Skip to main content

မန်းရွှေစက်တော် အရောက်သွားလို့ ဆင်စခန်းမှာ တစ်ထောက်နားစို့

မောင်မောင် (မင်းဘူး)

မင်းဘူး(စကု)မြို့နယ်မှ မန်းရွှေစက်တော်ဘုရားကြီးသည် မြန်မာနိုင်ငံ၏ တန်ခိုးကြီးသမိုင်းဝင်အထင်ကရ ဘုရားများစာရင်းတွင်ပါဝင်ပြီး မြတ်ဗုဒ္ဓ၏ ပါဒစေတီတော်နှစ်ဆူ (ခြေတော်ရာအစစ်) တည်ရှိတော်မူသော ရှေးဟောင်းသမိုင်းဝင် သာသနာ့နယ်မြေတစ်ခုလည်းဖြစ်သည်။ မန်းရွှေစက်တော်ရာ ပါဒစေတီတော်ဗုဒ္ဓ ပူဇနိယဘုရားပွဲတော်ကြီးကို နှစ်စဉ်တပို့တွဲလဆန်း ၅ ရက် မှ မြန်မာနှစ်ဆန်း ၁ ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိသည်။

မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးသည် မြန်မာနိုင်ငံ၌ ထင်ရှားကျော်ကြားပြီး ရက်အရှည် ကြာဆုံးကျင်းပသော ပွဲတော်ကြီးတစ်ခုဖြစ်၍ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးရဟန်းရှင်လူ မိဘပြည်သူများသာမက ကမ္ဘာလှည့်နိုင်ငံခြားသားခရီးသွားများကပါ စိတ်ဝင်တစားဖြင့် လာရောက်လည်ပတ်လေ့ရှိသော အထင်ကရနေရာတစ်ခုလည်းဖြစ်သည်။ မန်းရွှေစက်တော်ဘုရားပွဲတော်ကာလအတွင်း ဘုရားဖူးလာရောက်ကြသူများ ညအိပ်တည်းခိုနားနေနိုင်ရန် တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများကိုလည်း ဆောက်လုပ်ပေးထားသည်။

မန်းရွှေစက်တော်ဘုရားကြီးကိုအမှီပြု၍ မကွေးတိုင်းဒေသကြီးအတွင်း အများပြည်သူနှင့် ကမ္ဘာလှည့်ခရီးသွားများ အပန်းဖြေအနားယူနိုင်သည့် အပန်းဖြေစခန်းတစ်ခုပေါ်ထွန်းလာစေရန် “ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်း” ကိုလည်းဖွင့်လှစ်ထားသည်။

ဆင်အကြောင်း တစေ့တစောင်း

Elephant - “ဆင်” ဟုဆိုလျှင် ခွန်အားကြီးမားပြီး ကြောက်စရာကောင်းသောသတ္တဝါဟု လူအများစုက ထင်မြင်ယူဆတတ်ကြသည်။ ကြောက်စရာကောင်းသောဆင်များမှာ တောနက်ကြီးများအတွင်း သဘာဝအတိုင်း ကျင်လည်ကျက်စားနေသော တောရိုင်းဆင်ကြီးများဖြစ်သည်။ ဆင်စခန်းများရှိ ဆင်များမှာ တစ်ခါတစ်ရံ လူကိုရန်မူတတ်သောအချိန်မှာ ဆင်ထီးများဆင်သားလိုက်ချိန်(မုံထချိန်)ဖြစ်ပြီး ထိုအချိန်မှလွဲ၍ ကြောက်စရာမရှိပေ။ ဆင်များကို လိမ္မာယဉ်ကျေးအောင် ဆင်ဦးစီးများက အမြဲမပြတ်သွန်သင်ဆုံးမပြီး ဂရုတစိုက်လေ့ကျင့် သင်ကြားပြသပေးထားသည်။ ဆင်များသည် လူနှင့်ရင်းနှီးကျွမ်းဝင်သွားပါက အခြားသော အိမ်မွေးတိရစ္ဆာန်များနည်းတူ ချစ်စရာ၊ သနားစရာကောင်းသော တိရစ္ဆာန်များဖြစ်ပေသည်။

လက်ရှိကမ္ဘာပေါ်တွင် ဆင်မျိုးစိတ်နှစ်ခုသာကျန်ရှိပြီး အာရှဆင်နှင့် အာဖရိကဆင်ဟူ၍ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိ ဆင်မျိုးစိတ်မှာ အာရှဆင်အမျိုးအစားများဖြစ်ပြီး အာဖရိကဆင်များထက် အရွယ်အစား ပိုမိုသေးငယ်သော်လည်း အသိပညာနှင့် မှတ်ဉာဏ်စွမ်းရည်များသာမကပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ ရှင်သန်နိုင်မှုစွမ်းရည်များတွင် အာဖရိကဆင်များထက် ပိုမိုမြင့်မားသည်။ အာရှဆင်များသည် အာရှနိုင်ငံအများစုတွင် ကျင်လည်ကျက်စားပြီး ပျံ့နှံ့နေထိုင်ကြကာ ပုံသဏ္ဌာန်နှင့် အရွယ်အစားအရ အိန္ဒိယဆင်၊ သီရိလင်္ကာဆင်၊ စူမတြားဆင်နှင့် ဘော်နီယိုဆင်ဟုအုပ်စုလေးမျိုး ခွဲခြားထားသည်။

မြန်မာနိုင်ငံရှိ ဆင်များသည် အိန္ဒိယဆင်အုပ်စုအမျိုးအစားတွင်ပါဝင်ပြီး မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆင်အကောင်ရေမှာ အစိုးရပိုင် အိမ်ဆင် ၃၅၀၀၊ ပုဂ္ဂလိကပိုင်ဆင် ၂၀၀၀ နှင့် တောဆင် ၁၅၀၀ စုစုပေါင်းဆင်အကောင်ရေ ၇၀၀၀ ခန့်ဖြင့် အရှေ့တောင်အာရှတွင် ဆင်အကောင်ရေအများဆုံး ရှိသောနိုင်ငံအဖြစ် ရပ်တည်နေသည်ကို မြန်မာ့သစ်လုပ်ငန်းရှိ ဆင်မှတ်တမ်းများအရ သိရသည်။

ဆင်များသည် ပုံမှန်အားဖြင့် မွေးကင်းစဆင်ပေါက်ကလေးမှ အသက် ၁၃ နှစ်ရောက်မှ အရွယ်ရောက်သည်။ ဆင်ထီးနှင့်ဆင်မများ မိတ်လိုက်ပြီး ၂၂ လအကြာမှ ကလေးမွေးကာ အများအားဖြင့် တစ်ကောင်သာမွေးဖွားလေ့ရှိသည်။ ရှားရှားပါးပါးမှ ဆင်အမြွှာမွေးဖွားလေ့ရှိသည်။ မွေးစမှအသက် လေးနှစ် ပြည့်ပြီးသည်နှင့် စတင်လေ့ကျင့်သင်ကြားပေးနိုင်ကာ ဆင်ဦးစီးတစ်ယောက်ကို ခန့်အပ်တာဝန်ပေးရသည်။ ဆင်အသက် ငါးနှစ်မှ ၁၅ နှစ်အထိ ဝန်တင်ဆင်အဖြစ်သုံးပြီး ဆင်အသက် (၁၆ နှစ်မှ ၁၈ နှစ်)အထိကို အလုပ်ဆင်ဝိုင်းတွင် တွဲဖက်ပြီး သစ်ဆွဲရန် အလုပ်သင်ကြားပေးရသည်။ ဆင်အသက် ၁၉ နှစ်မှစ၍ ၅၅ နှစ်အထိ အလုပ်ဆင်အဖြစ် သတ်မှတ်ပြီးတာဝန်ပေးကာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်စေသည်။ ဆင်အသက် ၅၅ နှစ်ပြည့်ပြီး လျှင်သော်လည်းကောင်း၊ ကျန်းမာရေးမကောင်းလျှင်သော်လည်းကောင်း တာဝန်မှအနားပေးရသည်။ မသန်စွမ်းဆင်များကို အလုပ်ခိုင်းစေခြင်းများမပြုလုပ်ရပါ။ ခိုင်းစေခြင်းလည်းလုံးဝမရှိပါ။

မြန်မာ့သစ်လုပ်ငန်းတွင် ဆင်အကောင်ရေ ၃၂၀၀ ကျော်ရှိပြီး အလုပ်ဆင်ဝိုင်း၊ ဝန်တင်ဆင်ဝိုင်း၊ ဆင်အို/ဆင်နာ အနားပေးဆင်ဝိုင်းဟူ၍ ဆင်ဝိုင်းအမျိုးအစားသုံးမျိုးခွဲခြားကာ ဌာနဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးထားသည်။ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် “ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်း”အပါအဝင် မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာန ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအခြေပြုခရီးသွားလုပ်ငန်း Elephant Conservation Based Tourism (ECBT)စခန်း ၂၂ ခုကို ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

မန်းချောင်းဆင်စခန်း ဖြစ်ပေါ်လာပုံနှင့်တည်နေရာ

“ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်း” ကို မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ဘုရားကြီးအနီး၊ မန်းရွှေစက်တော်သို့သွားရာ (၈)မိုင်လမ်းဘေး၊ ပဒေါင်း-ပျော်ဘွယ် ကြိုးပြင်ကာကွယ်တောအတွင်း၌ သဘာဝတောတောင်ရေမြေနှင့် စိမ်းစိုသာယာလှပသော သဘာဝရှုခင်းအလှများကို အခြေခံ၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်း မင်းဘူးသစ်ထုတ်ရေးဒေသ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအခြေပြု ခရီးသွားလုပ်ငန်းက ပြည်တွင်း/ပြည်ပ ခရီးသွားများအား ဆွဲဆောင်နိုင်စေရန်နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ထားသည်။

အပန်းဖြေဆင်စခန်းဖွင့်လှစ်ရန် မြန်မာ့သစ်လုပ်ငန်းမှ ခွင့်ပြုရန်ပုံငွေအပြင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အထောက်အပံ့အစီအစဉ်များဖြင့် စတင်ဖွင့်လှစ်တည်ထောင်ကာ ဆင်စခန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးက ခွင့်ပြုခဲ့သည်။ ဆင်စခန်း၏ ဧရိယာ အကျယ်အဝန်းမှာ ပဒေါင်း - ပျော်ဘွယ် ကြိုးပြင်ကာကွယ်တောမှ ဧက ၅၀၊ မြေလွတ်မြေရိုင်းမှ ဧက ၉၀ စုစုပေါင်းဧက ၁၄၀ ကျယ်ဝန်းပြီး ဆင်စာစားကျက်မြေမှာ ကြိုးပြင်ကာကွယ်တောအတွင်း၌ ဧက ၇၀၀ ကျယ်ဝန်းကြောင်း သိရသည်။

ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်က စတင်ဖွင့်လှစ်ခဲ့ရာ ယခုဆိုလျှင် ဆင်စခန်းဖွင့်လှစ်ခဲ့သည်မှာ လေးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

ဆင်စခန်းဖွင့်လှစ်ခြင်း ရည်ရွယ်ချက်

ကမ္ဘာပေါ်တွင် တဖြည်းဖြည်းရှားပါးလာသည့် အာရှဆင်များမှ အဖိုးတန်မြန်မာ့ဆင်ရတနာများကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်၊ မကွေးတိုင်းဒေသကြီးအတွင်း အများပြည်သူနှင့် ကမ္ဘာ လှည့်ခရီးသွားများ အပန်းဖြေအနားယူနိုင်သည့် အပန်းဖြေစခန်းတစ်ခုပေါ်ထွန်းလာစေရန်၊ ဆင်နှင့်လူအကြား သဟဇာတဖြစ်မှုကိုပိုမိုမြှင့်တင်နိုင်ရန်နှင့် အစိမ်းရောင်စီးပွားရေးလုပ်ငန်းဖြင့် နိုင်ငံတော်အတွက် ဝင်ငွေများရရှိနိုင်စေရန်ရည်ရွယ်၍ ရွှေစက်တော်မန်းချောင်းအပန်းဖြေဆင်စခန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ဝန်ဆောင်မှုလုပ်ငန်းများ

ဆင်စခန်း၏ ဝန်ဆောင်မှုလုပ်ငန်းများအဖြစ် ဆင်များနှင့်ပတ်သက်သည့်အကြောင်းအရာများကို ရှင်းလင်းပြသပြီး ဆင်စီး၍ တောတောင်ရေမြေနှင့် သဘာဝအလှတရားများကို ကြည့်ရှုခံစားနိုင်ရန်၊ ဆင်စာအပြင် ဆင်များအားဆင်စာဘူဖေးကျွေးမွေးနိုင်ရန်၊ ဆင်ရေချမှု(ဆင်ရေချိုးခြင်း)ကို ကြည့်ရှုလေ့လာနိုင်ပြီး ဆင်ဦးစီးများနှင့်အတူ ကိုယ်တိုင်ရေချ(ရေချိုး)ပေးနိုင်ရန်၊ ဆင်အလှပြသမှုကို ကြည့်ရှုနိုင်ရန်၊ မန်းချောင်းအတွင်း ရေချိုး၊ ရေကစားနိုင်ရန်၊ ဆင်များနှင့်အတူ အမှတ်တရမှတ်တမ်းဓာတ်ပုံ၊ ဗီဒီယိုများရိုက်ကူးနိုင်ရန်၊ ကလေးကစားကွင်းများတွင် ပျော်ရွှင်စွာဆော့ကစားနိုင်ရန်၊ အမှတ်တရ လက်ဆောင်ပစ္စည်းများ ဝယ်ယူနိုင်ရန်၊ အစားအသောက်များ မှာယူစားသုံးနိုင်ရန်၊ နားနေဆောင်များတွင် အေးချမ်းစွာအပန်းဖြေအနားယူနိုင်ရန်နှင့် တည်းခိုဆောင်များတွင် ညအိပ်တည်းခိုနိုင်ရန် စသည့်ဝန်ဆောင်မှုလုပ်ငန်းများကို စီစဉ်ဆောင်ရွက်ထားသည်။

ယခုနှစ်တွင် ထူးခြားသော အစီအစဉ်တစ်ရပ်အနေဖြင့် ဆင်စခန်းသို့လာရောက်သည့် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ စိတ်အပန်းပြေစေရန်ဆင်စခန်းရှိ ဆင်လိမ္မာကလေးများမှ ထူးခြားသောအစီအစဉ်များဖြင့် ဧည့်ခံဖျော်ဖြေသည့် ဆင်သရုပ်ပြခြင်းနှင့် ဆင်အကအလှပြပွဲကို ထည့်သွင်းဆောင်ရွက်နိုင်ခဲ့သည်။

ဆင်သရုပ်ပြခြင်းအစီအစဉ်များတွင် ဆင်လိမ္မာကလေးက ကြိုဆိုနှုတ်ခွန်းဆက်သ၍ ဦးချခြင်း၊ ပန်းခြင်းလက်ဆောင်ပေးခြင်း၊ အလံတင်အလေးပြုပြခြင်း၊ ဦးထုပ်ဆောင်းပေးခြင်း၊ ပုသိမ်ထီးဆောင်း၍ သစ်တုံးများပေါ်တွင် လမ်းလျှောက်ပြခြင်း၊ သစ်တုံးပေါ်၌ ကိုယ်ဟန်ခြေလက်တို့ဖြင့် ယိမ်းနွဲ့ကပြခြင်း၊ ဘောလုံးကိုင်၊ ဘောလုံးကန်နှင့် ဘောလုံးပစ်ပေါက်၍ကစားပြခြင်း၊ အာလူးကောက်ကစားပြ ခြင်း၊ Music တူရိယာများတီးမှုတ်ပြခြင်း၊ အမှိုက်များကို ဆင်များက ၎င်းတို့၏ မှတ်ဉာဏ်ဖြင့် အမျိုးအစားခွဲခြားပြသခြင်းများအပြင် မြန်မာ့သစ်လုပ်ငန်း၏ အဓိကလုပ်ငန်းတာဝန်တစ်ခုဖြစ်သော ဆင်များဖြင့် သစ်ဆွဲပြသခြင်းနှင့် ကျန်းမာရေးစစ်ဆေးမှုခံယူခြင်း စသည့်သရုပ်ပြခြင်းအစီအစဉ်ပေါင်းများစွာ ပါဝင်သည်။

ထို့ပြင် ဘုရားပွဲတော်ကာလတစ်လျှောက် ခရီးသွားကဏ္ဍမြှင့်တင်ဆောင်ရွက်သည့်အနေဖြင့် သဘာဝတောတောင်ရေမြေအလှတရားများကို မန်းချောင်းအတွင်း လှေလှော်ရင်းကြည့်ရှုခံစားနိုင်ရန် မန်းရွှေစက်တော်ဘုရားအဝင် လှေတင်တံတားထိပ်မှ ဆင်စခန်းအထိ ရေမိုင်နှစ်မိုင်ခန့် အပျော်စီးလှေများဖြင့် လှေလှော်ရင်း သွားရောက်လည်ပတ်လေ့လာနိုင်အောင် Power of Success ကုမ္ပဏီလီမိတက်က အဆင့်မြှင့်တင်ပြီး စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

လာရောက်လည်ပတ်လေ့လာရင်း  အပန်းဖြေအနားယူနိုင်

ပွဲတော်ကာလ အပန်းဖြေဆင်စခန်း ပြင်ဆင်ထားရှိမှုများနှင့်ပတ်သက်၍ ဆင်ခစန်းတာဝန်ခံလက်ထောက်မန်နေဂျာ ဦးထက်နိုင်အောင်က “ဆင်စခန်းကတော့ ယခုလက်ရှိမှာ အဆက်မပြတ်ဖွင့်လှစ်ထားပြီးတော့ ရွှေစက်တော်ဘုရားပွဲတော်ချိန်ဆို လာရောက်လည်ပတ်သူပိုမိုများပြားပြီး ပွဲတော်ကာလမဟုတ်ရင်တော့ လာရောက်သူနည်းပါတယ်။ လာရောက်အပန်းဖြေတဲ့သူတွေကို ခရီးသွားဝန်ဆောင်မှုလုပ်ငန်းအားလုံး ဆောင်ရွက်ပေးနိုင်ဖို့နဲ့ မန်းချောင်းဘေးမှာ ဆင်တွေနဲ့အတူ ရေချိုးရင်းအပန်းဖြေအနားယူနိုင်စေဖို့အတွက် ယာယီတံတား၊ တည်းကျောင်းနဲ့ ဆင်စခန်းပတ်ဝန်းကျင်ကို အလှဆင်တာတွေအဆင့်မြှင့်တင်ပြီး ပြင်ဆင်ဆောင်ရွက်ထားပါတယ်။ ဒီနှစ်မှာထူးခြားတာက ဆင်လိမ္မာကလေးတွေနဲ့အတူ ဆင်အလှပြ ဧည့်ခံဖျော်ဖြေတဲ့အစီအစဉ် (Elephant Show) ကို ထည့်သွင်းဆောင်ရွက်ထားပါတယ်” ဟု ပြောသည်။

ဘုရားပွဲတော်ကာလတွင် ဆင်လိမ္မာကလေးများ၏ ဖျော်ဖြေတင်ဆက်မှုများ ဆောင်ရွက်နိုင်စေရန် ဆင်ဦးစီး၊ ဆင်ထိန်းများနှင့် ဆင်ဝန်ထမ်းများက ပုံစံမျိုးစုံဖြင့် လေ့ကျင့်သင်ကြားမှုများကို အမြဲမပြတ်ဆောင်ရွက်နေပြီး သစ်ပင်၊ ပန်းအလှပင်များနှင့် အရိပ်ရပင်များလည်း တိုးချဲ့စိုက်ပျိုးထားကာ ဆင်စခန်းကို လာရောက်ချင်စဖွယ်ဖြစ်အောင် ကြိုတင်ပြင်ဆင်ထားသည်။

ရွှေစက်တော်မန်းချောင်းအပန်းဖြေဆင်စခန်းတွင် ဆင်ထီးလေးကောင်၊ ဆင်မရှစ်ကောင် စုစုပေါင်းဆင် ၁၂ ကောင်ရှိပြီး ဆင်ထီးထဲတွင် မကြာသေးခင်ကမှ ပေါက်ဖွားခဲ့သော ဆင်ထီးကလေး ဟိန်းလပြည့်အောင်လည်း ပါဝင်သည်။ ဆင်ပေါက်ကလေး ဟိန်းလပြည့်အောင်ကို နာမည်ပေးကင်ပွန်းတပ် မင်္ဂလာအခမ်းအနားကိုလည်း ဆင်စခန်းဖွင့်ပွဲ (၄)နှစ်ပြည့်အထိမ်းအမှတ်နေ့တွင် ပြုလုပ်ခဲ့သည်။

မန်းချောင်းဆင်စခန်းကို ဖွင့်လှစ်ချိန်အဖြစ်နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိ သတ်မှတ်ထားကာ Elephant Show အစီအစဉ်ကို နေ့စဉ်နံနက် ၁၀ နာရီတွင် ပြသသည်။ ဆင်စခန်းသို့ လာရောက်သူများအား ပြည်တွင်းခရီးသွားတစ်ဦးလျှင် ဝင်ကြေးငွေကျပ် ၁၀၀၀ နှင့် ခရီးတိုဆင်စီးခ ငွေကျပ် ၅၀၀၀ နှုန်း၊ ပြည်ပနိုင်ငံခြားသားတစ်ဦးလျှင် ဝင်ကြေးငွေကျပ် ၁၀၀၀၀ နှင့် ခရီးတိုဆင်စီးခငွေကျပ် ၁၀၀၀၀ နှုန်း၊ တည်းခိုဆောင်အနေဖြင့် ဘန်ဂလို ၁၁ လုံးရှိပြီး တည်းခိုဆောင်တစ်လုံးအတွက် တစ်ရက်ငှားရမ်းခငွေကျပ် ၃၀၀၀၀ နှုန်းသတ်မှတ်ထားကြောင်း သိရသည်။ တည်းခိုဆောင်များတွင် ငှားရမ်းနေထိုင်ကြသူများ စားသောက်ရန် စားသောက်ဆိုင်၌ ဝယ်ယူစားသုံးနိုင်သလို (ဆင်ဦးစီး)ဆင်ထိန်းဝန်ထမ်းများ၏ အမျိုးသမီးများကဧည့်သည်များ စားချင်သည့်အစားအသောက်နှင့် အလွယ်တကူရရှိနိုင်သည့် အစားအသောက်ဟင်းလျာများ ချက်ပြုတ်ကျွေးမွေးကြသည်။

ဆင်စာဘူဖေးလည်းကျွေးနိုင်

ဆင်ချစ်သူများအနေဖြင့် ဆင်စခန်းရောက်ရှိချိန်တွင် အလှူအတန်းပြုလုပ်သည့်အနေဖြင့် ဆင်စာဘူဖေးလည်း လှူဒါန်းကျွေးမွေးနိုင်သည်။ ဆင်စာဘူဖေးအတွက် ငွေကျပ် ၃၀၀၀၀ မှစတင်ပြီး ၅၀၀၀၀၊ ၁၀၀၀၀၀ နှုန်းသတ်မှတ်ထားကာ မိမိတို့တတ်နိုင်သောနှုန်းထားများဖြင့် ကျွေးမွေးနိုင်သလို အွန်လိုင်းမှလည်း ဆက်သွယ်လှူဒါန်းနိုင်သည်။ နွေရာသီတွင် ဆင်စာဘူဖေးအလှူရှင်နည်းပါးလျှင် ဆင်စာအတွက် အခက်အခဲရှိပြီး မိုးနဲ့ဆောင်းတွင်မူ စာကျက်မြေကျယ်ဝန်းသဖြင့် အခက်အခဲမရှိကြောင်း သိရသည်။ ဆင်စာဘူဖေးအတွက် ဆင်စခန်းတာဝန်ခံလက်ထောက်မန်နေဂျာ ဦးထက်နိုင်အောင် ဖုန်း ၀၉-၄၄၃၄၄၃၉၈၈ ထံသို့ ဆက်သွယ်လှူဒါန်းနိုင်သည်။

ရွှေစက်တော်မန်းချောင်းအပန်းဖြေဆင်စခန်းတွင် ၂၀၂၂ ခုနှစ် ဧပြီမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၂ ရက် အထိ ဧည့်သည်ဝင်ရောက်မှု လာရောက်လည်ပတ်သူဦးရေ ၉၅၅၃ ဦး၊ ဆင်စီးသူဦးရေ ၇၅၈ ဦး၊ တည်းခိုဆောင် ငှားရမ်းမှု ၁၆၉ ခန်းနှင့် ဆင်စာဘူဖေး ကျေးမွေးသူ ၂၁ ဦး ရှိကြောင်း ဆင်စခန်းမှတ်တမ်းများအရ သိရသည်။

အနာဂတ်အစီအစဉ်အနေဖြင့် ဆင်စခန်းအနီးပတ်ဝန်းကျင်တွင် ဒေသတွင်းရှိ ဇီဝငှက်မျိုးစုံ၊ တိရစ္ဆာန်မျိုးစုံနှင့် ပန်းပေါင်းစုံနှင့် သစ်ပင်မျိုးစုံ၊ ဆင်ပြတိုက်တို့ဖြင့် မကွေးတိုင်းဒေသကြီးအတွင်း၌ ယခုထက် ပိုမိုလာရောက်ချင်စဖွယ်ကောင်းသော အပန်းဖြေနေရာတစ်ခုဖြစ်အောင် အဆင့်မြှင့်တင်၍ ဖန်တီးဆောင်ရွက်သွားမည်ဖြစ်ပြီး ဆင်စာအခက်အခဲ မဖြစ်ပေါ်စေရေးအတွက်လည်း နေဗီယာမြက်များနှင့် ဆင်စာများကို စိုက်ဧကတိုးချဲ့ပြီး စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်သည်။

လမ်းပြုပြင်ပေးစေလို

ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းသို့ ပုသိမ်-မုံရွာ ကားလမ်းမဘေးရှိ ရှစ်မိုင်လမ်းခွဲမှ လည်းကောင်း၊ မန်းရွှေစက်တော်ဘုရားသွားရာ သုံးမိုင်လမ်းမှ မန်းရွှေစက်တော်သုံးထပ်ဆောင် သာသနာ့ဗိမ္မန်ဘေးရှိ လမ်းခွဲမှလည်းကောင်းသွားရောက်နိုင်သည်။ ရှစ်မိုင်လမ်းခွဲမှသွားမည်ဆိုလျှင် အတက်/အဆင်းလမ်းကြမ်းပြီး အောက်ပိုင်းနိမ့်သောကားများ သွားလာရန်ခက်ခဲသည်။ ထို့ပြင် မန်းရွှေစက်တော်မှ ဆင်စခန်းသို့သွားရာ ကားလမ်းကတ္တရာလမ်းနှစ်မိုင်ခန့်မှာ ကောင်းမွန်မှုမရှိခြင်းကြောင့် ခရီးသွားဝင်ရောက်မှုကို အဟန့်အတားဖြစ်စေနိုင်သည့်အတွက် ကားလမ်းပိုင်းကို ယခုထက် ပိုမိုကောင်းမွန်အောင် တိုးချဲ့ပြုပြင်ပေးမည်ဆိုပါက ခရီးသွားများယာဉ်ကြီး၊ ယာဉ်ငယ်မျိုးစုံဖြင့် ပို၍အဆင်ပြေချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ကြောင်း ခရီးသွားများနှင့် ဒေသခံများက ပြောသည်။

ရွှေစက်တော်မန်းချောင်းအပန်းဖြေဆင်စခန်းသို့ လာရောက်လည်ပတ်သူများအနေဖြင့် သဘာဝအလှတရားများကို ကြည့်ရှုခံစားရင်း ဆင်ကလေးများ၏ ချစ်စရာဟန်ပန်အမူအရာ၊ စရိုက်လက္ခဏာ အသွင်အပြင်နှင့် ဆင်ဦးစီး၊ ဆင်ထိန်း၊ ဆင်ဝန်ထမ်းများ၏ လက်တွေ့ဘဝမှာ လုပ်ငန်းဆောင်ရွက်ရမှုအခြေအနေများကို လေ့လာနိုင်စေရန်ဖိတ်ခေါ်အပ်ပါသည်။ ။