နွေရောက်ပြီလေ မီးသတိပြုကြမသွေ
ပြေအေးသက်
နွေရာသီက မပီပြင်သေးပါဘူး။ မီးနံ့များကနေရာအနှံ့မှ ကြားနေရပါပြီ။ နွေဦးဂီတဆရာ ကိုဥသြ၏ အလွမ်းတေးထက်ပင် စောချင်နေသေးသည်။ မည်သို့ဖြစ်ကြသည်မသိ၊ လောင်ကိုလောင်မှရမည် ဆိုသည်မျိုးဖြစ်နေသည်။ သတိပြုကြစေချင်သည့် စေတနာကအရင်းခံပါ။ သွားသတိ၊ လာသတိ၊ စားသတိနှင့်ဆိုသကဲသို့မျိုး မီးနှင့်ပတ်သက်လာလျှင်လည်း ဖယောင်းတိုင်မီး၊ မီးခွက်မီး၊ ထင်းမီး၊ လျှပ်စစ် မီး၊ ဂတ်စ်မီး စသည်ဖြင့် မည်သည့်မီးပင်သုံးသုံး သတိတစ်လုံးလက်ကိုင်သုံးပြီး သတိနှင့်မီးအမြဲ ယှဉ်ကာအသုံးပြုစေချင်သည်။ အဘယ်ကြောင့်ဆိုသော် “လူခိုးလျှင်တော့ အစုတ်ကျန်၊ မီးခိုးလျှင်တော့ အပြုတ်နှံ”သောကြောင့် လက်တို့နေရခြင်းဖြစ်သည်။ မီးဘေးအန္တရာယ်သည် အခြားဘေးအန္တရာယ်တို့ထက် ဖြစ်ပွားမှုနှုန်းပိုများသောကြောင့်ပင်ဖြစ်သည်။
ကြံဖန်ကျေးဇူးတင်ရ
တာဝန်အရ ခရီးတစ်ခုကိုသွားရာတွင် ရည်မှန်းချက်နေရာမရောက်မီ လမ်းခုလတ်၌ ညအိပ်ရပ်နားရန်ကြုံလာရသည်။ သို့နှင့်ရောက်လက်စရွာလေးတွင် ညအိပ်ရန်အမှုပြုကြသည်။ မိမိတို့နှင့်အတူ တွဲဖက်ပါလာသောအဖွဲ့တွင် ဆက်သွယ်ရေးစက်တစ်လုံးပါလာသည်ကို တွေ့ရသည်။ နောက်တစ်နေ့နံနက် ခရီးဆက်ထွက်မည်ဟုဆိုသောအခါမှ အဆိုပါဆက်သွယ်ရေးစက်ဆိုသည်မှာ စာအုပ်အထူကြီး မီးလောင်ထားသကဲ့သို့ အထပ်လိုက်အချပ်လိုက် မူလပုံမပျက်သော်လည်း ပြာထုချပ်ကြီးဖြစ်နေသည်။ အကြောင်းစုံမှာ ညကစက်ကိုင်သောပုဂ္ဂိုလ်လေးသည် ဆက်သွယ်ရေးစက်ပေါ်တွင် ဖယောင်းတိုင်ထွန်း၍ ဝတ္ထုစာအုပ်ဖတ်ရာမှ အိပ်ပျော်သွားကာ စက်မီးလောင်သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။ အဆိုးထဲမှ အကောင်းမှာမီးသည်အခြားသို့ ကူးစက်မလောင်ကျွမ်းသည်ကို ကျေးဇူးတင်နေရသေးသည်။
လျှော့မတွက်သာ
တစ်ခါကလည်း မိုးရာသီထဲ ခရီးတစ်ခုအသွားတွင် ညစာထမင်းချက်ရန်ကြုံလာသည်။ တည်းခိုရမည့်နေရာကလည်း မရောက်နိုင်သေး။ မိုးကလည်းကျ မှောင်ကလည်းမှောင်လာသဖြင့် ရောက်သည့်နေရာတွင် ညအိပ်တည်းခိုရန်လုပ်ရသည်။ ခင်းကျင်းရန်ပါလာသည့်ပလတ်စတစ်စကို နီးစပ်ရာသစ်ပင်ကိုင်းများတွင် ချည်နှောင်ပြီး ယာယီမီးဖိုချောင်အမိုးလုပ်ကာ မိုးထဲရေထဲ ငါ့ဝမ်းပူဆာ မနေသာသည့် ထမင်းချက်မည့်အမှုပြုကြသည်။ ထင်းကိုင်းကစိုမီးခြစ်က ငြိမ်းလိုက်တောက်လိုက်နှင့်မီးကမစွဲ။ သို့ဖြင့် အနီးနားရှိသောသူတစ်ဦးက သူ့ဖိနပ်ခွာမှရော်ဘာသားကို လှီးပြီးမီးစာလုပ်သည်။ ထိုရော်ဘာသားကိုမီးရှို့၍ ထင်းပုံထဲထည့်သည်။ မီးစွဲစပြုချိန်တွင် ခြင်ကိုက်လျှင်လိမ်းသည့် ခြင်မကိုက်ဆေးရက်ပီတိုအရည်ကိုလောင်း၍ မီးစွဲရန်လုပ်သည်။ ရက်ပီတိုအရည်လောင်းချသည်ကို မလောင်းရန်တားရာ နောက်ကျသွားပြီး ထိုသူလည်းပက်လက်လန်၊ လက်လည်းမီးဟပ်သွားသည်။
ပေါ့၍မရ
ဌာနဝင်းအတွင်း ဝင်းအနောက်ဘက်တွင် သစ်ရွက်ခြောက်များ၊ ခြုံနွယ်အမှိုက်သရိုက်များ များပြားလာ၍ သန့်ရှင်းရေးပြုလုပ်ရန် လက်အောက်က သန့်ရှင်းရေးဝန်ထမ်းအချို့အား ခုတ်ထွင်ရှင်းလင်းခိုင်းခဲ့မိသည်။ ထိုဝန်ထမ်းတို့ ရွှေဉာဏ်တော်စူးရောက်ကာ လှဲကျင်းခုတ်ထွင်ရမည့်အစား မီးခပ်ပါးပါး ရှို့လိုက်ကြသည်ဟုဆိုသည်။ သို့သော်လည်းမြန်လို၍ မီးရှို့ရှင်းရာ ထိုဝန်ထမ်းငယ်သုံးဦး၌ မီးသတ်ရမည့် ရေပုံး၊ မီးချိတ်၊ မီးကပ်များအနားတွင် အသင့်အနေအထားမရှိ။ အပိုင်းလိုက်အကန့်လိုက် မီးတားလမ်းများနှင့်ကန့်၍ မီးရှို့သည်လည်းမဟုတ်၊ နောက်ဆုံးတွင် မီးများလာပြီး ဌာနအဆောက်အအုံများပါ မီးအန္တရာယ်ဆိုက်ရောက်လာနေသဖြင့် အရပ်ကူပါလူဝိုင်းပါ မီးသတ်ကားကူပါအထိဖြစ်သွားခဲ့ရသည်။ လူနိုင်ရေနိုင်၍ မီးအစွယ်ကျိုးသွား၍သာ မိမိပါအကြောင်း မဆိုးသွားခြင်းဖြစ်သည်။
မီးတို့ခိုင်း
ငယ်စဉ်ကျေးရွာများ၌နေစဉ်က အဘိုးအဘွားတို့သည် ဆေးလိပ်မီးတို့ခိုင်းသည့် အကျင့်ရှိခဲ့ကြသည်။ ဆေးလိပ်မီးတို့ရင်း တွေ့သည့်အာလူး၊ ငါးခြောက်စသည်တို့ကို တစ်လက်စတည်းမီးဖုတ် စားတတ်ကြသေးသည်။ မီးနှင့်အကျွမ်းတဝင်နေကြသည်ဆိုသော်လည်း လေအဝှေ့နှင့် မီးကြွင်းမီးကျန်တို့ ပေါင်းဖက်သွားလျှင် မပြောကောင်း မဆိုကောင်းအရေးများဖြစ်တတ်ကြသည်။ မီးကြွင်းမီးကျန်မရှိရေး၊ ကလေးသူငယ်များကို မီးမဆော့စေရေးတို့ကလည်း ကျေးလက်ဒေသများတွင် အရေးပါနေဆဲဖြစ်မည်ထင်သည်။ ယခုကာလသည် ရှေးကကဲ့သို့မဟုတ်ဘဲ ဂတ်စ်မီးခြစ်များလည်း ပေါများခဲ့ပြီဖြစ်၍ မီးမတို့ခိုင်းလောက်ပြီထင်သည်။ ထို့ပြင် မြို့နယ်ကျေးရွာများပါမကျန် မီးအန္တရာယ်သတိပေး ကြေညာလှည့်လည်မှုများရှိနေဆဲဖြစ်ပြီး တေးဆိုဦးထွန်းရွှေ၏ မီးသတိပေးသီချင်းသံမှာ ယခုကာလများတွင် ပျံလွင့်လေလေ ကောင်းလေလေဖြစ်မည်ထင်သည်။
အမှိုက်ကစ ပြာသာဒ်မီးလောင်
မီးလောင်ကျွမ်းမှုများတွင် မီးဖိုချောင်မီးနှင့် ပေါ့ဆမီးကမီးလောင်ကျွမ်းမှု၏ ၈၃ ရာခိုင်နှုန်းဟုဆိုကြသည်။ ပြောချင်သည်က မီးလောင်ကျွမ်းခြင်းသည် အသေးအဖွဲဆိုသည့်နေရာမှစ၍ လောင်ကျွမ်းကြရာမှ နောက်ဆုံးမီးလောင်ကျွမ်းမှုအကြီးကြီး ဖြစ်ပေါ်လာသည်အထိ ကြီးကျယ်ဖြစ်ပွားသွားသည် ဟုဆိုချင်သည်။ မီးနှင့်ပတ်သက်၍ အသေးအဖွဲဟူ၍မရှိ အလေးအနက်ထားဆောင်ရွက်ရမည်ဟု ညွှန်းဆိုနေကြသည်မှာ အထင်အရှားပင်ဖြစ်နေသည်။ မီးသည်ပေါ့ဆ၍ မရဆိုသည်မှာလည်း ပေါ်လွင်နေပြီး စနစ်တကျဂရုစိုက်၍ သုံးစွဲသင့်သည့် အနေအထားတွင်ရှိကြောင်းကလည်း ပြောစရာပင် မလိုသည့်အခြေအနေတွင်ဖြစ်သည်။ သိပင်သိသော် ငြားလည်းမလိုက်နာမိ သတိမမူမိကြသည်ကများပြီး တကယ်ဖြစ်ပြီဆိုလျှင် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်ကြသည်ကများသည်။
ရန်သူထိုမီး
ရန်သူမျိုးငါးပါးထဲတွင် တစ်ပါးအပါအဝင်ဖြစ်ပြီး အလွန်တရာဆိုးရွားလှသည်ဟုဆိုရမည်။ သူခိုးဓားပြထက်ဆိုးပြီး မည်သူ့ကိုမျှလည်း ညှာတာမည်မဟုတ်ပါ။ သို့ဖြစ်ပါ၍ သူ့ကိုကြိုတင်ကာကွယ် သောနည်းလမ်းဖြင့်တားဆီးရမည်ဖြစ်သည်။ မြို့နယ်ကျေးလက်များတွင် အိမ်တိုင်း မီးချိတ်၊ မီးကပ်၊ ရေအိတ်၊ သဲအိတ်ထားရှိပြီး သတ်မှတ်ချိန်အတိုင်း ချက်ပြုတ်စားသောက်ကြကာ ထင်းမီးအခြားလောင်စာမီးတို့တွင် မီးကြွင်းမီးကျန်မရှိစေရေး စနစ်တကျ သတိရှိရှိငြှိမ်းသတ်ရပေမည်။ မီးသတ်ဆေးဘူးများထားရှိကာ ငြှိမ်းသတ်နိုင်ရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်ထားရပေမည်။
လျှပ်စစ်ဓာတ်အားနှင့် ဂတ်စ်အိုးသုံးစွဲသူများသည်လည်း စနစ်တကျသုံးစွဲမှသာလျှင် တော်ရုံကျပေမည်။ မည်သို့ပင်ဆိုစေကာမူ ပေါ့ဆမှုများကင်းဝေးပြီး စည်းနှင့်ကမ်းနှင့် နည်းနှင့်လမ်းနှင့် မီးကိုသုံးစွဲကြရန်လိုကြောင်းကိုမူ အထူးပြောရန်လိုမည်မထင်။ သို့မှသာ အိုးမဲ့အိမ်မဲ့အနေမဲ့ အခြေမဲ့ဘဝမှ ကင်းဝေးချမ်းသာကာ လူမှုဘဝသာယာအေးချမ်းမည်ဖြစ်သည်။
မိတ်ဆွေကြီးတစ်ဖြစ်လဲ မရှိမဖြစ်မီး
အမှန်မှာ မီးနှင့်လူသားသည် ရှေးယခင်ကတည်းက အတူတကွပေါင်းဖက်နေထိုင်လာကြသည့် မိတ်ဆွေအရင်းအချာကြီးပင်ဖြစ်ကြပေသည်။ မီးကြောင့်လူသားများ၏ နေထိုင်စားသောက်မှု အဆင့်အတန်းမြင့်မားလာခဲ့ရသည်။ မီးကိုလွန်ခဲ့သည့် နှစ်ပေါင်းလေးသိန်းကျော်ခန့်က ဥရောပ၊ ဥရောပအရှေ့အလယ်ပိုင်း၊အာရှတစ်ဝန်းရှိ ရှေးဟောင်းသုတေသနမှတ်တမ်းများတွင် မီးကိုစတင်တွေ့ရှိ အသုံးပြုခဲ့ကြောင်း ၂၀၁၆ ခုနှစ်ထုတ် Royal Society B journal တွင် ဖော်ပြထားသည်။ မီးကိုစတင်တွေ့ရှိသည်မှစ၍ လူသားတို့အကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့သည်မှာ နှစ်ပရိစ္ဆေဒကြာမြင့် ခဲ့ပြီဖြစ်သည်။ ယခုမှသာ မီးသည်မသုံးတတ်လျှင် ရန်သူဖြစ်ရပေတော့သည်။
နွေရာသီနှင့် မိတ်ဖက်
ရာသီဥတုကအားပေးသည်ဟုဆိုရပေမည်။ မီးလောင်လိုက်ပြီဆိုလျှင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် လူနေထူထပ်သော ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ စသည့်တိုင်းဒေသကြီးတို့ကို ရည်ညွှန်းနေသည်။ မြန်မာနိုင်ငံ၏ အခြားဒေသများနှင့်စာလျှင် ထိုဒေသတို့သည် ဖြစ်ပွားနှုန်းမြင့်မားကြပေသည်။ မီးနှင့်ပတ်သက်၍ သတိထားရမည်ဆိုလျှင် နွေဥတုနှင့်ထိုဒေသတို့သည် အခြားဒေသများနှင့်စာလျှင် မီးအန္တရာယ်ကို ပိုမိုသတိထားရပေမည်။
နေရာ၊ ဒေသနှင့်ရာသီဥတုသည်လည်း မီးလောင်ခြင်းကို အားပေးအားမြှောက်ပြုနေကြသကဲ့သို့ ဖြစ်နေပေသည်။ သို့ဖြစ်၍ မီးနှင့်ပတ်သက်ပြီး အလေးဂရုပြုမည်ဆိုလျှင် မြန်မာနိုင်ငံ၏ကျန်ဒေသများထက်ပို၍ အလေးဂရုပြုရမည်ဖြစ်ကြောင်း ပေါ်လွင်နေပေသည်။ ရာသီဥတုပူပြင်းမှုအထောက် အပံ့ကြောင့် ပေါ့ဆလျှင်ပေါ့ဆသလောက်အန္တရာယ်ပြုနိုင်သည်။
မီးကိုရိုသေ
၂၀၂၃ ခုနှစ် နွေဦးကာလမီးလောင်ကျွမ်းမှုတို့က စတင်ခဲ့လေပြီ။ မှတ်မှတ်ရရပြောရမည်ဆိုလျှင် ရန်ကုန်တွင်ရော မန္တလေးတွင်ပါဟုပြောရမည်ပင်ဖြစ်သည်။ မြန်မာနိုင်ငံမီးလောင်မှုများမှာ ဘေးအန္တရာယ်များတွင် အဖြစ်အများဆုံး ဘေးအန္တရာယ်ဖြစ်ပြီး ဘေးအန္တရာယ်များ၏ ၇၀ ရာခိုင်နှုန်း ဖြစ်ကြောင်းသိရသည်။ မီးလောင်မှု၏ ရာခိုင်နှုန်း အများဆုံးသည် လူ၏အမှားအယွင်းကြောင့်ဖြစ်ကြောင်း တွေ့ရှိလာရသည်။ သို့ဖြစ်ပါ၍ နေရာဒေသနှင့် ရာသီဥတုကြောင့် မီးလောင်မှုကို ဖြစ်ရသည်ဆိုသော်လည်း အဓိကမှာလူသားများ၏ အားနည်းချက်ဖြစ်သော သတိမမူမိမှုကြောင့် မီးလောင်မှုသည် အများဆုံးဖြစ်ရကြောင်း တွေ့ရှိနေရသည်။ ၁၉၈၃ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်အကြား နှစ်စဉ်မီးလောင်မှုဖြစ်စဉ်အကြိမ်ပေါင်း ၉၀၀ ခန့်ဖြစ်ပြီး ငွေကျပ်တစ်ဘီလီယံ သို့မဟုတ် အမေရိကန်ဒေါ်လာ ၀ ဒသမ ၉၁ သန်းခန့် ဆုံးရှုံးကြောင်း သိရသည်။
မီးဘေးလုံခြုံရေး
မီးဘေးလုံခြုံရေးနှင့်ပတ်သက်၍ ကျေးရွာရပ်ကွက်အလိုက် မီးကင်းစောင့်သည့်ယဉ်ကျေးမှု ထွန်းကားသည်အထိ မီးကိုဂရုစိုက်စောင့်ကြည့်ဆောင်ရွက်ခြင်း၊ မီးသတ်အဖွဲ့များနှင့် ဆက်စပ်ဆောင်ရွက်ခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် အိမ်အလိုက်၊ ရပ်ကွက်အလိုက် မီးငြှိမ်းသတ်မှုအထောက်အကူပစ္စည်းများထားရှိသည့်အပြင် ရပ်ကွက်ကျေးရွာအလိုက် အရန်ရေကန်၊ ရေလှောင်ကန်များထားရှိခြင်းလည်း ဆောင်ရွက်ကြသည်။ ရပ်ကွက်ကျေးရွာအတွင်း မီးသတ်ကားဝင်နိုင်ရန် အဟန့်အတားဖြစ်နိုင်သည့်နေရာများ ကြိုတင်ရှင်းလင်းထားခြင်း၊ မီးလောင်ခြင်းကို အထောက်အကူပြုနိုင်သည့် အမှိုက်သရိုက်များ စုပေါင်းရှင်းလင်းခြင်း၊ အိမ်အလိုက်ရှင်းလင်းခြင်းများ ပြုလုပ်ကြသည်။ လမ်းသွားလျှင် ဆေးလိပ်မသောက်ရေး၊ မီးကြွင်းမီးကျန်များ မကျန်ရှိရေး၊ လျှပ်စစ်မီးနှင့်ဂတ်စ်အိုးများ စနစ်တကျအသုံးပြုရေး၊ ရပ်ကွက်ကျေးရွာအတွင်း သွယ်တန်းထားသောလျှပ်စစ်မီးကြိုးများ ပေါက်ပြဲမှုမဖြစ်စေရေးစသည်ဖြင့် မီးနှင့်ပတ်သက်သည့် ကာကွယ်ရန်လိုအပ်သောအချက်များကို ပူးပေါင်းဆောင်ရွက်သွားကြရန်လိုသည်။
မီးသတ်တပ်ဖွဲ့
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကို ၁၁ ရာစု ပုဂံရှေးဘုရင်များခေတ်ကာလကပင်ဖွဲ့စည်းခဲ့ကြောင်း သမိုင်းအထောက်အထားများအရ သိရသည်။ “သောသောညံ ပုဂံမီးဆော်မောင်း”ဆိုပြီး မီးကပ်တပ်သား ၆၆၃ ဦးဖြင့် ပုဂံနေပြည်တော် မီးဘေးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်ဟုဆိုသည်။ ၁၉၄၆ ခုနှစ် မေလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ စေတနာ့ဝန်ထမ်းမီးသတ်အစည်းအရုံးညီလာခံကျင်းပခဲ့ရာ မြန်မာနိုင်ငံအတွင်းရှိ ၁၉၇ ခရိုင်မှ ကိုယ်စားလှယ် ၁၉၇ ဦး တက်ရောက်ခဲ့ကာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တက်ရောက်ပြီး မီးသတ်ဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။ ထိုနေ့ကိုပင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ ယခုအခါတွင်မူ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိပြီး အင်အား ၁၂၀၀၀၀ ခန့်ရှိသည်ဟုဆိုသည်။ မီးသတ်အဖွဲ့နှင့်ပတ်သက်လျှင် မြန်မာနိုင်ငံသည် ရှည်လျားသည့် သမိုင်းကြောင်းနှင့်ဟု ဆိုရပေမည်။
မလောင်ခင်တား
မီးသည်ကား သုံးတတ်လျှင်မိတ်ဆွေ၊ နမော်နမဲ့ စည်းမရှိကမ်းမရှိသုံးစွဲပါက ရန်သူဖြစ်နေသောကြောင့် ယခုလိုပူပြင်းစပြုလာပြီဖြစ်သော ရာသီဥတုနှင့် လူနေထူထပ်သောနေရာဒေသများသည် အခြားနေရာဒေသများထက် မီးကိုပိုမိုဂရုပြုသုံးစွဲသွားရပေမည်။ မရှိမဖြစ် ချစ်စရာမိတ်ဆွေမီးသည် မုန်းစရာ ရန်သူမီးမဖြစ်သွားစေရန်အတွက် ချစ်သူရန်သူမျဉ်းပါးလေးကို ထိန်းသိမ်းစောင့်ရှောက်သွားရမည်ဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှုတွင်လည်း ဖြစ်လာမှကုသခြင်းထက် မဖြစ်ခင်က ကြိုတင်ကာကွယ်ကုသခြင်းသည် ကျန်းမာရေးအတွက် ကောင်းသကဲ့သို့ မီးဘေးတွင်လည်းဖြစ်လာမှ တားဆီးကာကွယ်ရသည်ထက် မဖြစ်လာမီကပင် ကြိုတင်ကာကွယ်ရခြင်းသည် ပိုမိုကောင်းမွန်မည်မှာ အမှန်ပင်ဖြစ်သည်။ သို့ဖြစ်ပါ၍ နွေရောက်ပြီဖြစ်သောကြောင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မလောင်ခင်ကပင် တားဆီးသင့်ကြောင်း အသိပေးရေးသားလိုက်ရသည်။ မီးဘေးရှောင်မလောင်ခင်တားသင့်သည် မဟုတ်ပါလားခင်ဗျာ။ ။
ရည်ညွှန်း။ လူကယ်ပြန် မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်များအကြောင်း