သမိုင်းကိုအနှစ်ထုတ်နိုင်ပါမှ နိုင်ငံတစ်ခု၏ မူလအခြေခံပကတိတရားများ ရှင်သန်နေမှာ .....
ဒေါက်တာမောင်သင်း
“သမိုင်းမသိတဲ့ လူ့အဖွဲ့အစည်းဟာ သမိုင်းတစ်ပတ်လည်ရင် သမိုင်းကပြန်သတ်တာကို အဲဒီ လူ့အဖွဲ့အစည်း ခံရပါလိမ့်မယ်”
အိန္ဒိယပညာရှင်တစ်ဦး
သမိုင်းဆိုသည်မှာ ရှေးယခင်မျိုးဆက်များ ကြုံခဲ့၊ ဆုံခဲ့၊ မှားခဲ့၊ အောင်မြင်ခဲ့၊ ကျရှုံးခဲ့သည်များကို နောက်လူများ အတုယူ၊ သင်ခန်းစာယူနိုင်အောင် မှတ်တမ်းရေးထိုးခဲ့ခြင်းဖြစ်သည်။ နောက်မျိုးဆက်များက ထိုမှတ်တမ်းကို ဖွင့်ဖတ်နိုင်သည့် အရည်အသွေးရှိရမည်။ ဖတ်ပြီး၊ သိရုံ၊ မှတ်ရုံအဆင့်တွင် ရပ်ထား၍မရပါ။ သမိုင်းပါအချက်အလက်များကို သုံးသပ်ကာ မိမိတစ်ဦးချင်းဘဝနှင့် လူ့အဖွဲ့အစည်း တိုးတက်ရေး အတွက် အသုံးချနိုင်စွမ်းရှိရပေမည်။ သို့မှသာ “မအအောင် (သို့မဟုတ်) အလိမ်မခံရအောင် သမိုင်းသင်တာ” ဆိုသည့် ဆရာကြီးဒေါက်တာ သန်းထွန်း၏အဆိုနှင့် ညီပါလိမ့်မည်။ ကျွန်တော်က တော့ “မအရုံ” နှင့် “အလိမ်မခံရရုံ” လောက်နှင့် မတင်းတိမ်နိုင်ပါ။ သူများထက် “နှာတစ်ဖျားသာချင်လို့” သမိုင်းသင်ရတာပါလို့မြင်မိသည်။ ထို့ထက် ပိုချင်တာကတော့ အထက်ဖော်ပြပါ အိန္ဒိယပညာရှင် ရဲ့အဆိုပါပဲ။ ကျွန်တော်တို့နိုင်ငံသားများ “သမိုင်း မသိလို့ မြန်မာ့လူ့အဖွဲ့အစည်း အသတ်မခံရရေး” ဟု မြင်မိသည်။
“ကြည့်သောသူသည်မြင်၏” အင်မတန်ရိုးရှင်း သည့်စကားပါ။ သို့သော် ကြည့်ပုံချင်း၊ မြင်ပုံချင်းမတူ၊ ကြည့်သူ၏ ဉာဏ်ရည်အနိမ့်အမြင့်ပေါ် မူတည်၍ ဓမ္မစက္ခုဖြင့်ကြည့်ခြင်း၊ ပုဂ္ဂလစက္ခုဖြင့်ကြည့်ခြင်းတို့ ကွာခြားသွားကာ မြင်တာခြင်း၊ အမြင်ကို ခံစားနိုင်ခြင်း၊ ရယူအသုံးချခြင်း ကွာခြား၏။ မြန်မာ့သမိုင်းမှ ဒုတိယနိုင်ငံတည် မင်းဖြစ်သည့် ဘုရင့်နောင်ဟု ဆိုလိုက်လျှင် “နောင်ရိုးတိုက်ပွဲဖောင်ဖျက်တာ” ဟု သာ ပြေးမြင်မိကြသည်။ နောင်ရိုးတိုက်ပွဲ၏ရလဒ်တွင် ဘုရင့်နောင်သည် “အောင်မြင်သူလား” “တန်ဖိုးရှိသူလား” ဆက်တွေးမြင်ကြည့်ရန်လိုသည်။ နောင်ရိုးတိုက်ပွဲတွင် အဘယ်ကြောင့် ဖောင်ဖျက်ပါ သနည်း။ ရှုံး၍ ဖောင်စီးပြီးပြန်ပါက မင်းနေပြည်တော် ရောက်လျှင် ဘုရင်က နိုင်အောင်မတိုက်ခဲ့သဖြင့် သတ်မှာပါပဲ။ တိုက်ပွဲရှုံးရင်လည်း ရန်သူက သတ်မှာပါ။ သေမှာချင်းအတူတူ နိုင်အောင်တိုက်နိုင်ပါမှ အသက်ရှင်မှာမို့ ဖောင်မလို။ အဲဒီစိတ်ဓာတ်ကြောင့် နိုင်အောင်တိုက်ခဲ့သည်။ ထိုအဆင့်မှာ ဘုရင့်နောင်၏ စိတ်ဓာတ်ကို “အောင်မြင်သူ” ဟု ပုဂ္ဂလစက္ခုဖြင့် ကြည့်၍မှတ်တမ်းတင်ခဲ့သည်။ ထိုအဆင့်တွင် ရပ်မနေပါ။
တောင်ငူဘုရင် တပင်ရွှေထီး လုပ်ကြံခံရ၍ တိုင်းပြည်မငြိမ်သက်မှုဖြစ်နေသဖြင့် နိုင်ငံအနှံ့ နှိမ်နင်းသိမ်းသွင်းရသည်။ နောက်ဆုံးသိမ်းသွင်းရန် ဆင်စီးတိုက်ပွဲဝင်နေစဉ် တစ်ဖက်ခေါင်းဆောင်က ဆင်ကိုချွန်းဖွင့်၍ သူ့ထံလာနေသည်ကို မြင်သော အခါ ဘုရင့်နောင်သည် ခရားတွင်းမှ ရေကို သွန်းလောင်း၍ “ပြည်သူ့အကျိုး၊ အများအကျိုး၊ သာသနာ့အကျိုး သယ်ပိုးနိုင်သူဖြစ်ပါက သည်တိုက်ပွဲမှာ နိုင်ရပါလို၏” ဟုသစ္စာပြုသည်။ တိုက်သည်၊ နိုင်သည်၊ သူ့အသက် ကိုယ့်အသက်လု၍ တိုက်ပွဲဝင်နေရသည့်အချိန်မှာပင် “ပြည်သူနှင့် အများအကျိုး၊ သာသနာ့အကျိုး” သယ်ပိုးရန် တိုက်ပွဲဝင်ရခြင်းဖြစ်သည်ဟူသည့် ဘုရင့်နောင်၏ မြင့်မြတ်သည့် စိတ်ထားနှင့် ခံယူချက်ကို မြင်အောင် ကြည့်နိုင်ပါမှ ဘုရင့်နောင်သည် အောင်မြင်သူတို့၏ ထိပ်က “တန်ဖိုးမြင့်လူသား” အဖြစ် မြင်နိုင်ပေမည်။
“သူဘုရင်ဖြစ်ရေးသည် သူ၏ပန်းတိုင်မဟုတ်၊ ပြည်သူ့အကျိုး၊ အများအကျိုး၊ သာသနာ့အကျိုး သယ်ပိုးရေးဟူသည်သာ ဘုရင့်နောင်၏ အန္တိမ ရည်မှန်းချက်ဖြစ်ကြောင်း” ဓမ္မအမြင်ဖြင့်ကြည့်က မြင်နိုင်၏။ ပုဂ္ဂလအမြင်ဖြင့်ကြည့်လျှင် ဘုရင့်နောင်ကို အောင်မြင်သူအဖြစ်လောက်သာ မြင်ပေလိမ့်မည်။ ယနေ့နိုင်ငံရေးပါတီများ အာဏာရရေးက အဓိကလား၊ နိုင်ငံနှင့် ပြည်သူ့အကျိုး သယ်ပိုးရေးက ပန်းတိုင်လား၊ ဓမ္မစက္ခုဖြင့်သာ ကြည့်ကြကာ ဘုရင့်နောင်၏ သမိုင်းအနှစ်ကို အတုယူကြစေချင်သည်။ တန်ဖိုးမြင့်လူသား၏ရလဒ်က “ယနေ့တိုင် မြန်မာ့ပညာရေးကျောင်းတိုင်း၏ ကျောင်းကောင်စီ အသင်းများတွင် “ဘုရင့်နောင်အသင်း” ပါဝင်ခဲ့ပေသည်။ သို့သော် ဘုရင့်နောင်၏ “ငါဘုရင်ဖြစ်ရေးသည် သာမည၊ အများအကျိုးသယ်ပိုးရေးသာ အဓိက” ဆိုသည်ကို သင်ပြနိုင်ခဲ့ခြင်းမရှိခဲ့ပေ။ ကျောင်းများတွင် မဖြစ်မနေသင်ကြားပေးရန် လိုအပ်ပါပြီ။
အရှက်တရား လုံခြုံရေးက “အနှစ်”
ငယ်ငယ်က လူကြီးသူမများဆုံးမသည်များ၊ ပြောသည်များကို အမြဲကြားနေခဲ့ရသည်။ “အပေါ်ပိုင်းက ခေါင်းပေါင်း၊ တိုက်ပုံနှင့် အောက်ပိုင်းက ပုဆိုးမပါ” တော့မဖြစ်စေနှင့် ဟူ၍ဖြစ်သည်။ အမှန် မှာမူ ဝတ်စားဆင်ယင်မှု၏အနှစ်သာရသည် “အရှက်တရားလုံခြုံရေး”ပါ။ လူကမမြင်သင့်၊ မမြင်အပ်သည့် အရာကို အခြားသူမမြင်အောင် ဖုံးအုပ်ကာကွယ်ထား ၏။ ဝတ်စားဆင်ယင်မှု၏အနှစ်သာရသည် မမြင်သင့် သည့်အရာ ဖုံးအုပ်ရမည့်နေရာ လုံခြုံရန်ဖြစ်သည်။ အမျိုးသားများအတွက် မဆောင်းလျှင်လည်းရသည့် ခေါင်းပေါင်း ပေါင်းထားပြီး ခန့်ဖို့၊ တိုက်ပုံနှင့် ခန့်ညားနေပြီး ဖုံးသင့်သည့်အောက်ပိုင်းနေရာကို မဝတ်ဘဲထားခြင်းသည် အဝတ်ဝတ်ခြင်း၏ အနှစ်သာရပျောက်ကင်းနေခြင်းပင်။
တိရစ္ဆာန်ကား အရှက်တရားမရှိ၊ မြင်သင့်၊ မမြင်သင့်ကိုမသိ၍ မဖုံးအပ်၊ ဖုံးအပ်ကိုမသိ။ အရှက်တရားကို လုံခြုံရေးအတွက် ဝတ်စားမှုတွင် မျက်စိပသာဒ တင့်တယ်စေရန် လှလှပပပြင်ကြ၊ ဆင်ကြသည်။ ကြည့်ပျော်ရှုပျော်ဖြစ်အောင် ဝတ်ဆင်ကြသည်။ ဝတ်စားမှု၌ လှပအောင်ပြင်ခြင်းသည် အကာဖြစ်၏။ ထိုသို့ပြုပြင်ဝတ်ဆင်ရာမှ ဦးစားပေးမှု အစွန်းရောက်လာပြီး ကိုယ့်အရှက်လုံမှုအတွက် အဝတ်ဝတ်ခြင်းဟု ဆိုအပ်သည့် အနှစ်သာရဦးစားပေးမှုကို ယူဆသည့် သဏ္ဌာန်ပြောင်းလဲလာကာ ကြည့်သူအကြိုက်၊ လူကြိုက်များသည့် “အရှက်မလုံမှု” က အရေးပါလာ သည့်သယောင် လွှမ်းမိုးလာသောအခါ လူ့ယဉ်ကျေး မှုသည် ကျဆင်းလာတော့သည်။ လူသားဉာဏ်ရည် သည် “အနှစ်” နှင့် “အကာ” ခွဲခြားနိုင်မှု အားနည်း လာပါက လူ့အသိဉာဏ်မှသည် တိရစ္ဆာန်အသိ အဆင့်ဆီသို့ လျှောကျကုန်ခြင်းဟု မြင်မိပါတော့ သည်။
ခေတ်တိုင်း၏ ရောဂါမှိုင်းဆိုသည်မှာ “အကာ”
အလယ်ခေတ်၌ ဥရောပတွင် ပညာတတ်များ၊ ပညာရှိဆိုသူများသည် မုတ်ဆိတ်မွေးအရှည်ထား ကြသည်။ တစ်ခါတွင် နိုင်ငံ့ဘုရင်တစ်ပါးက အိမ်နီးချင်းဘုရင်တစ်ပါးထံ သူ့နိုင်ငံက ပြဿနာတစ်ခုကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် “ကဝိတစ်ဦး” စေလွှတ်ပေးပါရန် မေတ္တာရပ်ခံသဖြင့် စေလွှတ်ပေး ခဲ့ရာ တောင်းခံသူဘုရင်က လက်မခံဘဲ ပြန်လွှတ် လိုက်လေသည်။ အကြောင်းပြချက်က ပညာရှိ ဆိုသူမှာ မုတ်ဆိတ်မပါ၍ဟူ၏။ ထိုအခါ စေလွှတ်သူ ရှင်ဘုရင်က ပြန်ကြားသည်မှာ “အဆွေတော်က ပညာရှိလို၍ လူကဝိကို စေလွှတ်ခြင်းပါ။ မုတ်ဆိတ်လိုပါက ဆိတ်တစ်ကောင် ပေးပို့ပါမည်” ဟုပြန်ကြား လိုက်သည်ဟူ၏။ ကျွန်တော်တို့ဆီက အများမိုးခါး ရေသောက်၍ လိုက်သောက်ရသည့် “အနှစ်မဲ့ကာလ ရောဂါမှိုင်း” ကဖုံးထားသဖြင့် အကာနှင့် အနှစ်၏ ခွဲခြားနိုင်မှုကိုပင် တချို့အဆင့်အတန်းမြင့်သူဟု သတ်မှတ်ခံထားရသူများအထိတိုင် ကင်းမဲ့ခဲ့ ကြောင်းပြဆိုခဲ့ခြင်းသမိုင်းဖြစ်ရပ်ပင်။
မြန်မာပြည်ကွန်မြူနစ်ပါတီကပေးသည့် သင်ခန်းစာ
မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှု အပြင်း ထန်ဆုံးအချိန်တွင် ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ အရင်း ရှင်၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ ဝန်ထမ်းများအားလုံး စည်းလုံးခဲ့ ညီညွတ်ခဲ့ကြသည်။ အောင်ဆန်း-အက်တလီနှင့် နု-အက်တလီ စာချုပ်ပြီးလျှင် မြန်မာပြည်လွတ်လပ်ရေးရခဲ့သည်။ လွတ်လပ်ရေးကြိုးပမ်းစဉ်က ညီညွတ်ရေးအဖွဲ့ဝင် ကွန်မြူနစ်အားလုံး တောခိုခဲ့ကြသည်။ တိုက်ယူ သည့် လွတ်လပ်ရေးမဟုတ်သောကြောင့်ဟုဆို၏။ လွတ်လပ်ရေးကို အသိအမှတ်မပြုခဲ့။ ၁၉၅၅ ခုနှစ် မှာ ရုရှားနိုင်ငံခေါင်းဆောင်များဖြစ်ကြသည့် ဘူဂါနင်နှင့် ခရူးရှက်တို့ မြန်မာပြည်လာလည်မှပင် “တို့နိုင်ငံက ကွန်မြူနစ်တွေကသာ အသိအမှတ်မပြု တာ ကမ္ဘာ့ကွန်မြူနစ်ကြီးကတော့ အသိအမှတ်ပြုလို့ လာလည်သွားပြီ”ဟု မြန်မာ့ပထမဆုံးဝန်ကြီးချုပ် ဦးနုက မှတ်ချက်ပြုသည်။ ၁၉၆၄ ခုနှစ် ဗိုလ်ချုပ် ကြီးနေဝင်းက ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်ကျင်းပရာတွင် တောတွင်းမြန်မာပြည် ကွန်မြူနစ်ပါတီအဖွဲ့များက “နိုင်ငံကို ကွန်မြူနစ် ဝါဒ” ဖြင့်သာ သွားချင်သည့်ဆန္ဒကို တင်းခံနေခဲ့၍ ငြိမ်းချမ်းရေးမရခဲ့ခြင်းပင်။ နောက်ဆုံးတွင် ပဲခူးရိုးမ မြယာတောမှသည် ရှမ်းမြောက်သို့ရောက်ကာ ပျောက်ကွယ်သွားကြသည်။
အမှန်တွင် မြန်မာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်များသည် ဝါဒကျမ်းကျေသူများ၊ မိမိ ယုံကြည်ရာနောက်ကို မမှိတ်မသုန်လိုက်ကြသူများ၊ စူးစမ်းလေ့လာမှုကြီးကြသူများ၊ မျိုးချစ်စိတ်ပြင်းပြ သူ၊ နိုင်ငံကိုနယ်ချဲ့လက်အောက် လွတ်မြောက်လိုသူ၊ သူ့ကျွန်မခံလိုသူများဖြစ်ကြသည်။ အရည်အချင်း ရှိကြသည်။ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ချစ်၊ သခင်ဇင်၊ ဗိုလ်ဇေယျစသည့် မြန်မာပြည်ကွန်မြူနစ် ပါတီခေါင်းဆောင်တို့သည် မြန်မာ့လူတော်စာရင်း ဝင်များဖြစ်ကြသည်။ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ရှေ့ဆုံးကပါဝင်ခဲ့သည်။ သို့သော် သူတို့သည် “နိုင်ငံ တော်၏ မူလအခြေခံအမျိုးသား အကျိုးစီးပွားထက် သူတို့၏ဝါဒကို ကိုးကွယ်မှုလွန်ကဲကြသူများ” ဖြစ်သွားကြသည်။ တစ်ဦးချင်းအရည်အသွေး တော်သော်လည်း နိုင်ငံအတွက် မကောင်းခဲ့သူများ ဖြစ်သွားသဖြင့် ဇာတ်သိမ်းမလှသူများအဖြစ် သမိုင်းတွင် မှတ်တမ်းတင်ခြင်းကို ခံကြရရှာ၏။
မြန်မာမှုဝန်းကျင်က “အယူတိမ်း၍ နတ်စိမ်း ဖြစ်သွားကြသူများ” ဟူသည့်စကားနှင့် ဥပမာနှိုင်းလျှင် ရနိုင်မည်ဟုထင်သည်။ ကွန်မြူနစ် ခေါင်းဆောင်များ မေ့နေကြသည့်အချက်မှာ “ဝါဒ ကြောင့်နိုင်ငံတော်နှင့် ပြည်သူအထိမနာစေရ” “ဝါဒသည် နိုင်ငံတော်အတွက် အထောက်အပံ့ဖြစ်စေ ရမည်” “ဝါဒသည် နိုင်ငံတော်နှင့် ပြည်သူကို ဖျက်ဆီးရန်မဟုတ်” ဆိုသည့် အချက်ပင်ဖြစ်သည်။ ဆိုလိုသည်မှာ သူတို့ဖက်တွယ်ထားသည့်ဝါဒသည် “နိုင်ငံတော်တွင် အချုပ်အခြာတည်တံ့နေမှုကို မထိပါးရ”၊ “ပြည်သူ့ဘဝ အေးချမ်းမှု၊ ဖွံ့ဖြိုးမှုကို ပျက်ပြားအောင် မပြုမူအပ်ပေဆိုသည့် အနှစ်သာရဆီသို့ မရောက်ခဲ့ပေ။ သို့သော် မိမိတို့ဝါဒသည် လောကနိဗ္ဗာန်ဟု စွဲနေသောအစွဲကို သူတို့မဖျောက်နိုင်ခဲ့။ ထိုအကာစွဲကြောင့် နိုင်ငံတည်ဆောက်ရေး အစားအတ္တစွဲဝါဒကို အကြောင်းပြု၍ အာဏာဖက်တွယ်နိုင်ရန်အတွက် တည်ဆဲအစိုးရအဆက်ဆက်ကို ဆန့်ကျင်ခဲ့သည်။ အဖျက်လုပ်ငန်းများ လုပ်ခဲ့သည်။ လုပ်ရင်း ကွန်မြူနစ်ပါတီလည်း နစ်မြုပ်သွားခဲ့သည်။
မြန်မာ့နိုင်ငံရေး ပင်လယ်ပြင်ထဲတွင် “ဆင်သေ ကောင်မြဲသည်ဟုထင်သည့်ဝါဒ” မြုပ်သွားသည့်အခါ တစ်သက်လုံးစားမကုန်ဟု ထင်မှတ်ထားသည့် “ဝါဒစွဲကိုင်သူ” တို့လည်း ပျံရင်းသာသေသွားကြသည်။ ကမ်းခြေသို့မရောက်ခဲ့ကြပေ။ သူတို့သာ မဟုတ် ယနေ့၌ ကွန်မြူနစ်ဝါဒကျင့်သုံးခဲ့သည့် နိုင်ငံအားလုံးတွင် အဆိုပါဝါဒကို ကျင့်သုံးခြင်းမရှိတော့ပေ။ လမ်းကြောင်းပြောင်း၍ မိမိနိုင်ငံနှင့် သင့်တော်ရာစနစ်ဖြင့် နိုင်ငံဖွံ့ဖြိုးရေးကို ဆောင်ရွက်နေကြပေပြီ။
ဝါဒသည်မြဲသည့်သဘော မဟုတ်ကြောင်းကို သမိုင်းသက်သေဖြစ်ကြောင်း ယနေ့မျိုးဆက်များ၊ အထူး သဖြင့် နိုင်ငံရေးသမားမျိုးဆက်များမြင်အောင် ဓမ္မစက္ခုဖြင့် ကြည့်ကြစေချင်သည်။
ဒီမိုကရေစီသည် “ငြိမ်းချမ်းသည့် လူ့အဖွဲ့အစည်း ဖြစ်ထွန်းရေးအတွက်ပါ”
မြန်မာ့မြေပေါ်မှ နိုင်ငံရေးဇာတ်ခုံပေါ်တွင် “ကွန်မြူနစ်ဇာတ်ပွဲ” ကခဲ့ပြီးပါပြီ။ ဖွံ့ဖြိုးမှုဆီ ဦးမတည်ခဲ့ပါ။ ဖွံ့ဖြိုးမှုနှေးအောင် ပျက်စီးအောင်နှင့် အချုပ်အခြာအာဏာ ပျက်သုဉ်းအောင်ဆိုသည့် ဇာတ်ညွှန်းအတိုင်း ကပြခဲ့သည်။ ဇာတ်ညွှန်းရေးသူ မည်သူဆိုသည်ကိုသိနိုင်ရန် ခက်ခက်ခဲခဲရှာဖွေရန် လိုမည်မထင်ပေ။ ထိုကဇာတ်သမားများထဲတွင် အမည်ထူးများပါနေ၏။ အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်၏။ ထိုဇာတ်ပွဲကြီးကြောင့် ပြည်သူများ မငြိမ်းချမ်းခဲ့။ ပါဝင်ကပြသူများလည်း ပျက်သုဉ်းခဲ့သည်။ မြန်မာ့မြေပေါ်မှ ဤဖြစ်စဉ်သမိုင်းသည် “မေ့ပျောက်၍ ရကောင်းရနိုင်ပေမည်၊ သို့သော်ဖျက် မရသည့် သမိုင်းစစ်၊ သမိုင်းမှန်” ပင်ဖြစ်ပေသည်။ သိပ်မကြာလှသေးပါ။ လွန်ခဲ့သည့် နှစ် ၅၀ ဝန်းကျင်ကပါ။
ယခုအခါ မြန်မာ့မြေပေါ်သို့ “ဒီမိုကရေစီ”၊ “လူ့အခွင့်အရေး”၊ “လစ်ဘရယ်”ဟူ၍ ကြွေးကြော် နေကြပြန်သည်။ ယင်းဝါဒကျင့်စဉ်နှင့် အခွင့်အရေးတို့ကို ကွန်မြူနစ်ဝါဒကဲ့သို့ လောကနိဗ္ဗာန်ဟု အထင်ရောက်အောင် ကြွေးကြော်လုပ်ဆောင်ခဲ့၏။ ထိုမှိုင်းလုံးသံအောက်တွင် နိုင်ငံတော်၏အချုပ် အခြာအာဏာကို ထိပါးအောင်၊ ယိုင်နဲ့အောင်ကြံစည်၏။ နိုင်ငံတော်နှင့် ပြည်သူ မတည်ငြိမ်အောင် လုပ်ဆောင်၏။ ပြည်သူအချင်းချင်းသွေးကွဲအောင်ပြု၏။ ကွန်မြူနစ်ဝါဒကို ကိုးကွယ်သူတို့ အသက်နှင့် ရင်း၍ ရေးခဲ့သည့်သမိုင်းကို ဒီမိုကရေစီကြွေးကြော် သူတို့ မလေ့လာခဲ့။ ထို့အတူ ယနေ့အာရပ်နိုင်ငံများ ဖြစ်သည့် အီရတ်၊ လစ်ဗျားနိုင်ငံတို့၏ ဒီမိုကရေစီ မှိုင်းအောက်တွင် လူ့အဖွဲ့အစည်းပျက်သုဉ်းသွားမှု ကို သင်ခန်းစာမယူနိုင်ခဲ့ပေ။ “သမိုင်းမသိသူနှင့် မသိသည့် အဲဒီလူ့အဖွဲ့အစည်းဟာ သမိုင်းတစ်ပတ် လည်ရင် သမိုင်းက သတ်တာခံရလိမ့်မည်” ဆိုသည်ကို ပညာရှင်များ ပြောခဲ့သည်မှာ ကြာခဲ့ပါပြီ။ ကျွန်တော်တို့ နိုင်ငံသမိုင်း “အ” ၍ တစ်ပတ် လည်ကာ နိုင်ငံအသတ်မခံနိုင်ပါ။ ကွန်မြူနစ်ဝါဒ သည် နိုင်ငံအတွက်၊ လူ့အဖွဲ့အစည်းကောင်းကျိုးအတွက် သယ်ပိုးရမည့်အစား ဝါဒဗန်းပြ၍ နိုင်ငံယိုင်နဲ့အောင် လှုပ်ခဲ့သည်။
ပြည်သူ မငြိမ်းချမ်းအောင်ပြုသလိုမျိုး ယခုလည်း “ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် လစ်ဘရယ်” ဆိုသည့် “သူများယောင်လို့ယောင်၊ အမောင်တောင်မှန်း၊ မြောက်မှန်းမသိ” လိုက်၍ အော်နေကြသည်။ ပြည်ပဇာတ်ညွှန်းရေးသူ၏ “ဒီမိုကရေစီအရောင်ပြ နိုင်ငံပျက်သုဉ်းရေး” ရည်ရွယ်ချက်ကို သူတို့မသိ။ အော်ရင်း မအော်သူတို့ကို အသက်ရန်ရှာ၏။ သွေးထွက်သံယိုဖြစ်အောင် ပြုကြ၏။ လူ့အဖွဲ့အစည်းအတွင်း သွေးခွဲ၏။ လူ့အဖွဲ့အစည်း မငြိမ်းချမ်းအောင်ပြု၏။ ငြိမ်းချမ်းမှုအတွက် ဒီမိုကရေစီကျင့်စဉ်ကို ကျင့်သုံးရမည့်အစား ယင်းကို ဗန်းပြပြီး နိုင်ငံအချုပ်အခြာအာဏာ ပျက်သုဉ်း အောင် ပြည်သူနစ်နာအောင် ပြုလုပ်နေခြင်းသည် ဓမ္မစက္ခုအမြင်ကင်း၍ ပုဂ္ဂလိက၊ အတ္တအမြင် ကျဉ်းကျဉ်းဖြင့် ဆောင်ရွက်နေခြင်းသာဖြစ်သည်ဟု မြင်မိသည်။
နိုင်ငံတစ်ခု၏ မူလအခြေခံပကတိတရားများ ရှင်သန်မှုသာအဓိက
အမှန်မှာ “ဒီမိုကရေစီ” ကျင့်စဉ်၏ အနှစ်သာရသည် လူ့အဖွဲ့အစည်း ငြိမ်းချမ်းသာယာဖွံ့ဖြိုးရေးအတွက် ပေါ်ပေါက်လာခြင်းဖြစ်သည်။ နောင်တွင်လည်း အသစ်အသစ်သောဝါဒ၊ ကျင့်စဉ်၊ အခွင့်အရေးများ ဆက်ကာဆက်ကာပေါ်ပေါက်နေဦးမည်။ ထိုမရိုးနိုင်သည့် အသစ်အသစ်တို့အား ကျွန်တော်တို့နိုင်ငံတွင် ကျင့်သုံးကြတော့မည် ဆိုလျှင် ဝါဒတို့၊ ကျင့်စဉ်တို့သည် မမြဲကြောင်းနှင့် ထာဝရတည်မြဲနေသည်က “နိုင်ငံတစ်ခု၏မူလ အခြေခံအမျိုးသားပကတိတရားများ” ဖြစ်ကြသည် ဆိုသည်ကို ဓမ္မစက္ခုဖြင့် အရင်မြင်အောင်ကြည့်တတ်၊ ရှုမြင်တတ်ရပေမည်။ ယင်းပကတိတရားများမှာ-
(က) နိုင်ငံ့နယ်နိမိတ်၊
(ခ) အချုပ်အခြာအာဏာနှင့် လွတ်လပ်မှု၊
(ဂ) နိုင်ငံသားများ၏ အမျိုးချစ်စိတ်၊ နိုင်ငံ ချစ်စိတ်၊
(ဃ) နိုင်ငံသားများနှင့် တိုင်းရင်းသားများ၏ စည်းလုံးမှုတန်ဖိုး၊
(င) ကိုယ်ပိုင်ယဉ်ကျေးမှု အမွေအနှစ်၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်း စရိုက်လက္ခဏာများဖြစ်ပေသည်။ ဝါဒနှင့် ကျင့်စဉ်များကြောင့် မူလပကတိတရားများကို လုံးဝမထိခိုက်ရ၊ မပွန်းမပဲ့စေရပါ။ မူလအခြေခံအမျိုးသားပကတိတရားတွင် ရှင်သန်မှုကို မဖျက်ဆီးအပ်ပေ။ လူ့သမိုင်းတွင်ဖြစ်ပေါ်ခဲ့၊ ဖြစ်ပေါ်ဆဲ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ အရင်းရှင်နှင့် လစ်ဘရယ်ဟုဆိုအပ်သည့် ဝါဒအသီးသီး ကိုလည်းကောင်း၊ ဒီမိုကရေစီကဲ့သို့ ကျင့်စဉ်တို့သည်လည်းကောင်း နိုင်ငံတစ်နိုင်ငံက လက်ခံကျင့်သုံးမည် ဆိုပါလျှင် အထက်ဖော်ပြပါ “နိုင်ငံ၏ မူလအခြေခံအမျိုးသား ပကတိတရား များဖွံ့ဖြိုးမှု” မူဘောင်အတွင်းမှနေ၍ အဆိုပါပကတိတရားများ ပိုမို ထွန်းတောက်စေရန်သာ ဖြစ်ရမည်။ ဝါဒများနှင့် ကျင့်စဉ်များသည် လူတစ်စု၊ အဖွဲ့တစ်ဖွဲ့ အာဏာစိုးမိုးရေးအတွက် လက်ကိုင်တုတ်အဖြစ် အသုံးပြုရန် မဟုတ်သည်ကို အထူးသတိပြုရမည်။
လူ့အဖွဲ့အစည်းငြိမ်းချမ်းရန်ဟု ပေါ်ပေါက်လာသည့် ဝါဒနှင့်ကျင့်စဉ်အသီးသီးသည် လူ့အဖွဲ့အစည်း ပျက်သုဉ်းရန် မငြိမ်းချမ်းရန် လုံးဝမဖြစ်စေရပါ။ “အနှစ်” နှင့် “အကာ” ကွဲကွဲပြားပြားမြင်အောင် ကြည့်သင့်ပါပြီ။ ဉာဏ်ရည်နိမ့်လျှင် အနှစ်၊ အကာ မကွဲပြားပေ။ ဉာဏ်ရည်မြင့်မြင့်ဖြင့် ကြည့်ကြ စေချင်သည်။ မြင့်မားသည့်ဉာဏ်ရည်ရှိမှ ဓမ္မစက္ခုဖြင့် ကြည့်နိုင်ပေမည်။ သို့မှသာ “ဘုရင့်နောင်၏ ဘုရင်ဖြစ်ဖို့ အဓိကမဟုတ်၊ အများအကျိုး၊ ပရဟိတ အကျိုးသယ်ပိုးမှုသာ ပန်းတိုင်ဆိုသည့်စံ” ကို မြင်ပါ လိမ့်မည်။ ထို “စံ” ကို လက်ကိုင်ပြုပါမှ ငြိမ်းချမ်းမှု အတွက် အသုံးပြုပေလိမ့်မည်။
ပုဂ္ဂလစက္ခုဖြင့် ကြည့်လျှင် ငါတို့ဒီမိုကရေစီအစွဲသာ အမှန်ဟု မြင်ပေလိမ့်မည်။ ထိုအတ္တစွဲသည် “ဒီမိုကရေစီ” ကို အာဏာစွဲကိုင်ရေးလက်ကိုင်တုတ်အဖြစ် အသုံးပြုသည်အထိ ဉာဏ်ရည်နိမ့်ကျသွားကြောင်း ယနေ့မြန်မာ့သမိုင်းက သက်သေခံနေပေ သည်။ သို့ဖြစ်၍ ဉာဏ်ရည်မြင့်ချင်လျှင် သမိုင်းသင်ပါ။ သမိုင်းကို သင်ရုံတင်မရသေးပါ။ သိရုံအဆင့်မှာ ရပ်ထားလည်း အချည်းနှီးပင်တည်း။ သမိုင်း၏အနှစ် တန်ဖိုးကို မြင်အောင် ဓမ္မစက္ခုဖြင့်ကြည့်၍ ထုတ်တတ်ရမည်။ သင်ခန်းစာယူပါ။ သမိုင်းအနှစ်ကို လူ့အဖွဲ့အစည်းနှင့် နိုင်ငံ့ကောင်းကျိုးအတွက် လက်တွေ့အသုံးချနိုင်ပါမှ သမိုင်းလေ့လာရကျိုးနပ်မည်ဟု ရေးသားတင်ပြလိုက် ရပါသည်။ ။