Skip to main content

ပြည်သူ့ဘဏ္ဍာ ထိရောက်စွာ ခြိုးခြံချွေတာသုံးစွဲပါ

ညိုညိုဝင်း(ကျေးလက်ဦးစီး)

ကျွန်မ၏ဖခင်သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတစ်ဦးဖြစ်ပြီး ကျရာဒေသများတွင် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။ ကျွန်မ၏ဖခင်သည် ရိုးသားကြိုးစားတိကျမှန်ကန် ဖြောင့်မတ်သူတစ်ဦးဖြစ်ပြီး သားသမီးများကိုလည်းမည်သည့်လုပ်ငန်းဆောင်ရွက်သည်ဖြစ်စေ ရိုးသားကြိုးစားစွာဆောင်ရွက်ရန် သင်ကြားလေ့ကျင့်ပေးခဲ့သည်။

ကျွန်မ ခြောက်နှစ်အရွယ်ခန့်က ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ မိသားစုလိုက်သွားရာ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ပုဏ္ဍရိက်ပန်းရုံ၌ ပန်းတစ်ပွင့်ဆတ်ခနဲခူးမည်အပြု ကျွန်မ၏ဖခင်က “မခူးနဲ့သမီး ဆရာတော်မသိဘဲခူးရင် ခိုးတာနဲ့အတူတူပဲ ခွင့်ပြုမှခူးလို့ရတယ်”ဟု ပြောခဲ့သည်ကို ယနေ့အထိ ကျွန်မမမေ့ပါ။ ညစဉ်အိပ်ရာဝင်ခါနီးတိုင်း ကျွန်မတို့မောင်နှမများအား ပုံပြင်များပြောပြ၍ ဆိုဆုံးမလေ့ရှိသည့်အပြင်သူ့အနေဖြင့် နာဂတောင်တန်းလဟယ်မြို့နယ်တွင် တာဝန်ထမ်းဆောင်စဉ်က ကြုံတွေ့ခဲ့ရသည်များကို ပြန်လည်ပြောပြလေ့ရှိသည်။

ထိုစဉ်က နာဂဒေသရှိ နာဂတိုင်းရင်းသားအများစုသည် ဆင်းရဲနွမ်းပါးကြပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မိမိအတွက်ခွဲဝေပေးထားသည့် ရိက္ခာများကိုမျှ၍ ကျွေးမွေးခဲ့ရကြောင်း၊ ယင်းအတွေ့အကြုံကို မည်သည့်အခါမျှမမေ့ကြောင်း၊ နိုင်ငံတော်၏ဘဏ္ဍာငွေသည် နယ်စပ်ဒေသတွင် နေထိုင်သူများနှင့်လည်း သက်ဆိုင်ကြောင်း၊ ဘဏ္ဍာငွေများအား ၎င်းဒေသများအတွက် ပိုမိုလျာထားသုံးစွဲသင့်ကြောင်းနှင့် မလိုအပ်သည့်နေရာများတွင် စိစစ်သုံးစွဲသင့်ကြောင်း သင်ကြားခဲ့သည်။ အလားတူ မိမိကိုယ်ပိုင်ငွေများကို ခြိုးခြံချွေတာသုံးစွဲရန်၊ ရောင့်ရဲတင်းတိမ်ရန်၊ ဆင်းရဲမှုဒဏ်ကြံ့ကြံ့ခံနိုင်ရန်၊ လောဘမထားရန်စသည်ဖြင့် သင်ကြားခဲ့သည့်အပြင် မိမိရရှိသည့်လစာနှင့် လောက်ငအောင်ခြိုးခြံချွေတာ နေထိုင်တတ်ရန်လည်း လက်တွေ့လေ့ကျင့်ပေးခဲ့သည်။

ကျွန်မတို့မိသားစု ရုန်းကန်လှုပ်ရှားမှုများကြားမှ သားသမီးများဘွဲ့ရပြီး အလုပ်တာဝန်များ ထမ်းဆောင်ရာတွင် ရိုးသားကြိုးစားတိကျဖြောင့်မတ်စွာ ဆောင်ရွက်ကြရန်မှာကြားလေ့ရှိသည်။ ရာထူးတစ်ခုရရှိပြီးတိုင်း အားနည်းချက်များကိုထောက်ပြပြီး မိမိရာထူးနှင့်ထိုက်တန်အောင် ကြိုးစားရမည့်အချက်များ၊ ပြုပြင်ပြောင်းလဲရမည့်အချက်များနှင့် နေထိုင်ပြုမူပြောဆိုရမည့်အချက် များစသည်ဖြင့် ဝေဖန်ထောက်ပြတတ်သည့်အပြင် သားသမီးများအားလုံး ကိုယ့်ကိုယ်ကိုယ်တိုးတက်အောင် အမြဲကြိုးစားနေကြရန်နှင့် အခြားသူများအပေါ် စာနာနားလည်တတ်ပြီး ဘဝင်မမြင့်ရန် လေ့ကျင့်ပျိုးထောင်ပေးခဲ့သည်။ လုပ်ငန်းခွင်တွင် မိမိက ရိုးသားမှန်ကန်စွာ ဆောင်ရွက်လိုသော်လည်း မိမိနှင့်အတူ လက်တွဲဆောင်ရွက်ရမည့် အထက်အောက်ဘေးတိုက်ဝန်ထမ်းများက ရိုးသားစွာ လုပ်ဆောင်မှုအားနည်းလျှင်လည်း မိမိနှင့်ဆက်ဆံရေးအဆင်မပြေမှုများဖြစ်ပေါ်နိုင်သည်ကို သတိမူရန်လိုအပ်ကြောင်း ဆုံးမလေ့ရှိသည်။

ကျွန်မသည် ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့မှစ၍ ဗဟိုစာရင်းရုံးတွင် စာရင်းစစ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ စည်ပင်သာယာရေးဦးစီးဌာန၊ ထိုမှတစ်ဆင့် ၂၀၁၂ ခုနှစ် ဇွန်လ ၇ ရက်နေ့မှစ၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည်မှာ ယနေ့အထိဖြစ်သည်။ လုပ်ငန်းခွင်၌ အထက်အောက်ဝန်ထမ်းများနှင့်အတူ လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိနှင့်ခံယူချက်တူညီသူများဖြစ်၍လည်း ကျွန်မအလွန်ကံကောင်းခဲ့သည်။

ထိုကဲ့သို့ရိုးသားစွာ လုပ်ငန်းတာဝန်များကိုထမ်းဆောင်ခဲ့သော်လည်း ယခင်အစိုးရတစ်ဆက်တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဘဏ္ဍာရေးတာဝန်ယူဆောင်ရွက်သူများအနေဖြင့် ပြည်သူ့ဘဏ္ဍာငွေများ မလျော်မကန်သုံးစွဲနေကြသည်ဟု ခန့်မှန်းပြောဆိုခဲ့သဖြင့် ကိုယ်စားလှယ်ထင်သလိုမဟုတ်ကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာသတ်မှတ်ချက်များကို လိုက်နာရန်ပျက်ကွက်သူရှိပါက တိုက်ရိုက်ဖော်ထုတ်ပြီး အပြစ်ပေးအရေးယူနိုင်ကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်။ အဆိုပါ ပုဂ္ဂိုလ်နှင့်အကြိမ်ပေါင်းများစွာတွေ့ဆုံခဲ့ပြီးဌာန၏ လုပ်ငန်းကိစ္စများတွေ့ဆုံရှင်းလင်းရာမှ ကျွန်မတို့၏ခံယူချက်၊ စိတ်ဓာတ်များနားလည်ကာ အလွန်ခင်မင်ရင်းနှီးပြီး အပြန်အလှန်လေးစားမှုများရရှိ၍ ယုံကြည်မှုတည်ဆောက်နိုင်ခဲ့သည်။

ပြည်သူ့ဘဏ္ဍာငွေ

မိမိအနေဖြင့် ဦးစီးဌာနတွင် ဘဏ္ဍာရေးအပိုင်းကို အဓိကတာဝန်ယူဆောင်ရွက်နေသူဖြစ်ပြီး ပြည်သူ့ဘဏ္ဍာငွေနှင့်ပတ်သက်၍ ကျယ်ပြန့်စွာလေ့လာဆောင်ရွက်ခဲ့ရသည်။ ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင်ထုတ်ပြန်သော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၃၅/၂၀၁၇) အရ ပြည်သူ့ဘဏ္ဍာငွေဆိုသည်မှာ ပြည်ထောင်စု၏ဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး သို့မဟုတ်  ပြည်နယ်ဘဏ္ဍာရန်ပုံငွေနှင့် မိမိဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်သည့်ဌာန၊ အဖွဲ့အစည်း များ၏ဘဏ္ဍာရန်ပုံငွေများကိုဆိုလိုပြီး ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဆိုသည်မှာ ပြည်ထောင်စုအစိုးရက ဥပဒေနှင့်အညီ စီမံခန့်ခွဲခွင့်ရှိသော ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ၏ ပြည်သူ့ဘဏ္ဍာရန်ပုံငွေကိုဆိုသည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဆိုသည်မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရက ဥပဒေနှင့်အညီ စီမံခန့်ခွဲခွင့်ရှိသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်းများ၏ ပြည်သူ့ဘဏ္ဍာရန်ပုံငွေကိုဆိုသည်။ ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေဆိုသည်မှာ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့များက လုပ်ငန်းဆောင်ရွက်ခြင်းမှရငွေများကို စီမံကြီးကြပ်ထိန်းသိမ်းထားရှိပြီး အဆိုပါငွေမှ မိမိတို့၏ ငွေကြေးအင်အားအပေါ်မူတည်၍ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်များနှင့် ပြည်ထောင်စု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းသုံးရင်းနှီးငွေအဖြစ် ထုတ်ယူသုံးစွဲခွင့်ရှိသောရန်ပုံငွေကိုဆိုသည်။

ဘဏ္ဍာရေးကျင့်စဉ်

ပြည်သူ့ဘဏ္ဍာငွေကို သုံးစွဲသောအခါ သို့မဟုတ် သုံးစွဲရန်ခွင့်ပြုသောအခါ အောက်ပါဘဏ္ဍာရေးကျင့်စဉ်ကြီး (၅)ရပ်ကို ဦးတည်ကျင့်သုံးရမည်ဖြစ်သည်-

(၁) အသုံးစရိတ်တစ်ရပ်ကို အမှန်တကယ်လိုအပ်သည်ထက် ပိုမို၍မသုံးစွဲရန် အထူးကြပ်မတ်ရမည်၊

(၂) ချင့်ချိန်ဝေဖန်နိုင်သော သာမန်ပုဂ္ဂိုလ်တစ်ဦးက မိမိပိုင်ငွေများကိုသုံးစွဲရာ၌ ချင့်ချိန်သကဲ့သို့ပင် နိုင်ငံ့ဝန်ထမ်းတိုင်းသည် ပြည်သူ့ဘဏ္ဍာငွေသုံးစွဲရာ၌ အလားတူချင့်ချိန်သုံးစွဲရမည်၊

(၃) လုပ်ပိုင်ခွင့်ရှိသူတစ်ဦးသည် မိမိ၏လုပ်ပိုင်ခွင့်အရ အမိန့်တစ်ရပ်ချမှတ်ရာ၌ မိမိအားတိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အကျိုးဖြစ်ထွန်းစေမည့် အမိန့်ကိုမချမှတ်ရ၊

(၄) ခြွင်းချက်ပြုထားသော ကိစ္စရပ်များမှတစ်ပါး ပြည်သူ့ဘဏ္ဍာငွေများကို ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် ဌာန၊ အဖွဲ့အစည်းတစ်ခုခု၏ အထူးအခွင့်အရေးအနေဖြင့် အကျိုးကျေးဇူးဖြစ်စေရန်အသုံးမပြုရ၊

(၅) နိုင်ငံတော်၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရာ၌ ကုန်ကျစရိတ်ကိုကာမိစေရန်ခွင့်ပြုသည့် ခရီးစရိတ်ကဲ့သို့သောစရိတ်များသည် လက်ခံရရှိသူအတွက် အမြတ်အစွန်းမဖြစ်စေရ။

ထိရောက်စွာသုံးစွဲရန်

အိမ်ထောင်စုတစ်စုတွင် ဝင်ငွေအသုံးစရိတ် မျှတအောင်ဆောင်ရွက်ရာ၌ သတ်မှတ်ကာလအတွင်း ရငွေနှင့်အသုံးစရိတ်ကို ကြိုတင်ခန့်မှန်းပြီး အသုံးစရိတ်ကိုရရှိသည့်ငွေပေါ်မူတည်၍ သုံးသင့်သည်များကိုသာ သုံးစွဲရပေမည်။ လူတိုင်းတွင်ဆန္ဒအလိုရှိမှုနှင့် မဖြစ်မနေလိုအပ်မှုတို့ရှိပေသည်။ အလိုဆန္ဒသည် အတောမသတ်နိုင်အောင် များပြားလှပေသည်။

အိမ်ထောင်စုတစ်စု၏ အသုံးစရိတ်ကို ထိရောက်စွာသုံးစွဲရန်အတွက် လိုအပ်သည်ထက် ပိုမိုသုံးစွဲခြင်းမပြုရန်၊ ခြိုးခြံချွေတာသုံးစွဲရန်၊ လိုအပ်မှုနှင့် လိုအင်ဆန္ဒခွဲခြား၍ လိုအပ်မှုကိုရွေးချယ် သုံးစွဲရန်အရေးကြီးပေသည်။ လိုအပ်မှုများနေလျှင်လည်း ဦးစားပေးအဆင့်ပြန်လည်ခွဲခြား၍ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအရ အကျိုးသက်ရောက်မှုအခြေအနေအပေါ်မူတည်၍ သုံးစွဲရန်ရွေးချယ်ရမည်ဖြစ်သည်။

ထို့အတူ နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေများကို စီမံခန့်ခွဲရာတွင်လည်း ကဏ္ဍအလိုက်လိုအပ်ချက်များကို ပြန်လည်အကျိုးသက်ရောက်မှုနှင့်ချင့်ချိန်၍ ရငွေကောက်ခံရရှိနိုင်မည့် ပမာဏအတွင်း ဘတ်ဂျက်လျာထားရေးဆွဲပြီး ရငွေကောက်ခံသည့်ဌာနများက ရရန်ရှိသည်များ အပြည့်အဝကောက်ခံရရှိအောင် ဆောင်ရွက်သကဲ့သို့ အသုံးစရိတ်သုံးစွဲသည့်ဌာနများကလည်း လိုအပ်သမျှသာ ခြိုးခြံ ချွေတာသုံးစွဲရန်၊ မိမိကိုယ်ပိုင်ငွေကဲ့သို့ ချင့်ချိန်သုံးစွဲရန်၊ နိုင်ငံတော်တာဝန်ထမ်းဆောင်၍ ကုန်ကျစရိတ်ထုတ်ယူရာ၌ အကျိုးအမြတ်မရှိစေရန်၊ နိုင်ငံတော်ဘဏ္ဍာငွေများကို တစ်စုံတစ်ယောက် အဖွဲ့အစည်းတစ်ခုသို့ အကျိုးအမြတ်ဖြစ်အောင် ဆောင်ရွက်ခြင်းတို့မရှိစေရန်၊ နိုင်ငံတော်ဘဏ္ဍာငွေကို မိမိကိုယ်ကျိုးအတွက် ရယူခြင်းမရှိစေရန် စသည့်အချက်များသည် နိုင်ငံတော်ဘဏ္ဍာငွေကို ထိရောက်စွာသုံးစွဲရန် ဂရုပြုရမည့်အချက်များဖြစ်သည်။

ငယ်စဉ်ဘဝမှစ၍ သင်ကြားလေ့ကျင့်ပေးရန်

ပြည်သူ့ဘဏ္ဍာငွေကို အကျိုးရှိထိရောက်စွာသုံးစွဲရေးသည် ပြည်သူ့ဝန်ထမ်းတိုင်းတွင် တာဝန်ရှိသည်။ ဤသို့သော အလေ့အကျင့်များကိုဝန်ထမ်းဖြစ်မှ သင်ကြားခြင်းထက် ငယ်စဉ်ကလေးဘဝကတည်းက လက်ဦးဆရာမိဘများက ကျင့်ဝတ်များသင်ကြားပေးခြင်း၊ ဆရာ ဆရာမများက ကျောင်းသင်ခန်းစာသင်ကြားရင်း ထည့်သွင်းသင်ကြားပေးခြင်းတို့ဖြင့် အုတ်မြစ်ချခဲ့ပြီး ပညာပြည့်စုံ၍ ဝန်ထမ်းဘဝကူးပြောင်းသောအခါ သက်ဆိုင်ရာဌာနများမှ သင်တန်းများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဖွင့်လှစ်သည့်သင်တန်းများတွင် သင်ကြားပို့ချခြင်းဖြင့် ပြည်သူ့ဝန်ထမ်းကောင်းများ မွေးထုတ်ပေးကြရမည်။

တာဝန်ထမ်းဆောင်စဉ်ကာလ လေ့ကျင့်ပေးရန်

ငယ်စဉ်ဘဝ၊ လုပ်ငန်းခွင်ဝင်သင်တန်းကာလများတွင် သင်ကြားပေးမှုများအပြင် လုပ်ငန်းခွင် ဝင်ရောက်လာသောအခါ လုပ်ငန်းခွင်ရှိအဆင့်ဆင့်သောဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်ရင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန် သင်ကြားသကဲ့သို့ ဝန်ထမ်းကောင်းတစ်ဦးဖြစ်လာစေရန်၊ အတုယူစရာ ဝန်ထမ်းကောင်းများအဖြစ် စံပြနမူနာအဖြစ် ရှေ့ဆောင်လမ်းပြနေထိုင်ကျင့်ကြံကြရပေမည်။

စာရေးသူ၏ဆန္ဒမွန်

ကျွန်မဝန်ထမ်းအဖြစ် စတင်တာဝန်ထမ်းဆောင်စဉ်ကတည်းက မိမိဆရာသမားများ၏ လုပ်ကိုင်ဆောင်ရွက်မှု၊ ခံယူချက်သဘောထားများအား အလုပ်လုပ်ရင်းလေ့လာသင်ယူခဲ့ရသည်။ လုပ်ငန်းခွင်တွင် မိမိရိုသေလေးစားအားကျရလောက်သည့် ဆရာသမားများအားတွေ့ရသောအခါ သူတို့ကဲ့သို့ခံယူကျင့်သုံးလိုစိတ်၊ နေထိုင်လိုစိတ်များလည်းဖြစ်ပေါ်ခဲ့သည်။ သို့ဖြစ်ပါ၍ လုပ်ငန်းခွင်တွင် အထက်အဆင့်ဆင့်ဝန်ထမ်းများ၏ ဦးဆောင်လမ်းပြမှုကလည်း အလွန်အရေးကြီးပေသည်။

ဤသို့ ငယ်စဉ်မှစ၍ စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်း၊ လက်တွဲပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် ဝန်ထမ်းကောင်းများမွေးထုတ်ကာ အဂတိတရားကင်းရှင်းသော စည်းကမ်းပြည့်ဝသည့် နိုင်ငံတော်တည်ဆောက်သွားနိုင်မည်ဟု ယုံကြည်မိသည်။    ။