သံသရာခရီးသည်များအနေဖြင့် မသေချာမှုများကြားမှ သေချာသည်ထက် သေချာအောင်.....
ဒေါက်တာမြတ်မိုး
လူ့ဘဝဟာ ရခဲစွာမို့ ဘဝတိုတို ထိုထိုအမှုတွေကြား အချိန်ရှိခိုက်လုံ့လစိုက်ပြီး သတိတရားရလိုငြား၍ ဘာဝနာဘက်အာရုံစိုက်ကာ တစ်ဖန်လှည့် ဖြစ်ခဲ့ကြပြန်ပေပြီ။ ကောင်းသောအလုပ်မို့ ကိုယ်နှင့် ဆန္ဒတူလုပ်ဖော်ကိုင်ဖက်တချို့ အပါခေါ်ကာတာဝန်တစ်ခုနှယ် ထမ်းရွက်ခဲ့ကြပြန်သည်။ တာဝန်ဆိုသည်မှာ သာသနာ့တာဝန်၊ မိမိတန်ဖိုးထားသည့် ဘာသာသာသနာ ဆုတ်ယုတ်မသွား တိုးတက်ပွားများအောင် သာသနာ့အနွယ်မှာ ဆံကိုပယ်၍ သင်္ကန်းဝတ်ကာ ရခဲလှသည့်ဒုလ္လဘဘဝ၊ သီလရှင်ဘဝ၊ ယောဂီဘဝများခံယူပြီး သာသနာ့ဝန်ကို တစ်ပိုင်တစ်နိုင် ထမ်းရွက်ကြသည့်သဘော၊ အုတ်တစ်ချပ်သဲတစ်ပွင့်ပါဝင်ကြသည့်သဘောမျှသာ...။
အကောင်းဆုံးအချိန်မှာ အကြောင်းအကျိုးညီစွာ
ဘုရားသာသနာအဆုံးအမဟူသည် နာရခဲပါဘိ၊ ကြုံရခဲပါဘိ၊ အထူးသဖြင့် ဝိပဿနာသစ္စာတရား အတွေ့အကြုံ..ကြားရနာရသည်ပင်လျှင် တန်ဖိုးရှိလှ၏။ သို့သော် နှလုံးမသွင်းတတ်၊ လက်တွေ့ မကျင့်ကြံလျှင် လိုရာမရောက်ခရီးမပေါက်ပြန်..၊ အသက်ရှည်ရှည်နေရမည့်အရေး မသေချာသည့်ဘဝများတွင် ကျင့်နိုင်ခဲလှသည့် တရားအရသာသည် အကြောင်းညီညွတ်မှသာ ရလာနိုင်သည့်အကျိုး တရားတစ်ခုမျှသာဆိုသည်ကို သိလိုက်ရသည့်အချိန်... မိမိတို့အတွက်အချိန်များ နှောင်းမသွားရန် တကယ်အရေးကြီးတယ်ဆိုသည်ကို အမှန်သိလိုက် ရလျှင်အမြတ်တစ်ခုထွက်နေပါပြီ။ အခြေအနေအချိန်အခါကောင်းဆိုသည်မှာ ကြုံရခဲသည်။ မိမိအတွက် အကောင်းဆုံးအချိန်ကိုပြပါဆိုလျှင် ယခုအချိန်သည် အကောင်းဆုံးအချိန်ပင်။ မည်ကဲ့သို့တွေဝေနေမည်နည်း၊ ဥဒ္ဓစ္စဟာ အကုသိုလ်သဘောပါ။ အိုခြင်းနာခြင်းနှင့်အတူ နီးကပ်နေသည့်သေခြင်းတရားအတွက် မတွေဝေသင့်ပါဘူး။ ဘာဆိုဘာမျှ မမြဲသည့်သဘော၊ ဘယ်အရာမှငါ့အလိုမလိုက် အစိုးမရသည့်သဘော၊ ဖြစ်လိုက်ပျက်လိုက်သဘောများ၊ ဖောက်ပြန်တတ်သည့်သဘောများနှင့်အတူ နောက်ဆုံးသေခြင်းသဘောကို ပါရမီရင့်သန်မှုအလိုက် တွေ့နိုင်ရန်အတွက် အခြေခံတရားသဘောများကို ပေးနိုင်သည့်ဝန်းကျင်သည် ဆူညံကင်းပြီး ဆိတ်ငြိမ်ရာတရားစခန်း တရားရိပ်သာများပါပဲလားဆိုသည့် အသိအမြင်အမျှင်စလေးလောက်ကို ရလျှင်ပင် အချိန်ပေးရကျိုးနပ်ပါပြီ။
ယခုကာလရောက်လျှင် မဝံ့မရဲဖြင့် ဤကဲ့သို့အခွင့်ကောင်းကို သဒ္ဓါတရားထက်ထက်သန်သန်နှင့် စောင့်နေသူများရှိကြသည်။ တရားသဘောအမှန်ကို လိုလိုလားလားသိချင်ကြသည်၊ ခဏတာငြိမ်းအေးမှုကို လိုချင်သူများရှိသည်၊ တချို့ကမိရိုးဖလာ ဗုဒ္ဓဘာသာဝင်အဖြစ်မှလွန်၍ ပညာဗုဒ္ဓဘာသာဝင် ဖြစ်ချင်သူများရှိကြသည်။ သမထကမ္မဋ္ဌာန်းအတွေ့အကြုံ၊ ဝိပဿနာကမ္မဋ္ဌာန်းအတွေ့အကြုံကို မြည်းစမ်းကြည့်ချင်ကြသည်၊ တရားစစ်တရားမှန် ရယူချင်ကြသည်။ ဤသို့ဖြင့် စေတနာသဒ္ဓါတရားအပေါ် အခြေခံသည့် အကြီးအကဲများ၏ ခွင့်ပြုချက်ဖြင့် အထောက်အပံ့ကောင်းတို့ စုစည်းရာဝန်းကျင်ကောင်းတွင် ခေတ္တသာသနာခရီးလမ်းလေးတစ်ခု ချောမွေ့သွားရတော့သည်။ အကြောင်းတရားတို့ကောင်းလျှင် ကောင်းသောအကျိုးတရားများ ထွက်ပေါ်မြဲဆိုသည်ကို နားလည်မိသည်။
သတိမမူမိသည် လွှမ်းခြုံရစ်ပတ် အကုသိုလ်အဖြစ်များစွာ
ကျွန်တော်တို့သည် ရေပွက်ပမာခဏတာလေးတွင် မသိသင့်တာ၊ မလုပ်သင့်တာများနှင့်သာ အချိန်ကုန်နေပြီး သိသင့်လုပ်သင့်သည့် လောကုတ္တရာ အကျိုးစီးပွားကိုမူမေ့လျော့နေတတ်ကြသည်။ လောကီအကျိုးစီးပွားအတွက်သာ ရည်မျှော်ပြီးအမှားနှင့် အမှန်၊ အကောင်းနှင့်အဆိုးများကြားတွင် ပူပန်မှု၊ စိတ်နှလုံးမချမ်းမြေ့မှု၊ သောကဗျာပါဒများနှင့် အချိန်ပြည့်နပန်းလုံးနေကြရသည်။ အထူးသဖြင့် အားလုံးသည် ယခုနှစ်များအတွင်း အခက်အခဲမျိုးစုံ အထွေထွေအကျပ်အတည်းမျိုးစုံကို အနည်းနှင့် အများကြုံတွေ့ရင်ဆိုင်ခဲ့ကြရသည်၊၊ တချို့ကပြဿနာမျိုးစုံကြားထဲမှ ထွက်ပေါက်ကို ကြိုးစားရှာဖွေကြသည်။ ဖြစ်ချင်သည်ကတစ်မျိုး ဖြစ်နေသည်ကတစ်မျိုး၊ လိုချင်သည့်ထွက်ပေါက် ရှာမတွေ့သည့်အခါ ဒေါသဖြင့် ဖြေရှင်းကြသည်ကများသည်။ အချို့ကကိုယ့်ပတ်ဝန်းကျင်ကအခြေအနေနှင့် ကိုယ့်အပေါ် ရိုက်ခတ်လာနိုင်သည့် သက်ရောက်မှုများကို မှန်မှန်ကန်ကန်မသုံးသပ်နိုင်ကြ၊ အမှားနှင့် အမှန်၊ အမှန်နှင့် အမှား သင့်တော်သည်၊ မသင့်တော်သည်ကို ခွဲခြားနားလည်နိုင်စွမ်းမရှိသည့်အခါ အမှားကိုအမှန်လုပ်မိ၊ အမှန်ကိုအမှားလုပ်မိ၊ လုပ်မှားကိုင်မှား မောဟသဘောများဖြစ်ကြရသည်။ အကျပ်အတည်းများကြားမှ လောဘ၊ ဒေါသ၊ မောဟဆိုသည့် အကုသိုလ်များနှင့်သာ မိမိထံပါးပြည့်နှက်နေသည်ကို သတိပြုမိရန်ပင် အချိန်လည်းမပေးနိုင်၊ ရလာသည့်အခွင့်အလမ်းကိုပင် အရမယူနိုင်ကြသည့်အဖြစ်များစွာကို တွေ့နေမြင်နေရသည်။
မနောကံကိုစောင့်စည်းရန်သည် ဘာဝနာ၏ တာဝန်
ကံ ကံ၏အကျိုးပေးကို ယုံကြည်သက်ဝင်ကြသည့် ဗုဒ္ဓဘာသာဝင်တိုင်းတွင် ဒါန၊ သီလ၊ ဘာဝနာသည်သာ ကိုယ်ပိုင်ဥစ္စာ ကိုယ်ပိုင်ပစ္စည်းဖြစ်သည်။ ဖြစ်လေရာဘဝတိုင်းတွင် ချမ်းသာမြဲပြီး ဥစ္စာမမွဲရန်အတွက် ဒါန၊ ရောဂါမထူ အသက်ရှည်ရန်အတွက် သီလ၊ ပညာမချို့ လူ့ဗာလမဖြစ်ရန်အတွက် ဘာဝနာဟူ၍မှတ်ယူကြသည်၊၊ ထို ဒါန၊ သီလ၊ ဘာဝနာကို ဘုရားသာသနာနှင့်ကြုံဆုံတိုင်းတွင် ဗုဒ္ဓဘာသာဝင် တို့အနေဖြင့် ဖြည့်ဆည်းရမည့် ဂုဏ်ဒြပ်တစ်ခုအဖြစ် ကျင့်ကြံအားထုတ်ကြစမြဲဖြစ်သည်။ သီလ၊ သမာဓိ၊ ပညာဆိုပြီး သိက္ခာသုံးရပ်ရှိရာတွင် ကုသိုလ်အားလုံးတို့၏ အစပြုရာသည် သီလဖြစ်သည်။ ကိုယ်နှင့် နှုတ်မှ ကာယကံ၊ ဝစီကံများ ဖရိုဖရဲမပြိုပျက်အောင် စောင့်ထိန်းရမည့်တာဝန်ကို သီလကတာဝန်ယူပေးရသကဲ့သို့ ကျန်သည့်မနောစိတ်ကို စောင့်စည်းရန်မှာမူ ဘာဝနာ၏တာဝန်သာဖြစ်သည်။ ကာယကံ၊ ဝစီကံထက် မနောကံကိုထိန်းရသည်က ပို၍ခက်သည်။ မလုပ်မီမပြောမီမှာ သတိထားရန်သည် စိတ်ထဲတွင် ပေါ်လာသည့် အတွေးများကို ထိန်းချုပ်ရန်ထက် မခက်လောက်ပါ။ ကာယကံ၊ ဝစီကံကျူးလွန်မှုတစ်ခုခုသည် မနောကံမှ အစပြုသည်ဖြစ်သည့်အတွက် မိမိအတွေးအကြံအစည်များကို ဦးစွာထိန်းချုပ်နိုင်ရန် အလွန်အရေးကြီးလှသည်။ အဓိကမှာမူ သတိဆိုသည့်တရားတစ်လုံးကို အစဉ်အောက်မေ့နေရန်ပင်ဖြစ်သည်။ အကြောင်းမှာ အမှားကျူးလွန်မိခြင်းကပင် သတိလက်လွတ်ဖြစ်ခြင်းမှ စတင်၍ဖြစ်သည်။ ဤမျှအရေးကြီးသည့် သတိဆိုသည့် ကောင်းကျိုးတရားကိုရရှိရန်အတွက် သမထဘာဝနာကမ္မဋ္ဌာန်းအလုပ်ကို ကျင့်ကြံပွားများအားထုတ်သင့်သည့် လေ့ကျင့်ရာကွင်းများသည် တရားရိပ်သာများသာဖြစ်သည်။
သတိဝီရိယဟန်ချက်ညီမျှ သမာဓိတိုး၍ သုံးပါးလက္ခဏာရေးလည်း မြင်စေရာ
သတိတစ်ခုတည်းလားဆိုတော့လည်းမဟုတ်သေး။ ကိုယ်ရှုမှတ်နေသည့် အာရုံတစ်ခုတည်းမှ တစ်ပါးအခြားသောထူးထူးထွေထွေ အာရုံအပြား အခြားမပျံ့လွင့်ရအောင် သတိအပြင်မှန်ကန်ပြင်းပြ သောဝီရိယမျိုးလည်းရှိရသေးသည်။ ဝီရိယရှိမှသာ ကိုယ့်အတွက်ရအပ်သောတရားကို ရနိုင်သည် ဟူသော ကြိုးစားအားထုတ်မှု၏ရလဒ်ကို တရားစခန်းများမှ ကောင်းကောင်းသိလိုက်ရသည်။ သတိ နှင့် ဝီရိယ ဟန်ချက်ညီမှုကြောင့် သမာဓိတိုးလာပြီး ထို့ထက်ပို၍အားထုတ်နိုင်လျှင် ရုပ်နှင့်နာမ်ကွဲကွဲပြားပြားသိနိုင်သည်အထိ ဉာဏ်စဉ်များတိုးတက်လာနိုင်မည်ဟူ၍ မျှော်လင့်မိသည်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟူ၍ လက္ခဏာရေးသုံးပါး ခပ်ပါးပါးရှုနိုင်လျှင် ပညာအဆင့်အထိရောက်၍ ကုသိုလ်များလည်း တိုးသည်ထက်တိုးလာနိုင်ပါပြီ။ တရားကို မိမိခန္ဓာမှာသာ ရှာရမည်ဆိုသောအသိဖြင့် ၁ဝ ရက် ဆိုသောကာလအတိုင်းအတာတွင် တရားသဘောလက်တွေ့အခြေခံသာရနိုင်သဖြင့် အခြေအနေအပေါ်မူတည်၍ မိမိနေအိမ်၊ မိမိလုပ်ငန်းခွင်တွင် နေ့စဉ်ဆက်၍ လက်တွေ့အသုံးချကျင့်ကြံသွားရုံသာဖြစ်သည်ဟူ၍လည်း ခံယူဖြစ်သွားသည်။
သတိ၊ ဝီရိယ၊ သမာဓိကြောင့် မိမိစိတ်တဒင်္ဂလေးမျှတွင်ပင် ပီတိဟူသောကြည်နူးမှုနှင့် သုခဟူသောချမ်းသာမှုကို ခံစားသိမိသည်။ တရားအားထုတ်ခိုက် စိတ်ကလန်းဆန်းနေသည်။ ရှုမှတ်နေသည့်အာရုံတစ်ခုတည်းအပေါ်တွင် စူးစူးစိုက်စိုက် မြဲမြဲမြံမြံ သိမှတ်နေသောစိတ်သည် ကုသိုလ်စိတ်ဖြစ်၍ မဟာကုသိုလ်ထိုက်သည်။ ဒီလိုတရားသဘောများရရှိကြောင်း လုပ်ဖော်ကိုင်ဖက် ဓမ္မမိတ်ဆွေများဆီမှ ကြားသိရသည့်အခါ ဝင်လာသည့်အတွေးမှအစ အာရုံခြောက်ပါးမထွေပြား သူတို့တွေရှုမှတ်နေသည့် အချိန်အတောအတွင်း မည်သည့်ကိလေသာမျှ မဝင်ရောက်နိုင်ဆိုသည်ကို အလိုလိုသိနေသည်။ ကုသိုလ်စိတ်မှန်သမျှဖြူစင်ပါသည်။ ထို့ကြောင့် တရားကို မှန်မှန်ကန်ကန်ရှုမှတ်နေသူ၏စိတ်သည် ဖြူစင်နေသည့်အတွက်စိတ္တဝိသုဒ္ဓိလည်းဖြစ်နေပါပြီ။ ကိုးပါးသောသီလကို ခံယူထားသည့်အတွက်လည်း သီလဝိသုဒ္ဓိကဖြစ်နေပြီ။ ထို့ကြောင့် မိမိစိတ်ကို ဖြူစင်သည်ထက်ဖြူစင်အောင် ရည်ရွယ်ချက်ဖြင့် သမထဘာဝနာကမ္မဋ္ဌာန်းကို ဦးစွာအားထုတ်ကြခြင်းဖြစ်သည်။
ဖြူစင်နေသောမိမိစိတ်သည် အခြားသူများ၏ စိတ်ကို ဘယ်သောအခါမှ အရောင်မဆိုးနိုင်ပါ။ ဆိုလိုသည်မှာ တရားသဘောသိနှင့်သူ၊ များများလေ့ကျင့်အားထုတ်နိုင်သူသည် သတိမြဲ၍၊ ဝင်လာသည့်အာရုံအတော်များများကိုသတိဖြင့် ထိန်းချုပ်ဆင်ခြင်နိုင်ကာ အာရုံများအပေါ်တွင် နှလုံးသွင်းမှန်ပြီး ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်ကြသူများသည် အကုသိုလ်နည်းကြသည်၊၊
စိတ်ကိုထိန်းနိုင်၍ နှုတ်ကအပြော၊ ကိုယ်ကအပြုအမူမှာ အပြစ်ကင်းသည်ကများသည်၊ အကုသိုလ်ဖြစ်သည့် လောဘ၊ ဒေါသဝင်မိလျှင်လည်း သတိကြောင့်ချက်ချင်းသိ၊ ချက်ချင်းရပ်ပစ်နိုင်သည်။ ထိုထက်မမြဲသဘော၊ အစိုးမရအတ္တမဟုတ်သည့် သဘောများအထိ ဆင်ခြင်နိုင်လျှင် လောဘ၊ ဒေါသ၊ မောဟများနည်းသည်ထက် နည်းလာနိုင်သည်၊၊ သူတစ်ပါးဆီမှ ဝင်လာသည့်အပြောအဆိုအပြုအမူများအပေါ်တွင်လည်း အများကြီးခံစားနေမည်မဟုတ်ပါ။ သူကိုယ်တိုင်ပြောနေလုပ်နေသည်မှမဟုတ်ဘဲ၊ သူ့မှာရှိနေသည့် စေတသိက်က သူ့အလုပ်သူလုပ်နေသည်ဆိုသည့် ဓမ္မအသိလေးအထိ ပါရမီအရင့်အသန်အလိုက် ဆင်ခြင်နိုင်စွမ်းရှိလာကြသည်။ အားလုံးသည် ဟောသမျှနာယူ၊ နာသမျှသိအောင်လုပ်၊ သိသမျှထပ်ခါထပ်ခါ ကျင့်ကြည့်မှသာပြန်လည်ရရှိလာသည့် တရားအသိမျိုးဖြစ်သည့်အတွက် အလွန်ကိုအကျိုးများလှသည်။
ဖြူစင်သောစိတ်ဖြစ်အောင်အားထုတ်ပါ
ကိုယ့်ကိုယ်ကိုယ် ယခုပစ္စုပ္ပန်မှာရော အနာဂတ်အတွက်ပါ မသေချာမှုများကြားထဲ ဘယ်အရာကပိုသေချာမလဲ။ သေချာသည်ကိုသာ ရွေးပြီးတွေးမည်၊ ပြောမည်လုပ်မည်ဆိုမှ မှန်ကန်သည်များ ရရန်များသည်၊၊ အဓိကအချက်မှာ မိမိစိတ်ထဲတွင် အမှန်များနှင့်ရှင်းနေရန်ပင်၊ စိတ်ရှင်းနေလျှင် စိတ်ဟာလုံခြုံသလိုခံစားရသည်၊ စိတ်လုံခြုံမှုကမဟုတ်တာ၊ မမှန်တာကိုမတွေးမိမပြောမိ မလုပ်မိအောင် ကာကွယ်ပေးထားပြီး ကောင်းမွန်သောအနေအထားတစ်ခုအထိရောက်ရှိသွားစေသည်။ အတွေ့အကြုံအရ တရားဒေသနာနာကြားခြင်း၊ ဘုရားအဆုံးအမတရားများ ရွတ်ဖတ်ခြင်း၊ သမထဝိပဿနာဘာဝနာပွားများခြင်းစသည့် ကုသိုလ်စိတ်နှင့်ယှဉ်သော အလေ့အကျင့်အားလုံးသည် စိတ်ကိုရှင်းလင်းဖြူစင်သွားစေသည်သာဖြစ်သည်။ တစ်ဖန်စိတ်ကြည်လင်လန်းဆန်းမှုက မကောင်းသည့်အာရုံများမှ အကာအကွယ်ကို ရစေပြန်၍ စိတ်လုံခြုံမှုကိုရရှိစေသည်ဟုခံစားမိပြန်သည်၊၊ အားလုံးအတွက် အကောင်းဆုံးဖြစ်အောင် စိတ်ရှင်းရှင်းဖြင့် လုပ်ကိုင်သည်မှန်သမျှ အမှားနည်းပြီး အဆင်ပြေပြေဖြစ်သွားနိုင်ကြောင်း ဆင်ခြင်နိုင်လာသည်။ ကြည်လင်စိတ်ကသဒ္ဓါတရားကိုတိုးစေသည့်အတွက် ကုသိုလ်စိတ်ဖြင့်တွေးပြီး ပြောသည်လုပ်သည်မှန်သမျှ ကောင်းသောကုသိုလ်ကံများသာဖြစ်စေပြန်သည်။ အထက်တန်းကျသည့် ဘဝမျိုးကိုပိုင်ဆိုင်ချင်လျှင် ကောင်းသည့်ကုသိုလ်ကံများ များများဖြစ်နေရန်ပါပဲလား..။ ကုသိုလ်များလျှင် အကုသိုလ်နည်းမည်၊ အကုသိုလ်ကိုရှောင်နိုင်လျှင် ကုသိုလ်ကိုဆောင်နိုင်မည်ဆိုတာ ပို၍သိလာသည်။ သို့သော်ဘယ်အရာက ကုသိုလ်ဖြစ်မည်၊ ဘယ်အရာက အကုသိုလ်ဖြစ်မည်ဆိုသည်ကို သိထားရမည်။ သိရှိနားလည်ထားမှသာလျှင် ကုသိုလ်အကုသိုလ်ကို ခွဲခြားဆန်းစစ်နိုင်မည်ဖြစ်သည်။
ဒါနပြုခွင့်ရ၍ အလောဘကုသိုလ်တရားများတိုးခဲ့သည်
ဘာဝနာချည်းပဲလည်း မဟုတ်၊ တရားစခန်းဝင်သူတို့မှာ သမ္မာအာဇီဝဖြင့် မိမိတို့ရှာဖွေထားရသည့် ငွေကြေးဥစ္စာများဖြင့် အလှူဒါနများလည်းပြုဖြစ်ခဲ့ကြသည်။ မိမိလစာထဲက ရှားရှားပါးပါး စုဆောင်းထားရသည့် ဒါနမျိုးစေ့ဖြင့် ကုသိုလ်အပင်များစိုက်ခဲ့ကြသည်။ အာရုံဆွမ်း၊ နေ့ဆွမ်းခဲဖွယ် ဘောဇဉ်များလှူဒါန်းခွင့်ရခဲ့ကြသည်။ ဆရာတော်ကြီးအပါအဝင် တရားစခန်းဝင်သံဃာ၊ သီလရှင်၊ ယောဂီအပေါင်းကျန်းမာရေးအတွက် ဆေးဝါးအလှူ၊ နဝကမ္မအလှူများပေးဝေခွင့် အခွင့်အရေးများကားရခဲလှသည်၊၊ ဆောက်တည်ရသော သီလကုသိုလ်အပြင် လိုအပ်သောဝေယျာဝစ္စကုသိုလ်များလည်း ပြုခွင့်ရခဲ့ကြပြန်သည်။ ကိုယ့်မှာရှိမှလည်း လှူနိုင်သည်ဆိုပေမယ့် ရှိလို့လှူသည်ထက်သိပြီးလှူသည်က ပို၍ကုသိုလ်ရသည်ဆိုသည့် တရားသဘောကိုလည်း သိလိုက်ကြရသည်။ လှူသည်မှာ အမှန်တွင် ယူလိုက်တာပါပဲ။ ရလိုက်တာပဲပေါ့။ ဘာတွေကိုရလိုက်ပါသလဲဆိုလျှင် တန်ဖိုးရှိသောတရားများရလိုက်ခြင်းဖြစ်သည်၊၊ လောဘ၏ ဆန့်ကျင်ဘက် လိုချင်တပ်မက်ခြင်းကင်းသော၊ ပေးကမ်းလိုသော၊ အလောဘကုသိုလ်တရားဖြစ်သော ဒါနအဆီအနှစ်များ ရရှိလိုက်ခြင်းဖြစ်သည်။ ကိုယ့်မှာရှိသည်များ ကုန်သွားသည်ဆိုသော်လည်း တကယ်ကုန်သွားသည်ကလိုချင်တာများ၊ အလိုကိလေသာများ ကုန်သွားသည်ဟုမှတ်လိုက်၍ တကယ့်ကုသိုလ်အစစ်ကိုရသွားသည်။ နောက်ဆက်တွဲအစွဲများကို တဖြည်းဖြည်းလျှော့ချ သွားနိုင်တာ၊ ငါ့အတွက်ကောင်းပေ့ဆိုသည့်အရာများကို စွန့်လွှတ်လိုက်ရသည့်အခါ ငါ့ပစ္စည်း၊ ငါ့ဥစ္စာဆိုသောအစွဲများ လျော့ပါးသွားသည့်သဘောကို ဆိုလိုခြင်းဖြစ်သည်။
ကူးစက်ပျံ့နှံ့မေတ္တာစွမ်းဖြင့် တိုးပွားကုသိုလ်များထိုထို
သံဃာအပေါင်း၊ သီလရှင်အပေါင်း၊ ယောဂီအပေါင်းတို့၏ သဒ္ဓါ၊ ဝီရိယ၊ သမာဓိအပေါ်တွင် အခြေခံပြီးဖြစ်ပေါ်လာသော ကုသိုလ်စိတ်အပေါ်တွင် ထပ်ဆင့်လွှမ်းခြုံသွားသည်က အားလုံးသော ဓမ္မသူတော်ကောင်းအပေါင်းတို့၏ မေတ္တာဓာတ်များပင်ဖြစ်သည်၊၊ စွမ်းအင်၏သဘောသည် ကူးစက် တတ်၊ ပျံ့နှံ့တတ်၊ ပွားများတတ်သည်၊၊ ဘာဝနာစီးဖြန်းစဉ်တွင် ဖြစ်တည်နေသည့်စိတ်အစဉ်သည် လောကီကုသိုလ်စိတ်များဖြစ်၍ အလွန်စွမ်းအားကြီးသည်၊၊ တစ်ဦးချင်းစီတွင်ဖြစ်ပေါ်နေသော ကုသိုလ်ဘာဝနာစွမ်းအင်များမှာ တစ်ဦးမှတစ်ဦးသို့ အပြန်အလှန်ကူးစက်၊ အပြန်အလှန်မျှဝေခြင်းများ ဖြစ်သွားသည့်အခါ ဤသို့ကုသိုလ်တရားများ စုစည်းတိုးပွားနေသော ပတ်ဝန်းကျင်တစ်ခုလုံးတွင်လည်း သုခအငြိမ်းဓာတ်နှင့်အတူ အေးချမ်းနေသည်။ သာယာကြည်နူးဖွယ်ဖြစ်နေသည်။ ကောင်းသည့်ဝန်းကျင်တွင် ကောင်းသည့်ဓာတ်များသာ စုစည်းတတ်သည့်သဘောမျှသာ..။ ဓမ္မမိတ်ဆွေတစ်ဦးချင်းစီတွင် ရှိနှင့်နေသော အပူဓာတ်နှင့်အအေးဓာတ်များမှာလည်း အပြန်အလှန်ကူးစက်မျှဝေမှုများကြောင့်အချို့တွင် ရှိနေသောရုပ်ခန္ဓာမကျန်းမာမှုများ၊ ပါလာသောအပူသောကများလည်း ချုပ်ငြိမ်းကွယ်ပျောက် ငြိမ်းအေးပြီးဖြစ်သွားတော့သည်။ ဓမ္မ၏စွမ်းအားကြီးမားပုံနှင့်အတူရရှိလာသော အကျိုးကျေးဇူးများပင်ဖြစ်သည်။
ယခုဘဝအနေဖြင့် ရခဲလှသည့်လူ့ဘဝကို ရနေပေမယ့်သံသရာတွင် လည်နေကြရဦးမည်ဖြစ်သည့်အတွက် မိမိစိတ်နှင့်မိမိ ငြိမ်းချမ်းအောင်နေထိုင်ခြင်းကပင် ပတ်ဝန်းကျင်ကိုတတ်အားသမျှ အကျိုးပြုနေခြင်းဖြစ်သည်။ ယခင်ကထက် ယခုအခါ ရတနာသုံးပါးနှင့်အတူ ကံကံ၏အကျိုးတရားများ ပိုပြီးကိန်းဝပ်လာခြင်းသည်ပင် အနည်းဆုံးသောရလဒ်တစ်ခု၊ ဓမ္မစစ်ဓမ္မအမှန် တိုးပွားလာခြင်း၏ သင်္ကေတတစ်ခုဟုဆိုရမည်၊၊ နှလုံးသွင်းလည်း မှန်ခဲ့ကြပြီဖြစ်သည့်အတွက် ဆက်လက်ခိုင်မြဲနေအောင် အချိန်ရလျှင်ရသလို ဆက်လက်ကြိုးစားလေ့ကျင့်ကြရန်သာဖြစ်သည်၊၊ ရခဲလှစွာလူ့ဘဝတွင် နာရခဲစွာကျင့်ရခဲစွာ ဤတရားများကို နာရုံနှင့်မပြီးဆက်ပြီး ကျင့်ကြံအားထုတ်ကြခြင်းဖြင့် သာသနာအဆုံးအမများ မပျောက်ကွယ်၊ မကွယ်ပအောင် ဆက်လက်ကြိုးပမ်းအားထည့်နိုင်ရန်သာဖြစ်ပါကြောင်း ခံယူဖြစ်ပါတော့သည်။ ။