Skip to main content

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အကြောင်း သိကောင်းစရာ

တင်ထက်ထက်ဇော်

မတ်လ ၈ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women’s Day)ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများ၏အခန်းကဏ္ဍကို အသိအမှတ်ပြုရေး၊ အမျိုးသမီးများစွမ်းဆောင်ရည်များ ပိုမိုမြင့်မားစေရေး၊ စံပြုထိုက်သော အမျိုးသမီးများအားဂုဏ်ပြုရေးနှင့် အမျိုးသမီးများရင်ဆိုင်နေရသည့် အခက်အခဲများကို ပူးပေါင်းဖြေရှင်းရေး စသည်တို့အတွက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ထိုနေ့တွင် ကမ္ဘာတစ်ဝန်းရှိနိုင်ငံများ၌ အထိမ်းအမှတ်အခမ်းအနားများ ကျင်းပလေ့ရှိပြီး နိုင်ငံအချို့တွင်မူ တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားကြသည်။

အမျိုးသမီးများအကြမ်းဖက်ခံရမှု

အကြမ်းဖက်မှုဆိုသည်ကို အဓိပ္ပာယ်ဖွင့်ရာ၌ အမျိုးသမီး(gender)အပေါ်အခြေခံပြီး လူတစ်ယောက်ပေါ်တွင် အနိုင့်အထက်ပြုကျင့်ခြင်း သို့မဟုတ် အကြမ်းဖက်သည့် လုပ်ရပ်များဖြစ်ခြင်းဟု ဆိုထားပါသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုသည်မှာ အများပြည်သူနေရာတွင်ဖြစ်စေ၊ ပုဂ္ဂလိကသီးသန့်အခြေအနေတွင်ဖြစ်စေ အမျိုးသမီးများအပေါ် အနိုင့်အထက်ပြုခြင်း သို့မဟုတ် လွတ်လပ်ခွင့်အားငြင်းဆန်ပြီး တစ်ဖက်သတ်ပြုမူခြင်း စသည့် ခြိမ်းခြောက်မှုများအပါအဝင် ကိုယ်ထိလက်ရောက်ဖြစ်စေ၊ လိင်ပိုင်းဆိုင်ရာဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ ထိခိုက်နစ်နာစေမည့် သို့မဟုတ် ထိုသို့ ထိခိုက်နစ်နာဖွယ်ရှိသည့် ကျား၊ မရေးရာကိုအခြေခံသော အကြမ်းဖက်သည့်အပြုအမူတစ်ရပ်ကိုဆိုလိုကြောင်း ၁၉၉၃ ခုနှစ်အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကြေညာစာတမ်း၏ အပိုဒ် ၁ တွင် ဖော်ပြထားသည်။

သို့ဖြစ်၍ အမျိုးသမီးများအား အကြမ်းဖက်မှုဟူသည့် ဝေါဟာရ၏ နောက်ကွယ်တွင် ကိုယ်ထိလက်ရောက်အကြမ်းဖက်မှု၊ နှုတ်အားဖြင့် စော်ကားမှုနှစ်ခုစလုံး အကျုံးဝင်သည်။ အကြမ်းဖက်ခံရသူသည် အနိုင်ကျင့်ခံရခြင်းနှင့် အတင်းအကျပ်ထိန်းချုပ်ခြင်းများကိုလည်း လိုက်ပါခံစားလာရသည်။

အကြမ်းဖက်ခံရမှု အမျိုးအစား

ကမ္ဘာတစ်ဝန်း အကြမ်းဖက်ခံရမှုများကို အမျိုးအစားခွဲခြားကြည့်လျှင် အကြမ်းဖက်ခံရနိုင်ခြေငါးမျိုးရှိသည်။ ၎င်းတို့မှာ -

ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း (Physical Abuse)

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း (Sexual Abuse)

ငွေကြေးပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း (Financial Abuse)

စိတ်ခံစားမှုပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း (Emotional Abuse)

ခံယူချက် အတွေးအခေါ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း (Psychological Abuse) တို့ဖြစ်ကြသည်။

ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းတွင် အမျိုးသမီးများသည် သဘာဝအရ ကျား၊ မ (gender)ဆိုင်ရာ အားနွဲ့သူများဖြစ်သည့်အလျောက် ရိုက်နှက်ခံရခြင်း၊ ကန်ကျောက်ခံရခြင်း၊ ထိုးနှက်ခံရခြင်း၊ အန္တရာယ်ရှိစေသည့်ပစ္စည်းများဖြင့် ခန္ဓာကိုယ်တွင် အနာတရဖြစ်အောင်လုပ်ဆောင်ခံရခြင်း (ဥပမာ ဆေးလိပ်မီးနှင့် တို့ခြင်း၊ ဓားလက်နက်၊ အက်စစ်ခေါ် ငရဲမီးစသည်)များ ပြုလုပ်ခံရသည်။

မှတ်တမ်းများအရ ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးသုံးဦးတွင် တစ်ဦးအကြမ်းဖက်မှုကိုခံစားနေရသည်။ အမျိုးသမီး ၂ ဒသမ ၇ ဘီလီယံသည် အမျိုးသားများနှင့်တူညီသော အလုပ်အကိုင်အခွင့်အလမ်းမရှိဖြစ်နေသည်။ အမျိုးသမီးများသည် အမျိုးသားများထက် ပျမ်းမျှဝင်ငွေ ၂၄ ရာခိုင်နှုန်း လျော့နည်းနေသေးသည်။ ကမ္ဘာပေါ်တွင် စာမတတ်သူ ၇၉၆ သန်းသည် အမျိုးသမီးများဖြစ်နေသည်။

နိုင်ငံပေါင်း ၁၄၅ နိုင်ငံအပေါ် လေ့လာမှုတစ်ရပ်ကလည်း ကမ္ဘာတစ်ဝန်းတွင် ကျား၊ မ ကွာဟမှုရှိနေသေးကြောင်း တွေ့ရှိထားသည်။ အိုက်စလန်သည် စီးပွားရေးပါဝင်မှုနှင့်အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေးအောင်မြင်မှု၊ ကျန်းမာရေးနှင့် ရှင်သန်မှု၊ နိုင်ငံရေးဆိုင်ရာ စွမ်းဆောင်နိုင်မှုတို့၌ တန်းတူညီမျှမှုရှိရန် အနီးစပ်ဆုံးဖြစ်ပြီး ယီမင်ကဲ့သို့သော နိုင်ငံများတွင်မူ အမျိုးသမီးများသည် ခင်ပွန်းဖြစ်သူ၏ ခွင့်ပြုချက်မရှိပါက အိမ်အပြင်သို့ပင် ထွက်ခွာခွင့်မရပေ။ အာဖဂန်နစ္စတန်တွင် အမျိုးသမီးများပညာသင်ယူခွင့် ဆုံးရှုံးနေရသည်။

အမျိုးသမီးများ၏ အခန်းကဏ္ဍ

ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်းတွင်ပါဝင်သော အခြေခံအချက်ကြီး ငါးချက်အနက် အမှတ်စဉ်(၂)သည် “လူတိုင်း ကျား၊ မ မဟူနိုင်ငံကြီးငယ်မရွေး အခြေခံလူ့အခွင့်အရေးများနှင့် တန်းတူရည်တူ အခွင့်အရေးရှိသည်ကို အလေးအနက်ဂရုပြုရန်”ဟူသည့် အချက်ဖြစ်သည်။ ကုလသမဂ္ဂ၏ထောင်စု နှစ်ပန်းတိုင် (၁၇)ရပ်အနက် ပန်းတိုင် (၅)တွင်လည်း “ကျား၊ မ တန်းတူညီမျှရရှိရေးနှင့် အမျိုးသမီးများ၊ အမျိုးသမီးငယ်များအားလုံး စွမ်းပကားတိုးတက်မြှင့်တင်ရေး”ဟူ၍ ချမှတ်ထားရာ ဤအချက်က နိုင်ငံအသီးသီးရှိ မူဝါဒချမှတ်သူများ၊ အင်စတီကျူးရှင်းများအပါအဝင် ပြည်သူလူထုအားလုံးက ကဏ္ဍအသီးသီး၌ အမျိုးသမီးများတန်းတူညီမျှပါဝင်နိုင်ရေးအတွက် အစွမ်းကုန်ဖော်ဆောင်ပေးရန် လိုအပ်နေကြောင်း ဖော်ညွှန်းလျက်ရှိသည်။

သို့သော် ယနေ့ကာလတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍသည် ထင်သလောက်ခရီးမပေါက်နိုင်သေးပေ။ အထူးသဖြင့် ကမ္ဘာတစ်ဝန်းရှိအမျိုးသမီးနှင့် မိန်းကလေးအများအပြားသည် လိင်နှင့် ကျား၊ မ အပေါ် အခြေခံ၍ ခွဲခြားဆက်ဆံခံနေရဆဲဖြစ်သည်။ ကျား၊ မ မညီမျှမှုအဖြစ် နိုင်ငံ၏နိုင်ငံရေးစနစ်အတွင်း အမျိုးသမီးများ ပါဝင်ခွင့်နည်းပါးမှု၊ အိမ်တွင်းနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ခံရမှု၊ လစာနည်းပါးမှု၊ ပညာသင်ကြားခွင့်မရှိမှု၊ ကျန်းမာရေးစောင့်ရှောက်မှုတွင် အချိုးအစားမမျှတမှုစသည့် ပြဿနာများစွာနှင့် ရင်ဆိုင်နေကြရဆဲဖြစ်သည်။

အမျိုးသမီးများအတွက် ဥပဒေ

အမျိုးသမီးတစ်ယောက်သည် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရပါက သက်သေခိုင်လုံလျှင် ဥပဒေအရ ထိထိရောက်ရောက်လုပ်ဆောင်နိုင်သည်။ မိမိကိုယ်ကို အပြင်းအထန်နာကျင်စေလျှင် ပုဒ်မ-၃၂၄ အရ ထောင်ဒဏ် သုံးနှစ်၊ ငွေဒဏ်၊ ၎င်းဒဏ်နှစ်ရပ်စလုံးချမှတ်နိုင်သည်။ ကိုယ်ထိလက်ရောက်ကျူးလွန်စေလျှင် ပုဒ်မ-၃၅၄ အရ ထောင်ဒဏ် နှစ်နှစ်၊ ငွေဒဏ်၊ ၎င်းဒဏ်နှစ်ရပ်စလုံးချမှတ်နိုင်သည်။

လက်နက်ကိရိယာဖြင့် နာကျင်စေလျှင် ပုဒ်မ-၃၂၄ အရ ထောင်ဒဏ် သုံးနှစ်၊ ငွေဒဏ်၊ ၎င်းဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်သည်။ ဥပဒေအရ အမှုနိုင်သွားပြီး အကြမ်းဖက်ခံရခြင်းမှ လွတ်မြောက်သွားသည့် အမျိုးသမီးဦးရေများစွာရှိကြသည်။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ တချို့အမျိုးသမီးများမှာ ၎င်းတို့လက်တွဲဖော် အမျိုးသားများ၏ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရခြင်းကြောင့် အသက်သေဆုံး သွားရသူများလည်းရှိသည်။

အမျိုးသမီးများအတွက် ကာကွယ်ဝန်ဆောင်မှု

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုခံရခြင်းမှလျော့ပါးစေရေးအတွက် တိုင်းဒေသကြီးအသီးသီးရှိ လူမှုဝန်ထမ်းရုံးများနှင့် ခရိုင်၊ မြို့နယ်လူမှုရုံးများကို ချိတ်ဆက်ပြီး Help Line အကူအညီတောင်းခံနိုင်ရေး ဖုန်း ၀၆၇- ၃၄၀၄၂၂ နှင့် ၀၆၇-၃၄၀၄၉၉ တို့ကို ဖွင့်လှစ်ခဲ့ပြီး တိုင်ကြားမှုများကိုလည်း လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်သွယ်ရေး အကူအညီတောင်းခံရာတွင်လည်းဖုန်းဖြင့် ဆက်သွယ်ခြင်းအပြင် Viber သို့မဟုတ် Messenger များဖြင့်ပါ တိုင်ကြားနိုင်ရေးအတွက် တိုးချဲ့ဆောင်ရွက်ထားသည်။ တိုင်ကြားလာသည့် အမှုများကိုလည်း သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်လူမှုဝန်ထမ်းရုံးများသို့ လွှဲပို့ရာတွင် သက်ဆိုင်ရာဒေသက အကြမ်းဖက်ခံရသူများကို ပံ့ပိုးပေးမှုအနေဖြင့် အကြမ်းဖက်ခံရသည့် အမျိုးသမီးများကို ယာယီလက်ခံဆောင်ရွက်ပေးနိုင်ရေးအတွက် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ လားရှိုး၊ ကယား စသည့်နေရာ ငါးနေရာတွင် One Stop Women Support Centre (OSWSC)များ ဖွင့်လှစ်ထားရှိပြီး ဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။

အထူးသဖြင့် ကိုဗစ်ကပ်ရောဂါ အကျပ်အတည်းကာလသည် ကမ္ဘာတစ်ဝန်းရှိအမျိုးသမီးများအပေါ် အိမ်တွင်းအကြမ်းဖက်မှုကို သိသိသာသာမြင့်တက်စေခဲ့သည်။ အမျိုးသမီးအများစုသည် အိမ်မှုတာဝန်နှင့်ဆက်စပ်နေသော ဝန်ထုပ်ဝန်ပိုးတို့ကြောင့် စိတ်ဖိစီးမှုတိုးလာကြရသည်။ အလုပ်အကိုင်များဆုံးရှုံးမှုတို့ကြောင့် စားဝတ်နေရေးကျပ်တည်းလာသည်။ ကျောင်းများပိတ်ထားရသဖြင့် ဆယ်ကျော်သက် မိန်းကလေးများ စိတ်ဖိစီးမှုများလာသကဲ့သို့ နိုင်ငံအချို့တွင် အရွယ်မတိုင်မီအတင်းအကျပ် လက်ထပ်ခံခဲ့ရသည်။ သို့ဖြစ်၍ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုကို ရပ်တန့်စေမည့်တစ်ခုတည်းသောနည်းလမ်းမှာ ထိုအပြုအမူမျိုးကို လူ့အသိုင်းအဝိုင်းတစ်ခုလုံးက မလွဲမသွေဆန့်ကျင်ကြရန်သာဖြစ်သည်။

အချုပ်အားဖြင့် ဆိုရလျှင် ကျား၊ မ တန်းတူညီမျှမှုနှင့် ကမ္ဘာအနှံ့ရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား စွမ်းဆောင်ရည်မြှင့်တင်မှုသည် ကုလသမဂ္ဂ၏ အခြားသောရည်မှန်းချက်ဖြစ် သည့် ဆင်းရဲမွဲတေမှုကိုပုံစံအမျိုးမျိုဖြင့် အဆုံးသတ်ခြင်း၊ ငတ်မွတ်ခေါင်းပါးမှုကိုတိုက်ဖျက်ခြင်း၊ စားနပ် ရိက္ခာဖူလုံမှုရရှိခြင်း၊ လူတိုင်းအတွက် သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်ရရှိစေခြင်းတို့နှင့်လည်း ဆက်နွှယ်လျက်ရှိသည်။

အထူးသဖြင့် အမျိုးသမီးများပညာရည်မြင့်မားခြင်းသည် ၎င်းတို့၏ စဉ်းစားတွေးခေါ်မှု၊ ဗဟုသုတ၊ စွမ်းဆောင်ရည်နှင့် အလုပ်အကိုင်အခွင့်အလမ်းများကို တိုးပွားစေနိုင်သဖြင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ မြင့်တက်လာရေးနှင့် တိုက်ရိုက်အချိုးကျနေသည်။ ထို့ကြောင့် နိုင်ငံများအနေဖြင့် အမျိုးသမီးများ ပညာသင်ယူခွင့်ကို နည်းလမ်းပေါင်းစုံဖြင့် လမ်းဖွင့်ပေးထားရန်လိုအပ်သည်။

သို့ပါ၍ အမျိုးသမီးများ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးတို့အတွက် အကြမ်းဖက်ခံရမှုကို ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်သည့် ဥပဒေများ နိုင်ငံအတွင်းရှိရမည်ဖြစ်သလို တစ်အိမ်ထောင်၊ တစ်မိသားစုမှသည် အကြမ်းဖက်မခံရမည့် လုံခြုံသည့်ပတ်ဝန်းကျင်ကို အားလုံးပေါင်းစုံဖန်တီးပေးနိုင်မှသာ အမျိုးသမီးများ ဘဝသာယာလှပနိုင်တော့မည်ဖြစ်ပါကြောင်း အကြံပြုရေးသားလိုက်ရသည်။ ။