Skip to main content

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်မှုများ

ဒေါက်တာတင်မာမာဦး (စစ်ကိုင်း)

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများအားလုံးသည် ရှေးနှစ်ပေါင်းများစွာကပင် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် အေးအတူပူအမျှ စည်းလုံးညီညွတ်စွာ ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါရပ်တည်နေထိုင်ခဲ့ကြသည်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၏ သာယာလှပသောတောတောင်ရေမြေ သဘာဝပတ်ဝန်းကျင်ကောင်းများဖြင့် ရိုးသားဖြူစင်သော နာဂတိုင်းရင်းသားလူမျိုးစုများ အများဆုံးနေထိုင်ရာ ဒေသတစ်ခုဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၂၀၀၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၅၆) အပိုဒ်ခွဲ(က)အရ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လဟယ်မြို့နယ်၊ လေရှီးမြို့နယ်၊ နန်းယွန်းမြို့နယ်သုံးမြို့နယ်နှင့် လဟယ်၊ ထန်ပါခွေ၊ လေရှီး၊ ဆွမ္မရာ၊ နန်းယွန်း၊ပန်ဆောင်၊ ဒုံဟီးမြိုခုနစ်မြို့တို့ကိုစုစည်း၍ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖြစ် ဖွဲ့စည်းထားကာအရှေ့ဘက်တွင် ကချင်ပြည်နယ်နှင့် ခန္တီးခရိုင်၊ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ၊ တောင်ဘက်တွင် ခန္တီးခရိုင်၊ တမူးခရိုင်၊ ဟုမ္မလင်းခရိုင်နှင့် မြောက်ဘက်တွင် အိန္ဒိယနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိသည်။ အကျယ်အဝန်းအားဖြင့် ဧရိယာစတုရန်းမိုင်ပေါင်း ၅၁၆၈ ဒသမ ၂၀၆ မိုင် ကျယ်ဝန်းပြီး လူဦးရေ ၁၃၇၅၆၉ ဦး နေထိုင်သည့်ဒေသတစ်ခုဖြစ်သည်။

နာဂရိုးရာနှစ်သစ်ကူးပွဲတော်

နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် နှစ်သစ်ကူးနေ့များအသီးသီးရှိသကဲ့သို့ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားအသီးသီးတွင်လည်း နှစ်သစ်ကူးနေ့များရှိကြသည်။ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ယခင်ကမြို့နယ်တစ်ခုချင်းစီအလိုက် ကျင်းပခဲ့ခြင်းဖြစ်သော်လည်း ၁၉၉၂ ခုနှစ်မှစတင်၍ နာဂဒေသရှိ မြို့နယ်များအတွင်း အလှည့်ကျကျင်းပခဲ့ရာ ၂၀၂၃ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် အခမ်းအနားကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ရိုးရာကွင်းနေရာ၌ ဇန်နဝါရီလ ၁၅ ရက်နေ့က ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင်တက်ရောက်ချီးမြှင့်ခဲ့သည်။

နိုင်ငံတော်အစိုးရသည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအဝင် တစ်နိုင်ငံလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးစသည့် စီမံချက်များချမှတ်ပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မည့် ကဏ္ဍအားလုံးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ်ငါးဘီလီယံမတည်ပေးခဲ့သည်။ နာဂဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးရန်ပုံငွေဖြင့်လည်း ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ်၊ ၂၀၂၂ ဘဏ္ဍာနှစ်ဝက်အတွင်း ကျပ်သန်းပေါင်း ၂၆၈၈၀ ဒသမ ၃၆၈ ဖြင့် အကျိုးပြုဆောင်ရွက်ပေးနိုင်ခဲ့သည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေကျပ် ငါးဘီလီယံကို စိုက်ပျိုးရေးထွက်ကုန်များနှင့် မွေးမြူရေးထွက်ကုန်များအပေါ်အခြေခံ၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်လုပ်ငန်းများသို့ အချိန်တိုအတွင်းရောက်ရှိလာစေရန်နှင့် ဒေသထွက်ကုန်ကြမ်းပစ္စည်းများကိုအသုံးပြုပြီး တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ်ထုတ်လုပ်နိုင်ရေး၊ ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင် လဟယ်မြို့နယ်သို့ ကျပ်သန်း ၂၃၀၀၊ လေရှီးမြို့နယ်သို့ ကျပ်သန်း ၆၆၀ နှင့်နန်းယွန်းမြို့နယ်တို့အတွက် ကျပ်သန်း ၁၂၄၁ ဒသမ ၉၂၅ တို့ကိုလည်းကောင်း၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် လဟယ်မြို့နယ်မှ MSME လုပ်ငန်းရှင် ၁၂ ဦးအား ကျပ်သန်း ၂၀၀ ထုတ်ချေးပေးထားပြီး လေရှီးမြို့နယ်နှင့် နန်းယွန်းမြို့နယ်များမှ MSME လုပ်ငန်းရှင်များအား ချေးငွေထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။

စုစုပေါင်း ၈၄၁ ဧက တိုးချဲ့စိုက်ပျိုးနိုင်

အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်ဖြစ်ထွန်းသည့် ထောပတ်၊ မက်မန်း၊ မျောက်ငို၊ လိမ္မော်၊ ဝဥ၊ ချဉ်ပေါင်ဖာလာ၊ ကော်ဖီ၊ လက်ဖက် နှင့် သရက်စသည့် နှစ်ရှည်သီးနှံများ ၅၃၄ ဧကနှင့် ရာသီသီးနှံ ၃၀၇ ဧက စုစုပေါင်း ၈၄၁ ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဖြစ်ထွန်းသည့် နှစ်ရှည်သီးနှံများစိုက်ပျိုးပြီးဒေသ၏ အဓိကထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းဘဏ္ဍာရန်ပုံငွေဖြင့်လည်း နာဂဒေသနှင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (Naga and Border Development Project - NBADP) ကို လေရှီး၊ လဟယ်၊ နန်းယွန်း၊ မိုပိုင်းလွတ်၊ ထန်ပါခွေ၊ ဒုံဟီးမြို့နယ်များတွင် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်မှစတင်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အထိ သုံးနှစ်စီမံကိန်းဖြင့် တစ်မြို့နယ်လျှင် ကျပ်သိန်း ၁၀၀ ကို နှစ်စဉ်ကျခံသုံးစွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂- ၂၀၂၃ ခုနှစ်အတွင်း နှစ်ရှည်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ပျိုးပင်ဖြန့်ဝေမှုအနေဖြင့် လက်ဖက်ပင် ၂၁၅၀၀၊ ကော်ဖီပင် ၅၅၀၀၊ မျောက်ငိုပင် ၇၃၀၀၊ မက်မန်းပင် ၆၀၀၊ သရက်ပင် ၁၁၀၀၊ ပီလောပီနံ ပင် ၂၀၀၀ နှင့် အာလာဂျီပင် ၂၀၀၀ တို့ကို ဖြန့်ဖြူးပေးနိုင်ခဲ့သည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဒေသခံတောင်သူများသည် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးနည်းစနစ်ကိုသာ မိရိုးဖလာလုပ်ငန်းအဖြစ် လုပ်ကိုင်စိုက်ပျိုးကြသဖြင့် သစ်တောများကို နှစ်စဉ်ခုတ်ထွင်စိုက်ပျိုးကြသောကြောင့် သစ်တောများပြုန်းတီးခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးခြင်း၊ မိုးခေါင်ရေရှားခြင်းပြဿနာများ နှစ်စဉ်ကြုံတွေ့ခံစားကြရသည်။ အဆိုပါပြဿနာများကို ဖြေရှင်းပေးနိုင်ရေးနှင့် ဒေသခံများအတွက် ရေရှည်တည်တံ့ခိုင်မြဲစေမည့် တောင်စောင်းစိုက်ပျိုးနည်းစနစ်ဖော်ဆောင်မှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် လှေကားထစ်လယ်ယာမြေ ၁၅ ဧကကို ဖော်ထုတ်ပေးခဲ့သည့်အပြင် ယခုနှစ်တွင် လဟယ်မြို့မျက်နှာစာ အရှေ့ဘက်ခြမ်းရှိတောင်ကုန်းများတွင် တောင်စောင်းစိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးရန် ၁၀ ဧကကို တိုးချဲ့ဖော်ဆောင်ခဲ့ပြီး အဆင့်မြင့်လယ်ယာမြေဖော်ဆောင်ခြင်းလုပ်ငန်းများကို ၂၀၂၂ ဘဏ္ဍာနှစ်အတွင်း လဟယ်မြို့နယ်တွင် အဆင့်မြင့်လယ်ယာမြေဧက ၃၀ နှင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ကုန်းမြင့် လယ်ယာဧက ၃၀၀ ထပ်မံဖော်ထုတ်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

တောင်စောင်းစိုက်ပျိုးနည်းစနစ် ဖော်ဆောင်

အဆိုပါ တောင်စောင်းစိုက်ပျိုးနည်းစနစ် ဖော်ဆောင်ထားသော တောင်ယာများတွင် နှစ်ရှည်သီးနှံများဖြစ်သည့် ကော်ဖီ၊ လက်ဖက်၊ မက္ကဒေးမီးယား၊ လိမ္မော်၊ ထောပတ်၊ မျောက်ငို၊ သရက်စသည့် နှစ်ရှည်သီးနှံများအပြင် ရာသီအလိုက်ဝင်ငွေရရှိစေမည့် တောင်ယာ စပါး၊ ပဲပုပ်၊ အစေ့ထုတ်ပြောင်းနှင့် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးနိုင်ရေး နည်းပညာပေးဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်းလူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ဘက်ပေါင်းစုံမှဆောင်ရွက်ပေးနေသကဲ့သို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ အစိုးရနည်းပညာ အထက်တန်းကျောင်းကို အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းအဖြစ် အဆင့်မြှင့်တင်ရေးနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့ အ.ထ.ကကျောင်းတွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း ပူးတွဲဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင်လည်း နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က နှစ်စဉ်တိုးချဲ့ဆောင်ရွက်ပေးမှုကြောင့် သွားလာဆက်သွယ်ရေးလွယ်ကူ သွားသည့်အတွက် နာဂသွေးချင်းများ၏ အဓိကအလုပ်အကိုင် အသက်မွေးဝမ်းကျောင်းဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်တော့မည်ဖြစ်သကဲ့သို့ ထွက်ရှိလာသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များကိုလည်း လေရှီး- လဟယ်-ခန္တီးလမ်းမှတစ်ဆင့် မြေပြန့်ဒေသများသို့ အလွယ်တကူ တင်ပို့ရောင်းချနိုင်ခြင်းဖြင့် စီးပွားရေးကွင်းဆက်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။