Skip to main content

(၇၅) နှစ်ပြည့်မြောက်တော့မည်ဖြစ်သည့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း

ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (Universal Declaration of Human Rights, UDHR) ကို အတည်ပြုပြဋ္ဌာန်းခဲ့သည်မှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ဆိုလျှင်ဖြင့် စိန်ရတု (၇၅) နှစ် ပြည့်မြောက်တော့မည် ဖြစ်ပါသည်။ ကုလသမဂ္ဂ (United Nations) သည် ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက် နေ့တွင် စတင်ပေါ်ပေါက်လာခဲ့ပြီး ကုလသမဂ္ဂပဋိညာဉ်စာတမ်း (UN Charter) ဒုတိယအပိုဒ်တွင် “to reaffirm faith in fundamental human rights, in the dignity and worth of the human person, in the equal rights of men and women and of nations large and small”, “လူတို့၏ အခြေခံ လူ့အခွင့်အရေးများ၊ လူတို့၏ဂုဏ်သိက္ခာနှင့်တန်ဖိုးများ၊ အမျိုးသမီးနှင့်အမျိုးသား၊ နိုင်ငံကြီးနှင့်နိုင်ငံငယ်တို့တွင်တူညီသော အခွင့်အရေးများရှိသည်ကို သက်ဝင်ယုံကြည်မှုရှိကြောင်း ထပ်လောင်းအတည်ပြုရန်”ဟု ဖော်ပြထားသော်လည်း ဤအချက်မျှနှင့်မလုံလောက်ဟု လက်ခံယုံကြည်ကြသဖြင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကိုရေးဆွဲရန် စတင်ဖြစ်ပေါ်လာခဲ့ပါသည်။

ထောက်ခံမဲ ၄၈ မဲဖြင့် ပြဋ္ဌာန်း

၁၉၄၆ ခုနှစ်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင် စတင်ဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့၏ တာဝန်ပေးမှုဖြင့် မစ်(စ်)အယ်လီနာရုစဗဲ့ (အမေရိကန် သမ္မတ ရုစဗဲ့ကတော်) ဦးဆောင်ပြီး ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) ကို ထိုနှစ်တွင်ပင် စတင်ရေးဆွဲ ခဲ့ပါသည်။ ကြေညာစတမ်း၏မူကြမ်းအား လူ့အခွင့်အရေးကော်မရှင်အစည်းအဝေးများတွင် ပြင်ဆင်တည်းဖြတ်ရာတွင် ၁၉၄၇ ခုနှစ် ဒီဇင်ဘာလတွင် ပထမအကြိမ်၊ ၁၉၄၈ ခုနှစ် မေလတွင် ဒုတိယအကြိမ်နှင့် ၁၉၄၈ ခုနှစ် ဇွန်လတွင် တတိယအကြိမ် ပြင်ဆင်ခဲ့ကြပါ သည်။ စကားလုံးတိုင်း၊ အပိုဒ်တိုင်းနှင့် ပတ်သက်၍ အကြိမ်ပေါင်း ၁၄၀၀ တိတိ မဲခွဲဆုံးဖြတ်ခဲ့ကြပြီး ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ(UNGA)မှ ထောက်ခံ မဲ ၄၈ မဲ၊ ကြားနေမဲ ရှစ်မဲဖြင့် ကြေညာ ချက်ကို အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။ ထောက်ခံမဲပေးခဲ့သည့်နိုင်ငံများထဲတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်နေပြီဖြစ်သည့် မြန်မာနိုင်ငံလည်း ပါဝင်ခဲ့ပါသည်။ ကြေညာစာတမ်းအတည်ပြုခဲ့သည့်နေ့ကို လူ့အခွင့်အရေးနေ့ (Human Rights Day) အဖြစ် ၁၉၅၀ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ(UNGA)မှ သတ်မှတ် ခဲ့ပါသည်။

လူသားများ၏ တာဝန်ဝတ္တရားများအကြောင်း ဖော်ပြ

ကြေညာစာတမ်းတွင် အပိုဒ်ပေါင်း (၃၀) ပါရှိပြီး အပိုဒ် (၁) နှင့် (၂) သည် လူ့အခွင့်အရေးအားလုံး၏ အခြေခံများ၊ အပိုဒ် (၃) မှ (၂၁)အထိ ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများ၊ အပိုဒ် (၂၂) မှ (၂၇) အထိ စီးပွားရေး၊ လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများနှင့် အပိုဒ် (၂၈) မှ (၃၀) အထိ လူသားများ၏ တာဝန်ဝတ္တရားများအကြောင်းတို့ ဖော်ပြ ပါရှိပါသည်။

ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း ပေါ်ပေါက်လာခြင်းသည် လူသားများ၏ အရေးကြီးဆုံးသမိုင်းမှတ်တိုင်တစ်ရပ်၊ လူသားများ၏သမိုင်းဝင် လုပ်ဆောင်ချက်တစ်ရပ်လည်း ဖြစ်ပါသည်။ ကြေညာစာတမ်းဖြစ်သည့်အတွက် ဥပဒေအရစည်းနှောင်မှုမရှိသော်လည်း လူ့အခွင့်အရေးနှင့်စပ်လျဉ်း၍ စံနှုန်းများပါဝင်ပြီး လူသားအားလုံး၏ ဂုဏ်သိက္ခာနှင့်တန်းတူညီမျှမှုတို့ကို အသိအမှတ်ပြုထားသည့် ကြေညာ စာတမ်းကြီးဖြစ်ရာကမ္ဘာကြီးတွင် ဤကြေညာစာတမ်းကို လူသားအားလုံး ကျယ်ကျယ်ပြန့်ပြန့်သိရှိကြစေရန်အလို့ငှာ ဘာသာပြန်ဆိုကြရာတွင် ဘာသာစကားပေါင်း ၅၀၀ ကျော် ဘာသာပြန်ဆိုပြီး ဖြစ်ပါသည်။

 မျက်မမြင်လက်စမ်းစာအုပ် ပူးပေါင်းထုတ်ဝေ

ဘာသာပြန်ဆိုမှုအများဆုံး ဂင်းနစ်စံချိန်ဝင်လည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ၂၀၁၃ ခုနှစ်တွင် မြန်မာဘာသာသို့ဘာသာပြန်ဆိုခြင်းနှင့် ယနေ့အချိန်အထိ တိုင်းရင်းသားဘာသာ ၂၁ မျိုးအထိဘာသာပြန်ဆိုခြင်းတို့ကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ယင်းအပြင် မသန်စွမ်းအမျိုးအစားတစ်ခုဖြစ်သည့် အမြင်အာရုံချို့တဲ့သူမသန်စွမ်းများအတွက် မျက်မမြင်လက်စမ်းစာအုပ် (Braille)ကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် မျက်မမြင်ကျောင်း (ကြည့်မြင်တိုင်) တို့ ပူးပေါင်း ထုတ်ဝေခဲ့ပြီးဖြစ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် ထောက်ခံခဲ့သည့် နိုင်ငံဖြစ်

လူသားအားလုံးသည် လွတ်လပ်သူများအဖြစ်မွေးဖွားလာကြပြီး ဂုဏ်သိက္ခာနှင့်အခွင့်အရေးများ တန်းတူရည်တူရှိကြသည်ဆိုသည့် စာသားဖြင့်အစပြုခဲ့ပြီး လူသားအားလုံးအတွက်အရေးပါသည့် အမွေအနှစ်ဖြစ်သော ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို အလေးပေးထင်ဟပ်ဖော်ညွှန်းဂုဏ်ပြုသည့်အနေဖြင့် ပြီးခဲ့သည့် (၇၄) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှစတင်ပြီး ယခုနှစ် ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိ တစ်နှစ်တာကာလပတ်လုံး ကမ္ဘာတစ်ဝန်းတွင် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အသိပညာပေးလှုပ်ရှား ဆောင်ရွက်ချက်များကို 75 UDHR Campaign အမည်ဖြင့်ဆောင်ရွက်သွားကြမည်ဖြစ်ရာ နိုင်ငံတိုင်းသည်တက်ကြွစွာဖြင့် UDHR အသိပညာပေးလှုပ်ရှားမှုများကို နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်ကြမည့်နည်းတူ မြန်မာနိုင်ငံအနေဖြင့်လည်း သမိုင်းဝင်ကြေညာစာတမ်းကြီးကိုထောက်ခံခဲ့သည့် နိုင်ငံဖြစ်သည့်အားလျော်စွာ အသိပညာပေးလှုပ်ရှားဆောင်ရွက်မှုများကို ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

နိဂုံးချုပ်အားဖြင့် “ကမ္ဘာ့လူ့ အခွင့်အရေးကြေညာစာတမ်းကို ပြည်သူအားလုံးကပိုမိုသိရှိနားလည်သဘောပေါက်ပြီး လူ့အခွင့်အရေးနှင့်ဆက်နွှယ်ပတ်သက်သည့် အပြုသဘောဆောင်သော သဘောထားအမြင်များ၊ ခံယူ လိုက်နာကျင့်သုံးမှုများ ပိုမိုဖြစ်ထွန်း လာရေးအတွက် အသိပညာပေးလှုပ်ရှားမှုများနှင့်အတူ လူ့အခွင့်အရေးကို လေးစားလိုက်နာကျင့်သုံးသည့် လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်ထွန်းလာစေရေး သက်ဆိုင်သူအားလုံးကဝိုင်းဝန်းဆောင်ရွက်သွားကြရန် အလေးအနက်တိုက်တွန်းပါကြောင်း” ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်ကျရောက်ခဲ့သည့် (၇၄) နှစ်မြောက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြားခဲ့သည့် မိန့်ခွန်းပါကောက်နုတ်ချက်ဖြင့်နိဂုံးချုပ်ရင်း ပြည်သူအားလုံးလူ့အခွင့်အရေးကို လေးစားလိုက်နာကျင့်သုံးနိုင်ကြပါစေကြောင်း ဆုမွန်တောင်းလိုက်ရပါသည်။ ။