မိုခါအလွန် ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆီသို့ (၁)
ထက်မြတ်
မိုးဦးကျဝသန်ကာလကို လူတိုင်းလိုလိုကြိုက်နှစ်သက်ကြမှာပါ။ အထူးသဖြင့် လယ်ယာထွန်ယက်စိုက်ပျိုးဖို့အတွက် အသင့်စောင့်ဆိုင်းနေကြတဲ့ ကျေးဇူးရှင်လယ်ယာလုပ်သားများက မိုးကိုမျှော်လင့်နေကြပါတယ်။
မြန်မာနိုင်ငံမှာ သာမန်အားဖြင့်ဆိုရင် မေလကမိုးဦးကျကာလဖြစ်လို့ မတ်၊ ဧပြီလမှာဖြစ်ပေါ်ခဲ့တဲ့ ပူပြင်းခြောက်သွေ့ မှုတွေလျော့ပါးစေဖို့ မိုးကိုမျှော်ကြတာ ဆန်းတော့မဆန်းပါဘူး။ ဒါပေမယ့် ဒီနှစ်အတွက် မိုးဦးကျကာလကိုတော့ ရာသီဥတုအခြေအနေက ခပ်ကြမ်းကြမ်းလေး ကိုင်လှုပ်ခဲ့တာပါ။
သို့သော်လည်း ကျွန်တော်တို့ရဲ့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပင်လယ်ပြင်အတွင်း အချိန်နဲ့အမျှ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ ရာသီဥတုအခြေအနေတွေကို အချိန်နဲ့တစ်ပြေးညီထုတ်ပြန်ပေးနိုင်တဲ့ ကျေးဇူးကြောင့် ကျွန်တော်တို့အတွက် ပြင်ဆင်ချိန်ပိုရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
၂၀၂၃ ခုနှစ် မေလ ၂ ရက်မှာတော့ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တို့မှာ လေဖိအားနည်း ရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ လေဖိအားနည်းရပ်ဝန်းအဖြစ် စတင်ချိန်ကပင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ပေးခဲ့ပါတယ်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ၂၀၂၃ ခုနှစ် မေလ ၉ ရက် မြန်မာစံတော်ချိန် ၂၃၀၀ နာရီအချိန်ထုတ်ပြန်တဲ့ မုန်တိုင်းငယ်သတိပေးချက် (၁/၂၀၂၃) ကနေစပြီး သတိပေးချက်တွေကို ဆက်တိုက်ဆိုသလိုထုတ်ပြန်ခဲ့တာပါ။
ထုတ်ပြန်ချက်ထဲမှာတော့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအား နည်းရပ်ဝန်း (Well Marked Low Pressure Area)သည် ပိုမိုအားကောင်းလာပြီး ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် မုန်တိုင်းငယ် (Depre-ssion) အဖြစ်သို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံကိုကိုးကျွန်းမြို့ (Coco Island)၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၄၁၅ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၅၄၀ မိုင်ခန့်၊ စစ်တွေမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၇၃၅ မိုင် ခန့်၊ အိန္ဒိယနိုင်ငံ နီကိုးဘားကျွန်း (Nicobar Islands) ၏ အနောက် - အနောက်မြောက်ဘက် ရေမိုင် ၂၆၅ မိုင် ခန့်၊ ပို့ပလဲယား(Port Blair)၏ အနောက် တောင်ဘက်ရေမိုင် ၂၇၅ မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့ (Cox’s Bazar)မြို့၏ တောင်-အနောက် တောင်ဘက် ရေမိုင် ၇၉၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်ဆိုတဲ့ အကြောင်းပါပဲ။ အဲဒီမုန်တိုင်းရဲ့နာမည်ကတော့ မိုခါပါတဲ့။
အဲဒီအချိန်မတိုင်ခင် မေလ ၆ ရက်ကတည်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့လမ်းညွှန်ချက်ဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ တာဝန်ရှိသူများအားလုံးပါဝင်တဲ့ အရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ခဲ့ပါတယ်။
အမျိုးသားအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအရေးပေါ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကနေ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (Disaster Manage-ment Centre-DMC)ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
အချိန်နဲ့တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်နိုင်ရေး ဆုံးဖြတ်ချက်ချမှတ်
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (DMC) ကို မေလ ၈ ရက်မှ စတင်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ရုံးအမှတ် (၂၃) မှာ ဖွင့်လှစ်သွားနိုင်ရေး၊ ဆိုင်ကလုန်းမုန်တိုင်းနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ ကိစ္စကြီးငယ်အဝဝကို အချိန်နဲ့တစ်ပြေးညီ ဖြေရှင်းဆောင်ရွက် နိုင်ရေး စတဲ့ဆုံးဖြတ်ချက်တွေကိုလည်း အဲဒီအစည်းအဝေးကနေ ချမှတ်နိုင်ခဲ့ပါတယ်။
ဒီနေရာမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန(DMC)ရဲ့ အခန်းကဏ္ဍကို ဦးစွာပြောချင်ပါတယ်။ DMC က ယခုလုပ်ဆောင်နေတဲ့ မုန်တိုင်းကာလအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ပဓာနကျတဲ့ အနေအထားမှာရှိနေတာပါ။
ကျွန်တော့်အနေနဲ့ အောက်မှာ ဆက်လက်ဖော်ပြသွားမယ့် ကဏ္ဍအသီးသီးရဲ့ လုပ်ဆောင်ချက်များဟာ DMC ရဲ့ ဦးစီးဦးဆောင်မှုအောက်ကနေ သွေဖည်သွားတယ်ဆိုတာ မရှိပါဘူး။ ဒါကြောင့် DMC ရဲ့ လုပ်ဆောင်မှုဟာ မုန်တိုင်းမတိုက်ခတ်မီ ကြိုတင်သတိပေးပြင်ဆင်ခြင်း၊ မုန်တိုင်းတိုက်ပြီးနောက် ရှာဖွေကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ဆောင်မှု ကိစ္စအဝဝအထိ ပါဝင်နေပါတယ်။
ဒီနေရာမှာ မုန်တိုင်းဝင်ရောက်တိုက်ခတ်မယ်လို့ သိရကတည်းက တပ်မတော်က မုန်တိုင်းအန္တရာယ်နဲ့ပတ်သက်ပြီး ရှေ့ပြေးကူညီကယ်ဆယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့တာကို ဦးစွာတင်ပြချင်ပါတယ်။
အဲဒီအချိန်တုန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးနေတဲ့ အချိန်ဖြစ်ပါတယ်။ သို့ပေမယ့်လည်း နိုင်ငံတော်ဝန်ကြီးချုပ်က ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်နိုင်မှုနဲ့၊ ပြည်သူများကို မုန်တိုင်းဒဏ်လွတ်ရာသို့ ရွှေ့ပြောင်းကယ်ဆယ်နိုင်ရေးတို့ကို အင်မတန်အလေးထားတာကြောင့် ကူညီကယ်ဆယ်ရေးနဲ့ပတ်သက်ပြီး အဆိုပါ ခရီးစဉ်ကနေလမ်းညွှန်မှာကြားချက် တစ်ခုပြုခဲ့ပါတယ်။ အဲဒါကတော့ တပ်မတော်မှ အရာရှိကြီး တစ်ဦးစီ လိုက်ပါဦးဆောင်တဲ့ ယာဉ်အုပ်စု ၁၀ စု ကို ကြိုတင်ဖွဲ့စည်းစေလွှတ်ခြင်းပါပဲ။
ယာဉ်အုပ်စု ၁၀ စု မေလ ၁၂ ရက်မှာ ရန်ကုန်မှ စတင်ထွက်ခွာ
အထူးသဖြင့် မုန်တိုင်းဝင်ရောက် ဖြတ်သန်းသွားမယ်လို့ခန့်မှန်းရတဲ့ဒေသများဆီကို ရှေ့ပြေးကူညီကယ်ဆယ်ရေးအနေနဲ့သွားနိုင်စေဖို့ ယာဉ်အုပ်စုများကိုဖွဲ့စည်းစေလိုက်တာပါ။ တပ်မတော်မှ အရာရှိကြီးတစ်ဦးစီ လိုက်ပါဦးဆောင်တဲ့ ယာဉ်အုပ်စု ၁၀ စုဟာ မေလ ၁၂ ရက်မှာ ရန်ကုန်မှ စတင်ထွက်ခွာသွားကြပါတယ်။
အဲဒီယာဉ်အုပ်စုတွေထဲမှာ အင်ဂျင်နီယာတပ်ဖွဲ့ဝင်များ၊ ထောက်ပံ့နှင့် ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၊ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ်ဖွဲ့ဝင်များ၊ ဆက်သွယ်ရေးတပ်ဖွဲ့ဝင်များ၊ စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေး လုပ်ငန်းဆောင်ရွက်ရန် တပ်ဖွဲ့ဝင်များ ပါဝင်ပါတယ်။
ယာဉ်အုပ်စု တစ်စုမှာ မော်တော်ယာဉ် ၁၀ စီး၊ ပဲ့ချိတ်စက် နှစ်လုံး၊ ဖိုက်ဘာတိုက်လှေနှစ်စင်း၊ လွှစက် ငါးခုနဲ့ လက်သုံးကိရိယာများ၊ အသက်ကယ်အင်္ကျီ ၂၆ ထည်၊ အသက်ကယ်ဗောကွင်း ၁၀ ခု၊ လူခြောက်ဦးဆံ့ မိုးကာတဲအလုံး ၅၀၊ တာပေါ်လင်စ ၁၆၀၊ ပစ္စည်း ၁၄ မျိုးပါ အရေးပေါ်သေတ္တာအလုံး ၃၀၊ ထိခိုက် ဒဏ်ရာများအတွက် အရေးပေါ်ကုသဆေးများ၊ မြွေအဆိပ်ဖြေဆေးများ၊ မေးခိုင်ကာကွယ်ဆေးများ၊ ရေသန့်စင်ဆေးပြားများ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ကုသဆေးများ၊ အရေးပေါ်ဆက်သွယ်ရေး စက်မျိုးစုံ ၂၂ လုံး၊ ဆက်စပ်ပစ္စည်းများနဲ့ ယာဉ်ချို့ယွင်းပါက ပြင်ဆင်နိုင်ဖို့ ယာဉ်အပိုပစ္စည်းများ အပြည့်အစုံပါရှိကြတာကိုလည်း တွေ့ရပါတယ်။
ဘေးအန္တရာယ်ကျရောက်နိုင်ခြေမြင့်မားသည့် အနီရောင်အဆင့်ဒေသများအဖြစ် သတိပေးခဲ့
အလားတူ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက မုန်တိုင်းမဝင်မီ မေလ ၁၂ ရက်မှာ ဘေးအန္တရာယ်ကျရောက်နိုင်ခြေမြင့်မားသည့် အနီရောင်အဆင့်ဒေသများအဖြစ် သတိပေးကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်ထဲမှာတော့ စစ်တွေ၊ ကျောက်ဖြူ၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ပေါက်တောနဲ့ မာန်အောင်မြို့နယ်တို့ကို ဘေးအန္တရာယ်ကျရောက်နိုင်ခြေမြင့်မားသည့် အနီရောင်အဆင့်ဒေသများအဖြစ် သတိပေးခဲ့တာကို တွေ့ရပါတယ်။
တကယ်တမ်း မိုးလေဝသဆိုင်ရာကြိုတင်သတိပေးရေးလုပ်ငန်းစဉ်အရဆိုရင် မုန်တိုင်းဝင်ရောက်တိုက်ခတ်နိုင် ခြေမြင့်မားတဲ့မြို့တွေကို မုန်တိုင်းမဝင်မီ ၁၂ နာရီအလိုမှာထုတ်ပြန်တာမှန်ပေမယ့် အခုတော့မုန်တိုင်းမဝင်မီ တစ်ရက်ကျော်ကတည်းက ကြိုတင်ကြေညာခဲ့ခြင်းဖြစ်လို့ ကယ်ဆယ်ရွှေ့ပြောင်းရေးလုပ်ငန်းများကို ထိထိရောက်ရောက်နဲ့ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့တာပါ။
မေလ ၁၄ ရက်မှာတော့ ကြိုတင်ခန့်မှန်းထားတဲ့အတိုင်းပဲ အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” က စစ်တွေမြို့အနီးကနေ စတင်ဖြတ်ကျော်ဝင်ရောက်လာပါပြီ။ မေလ ၁၅ ရက် မြန်မာစံတော်ချိန် ၁၂၃၀ နာရီအချိန်မှာတော့ ဆိုင်ကလုန်းမုန်တိုင်း“မိုခါ”ဟာ တရုတ်နိုင်ငံအတွင်းသို့ လေဖိအား နည်းရပ်ဝန်းအဖြစ်ဝင်ရောက်ပြီး အားလျော့သွားခဲ့ပါတယ်။
တကယ့်တကယ်တမ်းပြန်ကြည့်ရင် မြန်မာနိုင်ငံကို မုန်တိုင်းစတင်ဝင်ရောက်ချိန်ကနေ မြန်မာနိုင်ငံမှ မုန်တိုင်းထွက်ခွာသွားချိန်က နာရီပေါင်း ၃၀ ဝန်းကျင်သာရှိပါတယ်။ သူ့ကြောင့်ပျက်စီးမှုများက မနည်းမနောပါပဲ။ ဒါပေမယ့်လည်း ဒီလို ပြင်းအားမျိုးနဲ့ မုန်တိုင်းသာ တခြားနိုင်ငံကို ဝင်ရောက်ခဲ့တယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ ပျက်စီးမှုထက် အဆပေါင်းများစွာ သာနိုင်ပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဟာ ပြင်းအားအဆင့် ၄ အထိ သတ်မှတ်ခံရ တဲ့ မုန်တိုင်းတစ်လုံးပါ။ ဒီအဆင့်မှာ လေတိုက်နှုန်းက တစ်နာရီ မိုင် ၁၃၀ နှုန်း ကနေ ၁၅၆ မိုင်နှုန်းအထိ တိုက်ခတ်နိုင်ပါတယ်။ ဒီအခြေအနေဟာ ကောင်းစွာ တည်ဆောက်ထားတဲ့ နေအိမ်တွေကိုတောင်မှ ရစရာမရှိအောင် ဆိုးဆိုးရွားရွား ပျက်စီးစေတာပါ။
နိုင်ငံတစ်နိုင်ငံမှာ သဘာဝဘေးအန္တရာယ်ကျရောက်လာရင် ပျက်စီးဆုံးရှုံးမှုအနည်းဆုံးနဲ့ ပြန်လည်ထူထောင် ရေးလုပ်ငန်းများ အမြန်ဆုံးစတင်နိုင်ခြင်း ရှိ/မရှိဆိုတာ အုပ်ချုပ်သူအစိုးရအပေါ် များစွာမူတည်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကတော့ မြန်မာနိုင်ငံကိုဝင်ရောက်လာနိုင်တဲ့ မုန်တိုင်းက ပင်လယ်ပြင်မှာစတင် ဖြစ်ပေါ်ပါပြီဆိုကတည်းက မုန်တိုင်းတိုက်ခတ်မှုအတွင်း ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင်၊ မုန်တိုင်းတိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အကောင်းဆုံး လုပ်ဆောင်နိုင်အောင် ကြိုတင်ပြင်ဆင်မှုများကို အမြော်အမြင်ရှိရှိနဲ့ လုပ်ဆောင်ထားခဲ့တာ တွေ့ရမှာပါ။
ဒီလို ကြိုတင်ပြင်ဆင်မှုများကြောင့်ပဲ မုန်တိုင်းတိုက်ခတ်မှုအတွင်း အတိုင်းအတာတစ်ခုအထိရှိတဲ့ ပျက်စီးဆုံးရှုံးမှုနဲ့ နည်းပါးတဲ့ လူသေဆုံးမှုသာရှိခဲ့တာ ဖြစ်ပါတယ်။
ပျက်စီးဆုံးရှုံးဆုံးမှုများနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ထားတဲ့စာရင်းမျာအရ တိုင်းဒေသကြီးများနဲ့ ပြည်နယ်အသီးသီးမှာ စုစုပေါင်းပျက်စီးဆုံးရှုံးမှုအနေနဲ့ လူနေအိမ် ၂၁၃၉၉၀ လုံး၊ ဘာသာရေးအဆောက်အဦ ၃၃၃၂ လုံး၊ စာသင်ကျောင်း ၁၇၃၄ ကျောင်း၊ ဆေးရုံ/ ဆေးခန်း ၃၉၈ ခု၊ ဆက်သွယ်ရေးတာဝါ တိုင် ၁၄ တိုင်၊ ဓာတ်အားလိုင်း ၂၃၀ ကေဗွီ ၁၄ တိုင်၊ ၆၆ ကေဗွီ ၃၈ တိုင်၊ ဓာတ်မီးတိုင် ၈၀၉၉ တိုင်၊ ထရန်စဖော်မာ ၈၃ ခု ပျက်စီးခဲ့တဲ့အပြင် လူသေဆုံးမှု အနေနဲ့ ၁၄၈ ဦး၊ ဒဏ်ရာရရှိသူ ၁၃၂ ဦး၊ တိရစ္ဆာန်သေဆုံးမှု ၂၉၀၆၁၂ ကောင် ရှိတယ်လို့ ပဏာမစာရင်းကောက်ယူရေးအဖွဲ့ရဲ့ စိစစ်ချက်အရ သိရပါတယ်။ ဆက်လက်ပြီးလည်း သေချာသည်ထက် သေချာအောင် ပျက်စီးဆုံးရှုံးမှုစာရင်း များ ကောက်ယူနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ မုန်တိုင်း မကျမီ စစ်တွေ၊ မြောက်ဦး၊ မောင်တော၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်နဲ့ အမ်းမြို့တို့မှာရှိတဲ့ သဘာဝဘေးဒဏ်ခိုလှုံရာ Shelter များသို့ ပြည်သူ ၂၃၇၀၀ ကို ရွှေ့ပြောင်းပေးခဲ့ပြီး တခြားဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းမှုအနေနဲ့ ၆၂၆၈၄၉ ဦးကို ရွှေ့ပြောင်းပေးခဲ့ပါတယ်။ အလားတူ IDP စခန်းမှ ရောက်ရှိသူများ အနက် ၆၂၃၁၉ ဦးကိုလည်း ဘေးလွတ် ရာသို့ရွှေ့ပြောင်းပေးခဲ့ပါတယ်။ မုန်တိုင်းကြောင့် သေဆုံးသူတွေထဲမှာ ရွှေ့ပြောင်းပေးမှုအပေါ် ငြင်းဆန်ခဲ့သူတချို့ ပါဝင်ခဲ့တာလည်း တွေ့ရပါတယ်။
ဒီလို ပျက်စီးဆုံးရှုံးမှုတွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အစိုးရ၊ တပ်မတော်၊ ပြည်သူအတူတကွ လက်တွဲပြီး အင်တိုက်အားတိုက် ဆောင်ရွက်ပေးရမှာပါ။
အခုဆိုရင် မုန်တိုင်းတိုက်ခတ်ပြီး နောက်လုပ်ဆောင်ရတဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ အချိန်တိုအတွင်းမှာပင် မျှော်မှန်းထားတာထက်ပိုတဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ခဲ့တာ တွေ့ရပါတယ်။
ဒါကြောင့် မုန်တိုင်းတိုက်ခတ်ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဘယ်လိုမျိုးအင်တိုက်အားတိုက် လုပ်ဆောင်ခဲ့တယ်ဆိုတာ ဒီဆောင်းပါးကနေတစ်ဆင့် ဂုဏ်ယူစွာနဲ့ ရေးသားဖော်ပြလိုက်ရပါတယ်။
အရေးပေါ်အစည်းအဝေးကျင်းပပြုလုပ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော်အရာရှိကြီးများနဲ့ တာဝန်ရှိသူများဟာ မြန်မာနိုင်ငံကို မုန်တိုင်းစတင်ဝင်ရောက်တဲ့ မေ ၁၄ ရက်မှာပဲသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအတွက် အရေးပေါ်အစည်းအဝေးကို ကျင်းပပြုလုပ်ပါတယ်။
အဲဒီအစည်းအဝေးမှာ သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးက မုန်တိုင်းဖြစ်ပေါ်မှုနဲ့ မြန်မာနိုင်ငံသို့ မုန်တိုင်းဝင်ရောက်မှုအခြေအနေ၊ နိုင်ငံတော်နဲ့တပ်မတော်က ဆန်နှင့်ရိက္ခာများ ကြိုတင်စုဆောင်းထားရှိမှုအခြေအနေ၊ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုလုပ်ငန်းများ ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေ၊ ပြောင်းရွှေ့ရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် ကြိုတင်ဖွဲ့စည်းထားမှုအခြေအနေ၊ သတင်းများကို အချိန်နှင့်တစ်ပြေးညီရရှိရေးနဲ့ ထုတ်ပြန်နိုင်ရေးဆောင်ရွက်လျက်ရှိမှုအခြေအနေ၊ သဘာဝဘေးဒဏ်သင့်ဒေသများအတွက် ကူညီကယ်ဆယ်ရေးကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေတို့ကို တင်ပြကြပါတယ်။
အဲဒီလို တင်ပြမှုတွေအပေါ်မှာ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့မှာကြားမှုကိုကြည့်ရင် အစိုးရတစ်ရပ်က နိုင်ငံသားများအပေါ်ထားတဲ့စေတနာကို မြင်တွေ့ရမှာပါ။ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ မှာကြားမှုများထဲမှ တချို့ကို ကောက်နုတ်ပြရရင်-
“မုန်တိုင်းဒဏ်သင့် ဒေသများအတွက် ဆန်နှင့်ရိက္ခာများကို ကြိုတင်စုဆောင်းထားရှိပြီး အချိန်နှင့်တစ်ပြေးညီ ပေးပို့နိုင်ရေး တပ်မတော်လေယာဉ်များ၊ ရေယာဉ်များ၊ မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်၍ အသင့်ပြင်ဆင်ထားရှိရန်လိုပါမယ်။ ဘုန်းတော်ကြီးကျောင်းများက မြို့၊ ရွာများ၏ အစွန်အဖျားနေရာ များတွင်တည်ရှိကြခြင်းကြောင့် လေပြင်းများတိုက်ခတ်ပြီး ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပါက ပြင်ဆင်ပေးနိုင်ရေးဆောင်ရွက်ပေးရန်လိုပါမယ်။ မုန်တိုင်းဒဏ်ထိခိုက်သည့် ဒေသများ၌ ပြင်ဆင်မှုများဆောင်ရွက်ပေးရာတွင် ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ပေးရပါမယ်။ မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသား အားလုံးမည်သူတစ်ဦးတစ်ယောက်မျှ ကျန်ရှိမှုမရှိစေရေး ကူညီဆောင်ရွက်ပေးသွားရန်လိုပါမယ်။ ထိခိုက်မှုအနည်းဆုံးဖြင့် မုန်တိုင်းအန္တရာယ်ကို အောင်မြင်စွာကျော်လွှားနိုင်ရေး မိမိကိုယ်တိုင်မျက်ခြည်မပြတ်စောင့်ကြည့်ပြီး အချိန်နှင့်တစ်ပြေးညီ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။”
တပ်မတော်အနေဖြင့်လည်း “နိုင်ငံအတွင်းမှာ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အမိန့်စောင့်စရာမလိုဘဲ ပြည်သူလူထုကို အကူအညီများချက်ချင်းပေးဖို့” တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က တပ်ရင်း/တပ်ဖွဲ့များကို ညွှန်ကြားထားပြီးသားပါ။
ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်း မုန်တိုင်းစတင်ဝင်ရောက်တိုက်ခတ်တဲ့ မေလ ၁၄ ရက်မှာပဲ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယအကြိမ် (အရေးပေါ်) အစည်းအဝေးကို ပြုလုပ်ခဲ့ပါသေးတယ်။
အဲဒီအစည်းအဝေးမှာတော့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဖြစ်တဲ့ ဒုတိယဝန်ကြီးချုပ်က မုန်တိုင်းအလွန်ကာလ လိုအပ်သည့်အကူအညီများနှင့် မမျှော်မှန်း နိုင်သည့်ကိစ္စရပ်များအတွက် ဌာနအလိုက် ပြင်ဆင်ဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း၊ မုန်တိုင်းလမ်းကြောင်း တစ်လျှောက်နှင့် မုန်တိုင်းအဝိုင်းအဝန်းတစ်လျှောက် ကူညီကယ်ဆယ်ရေးဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနအလိုက် လျာထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မုန်တိုင်းအလွန်ကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုကော်မတီဝင်များက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သို့မှသာ ပုံမှန်အနေအထားသို့ အမြန်ဆုံးပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း စသည်ဖြင့် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ပါတယ်။
မုန်တိုင်းတိုက်ခတ်မှုဖြစ်ပြီး နောက်တစ်ရက်ဖြစ်တဲ့ မေ ၁၅ ရက်မှာ အပြောမဟုတ်ဘဲ အလုပ်နှင့်သက်သေပြတတ်တဲ့ နိုင်ငံတော်ဝန်ကြီးချုပ်က တာဝန်ရှိသူများနဲ့အတူ မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသသို့ရောက်ရှိပြီး နိုင်ငံသူ၊ နိုင်ငံသားအားလုံး မည်သူတစ်ဦးတစ်ယောက်မျှ ကျန်ရှိမှုမရှိစေရေး ကယ်ဆယ်ကူညီဆောင်ရွက်ပေးသွားရန်၊ မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးသွား ရန်နဲ့ မြေပြင်အခြေအနေများကို လိုက်လံ ကြည့်ရှုစစ်ဆေးကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လုပ်ဆောင်ရမယ့်လုပ်ငန်းများကို လမ်းညွှန်မှာကြားမှုပြုပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းဦးစီးတဲ့ ဝန်ကြီး ၃ ဦး၊ ဒုတိယဝန်ကြီး ၇ ဦးတို့ပါဝင်တဲ့အဖွဲ့ဖြင့် မုန်တိုင်းအလွန် ရှာဖွေကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်အကောင်အထည်ဖော်နိုင်ရေး တာဝန်ပေးဆောင်ရွက်စေခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် မေလ ၁၅ ရက်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကြေညာချက်အမှတ် ၁/၂၀၂၃ ကို ထုတ်ပြန်ပြီး ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ ခုဖြစ်တဲ့ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနဲ့ မြေပုံမြို့နယ်တို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ် ကြေညာလိုက်ပါတယ်။
နောက်တစ်ရက်ဖြစ်တဲ့ မေလ ၁၆ ရက်မှာတော့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”ကုန်းတွင်းပိုင်းသို့ ဖြတ်သန်းသွားရာ ချင်းပြည်နယ်ရှိ တီးတိန်၊ ပလက်ဝ၊ မတူပီနဲ့ ဟားခါးမြို့နယ်တို့ကိုလည်း သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ် ကြေညာလိုက်တာ တွေ့ရပါတယ်။
(ဆက်လက်ဖော်ပြပါမည်)