့် ပြည့်စုံ၍ သမားဂုဏ်ကို အစဉ်ထိန်းသိမ်း စောင့်ရှောက်မြှင့်တင်နိုင်သူဖြစ်ရမည်၊ တိုင်းရင်းဆေးပညာရပ် တိုးတက်မြင့်မား လျက်ရှိသောနိုင်ငံများနှင့် ကုသရေးသင်ကြားရေးနှင့် သုတေသနလုပ်ငန်းများတွင် ပူးပေါင်းဆက်သွယ်ဆောင်ရွက် နိုင်ရမည်၊ နိုင်ငံတော်၏ အမျိုးသား ကျန်းမာရေးစီမံချက်များတွင် မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ပါဝင်ဆောင်ရွက်နိုင်ရမည်၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် တိုင်းရင်းဆေးပညာကို အနောက်တိုင်းဆေးပညာနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရမည်ဆိုသည့် ရည်ရွယ်ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။

သင်ရိုးညွှန်းတမ်းပါ ဘာသာရပ်များအဖြစ် ဆေးလက်တွေ့အခြေခံ ဝိဇ္ဇာ/သိပ္ပံဘာသာရပ်များတွင် ၁။ မြန်မာစာ၊ ၂။ ပါဠိသက္ကတ၊ ၃။ အင်္ဂလိပ်စာ၊ ၄။ ရူပ ဗေဒ၊ ၅။ ရုက္ခဗေဒ၊ ၆။ သတ္တဗေဒ၊ ၇။ ဓာတုဗေဒ၊ ၈။ အပြုအမူဆိုင်ရာသိပ္ပံ၊ ၉။ ကွန်ပျူတာဘာသာရပ်တို့ကို ပထမ နှစ်တွင် စတင်သင်ကြားပေးပါသည်။

အနောက်တိုင်း ဆေးပညာနှင့်ပတ်သက်သည့် ဘာသာရပ်များအဖြစ် ၁။ ခန္ဓာဗေဒ၊ ၂။ ဇီဝကမ္မဗေဒ၊ ၃။ ရောဂါ ဗေဒ၊ ၄။ ဇီဝဓာတုဗေဒ၊ ၅။ အဏုဇီဝဗေဒ၊ ၆။ လူနာချဉ်းကပ်၊ ၇။ ဆေးဝါးဗေဒ၊ ၈။ ကာကွယ်ရေးနဲ့ လူမှုရေးဆေးပညာ၊ ၉။ မှုခင်းဆိုင်ရာဆေးပညာ၊ ၁၀။ သုတေ သနနည်းစနစ်ဘာသာရပ်တို့ကို ဒုတိယ နှစ်တွင် သင်ကြားပေးပါသည်။

တိုင်းရင်းဆေးပညာအဓိကဘာသာရပ်များအဖြစ် ၁။ ဒေသနာနယ၊ ၂။ ဘေသဇ္ဇနယ၊ ၃။ နက္ခတ္တနယ၊ ၄။ ဝိဇ္ဇာ ဓရနယ၊ ၅။ ဆေးပညာဥပဒေသ၊ ၆။ လူနာချဉ်းကပ်(တိုင်းရင်း)၊ ၇။ စိတ္တဗေဒ၊ ၈။ ဆေးဝါးဗေဒ၊ ၉။ ဆေးဖက်ဝင် အပင်၊ ၁၀။ အာဟာရဗေဒ/ ဓာတ်စာ၊ ၁၁။ ဆေးပစ္စည်းအာနိသင်၊ ၁၂။ ခန္ဓာဗေဒ (တိုင်းရင်း)၊ ၁၃။ ဇီဝကမ္မဗေဒ (တိုင်းရင်း)၊ ၁၄။ တိုင်းရင်းဆေးပညာသမိုင်း၊ ၁၅။ ပဉ္စ ကမ္မ၊ ၁၆။ အကြော၊ အရိုး၊ အဆစ်ကုသမှု၊ ၁၇။ အနာပေါက်ကုသမှု၊ ၁၈။ မီးယပ် ရောဂါပညာ၊ ၁၉။ ကလေးရောဂါပညာ၊ ၂၀။ အပ်စိုက်ကုပညာဘာသာရပ်တို့ကို တတိယနှစ်နှင့် စတုတ္ထနှစ်တို့တွင် သင်ကြားပေးပါသည်။

သုတေသနလုပ်ငန်းများကို အဓိကထားလုပ်ကိုင်နိုင်

တိုင်းရင်းဆေးပညာကို ယခင်က အတွေ့အကြုံ အခြေပြုဆေးပညာ (Experience based medicine) အဖြစ် မှ ယခုအခါ အထောက်အထားအခြေပြု ဆေးပညာ (Evidence based medicine) အဖြစ် သိပ္ပံနည်းကျ ဆေးပညာ ဖြစ်လာစေရေးအတွက် သုတေသနလုပ်ငန်းများကို အဓိကထား လုပ်ကိုင်နိုင်ရေး သင်ကြားမှု/ သင်ယူမှု အထောက်အကူပြုပစ္စည်းများ အသုံးပြု ပြီး ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ဆရာ၊ ဆရာမကြီးများက စနစ်တကျသင်ကြားပေးလျက်ရှိပါသည်။

ထို့အပြင် သင်ရိုးညွှန်းတမ်းပြင်ပ လေ့လာစရာများအနေဖြင့် အနောက်တိုင်းဆေးပညာသင်ကြားရေး ဆေးရုံကြီးများ၊ ဗဟိုအမျိုးသမီးဆေးရုံကြီး၊ ကလေးဆေးရုံကြီးတို့သို့ သွားရောက်လေ့လာရခြင်း၊ မန္တလေးမြို့အနီးအနားရှိ တောတောင်များသို့ ဆေးဖက်ဝင်အပင် လေ့လာရေးခရီးစဉ်သွားရောက်ခြင်း၊ ဆေးဖက်ဝင် အပင်များ ပေါများစွာပေါက်ရောက်နေသည့် ပုပ္ပားတောင်မကြီးသို့ သွားရောက်လေ့လာခြင်း၊ ပုဂံညောင်ဦးဒေသရှိ တိုင်းရင်းဆေးနှင့်ပတ်သက်သည့် ရှေးဟောင်းအထောက်အထားများကို သွားရောက်လေ့လာရခြင်း၊ ISO လက်မှတ်ရ၊ GMP လက်မှတ်ရ တိုင်းရင်း ဆေးဝါးထုတ်လုပ်ရေးစက်ရုံများ၊ သုတေသနဓာတ်ခွဲခန်းများသို့ လေ့လာရေးခရီးသွားရောက်ရခြင်း၊ တိုင်းရင်းဆေးပညာ သုတေသနစာတမ်းဖတ်ပွဲများတွင် တက်ရောက်လေ့လာရခြင်း၊ တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်သင်ကြားရေး အစီအစဉ်ဟောပြောပွဲများတွင် တက်ရောက်ဆွေးနွေးရခြင်းအပြင် တက္ကသိုလ်နှင့်အနီးဆုံးတွင် ခုတင် (၁၀၀) ဆံ့သင်ကြားရေး တိုင်းရင်းဆေးရုံကြီး၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးစက်ရုံကြီးတို့ တည်ရှိနေသဖြင့် ဆေးကုသရေး၊ ဆေးဝါးထုတ်လုပ်ရေး ပညာရပ်များကို တစ်ပါတည်းလေ့လာနိုင်ကြမည်ဖြစ်ပါသည်။

ကျောင်းသား ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တဗလ ဖွံ့ဖြိုးတိုးတက်စေရန် တက္ကသိုလ်ဓမ္မာရုံတွင် ဓမ္မစကြာဝတ်အသင်း စုပေါင်းရွတ်ဖတ်ပူဇော်ခြင်း၊ အားကစားလရာသီတွင် အားကစားပြိုင်ပွဲများ လုပ်ဆောင်ပေးခြင်း၊ စာသင်ချိန်ပြင်ပတွင် ဝင်ရောက်လေ့ကျင့်ဆောင်ရွက်နိုင်သည့် အားကစားလေ့ကျင့်ရေးအခန်းထားရှိပေးခြင်း၊ ဝါဆိုသင်္ကန်းကပ်ပွဲ၊ ကထိန်ပွဲ၊ ထမနဲပွဲရာသီတွင် စုပေါင်းထမနဲ ထိုးပြိုင်စေခြင်း၊ စာပေအနုပညာအသင်းထားရှိကာ ကဗျာ/ ကာတွန်း/ ဝတ္ထု/ ဆောင်းပါးပြိုင်ပွဲ၊ စကားရည်လုပွဲများ ဆောင်ရွက်စေခြင်း စသည့်ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ကျောင်းသား ကျောင်းသူ များအဖြစ် အချိန်ကိုအကျိုးရှိစွာအသုံးချ နိုင်မည်ဖြစ်ပါသည်။

တိုင်းရင်းဆေးတက္ကသိုလ်တွင် ပညာသင်နှစ်အဖြစ် စာတွေ့လက်တွေ့လေးနှစ်၊ သင်ကြားရေးတိုင်းရင်းဆေးရုံများတွင် အလုပ်သင်တစ်နှစ် စုစုပေါင်းငါးနှစ်သင်ယူလေ့လာပြီးနောက် “မြန်မာ့တိုင်းရင်း ဆေးပညာဘွဲ့” “Bachelor of Myanmar Traditional Medicine (BMTM)” ရရှိမည်ဖြစ်ပါသည်။ ဘွဲ့ရရှိပြီးသူများအနေဖြင့် လက်ရှိဘွဲ့ဖြင့် တင်းတိမ်မနေဘဲ စာတွေ့လက်တွေ့နှင့် ကျမ်းပြုနှစ်နှစ်သင်တန်း ဆက်လက်တက်ရောက်ပြီးပါက မြန်မာ့တိုင်းရင်းဆေးပညာမဟာဘွဲ့ “Master of Myanmar Traditional Medicine (MMTM)” ကို ရရှိမည်ဖြစ်သည်။

ထို့အတူ ပါရဂူဘွဲ့သင်တန်းများအထိ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ တိုင်းရင်းဆေးတက္ကသိုလ်အကြောင်းကို အသေးစိတ်သိရှိနိုင်ရန် www.utm.edu.mm တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါသည်။

B.M.T.M. ဘွဲ့ရပြီးနောက် ရရှိနိုင် သည့် အခွင့်အလမ်းများအနေဖြင့်-

မိမိ၏ ကိုယ်ပိုင်တိုင်းရင်းဆေးခန်း/ဆေးရုံ ဖွင့်လှစ်ကုသနိုင်ခြင်း၊

မိမိ၏ ကိုယ်ပိုင်တိုင်းရင်းဆေးဝါးများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ခြင်း၊

တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းများတွင် ကြီးကြပ်သူအဖြစ် (သို့) အရည်အသွေးစစ်ဆေးသူ သုတေသီအဖြစ် ဆောင်ရွက်နိုင်ခြင်း၊

တိုင်းရင်းဆေးတက္ကသိုလ်တွင် သင်ကြားရေးဆရာ/ ဆရာမအဖြစ် ဆောင်ရွက်နိုင်ခြင်း၊

တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကုသရေးတိုင်းရင်းဆေးရုံ/ ဆေးခန်းများတွင် ကုသရေးဆရာ/ ဆရာမအဖြစ်နှင့် သုတေသန/ ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ သုတေသီအဖြစ် တာဝန်ထမ်းဆောင်နိုင်ခြင်း၊

ပြည်တွင်း/ ပြည်ပက တိုင်းရင်းဆေးနှင့်ပတ်သက်သည့် ဘွဲ့လွန်အဆင့်မြင့် ပညာရပ်များ ဆက်လက်ဆည်းပူးခွင့်တို့ရရှိနိုင်ပါသည်။

ယနေ့အချိန်အခါတွင် နိုင်ငံတော်က တိုင်းရင်းဆေးပညာကို အားပေးမြှင့်တင်လျက်ရှိပြီး အခြားဆေးနှင့်ဆေးပညာ နှီးနွှယ်တက္ကသိုလ်များနှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။ ပြောင်းလဲတိုးတက်လာသော ခေတ်စနစ်နှင့်အညီ တိုင်းရင်းဆေးနည်းစနစ်များ၊ သိပ္ပံနည်းကျရောဂါရှာဖွေရေး နည်းစနစ်များ၊ သုတေသနနည်းစနစ်များကို အခြားနိုင်ငံတကာ တိုင်းရင်းဆေးပညာရှင်များနည်းတူ ကျွမ်းကျင်တတ်မြောက်အောင် သင်ယူနိုင်ကြပြီဖြစ်ပါသည်။ ပြည်သူတို့၏ကျန်းမာရေးစောင့် ရှောက်မှုကို မြန်မာ့တိုင်းရင်းဆေးဖြင့် ထိထိရောက်ရောက် စောင့်ရှောက်မှုပေးနိုင်ရန်အတွက် တစ်ဆယ့်နှစ်လရာသီ ပန်းပေါင်းစုံ ပွင့်လန်းမွှေးထုံလျက် မန္တလေးတောင်ခြေမှာရှိသည့် တိုင်းရင်းဆေးတက္ကသိုလ်ကြီးသို့လာရောက်ကာ တိုင်းရင်းဆေးပညာရပ်များကို လက်တွေ့လေ့လာ သင်ယူနိုင်ပါကြောင်း နိုင်ငံတစ်ဝန်းက မျိုးဆက်သစ်လူငယ်များကို လှိုက်လှဲနွေးထွေးစွာ ကြိုဆိုဖိတ်ခေါ်လိုက်ရပါသည်။ ။