ကြိုတင်ပြင်ဆင် အောင်ပွဲဝင်၊ စုပေါင်းညီညာ အောင်ကြောင်းဖြာ
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုသည် နိုင်ငံတိုင်းသာမက လူတိုင်းအထူးဂရုပြုသတိထားရမည့် အကြောင်းအရာတစ်ခုဖြစ်သည်။ ကမ္ဘာကြီးပူနွေးမှုသည် တဖြည်းဖြည်းမြင့်မားလာရာ အနာဂတ် ကာလတွင် ကမ္ဘာကြီးပူနွေးမှုသည် ၄ ဒီဂရီစင်တီ ဂရိတ်အထိ ပိုမိုမြင့်မားနိုင်ကြောင်း၊ အပူချိန် ၁ ဒသမ၅ ဒီဂရီစင်တီဂရိတ်မြင့်မားလျှင်ပင် ကမ္ဘာတစ်ဝန်းရှိ ရေခဲတောင်များ အရည်ပျော်နိုင်ကြောင်း၊ ခရစ်နှစ် ၂၀၃၀ ပြည့်နှစ်တွင် လူဦးရေသန်း ၃၅၀ သည် သောက်သုံးရေရှားပါးမှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲ ၁၄ ရာခိုင်နှုန်းကျော်မျိုးသုဉ်း ပျောက်ကွယ်နိုင်ကြောင်း၊ ပင်လယ်ရေမျက်နှာပြင်သည် ခရစ်နှစ် ၂၁၀၀ ပြည့်နှစ်တွင် ၂၈ စင်တီမီတာမှ ၉၇ စင်တီမီတာအထိ မြင့်တက်နိုင်ဖွယ်ရှိကြောင်း၊ မုန်တိုင်းဒီရေလှိုင်းကြီးများ အများအပြားဖြစ်ပေါ်နိုင်ကြောင်း၊ မိုးခေါင်ရေရှားဒေသများတွင် ပိုမိုခြောက်သွေ့လာနိုင်ပြီး အချို့ဒေသများတွင် မိုးရွာသွန်းမှု များပြားနိုင်ကြောင်း၊ ကာဗွန်ထုတ်လွှတ်မှုပမာဏ ပိုမိုများပြားလာပြီး ပင်လယ်သမုဒ္ဒရာတွင် အက်စစ် ဖြစ်ထွန်းမှုပိုမိုလာနိုင်ကြောင်း UN Intergovern- mental Panel on Climate Change (IPCC) က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာများအရ လေ့လာသိရှိရသည်။
World Risk Report 2022 ၏ ခန့်မှန်းချက်များအရ ကမ္ဘာပေါ်ရှိနိုင်ငံ ၁၉၃ နိုင်ငံအနက် ဖိလစ်ပိုင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ကိုလံဘီယာနှင့် မက္ကဆီကိုနိုင်ငံတို့သည် ထိခိုက်ဆုံးရှုံးနိုင်ခြေ Risk Index အမြင့်မားဆုံးတွင် ရပ်တည်နေကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ထိခိုက်ဆုံးရှုံးနိုင်ခြေမှာ ၂၀၂၃ ခုနှစ် ဧပြီလ INFORM risk list အရ အဆင့် ၁၆ ဖြစ်သည်။ မြန်မာနိုင်ငံသည် နိုင်ငံ၏မြေမျက်နှာ သွင်ပြင် ပထဝီဝင်သဘာဝနှင့် ရာသီဥတုအခြေအနေအရ သဘာဝဘေးအန္တရာယ်မျိုးစုံ ဖြစ်ပွားနိုင် သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အဆိုပါသဘာဝဘေးအန္တရာယ်များတွင် ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ငလျင်လှုပ်ခြင်း၊ ဆူနာမီဖြစ်ပေါ်ခြင်း၊ မြို့ပြမီးနှင့် တောမီးလောင်ကျွမ်းခြင်းစသည် တို့ပါဝင်သည်။ သဘာဝဘေးအန္တရာယ်များနှင့် လူကြောင့်ဖြစ်သည့် ဘေးအန္တရာယ်များကြောင့် လူ့အသက်၊ အိုးအိမ်ပစ္စည်းဥစ္စာများဆုံးရှုံးရခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ အသက် မွေးဝမ်းကျောင်းလုပ်ငန်းများ၊ အခြေခံအဆောက်အအုံများ စသည့်ကဏ္ဍအလိုက် ထိခိုက်ဆုံးရှုံးမှုများ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိပြီး နေ့စဉ်လူမှုဘဝများတွင်လည်း သဘာဝဘေးအန္တရာယ်များ၏ ခြိမ်းခြောက် မှုကို ခံစားနေရသည်။
သတိပြုကာကွယ် သဘာဝဘေးအန္တရာယ်
၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့က လေတိုက်နှုန်း မိုင် ၁၂၀ မှ မိုင် ၁၃၀ အထိ တိုက်ခတ်ခဲ့သည့် မိုခါ ဆိုင်ကလုန်းမုန်တိုင်း (Cyclone Mocha) သည် ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း (Cyclone Nargis) အလွန်ကာလတွင် အဖျက်စွမ်းအား အကြီးမားဆုံးမုန်တိုင်းဖြစ်သည်။ နာဂစ်မုန်တိုင်းကြောင့် လူပေါင်းတစ်သိန်းခွဲခန့် သေကျေ၊ ပျောက်ဆုံးခဲ့ရပြီး လူနေအိမ်နှင့် အဆောက်အအုံ ခုနစ်သိန်းခွဲကျော် ပျက်စီးခဲ့ရသည်။ နာဂစ်မုန်တိုင်းဒဏ်ကို လူဦးရေ ၆ ဒသမ ၅ သန်းကျော် ထိခိုက် ခံစားခဲ့ရသကဲ့သို့ ပျက်စီးဆုံးရှုံးမှုမှာ မြန်မာကျပ်ငွေ ၁၁ ဒသမ ၇ ထရီလီယံအထိ ရှိခဲ့သည်။
ယခုတိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းသည် ကမ်းရိုးတန်းဒေသများသို့ ဖြတ်ကျော် ဝင်ရောက်ချိန် အလွန့်အလွန်အားကောင်းသည့် မုန်တိုင်း (Extremely Severe Cyclonic Storm) အဆင့်ဖြစ်ပြီး ကုန်းတွင်းသို့ဝင်ရောက်ချိန်တွင်မူအားပျော့သွားခဲ့သည်။ မိုခါဆိုင်ကလုန်းမုန်တိုင်း၏ သက်ရောက်မှုကို ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ ခံစားခဲ့ကြရသည်။ မုန်တိုင်း၏အရှိန်ကြောင့် တစ်နိုင်ငံလုံးနေရာအနှံ့ အပြား မိုးရွာသွန်း၍ အပူရှိန်လျော့ကျခဲ့သည်။ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများမှာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဇွန်လ ၃ ရက်နေ့စာရင်းအရ လူနေ အိမ် ၂၁၃၄၁၈ လုံး၊ ဘာသာရေးအဆောက်အအုံ ၃၁၉၃ ခု၊ တာဝါတိုင် ၁၄ တိုင်၊ ဓာတ်တိုင် ၈၂၁၀၊ စာသင်ကျောင်း ၁၇၁၁ ကျောင်း၊ ဆေးရုံ-ဆေးခန်း ၃၉၄ ခုရှိပြီး သေဆုံးသူ ၁၄၈ ဦး၊ ဒဏ်ရာရသူ ၁၃၂ ဦး၊ ကြက်-ဘဲ-ဝက်-ကျွဲ-နွား စသည့်တိရစ္ဆာန် သေဆုံးမှု ၂၉၉၁၈၇ ကောင်နှင့် စိုက်ပျိုးသီးနှံ ဧကပေါင်းများစွာထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ဘေးအန္တရာယ် အသိကြွယ် ကြိုတင်ပြင်ဆင်ဆောင်ရွက်မယ်
စင်စစ်အားဖြင့် နာဂစ်မုန်တိုင်းနှင့် မိုခါမုန်တိုင်း တို့မှာ အဖျက်စွမ်းအားချင်း များစွာကွာခြားမှု မရှိလှ ပါ။ သို့ရာတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုပမာဏမှာ များစွာကွာခြားကြောင်း မြင်တွေ့ကြရမည် ဖြစ်သည်။ ထိုသို့ထိခိုက်ဆုံးရှုံးမှုနည်းပါးရခြင်းမှာ နိုင်ငံတော်အကြီးအကဲ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် သဘာဝဘေးကျရောက်နိုင်ခြေကို အမြဲမပြတ် လေ့လာစောင့်ကြည့်သုံးသပ်၍ ကြိုတင်စီမံခန့်ခွဲမှု၊ ကြိုတင်ပြင်ဆင်မှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာသတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေး ညီထုတ်ပြန်နိုင်မှု၊ ဘေးကျရောက်နိုင်သည့် ဒေသများမှ ပြည်သူများအား ဘေးလွတ်ရာသို့ကြိုတင် ပြောင်းရွှေ့ထားမှု၊ သဘာဝဘေးကျရောက်သည်နှင့် ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများကို ချက်ချင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုစသည့် အစစအရာရာစနစ်တကျ အဆင်သင့်ဖြစ်မှု (Readiness) ကြောင့်ဟုဆိုရမည် ဖြစ်သည်။ မုန်တိုင်းမဖြစ်မီ အရေးကြီးပစ္စည်းများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ခွဲထားရှိခြင်း၊ မုန်တိုင်းနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးအတိုင်းအတာအရ ဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တုံ့ပြန်ဆောင်ရွက်ခြင်းကိုကြိုတင်စီမံ ဆောင်ရွက်နိုင်ခဲ့သည်။ မုန်တိုင်းနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရက အစစအရာရာကြိုတင်တွက်ဆ စီမံထားသဖြင့် ထိခိုက်ဆုံးရှုံးနိုင်မှုနည်းပါးရခြင်း ဖြစ်သည်။
မိုခါဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်၍ မုန်တိုင်းမကျရောက်မီ ကြိုတင်ပြင်ဆင်ခြင်း၊ သဘာဝဘေး အရေးပေါ်တုံ့ပြန်ခြင်းလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရန် မေလ ၆ ရက်နေ့တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်၍ လုပ်ငန်းကော်မတီ ၁၂ ခုမှ ဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း/ ရေ/လေ) ပါဝင်သည့် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အရေးပေါ်အစည်း အဝေးကျင်းပခဲ့သည်။ ထို့နောက် မေလ ၈ ရက်နေ့မှ စတင်ကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Centre) ကို ဖွင့်လှစ်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယဥက္ကဋ္ဌ (၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမျိုးသားကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီးနှင့် အတွင်းရေးမှူးရုံးအဖွဲ့က မုန်တိုင်းဘေးမကျရောက်မီ ကြိုတင်ပြင်ဆင်ရေး၊ ကြိုတင်ကာကွယ်ရေး၊ မုန်တိုင်းကျရောက်ပါက ရှာဖွေကယ်ဆယ်ရေး၊ အရေးပေါ်တုံ့ပြန်ရေးနှင့် ဘေးဖြစ်ပွားပြီး ကယ်ဆယ်ထောက်ပံ့ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ငန်းကော်မတီ ၁၂ ခုနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် ၂၄ နာရီ အချိန်ပြည့်ဆောင်ရွက်လျက်ရှိသည်။ DMC တွင် လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက မုန်တိုင်းအခြေအနေ၊ နိုင်ငံတကာ မိုးလေဝသ Website များနှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ခန့်မှန်းချက်များ၊ သုံးသပ်ချက်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ အသင့်စုဖွဲ့ထားရှိမှု၊ တည်ဆောက်ထားပြီးဖြစ်သည့် မုန်တိုင်းဒဏ်ခံ အဆောက်အအုံ Cyclone Shelter များ၊ လူနှင့်ပစ္စည်းများ ရွှေ့ပြောင်းရန်စီစဉ်ထားရှိမှု၊ ပျက်စီးဆုံးရှုံးမှု စာရင်းကောက်ယူရန်စီစဉ်ထားရှိမှု၊ ရေသန့်စင်ကားများစီစဉ်ထားရှိမှု၊ သယ်ယူပို့ဆောင်ရေးအတွက်ယာဉ်၊ ယန္တရားများကြိုတင်စုဖွဲ့ထားရှိမှု၊ Public Health Emergency Operations Centre (PHEOC) ဖွင့်လှစ်ထားရှိမှု၊ ဘေးသင့်ဒေသများတွင် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်ရန် Rapid Response Team (RRT) များစေလွှတ်မှု၊ ဆေးဝါးများပေးပို့မှုနှင့် မုန်တိုင်းအသိပညာပေးမှု အခြေအနေများကို အချိန်နှင့်တစ်ပြေးညီတင်ပြခဲ့ကြသည်။ မုန်တိုင်းကျရောက်ပြီး ပြန်လည်ထူထောင်ရေးကာလတွင်မူ လိုအပ်သည့်ပစ္စည်းများဖြည့်ဆည်း ထောက်ပံ့နိုင်ရေးနှင့် ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် အဓိကထား၍ ဆောင်ရွက်လျက်ရှိသည်။ မိုခါဆိုင်ကလုန်းမုန်တိုင်း အရေးပေါ်တုံ့ပြန်ရေး၊ ကယ်ဆယ်ထောက်ပံ့ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီဆောင်ရွက် နိုင်ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုယ်တိုင် စီမံကြီးကြပ်ကွပ်ကဲလျက် ရှိသည်။
အလားတူ မုန်တိုင်းမကျရောက်မီကတည်းက တိုင်းဒေသကြီး/ ပြည်နယ်များတွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (DMC) များ ဖွင့်လှစ်၍ ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအရေးပေါ် အစည်းအဝေး ၂ /၂၀၂၃ ကိုလည်း မုန်တိုင်းကျရောက် သည့် မေလ ၁၄ ရက်နေ့တွင်ကျင်းပကာ အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများကို ဘေးအန္တရာယ်ကျရောက်နိုင်သည့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။
တို့ပြည်ထောင်စုအရေးမို့ တို့တွေစုပေါင်းဆောင်ရွက်စို့
မိုခါမုန်တိုင်းဘေးအန္တရာယ်နှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ မိုခါမုန်တိုင်းသင့်ဒေသများဖြစ်သည့် ရခိုင်ပြည်နယ်မှ မြို့နယ် ၁၇ မြို့နယ်နှင့် ချင်းပြည် နယ်မှ လေးမြို့နယ်တို့ကို မေလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့များတွင် သဘာဝဘေးသင့်ဒေသများ အဖြစ်ကြေညာခဲ့သည်။ နိုင်ငံတော်ဝန်ကြီးချုပ်က မေလ ၁၅ ရက်နေ့တွင် ငွေကျပ်သိန်းပေါင်း ၇၀၀၀၀ နှင့် ထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်ခဲ့ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရေး (No one left behind) မူနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် မူလအခြေအနေထက် ပိုမိုကောင်းမွန်စေရေး (Build Back Better) မူတို့နှင့်အညီ ဆောင်ရွက်လျက်ရှိသည်။ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ထိရောက်မြန်ဆန်စေရန် နိုင်ငံတော်အကြီးအကဲက တပ်မတော်မှ အရာရှိကြီးများကို ဒေသအလိုက်တာဝန်ပေးအပ်ခဲ့သည်။ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေး အဆောက်အအုံများ၊ အများပြည်သူအဆောက်အအုံများကို ပြန်လည်ပြုပြင်ခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်ခံစားရသည့် ဒေသများစားရေရိက္ခာ ပြတ်လပ်မှုမရှိစေရေး၊ ဆက်သွယ်ရေးစနစ် ကောင်းမွန်ရေး၊ လမ်းပန်းဆက်သွယ်မှုပုံမှန်ဖြစ်စေရေး၊ လျှပ်စစ်မီးရရှိရေးတို့ကို ဦးစားပေးဆောင်ရွက် လျက်ရှိသည်။ ယခုအခါ ရခိုင်ပြည်နယ်တွင် ဆက်သွယ်ရေးကွန်ရက် ပြန်လည်ကောင်းမွန်နေပြီ ဖြစ်သကဲ့သို့ မုန်တိုင်းကြောင့် ထိခိုက်ခဲ့ရသည့် ကျန်းမာရေးနှင့် ပညာရေးအဆောက်အအုံများ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ အလားတူ ဘေးသင့်သူများအတွက် စားရေရိက္ခာ၊ သောက်ရေသန့်၊ အိမ်ဆောက်ပစ္စည်းများ၊ အိမ်မိုးသွပ်၊ သံ၊ သစ်၊ မိုးကာတဲ၊ တာပေါ်လင်၊ ဖိုက်ဘာရေတိုင်ကီ၊ ရေသန့်စင်စက်၊ ရေသန့်ဆေးပြား၊ ဆေးဝါးနှင့် အာဟာရဖြည့်စွက်စာများ၊ ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ပြီးဖြစ်သကဲ့သို့ အလုံအလောက်ပို့ဆောင် ဖြန့်ဝေနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ ဦးဆောင်စီမံမှုဖြင့် ဘေးသင့်ဒေသများတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဝင်များ၊ နိုင်ငံ့ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများက တိုင်းဒေသကြီ /ပြည်နယ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များနှင့်အတူ အရေးကြုံက နောက်မကျဘဲ ကျရာတာဝန်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတကာလှူဒါန်းတာ အရင်းခံကစေတနာ
အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ (ASEAN Committee on Disaster Management) နှင့် အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုအကူအညီ ပေးရေးညှိနှိုင်းမှုဗဟိုဌာန ASEAN Coordinating Centre for Humanitarian Assistance on disaster management (AHA Centre) ၏ One ASEAN One Response မူအရ ဘေးသင့်ဒေသများအတွက် တာပေါ်လင်များ၊ ယာယီတဲများ၊ အမိုး အကာများ ဆောက်လုပ်ရန်လိုအပ်သည့် ကိရိယာများ၊ ရေပုံးများပါဝင်သည့် ထောက်ပံ့ရေးပစ္စည်းများကို မေလ ၂၁ ရက်နေ့တွင် C-130 လေယာဉ် နှစ်စင်း၊ 3G-878 လေယာဉ် တစ်စင်း စုစုပေါင်း သုံးစင်းဖြင့် ပထမအကြိမ်အဖြစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။ ပစ္စည်းများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ AHA Centre တာဝန်ရှိသူများထံမှ လွှဲပြောင်းလက်ခံခဲ့ကြသည်။ ထို့နောက်ပစ္စည်းများ ကို အဆိုပါနေ့ ညနေပိုင်းမှစ၍ တပ်မတော်လေယာဉ်များဖြင့် စစ်တွေမြို့သို့ ဆက်လက်ပို့ဆောင်ခဲ့ရာ စုစုပေါင်း ခုနစ်ကြိမ် ပို့ဆောင်ခဲ့ပြီးဖြစ်သည်။ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်အပါအဝင် နိုင်ငံတကာက ပေးပို့လှူဒါန်းသည့် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများကို တပ်မတော်လေယာဉ်၊ မြန်မာ့လေကြောင်း၊ တပ်မတော်ရေယာဉ်၊ အရပ်ဘက်ရေယာဉ်တို့အပြင် မော်တော်ယာဉ်များဖြင့်လည်း နေ့စဉ်သယ်ယူ ပို့ဆောင်ပေးလျက်ရှိသည်။ ရခိုင်ပြည်နယ်သို့ရောက်ရှိသည့် ထောက်ပံ့ရေးပစ္စည်းများကို ဘေးသင့်သူများ လက်ဝယ်သို့ အချိန်နှင့်တစ်ပြေးညီ ဆောလျင်စွာရောက်ရှိရေး တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ မေလ ၁၆ ရက်နေ့မှစ၍ မေလ ၃၀ ရက်နေ့အထိ တပ်မတော်စစ်ရေယာဉ်များအပါအဝင် စုစုပေါင်းရေယာဉ် ၁၄ စင်းဖြင့် ကူညီကယ်ဆယ်ရေးပစ္စည်း ၁၈၅၁၁ တန် နှင့် ဒီဇယ် ၂၄၉၇၆၂ ဂါလန်၊ Octain 92 ၁၉၉၈၈၆ ဂါလန်အား ပို့ဆောင်ခဲ့ပြီးဖြစ်သည်။
ထို့အပြင် AHA Centre ၏ စီစဉ်ဆောင်ရွက်မှုဖြင့် အာဆီယံနိုင်ငံများမှ အာဆီယံအရေးပေါ် တုံ့ပြန်ရေးနှင့် စစ်တမ်းကောက်ယူရေးအဖွဲ့ ASEAN Emergency Response and Assessment Team (ASEAN-ERAT) အဖွဲ့ဝင် ၁၄ ဦးပါအဖွဲ့သည် မေလ ၂၂ ရက်နေ့ မှ ၂၅ ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမိုခါတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်တွေမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များတွင် လိုအပ်ချက်များကို ကွင်းဆင်းစစ်တမ်း ကောက်ယူခဲ့ကြသည်။ အဆိုပါစစ်တမ်းကောက်ယူမှုတွင် အဓိကကဏ္ဍ ခုနစ်ခုဖြစ်သည့် ဘေးသင့်ဒေသများ၏ အစားအသောက်လုံခြုံမှုနှင့် အာဟာရ၊ အမိုးအကာ အဆောက်အအုံနှင့် အစားအသောက် မဟုတ်သော ပစ္စည်းများ၊ ကျန်းမာရေး၊ ပညာရေး၊ ရေ-မိလ္လာနှင့် တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှု၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း၊ နိုင်ငံတော်ပိုင်အဆောက်အအုံများနှင့် အခြေခံအဆောက်အအုံများဆိုင်ရာ လတ်တလောလိုအပ်ချက်၊ ကာလတို၊ ကာလရှည်ဖြည့်ဆည်းဆောင်ရွက်ပေးရန် တင်ပြနိုင်ခဲ့သဖြင့် ရခိုင်ပြည်နယ်၏ လိုအပ်ချက်တို့ကို ယေဘုယျအားဖြင့် လွှမ်းခြုံနိုင်သည်ဟုဆိုရမည်ဖြစ်သည်။
သဒ္ဓါတရားလက်ကိုင်ပြု လှူဒါန်းကြမှုအစုစု
မိုခါဆိုင်ကလုန်းမုန်တိုင်း ဘေးသင့်သူများအတွက် ပြည်တွင်း ပြည်ပစေတနာရှင်များက အလှူငွေနှင့် ပစ္စည်းများ သဒ္ဓါတရားထက်သန်စွာ ပါဝင်လှူဒါန်းလျက်ရှိရာ ပြည်ပနိုင်ငံအသီးသီး၏ လှူဒါန်းမှုများကို နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် သက်ဆိုင်ရာငွေစာရင်းသို့ လွှဲပြောင်း လှူဒါန်းလျက်ရှိသည်။ မိုခါဆိုင်ကလုန်းဘေးသင့်သူများအတွက် အလှူငွေနှင့်ပစ္စည်းများ ပါဝင် လှူဒါန်းလိုကြသည့် ပြည်တွင်းပြည်ပစေတနာရှင် ပြည်သူများအနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြား ငွေစာရင်းအမှတ် 1DA-0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်သည်။ ထို့အပြင် KBZ Pay၊ CB Pay၊ AYA Pay၊ WAVE Money နှင့် OK $ ငွေပေးချေမှုစနစ်များဖြင့် QR Code အား Scan ဖတ်ခြင်း၊ QR Code အားရိုက်ထည့်၍ လှူဒါန်းခြင်းတို့ဖြင့်လည်းကောင်း ထည့်ဝင်လှူဒါန်းနိုင်သည်။ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၏ အမည်နှင့် ဖုန်းနံပါတ်တို့ကိုလည်း နေ့စဉ်ထုတ်သတင်းစာများတွင် ဖော်ပြလျက်ရှိသဖြင့် တိုက်ရိုက်ဆက်သွယ်မေးမြန်း လှူဒါန်းနိုင်မည်ဖြစ်သည်။
ကြိုတင်သတိပေးထုတ်ပြန်က ချက်ချင်းလိုက်နာ ဆောင်ရွက်ကြ
ဆန်ဒိုင်းမူဘောင်ပန်းတိုင် (၇) SFDRR (Target-G) ဖြစ်သည့် ကြိုတင်သတိပေးစနစ် Early Warning ခိုင်မာအားကောင်းရေးနှင့် ကြိုတင်ပြင်ဆင်မှုများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်စေရေး “Early Warning and Early Action for all” “ကြိုတင်သတိပေးထုတ်ပြန်ချက် ဆောလျင် ဆောင်ရွက်အားလုံးအတွက်”ကို ၂၀၂၂ ခုနှစ်၏ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချ ရေးဆိုင်ရာဆောင်ပုဒ်အဖြစ် သတ်မှတ်ခဲ့သည်။
ဤဆောင်ပုဒ်သည် သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချနိုင်ရန် အရေးကြီး လုပ်ငန်းစဉ်ဖြစ်သည့် ကြိုတင်သတိပေးစနစ်၏ အရေးပါအရာရောက်မှုကို လူတိုင်းသိရှိလိုက်နာ ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်သတ်မှတ် ထားခြင်းဖြစ်သည်။ ထို့အပြင် ဘေးအန္တရာယ်မျိုးစုံ အတွက် ကြိုတင်သတိပေးချက်များ၊ သဘာဝဘေးဆိုင်ရာ သတင်းအချက်အလက်များကို လူတိုင်း လက်လှမ်းမီရရှိစေပြီး ကြိုတင်ပြင်ဆင်မှုများ စနစ်တကျဆောင်ရွက်နိုင်ရန် ဦးတည်ခြင်းလည်းဖြစ်သည်။
တားဆီးမရ သဘာဝ၊ ကြိုတင်ပြင်ဆင်အောင်ပွဲဝင်
သဘာဝဘေးကို မည်သူမျှတားဆီး၍မရပါ။ သို့ရာတွင် သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင် ခြေများကိုမူ လျှော့ချနိုင်သည်။ အဆိုပါလုပ်ငန်းများ၏ အခြေခံအုတ်မြစ်သည် ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ဆောင်ရွက်ခြင်းနှင့် အဆင်သင့်ဖြစ်နေစေခြင်းတို့ဖြစ်သည်။ သဘာဝဘေးဆိုင်ရာ ကြိုတင် သတိပေးချက် (Early Warning) များကို ဘေးကျရောက်မည့်ဒေသရှိ ပြည်သူလူထုက အချိန်နှင့် တစ်ပြေးညီရရှိပါက ဘေးကင်းစိတ်ချရသည့်နေရာကို အချိန်မီပြောင်းရွှေ့ခြင်းဖြင့် အချိန်မီကြိုတင် ပြင်ဆင် (Early Action) ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ယခုအလွန့်အလွန်အားကောင်းသော မိုခါဆိုင်ကလုန်း မုန်တိုင်းနှင့်ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရက နိုင်ငံတကာသဘာဝဘေးစီမံခန့်ခွဲ မှုစနစ်ဖြစ်သည့် (Prospective Risk Management) ခေါ် အနာဂတ်တွင်ဖြစ်လာနိုင်သည့် သဘာဝဘေးကိုမြော်တွေးတွက်ဆကာ ကြိုတင်ပြင်ဆင်လုပ်ဆောင် သည့် နည်းစနစ်များနှင့်အညီ လက်ဦးမှုရယူ ဆောင်ရွက်ခဲ့သဖြင့် မုန်တိုင်းဘေးအန္တရာယ်ကြောင့် လူသေဆုံးမှုအနည်းဆုံး၊ ထိခိုက်ဆုံးရှုံးနိုင်ခြေ အနည်းဆုံးအထိ လျှော့ချနိုင်ခဲ့ခြင်းဖြစ်သည်။
သဘာဝဘေးလျော့ပါးဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်စို့
မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်အမျိုးမျိုး တွေ့ကြုံရနိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ရာ မုတ်သုံမဝင်ရောက်မီမေလအတွင်း ယခုကဲ့သို့ အင်အားပြင်းမုန်တိုင်းနှင့် လေပြင်းတိုက်ခတ်မှုများ သာမက မိုးရာသီတွင် ရေကြီးရေလျှံမှုဘေးအန္တရာယ်များ ဖြစ်ပွားတတ်သည်ကိုလည်း အထူးဂရုပြုရမည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေး၊ ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးတုံ့ပြန်ရေးလုပ်ငန်းများကို လူတိုင်းပါဝင်ဆောင်ရွက်မှသာ သဘာဝဘေးကြုံလာလျှင် ကြံ့ကြံ့ခံရင်ဆိုင်နိုင်မည်ဖြစ်သည်။ ထိုမျှမက ပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း၊ ကြိုတင်ပြင်ဆင်မှုများ စနစ်တကျဆောင်ရွက်ခြင်း၊ နှစ်စဉ်ရာသီအလိုက် ဖြစ်တတ်သည့် သဘာဝဘေးများကို သုတေသနပြု လေ့လာဆန်းစစ်ခြင်းဖြင့် ဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများ ထိရောက်နိုင်မည်ဖြစ်သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသည် တိုင်းဒေသကြီး/ ပြည်နယ် သဘာဝဘေးစီမံခန့်ခွဲရေးအဖွဲ့များ၊ ဒေသခံပြည်သူလူထုများပါဝင်သည့် မုန်တိုင်းဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအရေးပေါ် တုံ့ပြန်မှုနှင့် ဇာတ်တိုက်လေ့ကျင့်မှုတို့ကို ပုံမှန်ဆောင်ရွက်လျက်ရှိသည်။ သဘာဝဘေးအသိပညာ ပေးလုပ်ငန်းများနှင့် သဏ္ဌာန်တူလေ့ကျင့်မှု၊ ဇာတ်တိုက်လေ့ကျင့်မှုတို့ ဟန်ချက်ညီ လက်တွေ့ ဆောင်ရွက်ခြင်းဖြင့် မုန်တိုင်းဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုကို များစွာလျှော့ချနိုင်မည်ဖြစ်သည်။ စင်စစ်အားဖြင့် ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် အလွန့်အလွန်အားကောင်းသော အဖျက်စွမ်းအားမြင့် မုန်တိုင်းကြီးဖြစ်သည်။ သို့ရာတွင် သဘာဝဘေးတုံ့ပြန်ရေး၊ ကယ်ဆယ်ထောက်ပံ့ရေး၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရက စနစ်တကျစီမံခန့်ခွဲကြိုတင် ပြင်ဆင်မှု (Systematic Preparedness)၊ ကြိုတင်ဆောင်ရွက်မှု (Proactive) နှင့်အဆင်သင့်ဖြစ်နေစေမှု (Readiness) တို့ကို လက်ဦးမှုရယူဆောင်ရွက်နိုင်ခဲ့သည်။ ထိုသို့စနစ်တကျ ထိရောက်သော စီမံခန့်ခွဲမှုနှင့် ပါဝင်ပတ်သက်သူများအားလုံး ဆက်လက် ကြိုးပမ်းဆောင်ရွက်မှုတို့ကြောင့် အလွန်ပြင်းထန်ကြီးမားသည့် သဘာဝဘေးအန္တရာယ်ကြီးတစ်ခု ဖြစ်သော်လည်း လူသေဆုံးမှုနှင့် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးသဘာဝဘေးအဖြစ် သမိုင်းဝင်မှတ် ကျောက်တင်နိုင်ခဲ့ကြောင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်တိုအတွင်း ထိရောက် စွာဆောင်ရွက်နိုင်ခဲ့ကြောင်း “ကြိုတင်ပြင်ဆင်အောင်ပွဲဝင်၊ စုပေါင်းညီညာအောင်ကြောင်းဖြာ”ဟု မှတ်တမ်းတင်ဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။
ကိုးကား
- မြန်မာ့အလင်းနှင့်ကြေးမုံသတင်းစာများ
- DMC မှထုတ်ပြန်သည့် မိုခါဆိုင်ကလုန်းမုန်တိုင်း ဆိုင်ရာအချက်အလက်များ
- အမျိုးသားသဘာဝဘေး ကာကွယ် စောင့်ရှောက်ရေးဗဟိုကော်မတီ
နာဂစ်မုန်တိုင်းကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ရေရှည်သဘာဝဘေး ကာကွယ်ရေးဆောင်ရွက်ချက် မှတ်တမ်း (ဓာတ်ပုံ) ၂၀၁၁ ခုနှစ် မေလ
- World Risk Report 2022