Skip to main content

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများ

တွေ့ဆုံမေးမြန်း-ဝင်းဝင်း

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Center- DMC) သည် မိုခါမုန်တိုင်းနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန် ဆောင်ရွက်ပေးသည့် ဗဟိုဌာနဖြစ်သည်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအောက်တွင် လုပ်ငန်းကော်မတီ ၁၂ ခုကို ဖွဲ့စည်း ထားရှိပြီး အဆိုပါလုပ်ငန်းကော်မတီများသည် DMC တွင် စုဖွဲ့ကာ မိုခါမုန်တိုင်းနှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို အရေးပေါ်တုံ့ပြန်ဆောင်ရွက်လျက်ရှိသည်။ လုပ်ငန်းကော်မတီ ၁၂ ခု အနက် တစ်ခုအပါအဝင်ဖြစ်သည့် ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ကော်မတီအတွင်းရေးမှူး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသင့်မြတ်သူနှင့် တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။

မေး။ ။ မုန်တိုင်းမကျရောက်မီ ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုတွေကို ပြောပြပေးစေလိုပါတယ်ရှင့်။

ဖြေ။ ။ အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါဝင်ရောက်နိုင်တဲ့ဒေသတွေကို ကယ်ဆယ်ရေးပစ္စည်း၊ ထောက်ပံ့ရေးပစ္စည်းတွေ အချိန်မီပို့ဆောင်နိုင်ဖို့အတွက် ယာဉ်တွေစုဖွဲ့ထား ရှိခဲ့ရှိတယ်။ ဆက်သွယ်ရေး Terminal တွေ ပို့ဆောင်ခဲ့ပါတယ်။ မုန်တိုင်းမကျရောက်မီ ကယ်ဆယ် ထောက်ပံ့ရေးပစ္စည်းတွေကို လေယာဉ်၊ မော်တော်ယာဉ်တို့နဲ့ ကြိုတင်ပို့ဆောင်ပေးခဲ့ပါတယ်။ ဒါ့အပြင် မုန်တိုင်းဝင်ရောက်နိုင်မယ့် ဒေသတွေမှာ သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်တွေ၊ ရေယာဉ်တွေကို အသင့်စုဖွဲ့ထားရှိပြီး ရန်ကုန်၊ ပြည်နဲ့မကွေးမြို့တို့မှာ သယ်ယူပို့ဆောင်ရေး ကိစ္စတွေအတွက် အရေးပေါ်လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးနိုင်ဖို့ ကုန်းလမ်းပို့ဆောင်ရေးက ကုန်တင်မော် တော်ယာဉ် ၈၇ စီးကို အသင့်စုဖွဲ့ထားရှိခဲ့ပါတယ်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန အနေနဲ့ မေ ၆ ရက်က စတင်ပြီး MRTV, MWD အပါ အဝင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေကနေ မုန်တိုင်း အခြေအနေကို အသိပေးကြေညာချက် ၄၈ ကြိမ် ထုတ်ပြန်တာ၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီး ဌာနအနေနဲ့ မုန်တိုင်းသတိပေးချက်ကို မိုဘိုင်း ဖုန်းအော်ပရေတာလေးခုကနေ မိုဘိုင်းဖုန်းသုံးစွဲသူ တွေထံ စာတို (SMS) ပေးပို့တာတွေကို အများပြည်သူ သိရှိနိုင်စေဖို့ ကြိုတင်နှိုးဆော် သတိပေးနိုင်ခဲ့ပါ တယ်။

မေး။ ။မုန်တိုင်းဝင်ရောက်ပြီးချိန်မှာ ဘယ်လိုဆောင်ရွက်ခဲ့ပါသလဲ။

ဖြေ။ ။ပို့ဆောင်ရေးကဏ္ဍအနေနဲ့ မုန်တိုင်း ဝင်ရောက်ပြီးချိန်မှာ အသင့်စုဖွဲ့ထားတဲ့ မော်တော်ယာဉ်၊ ရေယာဉ်၊ လေယာဉ်တွေနဲ့ဝန်ကြီးဌာနတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေက ပို့ဆောင်လိုတဲ့ ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းတွေ ကို ပို့ဆောင်ပေးခဲ့ပါတယ်။ ဇွန် ၇ ရက်အထိ တပ်မတော်လေယာဉ် ၁၅၂ ခေါက်နဲ့ လူ ၃၄၇၇ ဦး၊ ကုန် ၄၅၄ ဒသမ ၆၂၂ တန်၊ စစ်ရေယာဉ်ရှစ်စင်းနဲ့ လူ ၈၇၄ ဦး၊ ကုန် ၃၆၁၃ ဒသမ ၂ တန်၊ အရပ်ဘက် ပို့ဆောင်ပေးမှုအနေနဲ့ လေယာဉ်လေးစင်းနဲ့ ၀  ဒသမ ၆၁၈ တန်၊ မော်တော်ယာဉ်နှစ်စီးနဲ့ ၃၂ ဒသမ ၀၂၀ တန်၊ ရေယာဉ်ကိုးစင်းနဲ့ ၁၃၆၉၀ ဒသမ  ၀၉၃ တန် စုစုပေါင်း အရပ်ဘက်၊ စစ်ဘက် ပို့ဆောင်နိုင်မှုမှာ လူ ၄၃၅၁ ဦး၊ ကုန် ၁၇၇၉၀ ဒသမ ၅၅၃ တန် တို့ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရဲ့ လမ်းညွှန်မှုနဲ့ ပို့ဆောင် ပေးနိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး ရန်ကုန်ဆိပ်ကမ်းမှာ ရေယာဉ်ကြီးနှစ်စင်းပေါ်ကို  တန်ချိန် ၄၀၀၀ ခန့် တင်ဆောင်ဆဲဖြစ်ပြီး ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်ရှိတဲ့အတွက် လှိုင်းလေပြန်ငြိမ်တာနဲ့ ထွက်ခွာနိုင်ဖို့ စီစဉ်လျက်ရှိပါတယ်။

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် MV. AQUARIUS သင်္ဘောနဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှဓာတ်တိုင်၊ တာဝါတိုင်တွေ၊ မြန်မာ့သစ် လုပ်ငန်းမှ သစ်ခွဲသားတွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆန်၊ တာပေါ်လင်၊ မိုးကာတဲ၊ ရေတိုင်ကီ၊ Chain Saw၊ ခေါက်ဆွဲခြောက်နဲ့ သွပ်တွေ၊ မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ Fiber Cable ကြိုးခွေတွေ၊ တာဝါ တိုင်တွေ၊ ဂျင်နရေတာတွေ၊ စွမ်းအင်ဝန်ကြီးဌာနက လေယာဉ်ဆီပီပါတွေ၊ ကကပံ့က မိုးကာတဲတွေ စသဖြင့် ဝန်ကြီးဌာနတွေ၊ တပ်ရင်း၊ တပ်ဖွဲ့တွေက ပို့ဆောင်လိုတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ၊ ထောက်ပံ့ရေးပစ္စည်းတွေ၊ ဆောက်လုပ်ရေးပစ္စည်း တွေ တန်ချိန် ၁၄၆၉ ဒသမ ၈၆၀ ကို မေ ၁၆ ရက်က စတင်တင်ဆောင်ပြီး မေ ၁၉ ရက်မှာ စစ်တွေမြို့ကို ပို့ဆောင်ပေးခဲ့ပါတယ်။

မေ ၁၈ ရက်မှာ အဓိကပို့ဆောင်ရမယ့် လျှပ်စစ် ဓာတ်တိုင်တွေ၊ ကေဘယ်ကွိုင်တွေ၊ ထရန်စဖော်မာ တွေ၊ ကြွေသီးတွေ၊ တာဝါတိုင်တွေ၊ ဆက်သွယ်ရေး ကွန်ကရစ်တိုင်တွေ၊ ဆန်အိတ်တွေ၊ မိုးကာတဲတွေ စတဲ့ ဝန်ကြီးဌာန၊ တပ်ရင်း၊ တပ်ဖွဲ့တွေက ပို့ဆောင် လိုတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ၊ ထောက်ပံ့ရေး ပစ္စည်းတွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေ ၃၁၄၁ ဒသမ ၃၄၀ တန်ကို MV.SUN SHINE သင်္ဘောနဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။ အလားတူ မြေတူးစက်တွေ၊ Dozer၊ ကရိန်း၊ ဝန်ချီစက်၊ ဖြတ်/ ဖောက်စက်၊ ထရန်စဖော်မာ၊ Insulated Cable၊ Mobile Tower၊ Prime Mover Truck၊ Mobile Generator၊ မိုးကာတဲ၊ သစ်ခွဲသား၊ ဘိလပ်မြေ၊ သွပ်၊ သံစတဲ့ ဝန်ကြီးဌာန၊ တပ်ရင်း၊ တပ်ဖွဲ့တွေက ပို့ဆောင်လိုတဲ့ ကယ်ဆယ်ရေးပစ္စည်း၊ ထောက်ပံ့ရေးပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်းတွေ ၁၂၄၇ ဒသမ ၁၇၀ တန်ကို MV.FORTUNE သင်္ဘောနဲ့တင်ဆောင်ပြီး မေ ၂၁ ရက်မှာ စစ်တွေမြို့ကို ပို့ဆောင် ပေးခဲ့ပါတယ်။

ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်း ကော်မတီအနေနဲ့ဝန်ကြီးဌာနတွေ၊ တပ်ရင်း၊ တပ်ဖွဲ့တွေက ပို့ဆောင်လိုတဲ့ ကယ်ဆယ်ရေးပစ္စည်း၊ ထောက်ပံ့ရေးပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်းတွေ၊ စားသောက်ကုန် ပစ္စည်းတွေကို ရေယာဉ်တွေနဲ့ ပို့ဆောင်လျက်ရှိရာ မေ ၂၂ ရက်မှာ ဆန်၊ တာပေါ်လင်၊ သွပ်၊ သံ၊ မိုးကာ တဲ၊ သစ်ခွဲသား၊ ကရိန်းယာဉ်၊ လျှပ်စစ်လုပ်ငန်းသုံး ပစ္စည်းတွေ၊ AHA Center မှ လှူဒါန်းပစ္စည်းတွေ၊ စားသောက်ကုန်၊ လူသုံးကုန်တွေ ၁၇၅၁ ဒသမ ၃၅၆ တန်ကို တင်ဆောင်ပြီး မေ ၂၅ ရက်မှာ MCL-5 သင်္ဘောနဲ့ စစ်တွေမြို့ကို ပို့ဆောင်ပေးခဲ့ပါတယ်။

မုန်တိုင်းဒဏ်သင့်ဒေသတွေ ပြန်လည်ထူထောင်ရေးအတွက် လယ်ယာသုံးထွန်စက်နဲ့ ဆက်စပ်ပစ္စည်းတွေ၊ သစ်ခွဲသား၊ ဓာတ်တိုင်၊ လျှပ်စစ်လုပ်ငန်း သုံး ပစ္စည်းတွေ၊ ဆက်သွယ်ရေးတာဝါတိုင်တွေ၊ သွပ်၊ သံ၊ ဆန်တွေ၊ ယူနန်ပြည်နယ်နဲ့ AHA Center တို့မှ လှူဒါန်းပစ္စည်းတွေစတဲ့ ကယ်ဆယ်ရေး ပစ္စည်း၊ ထောက်ပံ့ရေးပစ္စည်း၊ ဆောက်လုပ်ရေး ပစ္စည်း၊ လူသုံးကုန်နဲ့ စားသောက်ကုန်ပစ္စည်း ၁၆၃၀ ဒသမ ၆၀၁ တန်ကို မေ ၂၅ ရက်မှာ တင်ဆောင်ပြီး မေ ၂၈ ရက်မှာ MCL-3 သင်္ဘောနဲ့ စစ်တွေမြို့ကို ပို့ဆောင်ပေးခဲ့ပါတယ်။

ဆက်လက်ပြီး မေ ၂၆ ရက်မှာ MV.Charites သင်္ဘောနဲ့ သစ်လုံး၊ သစ်ခွဲသား၊ အုတ်၊ ဘိလပ်မြေ၊ သံ၊ သွပ်၊ ရေသန့်၊ အဝတ်အထည်၊ ဆေးဝါး၊ ဆန်အိတ်စတဲ့ ကယ်ဆယ်ရေးပစ္စည်း၊ ထောက်ပံ့ရေးပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ လူသုံးကုန်နဲ့ စားသောက်ကုန်ပစ္စည်း ၂၄၄၂ ဒသမ ၅၁၆ တန်ကို တင်ဆောင်ပြီး မေ ၃၀ ရက်မှာ စစ်တွေမြို့ကို ပို့ဆောင်ပေးခဲ့ပါတယ်။

မေ ၃၁ ရက်မှာ MV. Weru Pack Kha သင်္ဘောနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ၊ ထောက်ပံ့ရေးပစ္စည်း တွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေ၊ လူသုံးကုန်နဲ့ စားသောက်ကုန်ပစ္စည်းတွေကို မုန်တိုင်းဒဏ်သင့် ပြည်သူတွေထံ အချိန်မီဆက်လက်ပို့ဆောင်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါတယ်။

မုန်တိုင်းဒဏ်သင့်ဒေသတွေ ပြန်လည်ထူထောင်ရေးအတွက် စစ်လေယာဉ်၊ စစ်ရေယာဉ်တို့နဲ့ ပို့ဆောင်ပေးနေသလို ပုဂ္ဂလိကလေကြောင်း လိုင်းတွေ၊ ရေယာဉ်တွေ၊ မော်တော်ယာဉ်တွေနဲ့ ပို့ဆောင်ပေးလျက်ရှိပါတယ်။

မုန်တိုင်းဝင်ရောက်ပြီး စစ်တွေလေဆိပ် Control Tower အမိုးပွင့်ပြီး ရေဝင်ခဲ့ပါတယ်၊ အင်တင်နာ (Antenna) လဲသွားတယ် စသဖြင့် ၉၀ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ပါတယ်။ စစ်တွေလေယာဉ်ကွင်းမှာ လျှပ်စစ်မီးမရရှိသေးတဲ့အတွက် မီးစက်တွေ အသုံးပြုပြီး ပျက်စီးမှုတွေ အမြန်ဆုံး ပြန်လည်ပြင်ဆင်နိုင်ဖို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ပညာရှင်တွေ ပါဝင်တဲ့အဖွဲ့တွေနဲ့ အမြန်ဆုံး ပြုပြင်နိုင်ရေးဆောင်ရွက်လျက်ရှိပါတယ်။ လေကြောင်းလိုင်းတွေလည်း ပုံမှန်ပြေးဆွဲလျက်ရှိပြီး ခရီးသွား ပြည်သူတွေအနေနဲ့ အဆင်ပြေစွာသွားလာလျက်ရှိပါတယ်။

မေး။ ။ ဆက်သွယ်ရေးကဏ္ဍအနေနဲ့ ဆောင်ရွက်မှု တွေကိုလည်း သိလိုပါတယ်။

ဖြေ။ ။ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင် ပြည်နယ်အတွင်း ဆက်သွယ်ရေးအော်ပရေတာလေးခုရဲ့ မိုဘိုင်းစခန်း ၁၂၃၃ ခုရှိတဲ့ အနက် မိုဘိုင်းစခန်း ၉၀၄ ခု ဆက်သွယ်မှု ပြတ်တောက်ခဲ့ပြီး စခန်း ၃၂၉ ခုသာ ဝန်ဆောင်မှုပေးခဲ့ရပါတယ်။ မေ ၁၄ ရက် နေ့လယ်ပိုင်း မိုခါ မုန်တိုင်းတိုက်ခတ်ပြီး Satelite Terminal (B2B) တွေကို စစ်တွေ၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တောမြို့နဲ့ ချင်းပြည်နယ်တို့ကို ပို့ဆောင်တပ်ဆင်ပြီး တစ်မြို့မှာ ဖုန်းလိုင်းလေးလိုင်းနဲ့ ညနေပိုင်းကစပြီး ဆက်သွယ်ခေါ်ဆို နိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

အရေးပေါ်ဆက်သွယ်နိုင်ရေး ကြိုတင်ပြင်ဆင်မှု အနေနဲ့ ရွေ့လျားမိုဘိုင်းယာဉ် (Cell on Wheel- CoW) ငါးစီးကို မုန်တိုင်းဝင်ရောက်မယ့်ဒေသတွေကို ကြိုတင်ပို့ဆောင်ထားရှိခဲ့ပြီး မုန်တိုင်းဝင်ရောက် ပြီးချိန် အရေးပေါ်ဆက်သွယ်မှုတွေ ရရှိခဲ့ပါတယ်။

မုန်တိုင်းဝင်ရောက်ပြီး မေ ၁၅ ရက်ကစပြီး ဆက်သွယ်မှုပြတ်တောက်ခဲ့တဲ့ မိုဘိုင်းရေဒီယို ဆက်သွယ်ရေးစခန်းတွေကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ခေါင်းဆောင် ပြီး ဝန်ထမ်းစုစုပေါင်း ၂၀၃ ဦး၊ Ooredoo Myanmar Limited မှ Chief Technology and Information Officer, Mr.Jose Sierra ခေါင်းဆောင်ပြီး ဝန်ထမ်း ၅၈ ဦး၊ ATOM Myanmar Limited မှ Chief Technical Officer, Mr.Yash Pal Singh ခေါင်းဆောင်ပြီး ဝန်ထမ်း ၈၂ ဦး၊ Telecom International Myanmar Limited မှ Chief Technical Officer, Mr.Ngo Quang Viet ခေါင်းဆောင်ပြီး ဝန်ထမ်း ၇၉ ဦး စုစုပေါင်း ၄၂၂ ဦးနဲ့ ဆက်သွယ်ရေး ကွန်ရက်တွေ ပြန်လည်ကောင်းမွန်စေရေး အင်တိုက် အားတိုက် ဆောင်ရွက်ခဲ့ကြပါတယ်။

မုန်တိုင်းဝင်ရောက်စဉ် မိုဘိုင်းစခန်းပေါင်း ၁၂၃၃ ခုအနက် ဇွန် ၇ ရက်အထိ ၁၂၀၃ ခု ပြန်လည် ကောင်းမွန်နေပြီး ဆက်သွယ်မှု ၉၈ ရာခိုင်နှုန်း ဝန်ဆောင်မှုရရှိပြီဖြစ်ပါတယ်။ ကျန်တဲ့ မိုဘိုင်းစခန်း ၃၀ ကို ဆက်သွယ်မှုအမြန်ပြန်လည် ကောင်းမွန်အောင် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားလိုပါတယ်။ ။