ချစ်ကြည်သံများပဲ့တင်ထပ်နေသော ရုရှား- မြန်မာဆက်ဆံရေး
တက္ကသိုလ်မြတ်သူ
စာပေနယ်၊ စာနယ်ဇင်းနယ်တွင် အချိန်ပြည့်လုပ်ကိုင်နေသောကာလ၌ ပြည်ပသို့သွားရောက် လေ့လာခွင့်၊ ပါဝင်တက်ရောက်ခွင့်များရရှိခဲ့သည်။ ကျွန်တော်၏ ပထမဆုံးသော ပြည်ပခရီးစဉ်မှာ ၁၉၅၈ ခုနှစ် အောက်တိုဘာလအတွင်း ဆိုဗီယက်ပြည်ထောင်စု(ရုရှား)၌ ပထမဆုံးအကြိမ်ကျင်းပသော အာရှ-အာဖရိက စာရေးဆရာများညီလာခံသို့ တက်ရောက်ရသော ခရီးဖြစ်သည်။
ဆရာကြီးဇေယျ ခေါင်းဆောင်သော မြန်မာစာရေးဆရာအဖွဲ့တွင် ဆရာကြီးဇေယျ (အဖွဲ့ခေါင်းဆောင်)၊ ဦးဘဝင်း (ဘာသာပြန်စာရေးဆရာကြီး)၊ ဦးသာညွန့် (တက္ကသိုလ်ညွန့်ဦး) (စာပေဗိမာန်စာပြုနှင့် စာတည်းမှူး)၊ ဦးကြည်မြ (မန္တလေးမှ စာရေးဆရာ) ၊ ဦးခင်မောင်ရီ(အဖွဲ့ အတွင်းရေးမှူး) (စာရေးဆရာ သတင်းစာဆရာ)၊ ဒေါင်းနွယ်ဆွေ (ကဗျာဆရာ၊ မဂ္ဂဇင်းအယ်ဒီတာ)၊ တက္ကသိုလ်မြတ်သူ (စာရေးဆရာ၊ သတင်းစာဆရာ) တို့ဖြစ်ကြသည်။
ထိုစဉ်က ဝန်ကြီးချုပ်ဦးနုသည် သူကိုယ်တိုင်...စာရေးဆရာ၊ ပြဇာတ်ရေးဆရာဖြစ်၍ ကျွန်တော်တို့အဖွဲ့ကိုဖိတ်ခေါ်ပြီး ညစာတည်ခင်းဧည့်ခံသည်။ အာရှ-အာဖရိက စာရေးဆရာများ ညီလာခံသို့ပေးပို့သော သဝဏ်လွှာကို ပေးလိုက်၏။ မြန်မာစာရေးဆရာကိုယ်စားလှယ်အဖွဲ့ ပထမတန်းမှစီးနိုင်အောင် လေယာဉ်ခစရိတ်ငွေ ထောက်ပံ့သည်။
အာရှ- အာဖရိက စာရေးဆရာညီလာခံ
ပထမအကြိမ် အာရှ-အာဖရိက စာရေးဆရာညီလာခံကို ဆိုဗီယက်ပြည်ထောင်စု ဥဇဘက်ကစ္စတန် မြို့တော်တာ့ရှ်ကင့်တွင် ၁၉၅၈ ခုနှစ် အောက်တိုဘာ ၇ ရက်မှစ၍ ရက်သတ္တတစ်ပတ်ကြာကျင်းပသည်။ ကျွန်တော်တို့အဖွဲ့သည် အောက်တိုဘာ ၁ ရက်မှာပင် အိန္ဒိယလေကြောင်းလိုင်းဖြင့် နယူးဒေလီမြို့သို့သွားပြီး နယူးဒေလီမှ တာ့ရှ်ကင့်သို့ ဆိုဗီယက်ရုရှားလေကြောင်းလိုင်း အဲရိုဖလုတ်တီယူ ၁၀၄ ဖြင့် ခရီးဆက်ကြသည်။
အောက်တိုဘာ ၂ ရက် နံနက်ခင်းမှာပင် အဲရိုဖလုတ်လေယာဉ်သည် ဟိမဝန္တာ တောင်တန်းကြီးကို ဖြတ်ကျော်ပျံသန်းသည်။ ကျွန်တော့်ရှေ့ထိုင်ခုံတွင် ထိုင်လိုက်ပါသော ဆရာဇေယျက “ဟေ့ ကိုယ့်လူတို့ အောက်ကိုငုံ့ကြည့်စမ်း။ တို့တစ်တွေ စာတွေမှာသာ ဖတ်ရှုသိခဲ့ရတဲ့ ဟိမဝန္တာတောင်၊ ဝင်္ကပါတောင်က တောဂနိုင်မြိုင်ရဲ့ အလှအပကို ဟိုတုန်းက မင်းဘူးဦးဩဘာသရဲ့ ဝေဿန္တရဇာတ်တော်ကြီးထဲက ဟိမဝန္တာချီးမွမ်းခန်းကို ဖတ်ရုံဖတ်ခဲ့ရတာ။ အခုတို့အောက်မှာ ရောက်နေပြီ။ တို့တစ်တွေ ကုသိုလ်ထူးတာပဲ။ ဝေဿန္တရ၊ မိဖုရား မဒ္ဒီဒေဝီနဲ့ သားတော်၊ သမီးတော် ဇာလီတို့၊ ကဏှာဇိန်တို့နေတဲ့ ကျောင်းသင်္ခမ်းနေရာ၊ ဦးကြော့ရဲ့ စုံနံ့သာမြိုင် လင်ပျောက်ရှာပုံတော်ကြီးထဲက နန်းတွင်းသူလေး လင်ပျောက်လို့လိုက်ရှာတဲ့ ဝင်္ကပါတောင်နေရာ၊ ဒုကူလနဲ့ ပါရိကရဲ့ ရသေ့မိဘနှစ်ပါးကို သစ်သီးဝလံရှာဖွေပြုစုကျွေးမွေးနေတဲ့ သားလိမ္မာသုဝဏ္ဏသာမကို ဗြဟ္မဒတ်မင်းကပစ်လိုက်တဲ့ မြားဒဏ်ကြောင့် မေ့မြောနေတဲ့အတွက် မိဘနှစ်ပါးက သစ္စာဆိုပြီး ပြန်ရှင်လာတဲ့နေရာတွေဟာ အခုတို့ရဲ့အောက်မှာကွ။ အခုအချိန်အထိ ဟိမဝန္တာတောင်ကြောကြီးကိုဖြတ်ပြီး ပျံတဲ့လေယာဉ်လိုင်းကလည်း ဆိုဗီယက်ရုရှား အဲရိုဖလုတ်လိုင်းတစ်ခုပဲရှိသေးတယ်လို့ ပြောကြ တယ်” ဟု ပြော၍ ကျွန်တော်တို့အားလုံး ငုံ့ကြည့်မိကြသည်။
လေယာဉ်ပေါ်တွင် အတူပါလာသော တက္ကသိုလ်မှ ကိုမောင်မောင်ညွန့် (မင်းလှညွန့်ကြူး)နှင့် ကိုကျော်မောင်တို့သည် မော်စကိုတက္ကသိုလ်နှင့် လီနင်ဂရက် (ယနေ့ စိန့်ပီတာစဘတ်မြို့) တက္ကသိုလ်တွင် မြန်မာစာပို့ချမည့်ဆရာများဖြစ်ရာ သူတို့နှစ်ယောက်ကပါ ခေါင်းတဆတ်ဆတ် ညိတ်ရင်းငုံ့ကြည့်လိုက်ကာ ဆရာဇေယျကို လေးစားကြည်ညိုသောအကြည့်ဖြင့် ကြည့်နေကြလေသည်။ ဟိမဝန္တာကျော်ပြီးသည်နှင့် ဥဇဘက်ကစ္စတန်မြို့တော် တာ့ရှ်ကင့်လေဆိပ်သို့ ဆိုက်ရောက်သည်။
ဝန်ကြီးချုပ်သဝဏ်လွှာဖတ်ကြား
အာရှ-အာဖရိက စာရေးဆရာများ တည်းခိုနေထိုင်ရန် ဟိုတယ်ကြီးနှင့် မျက်နှာချင်းဆိုင်တွင် အာရှ-အာဖရိက စာရေးဆရာများညီလာခံကျင်းပမည့် အလီရှာနိုဖာရီဇာတ်ရုံကြီးမှာ ခံ့ညားသည်။ ညီလာခံမစတင်မီ တာ့ရှ်ကင့်မြို့တော်တစ်ခွင်မှ ပြတိုက်များ၊ ဘဲလေး အကသင်တန်းကျောင်း၊ စုပေါင်းလယ်ယာတို့ကို လေ့လာရသည်။ ဥဇဘက်မှ နံပြားသည် ထမင်းစားတိုက်ပန်းကန်အရွယ်ရှိပြီး နံပြားအသားကတစ်လက်မသာသာထူသည်။ ညဘက်တွင် ဝန်းကျင်ရပ်ကွက်များမှ ဥဇဘက်ဗုံသံများ၊ သီချင်းသံများကြားရသည်။ ရာသီဥတုကလည်း ဆောင်းတွင်း၌ မိုးရွာသောရာသီဥတုဖြစ်၍ စပျစ်ပင်၊ ပန်းသီးပင်၊ သစ်တော်ပင်များကို လက်ညှိုးထိုးမလွဲ တွေ့ရသည်။
ညီလာခံသို့ အာရှနှင့်အာဖရိကနိုင်ငံများမှ စာရေးဆရာများ တက်ရောက်ကြသည်။ ရုရှားနိုင်ငံ အရှေ့ပိုင်း အာရှအပိုင်းကျရောက်သော ပြည်နယ်များမှ စာရေးဆရာများ တက်ရောက်ကြသည်။ ဥရောပအပိုင်းကျရောက်သော ရုရှားများ၊ အရှေ့ဥရောပနိုင်ငံများမှ စာရေးဆရာများက လေ့လာသူအဖြစ် တက်ရောက်ကြသည်။
အောက်တိုဘာ ၇ ရက် ညနေတွင် ညီလာခံခန်းမ၏အပေါ်ထပ်တွင် နိုင်ငံတကာစာအုပ်ပြပွဲ ဖွင့်လှစ်ပြီးနောက် ညီလာခံဖွင့်ပွဲကျင်းပသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့က ရှေ့ဆုံးတန်းတွင်ထိုင်ကြရသည်။ ဦးသာညွန့်ကို ညီလာခံကျင်းပရေးကော်မတီတွင် ပါဝင်ဆောင်ရွက်ရန် ကြိုတင်လွှတ်ပေးရသည်။ ဆရာဇေယျက သဘာပတိအဖွဲ့တွင် ပါဝင်သည်။ ဝန်ကြီးချုပ်ဦးနု၏ သဝဏ်လွှာကိုဖတ်ကြားသည်။ ညီလာခံကျင်းပရာ တစ်ဝိုက်တွင် ဥဇဘက်ကစ္စတန်ပြည်သူများ စုဝေးလာရောက်ကာ ညီလာခံကိုယ်စားလှယ်များကို နှုတ်ဆက်ကြသည်။ မိတ်ဆက်ကြသည်။
ရင်းနှီးပွင့်လင်းစွာဆွေးနွေး
ညီလာခံသဘာပတိအဖွဲ့တွင် ဥဇဘက်ကစ္စတန်သမ္မတ ရာရှီးဒေါဗ်၊ ဥဇဘက်ကဗျာဆရာမကြီး ဇူလ်ဖီးယတ်စ်၊ မြန်မာနိုင်ငံမှ ဆရာဇေယျ၊ တရုတ်နိုင်ငံမှမော်တွန်း၊ ရုရှားစာရေးဆရာကြီး တီခိုနော့ဗ်တို့ပါဝင်ကြသည်။ ညီလာခံအဖွင့် မိန့်ခွန်းပြောကြားသော ရာရှီးဒေါ့ဗ်က “ကျွန်တော်တို့ညီလာခံဟာ ကမ္ဘာ့လူသား သုံးပုံနှစ်ပုံနေထိုင်ရာ(ဝါ) လူဦးရေသန်းပေါင်း ၅၀၀၀ နေထိုင်ရာ အာရှ-အာဖရိကတိုက်ကြီးနှစ်ခု ကိုယ်စားပြုတာဖြစ်လို့ ကြီးကျယ်မြင့်မြတ်လှပါတယ်။ ဒါတင်မကသေးပါဘူး။ လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေးမြတ်နိုးတဲ့ ကမ္ဘာ့အခြားသော ပြည်သူသန်းပေါင်းများစွာက ထောက်ခံအားပေးလျက်ရှိတဲ့ ညီလာခံကြီးပါ။ လူ့ယဉ်ကျေးမှုဟာ ကမ္ဘာ့အရှေ့ခြမ်းလူသားများက စတင်ခဲ့ပါတယ်။ လူသားယဉ်ကျေးမှုစတင်ရာ ကမ္ဘာ့အရှေ့ခြမ်းမှာ ကိုလိုနီနယ်ချဲ့ တိမ်သလာဖုံးအုပ်နေတာတွေကို အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှုများနဲ့ ဖယ်ရှားကြပါမယ်။ ဒီနေရာမှာ ကျွန်တော်တို့ ကလောင်သမားတွေဟာ ကလောင်လက်နက်နဲ့ တိုက်ပွဲဝင်ကြရပါတယ်။ ဒီညီလာခံမှာ ပွင့်လင်းရင်းနှီးစွာဆွေးနွေးပြီး ကျွန်တော်တို့တစ်တွေရဲ့ အခန်းကဏ္ဍကို ဖော်ထုတ်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ထည့်သွင်းပြောကြားသည်။
ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမှုတိုးမြှင့်
ညီလာခံသို့ အာရှဒေသ၊ အာဖရိကဒေသနိုင်ငံများဖြစ်သည့် အင်ဂိုလာ၊ အယ်လ်ဂျီးရီးယား၊ အာဖဂန်နစ္စတန်၊ မြန်မာ၊ ဗီယက်နမ်၊ မွန်ဂိုလီးယား၊ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဖိလစ်ပိုင်၊ ဂျပန်၊ နိုင်ဂျီးရီးယား၊ အီဂျစ်၊ ဆိုမာလီယာ၊ ဆူဒန်၊ ဆိုဗီယက် ပြည်ထောင်စုမှ အာရှဒေသနိုင်ငံများဖြစ်သည့် အဇာဘိုင်ဂျန်၊ အာမေးနီးယား၊ ရုရှားပြည်နယ်စု(အရှေ့ပိုင်း)၊ ဂျော်ဂျီယာ၊ ကာဇက်စတန်၊ ကာဂျစ်ဇီးယား၊ တာဂျစ်ကစ္စတန်၊ တာမင်နစ္စတန်၊ ဥဇဘက်ကစ္စတန်တို့မှ စာရေးဆရာများ တက်ရောက်ကြသည်။
ညီလာခံစတင်ဖွင့်လှစ်ပြီးနောက် ကိုယ်စားလှယ်များကို ကော်မရှင်ငါးခုခွဲကာ (၁) ကလေးသူငယ်ပြဿနာ၊ (၂) အမျိုးသမီးများ၏ စာပေစွမ်းဆောင်ချက်၊ (၃) အာရှ- အာဖရိက နိုင်ငံများ၏ ပြဇာတ်အတတ်ပညာတိုးတက်ရေး၊ (၄) စာပေဇာတ်သဘင်၊ ရုပ်ရှင်၊ ရေဒီယိုလုပ်ငန်း၊ (၅) အာရှ-အာဖရိက စာရေးဆရာအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမှုတိုးမြှင့်ရေး စသည်တို့ဖြစ်သည်။ ညီလာခံပဉ္စမနေ့တွင် အာရှအာဖရိကနိုင်ငံများ၏ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ အကြောင်းများနှင့် ယင်းတို့နှင့် အနောက်ယဉ်ကျေးမှုဆက်နွှယ်ပုံအကြောင်း စာတမ်းကိုဖတ်ကြားပြီး ဆွေးနွေးကြသည်။ အောက်တိုဘာ ၁၃ ရက်တွင် ညီလာခံနိဂုံးချုပ်ပန်ကြားချက်ထုတ်ပြန်ပြီး ညီလာခံအောင်မြင်စွာ ပြီးစီးသည်။
မဲဇာတောင်ခြေ ရတုရွတ်ဆို
တာ့ရှ်ကင့်တွင် ရှိနေသောကာလ ညတိုင်းလိုလိုပင် ပဒေသာကပွဲ၊ အော်ပရာ၊ ဘဲလေးကဇာတ်၊ ရုပ်ရှင်တစ်ခုခု ကြည့်ဖြစ်သည်။ ပဒေသာကပွဲများတွင် ရုရှားကဗျာဆရာ၊ ဥဇဘက် ကဗျာဆရာတို့၏ ကဗျာရွတ်ဆိုသော အစီအစဉ်တစ်ခုအမြဲပါ၏။ မိမိတို့ရေးစပ်သောကဗျာများ ကို ဟန်ပါပါရွတ်ဆိုကြရာ၌ ဟန်ပန်မင်မောင်းကအစ ကဗျာနှင့်လိုက်ဖက်အောင် လှုပ်ရှားသရုပ်ဆောင်သွားကြသည်။ ကြည့်ကောင်းသကဲ့သို့ နားထောင်၍လည်းကောင်းသည်။
ကျွန်တော်နှင့်ဒေါင်းနွယ်ဆွေတို့လည်း တာ့ရှ်ကင့်အကြောင်း တွေ့မြင်ခံစားရသမျှကဗျာစပ်၍ ရွတ်ခဲ့ကြရသည်။ အလီရှာနိုဗီယီဇာတ်ရုံ၊ ဂေါ်ကီဇာတ်ရုံတို့တွင် အာရှအာဖရိကကဗျာရွတ်ပွဲများ လုပ်လေတိုင်း ကျွန်တော်တို့ကဗျာတက်ရွတ်ကြသည်။ တစ်ညနေတွင် နိုင်ငံစုံကဗျာရွတ်ပွဲ၌ တက်ရောက်ရွတ်ဆိုရန် စကားပြန်ကျောင်းသူ မယ်ဇူမိုဗီက လာရောက်ပြောသည်။
ဒေါင်းနွယ်ဆွေမှာ ဖျားနေ၍မလိုက်နိုင်။ ကျွန်တော်တစ်ယောက်တည်းလိုက်သွားပြီး လက်ဝဲသုန္ဒရရေးဖွဲ့ခဲ့သော မဲဇာတောင်ခြေအစ ချီရတုကို (တတ်နိုင်သမျှ) ဂီတသံနှော၍ ရွတ်ဆိုခဲ့သည်။ ဇာတ်ခုံပေါ်မှ နိုင်ငံစုံ ကဗျာဆရာ ဆရာမများရော ရုံပြည့်ရုံလျှံ ပရိသတ်ကပါ ဩဘာပေးခဲ့သည်။ ဟိုတယ်ပြန်ရောက်သောအခါ ဆရာဇေယျက ဟိုတယ်ဧည့်ဆောင်မှ ရုပ်မြင်သံကြားတွင် ကျွန်တော်ကဗျာရွတ်သည်ကို တွေ့ရ၍ ဝမ်းသာကြောင်းပြောပြသည်။ နိုင်ငံရေးကျမ်းများကို ဘာသာပြန်နေကျဆရာဦးဘဝင်းက “တာ့ရှ်ကင့်ရောက် မဲဇာတောင်ခြေ” ခေါင်းစဉ်ဖြင့် ချိုတေးသံမဂ္ဂဇင်းတွင် ဆောင်းပါးရေးသားခဲ့သည်။ တာ့ရှ်ကင့်တွင် ဥဇဘက်နှင့် ရုရှားစာနယ်ဇင်းများက ကျွန်တော်တို့၏ ကဗျာဆောင်းပါးများကို တောင်းယူဖော်ပြကာ ရုရှားနိုင်ငံသုံး ရူဘယ်ငွေများထုတ်ပေးကြသည်။ ဂေါ်ကီဇာတ်ရုံကဗျာရွတ်ပွဲ၌ ကမ္ဘာကျော် တူရကီကဗျာဆရာကြီး နာဇမ်ဟစ်(ခ်)နက်ကို တွေ့ရသည်။
ရုရှားပရိသတ်များ ဩဘာပေး
တစ်ညနေတွင် ဥဇဘတ်ကဗျာဆရာကြီး အီဘရာဟင်ရာ ဟီးမော့ဗ်နေအိမ်၌ အာရှအာဖရိကကဗျာဆရာများကို ညစာဖိတ်ကျွေးရာ ကျွန်တော်နှင့် ဦးဘဝင်း တက်ရောက်ခဲ့သည်။ နိုင်ငံအလိုက် ကဗျာများရွတ်ဆိုကြရသည်။ ဦးဘဝင်းကတိုက်တွန်းသဖြင့် ငြိမ်းချမ်းရေးသင်္ကေတ ချိုးဖြူလေးများအော်နေသည့် ဆိုဗီယက်ရုရှား၌ ကျွန်တော်က ကျောင်းသင်ဖတ်စာပါ ဒွေးချိုးတစ်ပုဒ်ကို သံနေသံထားဖြင့် ရွတ်ပြခဲ့ရသည်။ ပရိသတ်က ဩဘာပေးသည်။
“ချိုးနှစ်ကောင်၊ ထနောင်းပင်ညီနောင်က၊
လွမ်းအောင်ကူချွဲ။
ပန်းတော်ဖြူ ပင်မြက်နေဇာထူလှတယ်၊
ဖိုးတောင်သူတဲ။”
တာ့ရှ်ကင့်တွင်ရှိနေသခိုက် လီနင်ဂရက်မြို့တော်မှ မြန်မာဘာသာသင်ကျောင်းသူ ရုရှားမလေးလယ်နာက မိုင် ၅၀၀၀ ခရီးကို ရထားအတန်တန်ပြောင်းစီးပြီး တာ့ရှ်ကင့်သို့ ၁၅-၁၀-၁၉၅၈ ရက်တွင် ရောက်လာ၏။ မော်စကိုရေဒီယိုတွင်အလုပ်လုပ်သည့် ဦးကြင်ဝေ၏ဇနီး ဒေါ်ခင်အေးက လီနင်ဂရက်တက္ကသိုလ်သို့ တစ်ပတ်လျှင်သုံးရက် မြန်မာစာသွားသင်ပေးသဖြင့် မြန်မာဘာသာ၊ မြန်မာစာ အတော်အတန်တတ်နေသည့် ကျောင်းသား ကျောင်းသူများထဲမှ လယ်နင် (ဒေါ်ခင်အေးပေးထားသော မြန်မာနာမည် မစာ)သည် မြန်မာစာရေးဆရာများ တွေ့ရန် အမောတကောရောက်လာ၏။
ထိုနေ့ နေ့လယ်မှာပင် ကျွန်တော်တို့အားလုံး မော်စကိုသို့ လေယာဉ်ဖြင့်သွားရတော့မည်ကို သိသောအခါ လယ်နာ(မစာ)သည် ငိုမဲ့မဲ့ဖြစ်သွား၏။ သို့ဖြင့် ကျွန်တော်တို့က မော်စကိုကိုသာမက လီနင်ဂရက်သို့ ရောက်ကြမည်။ အဲဒီမှာ တွေ့ကြတာပေါ့ဟု နှစ်သိမ့်ခဲ့ရသည်။ လယ်နာ ခေါ် မစာသည် နောင်ရန်ကုန်တက္ကသိုလ်သို့ လာရောက်ကာ မြန်မာစာကိုတိုးမြှင့်သင်ယူခဲ့သည်။ သူ့နာမည်ကိုလည်းမလှကြော့ဟု လှတပတ မှည့်ထားသည်။ မြန်မာစောင်းကောက်ဖြင့် မြန်မာသီချင်းကြီးများစွာ တီးတတ်လာသည်။ ဆရာဇေယျက “လီနင်ဂရက်မှမစာ” ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးရေးသားခဲ့ပေသည်။
ရုရှားစာရေးဆရာကြီးလက်ဆောင်
မော်စကိုသို့အရောက် လေဆိပ်တွင် ရုရှားစာရေးဆရာသမဂ္ဂမှ လာရောက်ကြိုဆိုသည်။ မြို့လယ်ရှိ ယူကရိန်းဟိုတယ်တွင် နေရာချထားလေသည်။ မော်စကိုတွင် ဆောင်းဦးပေါက် အအေးဒဏ်ကြုံရပြီး ကျွန်တော်တို့သည် ညီလာခံခရီးစဉ်တစ်လျှောက် ချည်လုံချည်တိုက်ပုံ အင်္ကျီတို့ ဝတ်ခဲ့ကြသည်။ ကျွန်တော်၏ ဝတ်စုံပါးပါးကိုကြည့်ကာ မော်စကိုတစ်ခွင် လှည့်လည်ပြသသော ရုရှားစကားပြန် အမျိုးသမီးကြီး လီဒီယာက ကျွန်တော့်ကိုကြည့်ပြီး ကြက်သီးထပြကာ “ဒီသူငယ်တော့ အအေးမိတော့မှာပဲ” ဟု ဗျစ်တောက်ဗျစ်တောက် လုပ်တတ်သည်။ ထိုအခါ ရှေ့ကဦးဆောင်နေသော ရုရှားစာရေးဆရာကြီး နီနော့ဖ်သူက လောင်းကုတ်အင်္ကျီကိုချွတ်ကာ ကျွန်တော့်ကို ဝတ်ပေးလေသည်။
အောက်တိုဘာ ၁၆ ရက်မှစပြီး မော်စကိုတစ်ခွင် လှည့်လည်လေ့လာကြည့်ရှုကြသည်။ ပြတိုက်များ၊ မော်စကိုတက္ကသိုလ်၊ ထိုအချိန်က ကမ္ဘာတွင် အကြီးဆုံးဖြစ်နေသော မော်စကို အိုလံပစ် အားကစားရုံ၊ ရင်ပြင်နီ၊ ကရင်မလင် နန်းတော်ဝင်းအနှံ့နှင့် ဂွန်းခေါ် ပြည်သူ့နေ့စဉ်သို့ရောက်သည်။ လူဇန်ကီအရပ်တွင်ရှိသော လီနင်အိုလံပစ်အားကစားကွင်းသည် ပရိသတ်တစ်သိန်းခွဲဆံ့၍ ဥရောပတွင် အကြီးဆုံး၊ အပြည့်စုံဆုံးအားကစားကွင်းအဖြစ် ကျော်ကြားသည်။ မြေဧက ၃၃၀ ကျယ်သည်။ မော်စကိုမြို့တော်ကို မော့စကဘာမြစ်က ကွေ့ပတ်စီးဆင်းနေသည်။
ညဘက်နာမည်ကျော် ဘော်လ်ရွှိုင်းဇာတ်ရုံမှ အော်ပရာ (သီဆိုဇာတ်)ပွဲ ကြည့်ရသည်။ စကားမပြောသီချင်းဆို၍ ဇာတ်ခင်းသည့်ပွဲဖြစ်သည်။ ဒညစ်စပေါက်စကီးဇာတ်ရုံမှ ကမ္ဘာကျော် ကမ္ဘာ့ဂန္ထဝင်ဂီတစာဆိုကြီး ချိုက်ကော့ဗ်စကီး ရေးဖွဲ့သော Swan Lake (ငန်းရဲ့ပျော်ရာ ရေကန်) ဘဲလေးကဇာတ်ကပြသည်။ ဘဲလေးကဇာတ်သည်လည်း စကားမပြော၊ သီချင်းမဆို၊ ဘဲလေးကခြေသည်လေးများက ဂါဝန်တိုနှံ့နှံ့ဝတ်ပေး၊ အင်္ကျီလက်ပြတ်၊ ကိုယ်ကျပ်အင်္ကျီ၊ ဦးခေါင်းတွင် ပဝါဖြူများဖြင့် လိပ်ပြာပုံချိတ်ပန်းလေးများသီကုံးကာ ဇာတ်လမ်းဇာတ်ကွက် ကိုဖော်ပြသည်။ ဘဲလေးကခြေသည်များက ခြေဖျားထောက်ဖနောင့်မြှင့်ပြီး ကပြကြရာ ရေကန်ထဲတွင် ရေကူးမြူးထူးနေသော ငန်းမလေးများနှင့် တူလှသည်။
စိန့်ပီတာစဘတ်မြို့တော်သို့
အောက်တိုဘာ ၁၇ ရက် နံနက် ၁၀ နာရီခွဲတွင် ပေါ့(က်)ခေါ် နိုင်ငံတကာနှင့် ယဉ်ကျေးမှုဆက်သွယ်ရေးအသင်းကဖိတ်သဖြင့် ဆရာဇေယျ၊ ဦးဘဝင်း၊ ဦးကြည်မြနှင့် ကျွန်တော်တို့ သွားကြသည်။ နှစ်နိုင်ငံစာပေ၊ နှစ်နိုင်ငံယဉ်ကျေးမှုရေးရာများ နှီးနှောဖလှယ်ကြသည်။ မြန်မာစာပေအကျော်အမော်များ၏ အမှတ်တရအခမ်းအနားများ ကျင်းပလိုကြောင်း အဆိုပြုလိုက်ကြသည်။ အပြန်တွင် ဆိုဗီယက်စာပေမဂ္ဂဇင်းအတွက် ဆောင်းပါးတစ်ပုဒ်ရေးပေးခဲ့သဖြင့် ရူဘယ်ငွေ ၄၀၀ ရခဲ့သည်။ ရုရှားမှ အမှတ်တရပစ္စည်းများ ဝယ်ဖြစ်သွားသည်။ ည ၈ နာရီအချိန် လီနင်ဂရက်သို့သွားရန် ဘူတာဆင်းကြသည်။ ညလုံးပေါက်ခုတ်မောင်းသော လျှပ်စစ်ရထားဖြင့် လီနင်ဂရက်သို့ ၁၈ ရက် နံနက် ဝေလီဝေလင်းတွင် ရောက်သည်။ ဟိုတယ်ယူရုပ် (ဥရောပ) ဟိုတယ်တွင် တည်းကြသည်။
စိန့်ပီတာစဘတ်မြို့တော်၊ ပီထရိုဂရက်မြို့တော်၊ လီနင်ဂရက်မြို့တော်၊ ထင်ရှားကျော်ကြားသော လီနင်ဂရက်သည် ယဉ်ကျေးမှုမြို့တော်၊ ဆိုဗီယက်ဆိုရှယ်လစ်တော်လှန်ရေးမြို့တော်ဖြစ်သည်။ နီပါမြစ်က လီနင်ဂရက်ကို ခွေပတ်စီးဆင်းသည်။ မြစ်ကူးတံတားနှစ်ဖက်ထိပ်တွင် လက်ရာမြောက်ကြေးရုပ်များ တပ်ဆင်ထားသည်။ နီပါမြစ်တစ်နေရာ၌ မဟာအောက်တိုဘာတော်လှန်ရေး (၁၉၁၇)ကို အချက်ပေးဥဩဆွဲခဲ့သည့် အော်ရိုရာသင်္ဘောကို ရေပေါ်ပြတိုက်အဖြစ်ထားရှိသည်။ လီနင်ဂရက်မြို့တော်တွင် စိန့်ပီတာဘုရင်၏ နွေရာသီနန်းတော်၊ ဆောင်းရာသီနန်းတော်တို့ကို တွေ့ရသည်။ နန်းတော်အဆောက်အအုံကြီးများသည် ယနေ့အထိ ထီးခေတ်နန်းခေတ်ပြတိုက်ကြီးများအဖြစ် တွေ့ရသည်။ ပန်းချီအကျော်အမော်တို့၏ ပန်းချီကားကြီးများကိုလည်း ပြသထားသည်။
မြန်မာစကားချောချောမောမော
လီနင်ဂရက်တွင် ပြတိုက်မျိုးစုံ ၄၀ ကျော်၊ တက္ကသိုလ်ကောလိပ် ၅၀ ကျော်၊ စာကြည့်တိုက် မျိုးစုံ ၁၇၁၁ ရှိသည်။ ဆိုဗီယက်ခေါင်းဆောင် ဗလာဒီမာ အိလိယက်လီနင်က ရုရှားကို ကမ္ဘာ့ပထမဆုံးသော ဆိုရှယ်လစ်နိုင်ငံတည်ဆောက်ရန် မဟာအောက်တိုဘာ တော်လှန်ရေး ဆင်နွှဲစဉ်ကလီနင်နှင့်ဇနီး ရပ်စ်ကယ်ယားတို့နေခဲ့သည့် စမိုလ်နီအဆောက်အအုံ တတိယထပ် အခန်းနံပါတ် ၉၅ ကိုလည်း လေ့လာခဲ့ရသည်။ ခုတင်နှစ်လုံး၊ စားပွဲနှစ်လုံး၊ ကုလားထိုင်သုံးလုံး၊ ဗီရိုတစ်လုံး၊ ကြည့်မှန်တစ်ချပ်၊ မီးအိမ်တစ်လုံး၊ တယ်လီဖုန်းတစ်လုံး၊ ဆိုဖာသုံးလုံး တွေ့ခဲ့သည်။
အောက်တိုဘာ ၁၉ ရက်တွင် လီနင်ဂရက်တက္ကသိုလ်မှ မြန်မာစာကျောင်းသူ ကျောင်းသားများဖြစ်သည့် မစာ၊ မကိတ်၊ မမ၊ မစိန်တင်၊ မောင်ဉာဏ်တို့နှင့် တည်းခိုရာဟိုတယ်မှာပင်တွေ့ရ၍ မြန်မာစကား တစ်ဝကြီးပြောဖြစ်ကြသည်။ ရုရှားသံဝဲတဲတဲနှင့် သူတို့ပြောသော မြန်မာစကားက ချောချောမွေ့မွေ့ရှိသည်။ နောင်သူတို့သည် မော်စကိုရေဒီယို မြန်မာပိုင်းတွင် အလုပ်ဝင်လုပ်ကြသည်။ နေ့ခင်းဘက် လီနင်ဂရက်နှင့် မလှမ်းမကမ်းရှိ ရုရှားဂန္ထဝင်ကဗျာဆရာကြီး ပွတ်ရှ်ကင်၏ နေအိမ်ရှိရာရွာသို့သွားကြရာ ပွတ်ရှ်ကင်မွေးနေ့အခမ်းအနား ကျင်းပသည်နှင့်ကြုံ၍ ကဗျာဆရာအချို့က ကဗျာများဝင်ရွတ်ပြီး ပွတ်ရှ်ကင်ကိုဂုဏ်ပြုကြသည်။ ကျွန်တော်လည်း ဆရာဇေယျ၏ ခွင့်ပြုချက်ဖြင့် “ပွတ်ရှ်ကင်သို့” ကဗျာရေးစပ် ရွတ်ဆိုခဲ့သည်။
ပွတ်ရှ်ကင်သို့ မြန်မာကဗျာရွတ်ဆို
အို . . . ပွတ်ရှ်ကင်၊
သင်ရှိရာသို့၊ ချစ်ကြည်ဖို့အတွက်၊
ငါတို့ရောက်ကြချေပြီတကား။
သင့်စကားလုံး၊ ပြုံးသောကာရံ၊
သည်းဝယ်လျှံ၍ ခံစားရ။
အို-ပွတ်ရှ်ကင်၊
သင်၏ခွန်းဆက်၊ သံညောညက်ကို၊
မြော်လျက် ကြိုလင့်နေပြီ တမုံ့။
ပြုံးလော့ ပွတ်ရှ်ကင်၊
သင်သည် မသေ၊ စာခွေလင်္ကာ၊
သင့်ကဗျာများ . . . ၊
ကမ္ဘာဆုံးတိုင် ခိုင်ရော့မည်။
အို ပွတ်ရှ်ကင်၊
သင်နှင့်ကြုံကြိုက် ဆုံသည့်ခိုက်ဝယ်၊
သည်းခိုက်ခံစား၊ မေတ္တာများဖြင့်၊
ငါကား ဂုဏ်ပြုပါသည်။ ။
ပွတ်ရှ်ကင်၏အမျိုးနွယ်ထဲမှ အဘိုးအိုတစ်ယောက်က ကျွန်တော့်ကိုပွေ့ဖက်၍ ကျေးဇူးတင်စကားပြောသည်။ ပွတ်ရှ်ကင်သည် ရုရှနိုင်ငံတွင်ထင်ရှားသော ဂန္ထဝင်ကဗျာဆရာဖြစ်သည်။ သူနေသော နှစ်ထပ်အိမ်ရှေ့ပန်းခြံတွင်းမှ နောက်မီလက်တန်းပါသော ခုံတန်းလျားတွင်ထိုင်နေသော ပွတ်ရှ်ကင်၏ကြေးရုပ်တုကြီးကို တွေ့ရသည်။ ပွတ်ရှ်ကင်သည် ထိုခေတ်က ခေတ်စားသောမသင့်မြတ်သူချင်းချိန်း၍ ဓားခုတ်ကြရာ ပွတ်ရှ်ကင်သေဆုံးခဲ့သည်။
ဗုဒ္ဓရုပ်ပွားတော်များ မော်စကိုတွင်ပေါ်ထွန်း
လီနင်ဂရက်မြို့သားတို့က သူတို့မြို့သည် ယဉ်ကျေးမှုမြို့တော်၊ တော်လှန်ရေးမြို့တော်ဟု ဂုဏ်ယူသည်။ ယခုအခါ လီနင်ဂရက်ကို စိန့်ပီတာစဘတ်မြို့ဟု ပြန်လည်ခေါ်ဝေါ်ကြလေပြီ။ လီနင်ဂရက်မှအပြန် မော်စကိုရင်ပြင်နီရှိ လီနင်ဂူဗိမာန်သို့ သွားခဲ့ကြရသည်။ လီနင်သည် ဖလ်ပေါင်းချောင်အတွင်း၌ အိပ်ပျော်နေဟန်ဖြင့် လဲလျောင်းနေသည်။ ဆေးများဖြင့်စီရင်ထားသည့် ဂူဗိမာန်အပေါ်၌ ဆိုဗီယက်ခေါင်းဆောင်များ၏ ဗိုလ်ရှုခံ စင်မြင့်သဖွယ် တည်ဆောက်ထားသော မလှမ်းမကမ်းရှိ ကရင်မလင်နန်းတော် တံတိုင်းအခြေတွင် ရုရှစာရေးဆရာ မက္ကဇင်ဂေါ်ကီ၊ ကလာရာဇက်ကင်၊ လီနင်၏မိတ်ဆွေ ကမ္ဘာကို ကိုင်လှုပ်သော “ရိုဆက်ရက်” စာအုပ်ရေးသူ အမေရိကန်သတင်းစာဆရာ ဂျွန်ရိ(ဒ်)၊ ယာကော့ဆေးဒ်လော့၊ ကေဂျီဘီတည်ထောင်သူ ဖဲလစ်ဇာဇင်စကီး၊ ကလင်နင်၊ ဖရစ်လောက်ကလေ စသည့်ပုဂ္ဂိုလ်တို့၏ သင်္ချိုင်းကို ပန်းစည်း၊ ပန်းခွေ၊ ပန်းခြင်းများဖြင့် ဂုဏ်ပြုလေသည်။
ကရင်မလင်နန်းမြို့ရိုးနှင့် ဂွန်းဈေးကြီးအကြား လွင်ပြင်ကျယ်ကို အုတ်ခဲများထောင်စီလေသဖြင့် ရင်ပြင်နီဟုခေါ်ကြသည်။ ရင်ပြင်နီအဝင်တွင် ကြက်သွန်ဥကြီးပုံသဏ္ဌာန်အထွတ်တင် ရောင်စုံခြယ်ထားသည့် အော်သိုဒေါ့ ဂရိရှေးဟောင်းခရစ်ယာန်ဘုရားကျောင်းရှိသည်။ ကရင်မလင် နန်းတော်ဝင်းအတွင်း အနှံ့ဝင်ကြည့်ကြသည်။
ကရင်မလင်နန်းမြေတွင် ဘုရားကျောင်း ခြောက်ကျောင်းရှိသည်။ ၁၉၁၇ ခုနှစ်တွင် လီနင်အာဏာရပြီးနောက် ပထမဆုံးထုတ်ပြန်သော အမိန့်ဒီဂရီမှာ ဘာသာရေးလွတ်လပ်ခွင့်ဒီဂရီဖြစ်သည်။ ခရစ်ယာန်ဘုရားကျောင်း၊ မွတ်စလင်ဗလီ၊ မွန်ဂိုဗုဒ္ဓဘာသာဘုရားကျောင်းများကို ပြုပြင်ထိန်းသိမ်းပေးထားသည်။ မကြာမီကပင် ထေရဝါဒဗုဒ္ဓဘာသာ စေတီပုံ၊ ဗုဒ္ဓရုပ်ပွားတော်များ မော်စကိုတွင် ပေါ်ထွန်းလာခဲ့ပေပြီ။
ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းကြီး
အိုင်ဗန်သဂရိတ်ခေါင်းလောင်းမျှော်စင်သည် ကရင်မလင်တွင် အမြင့်ဆုံးဖြစ်၏။ အဆောင်နှစ်ခုပါဝင်ကာ ပင်မအဆောင်၌ ခေါင်းလောင်း ၂၁ လုံး တပ်ဆင်ထားသည်။ အဆောင်ထိပ်၌ ကြက်သွန်နီဥသဏ္ဌာန် အထွတ်တင်လေသည်။
ခေါင်းလောင်းမျှော်စင်ပေါ်တွင် ဇာကိုလိုကိုခေါ်ဇာဘုရင်ခေတ် ခေါင်းလောင်းကြီးရှိသည်။ တန်ချိန် ၂၀၀ ရှိ၍ ခေါင်းလောင်း၏တစ်နေရာ၌ လူတစ်ရပ်စာခန့်ကွဲထွက်နေသည်။ ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းဟု ဂုဏ်ယူနေကြရာ အနီးအနား၌ ဇာအမြောက်ကြီးကိုလည်း တွေ့ခဲ့ရသည်။
ကရင်မလင်မြေအောက်ပြတိုက်ကြီးကို တအံ့တဩဆင်း၍ကြည့်ခဲ့ရသည်။ နန်းသုံးပစ္စည်းခုံ၊ နန်းတွင်းရတနာခုံ၊ ဓား၊ ဒူးလေး စသည့် လက်နက်စုံ၊ ၁၂ ရာစု ပန်းပညာကျော်တို့ ပန်းချီ၊ ပန်းပု၊ ပန်းထိမ် စသည့် ပန်းပညာရပ် လက်ရာများ၊ ဇာဘုရင်များ စီးနင်းသော ရတနာ စီခြယ်ထားသည့် ရထားလုံးကြီးများကို သားရေခွာရုပ်လုံးသွင်းထားသော ပေါင်းဝတ်ဖြူမြင်းကြီးများကလျက် တွေ့ရသည်။ ရတနာရွှေ၊ ငွေ ကျောက်သံပတ္တမြားစီ၊ စိန်စီသော နန်းသုံးရွှေလင်ပန်း၊ ရွှေဇွန်း၊ ရွှေခက်ရင်း၊ ရွှေပန်းကန်၊ ရွှေဓား၊ ရွှေပွဲတော်အုပ်များ တွေ့ရသည်။ ခရစ်ယာန်သမ္မာကျမ်းစာများကို အမြင့်လေးပေ၊ အကျယ် နှစ်ပေ၊ ထု ၁၀ လက်မအရွယ် ရွှေပြားများအပေါ်ရေးထွင်းကာ မျက်နှာဖုံးများကို စိန်မြရံခြယ်ထားသော ရွှေဖုံးများဖုံးထားသည်များကို အမြောက်အမြားတစီတတန်းတွေ့ခဲ့သည်။ နန်းတွင်းသုံး ကလောင်တံ၊ မင်အိုး၊ လီနင်ကအစ၊ မျက်နှာကြက်ဆွဲ မီးခြူးအုံများကိုလည်း တွေ့ရသည်။ မြေအောက်ရတနာနန်းပြတိုက်ကို နေ့တစ်ဝက်သာသာ ကြည့်ရသည်။ ညဘက်ဆပ်ကပ်၊ စီနီမာမြင်ကွင်း ၁၈၀ ဒီဂရီရုပ်ရှင်များ ကြည့်ရသည်။
ပြည်သူတွေကို ဘယ်လောက်စည်းရုံးထားနိုင်လဲ
အောက်တိုဘာ ၂၄ ရက်ည ၇ နာရီအချိန် ကရင်မလင်နန်းတွင်းရှိ ဆိုဗီယက်ဦးစီးလွှတ်တော်ချုပ်ခန်းမ၌ နိုင်ငံတော်ဝန်ကြီးချုပ် ဆာဂျီယေးဗစ်နီကီ ခရုရှက်ပ်က အာရှ-အာဖရိက စာရေးဆရာများကို ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံကာတစ်နိုင်ငံချင်း၊ တစ်ဖွဲ့ချင်း၊ တစ်ယောက်ချင်းစီကို နှုတ်ဆက်သည်။ ညစာစားပွဲမစမီမှာပင် အလုပ် ကိစ္စဖြင့်ရန်ကုန်သို့ မဖြစ်မနေပြန်ကြမည့် ဆရာဇေယျ၊ ဦးဘဝင်း၊ ဦးခင်မောင်ရီ၊ ဒေါင်းနွယ်ဆွေတို့ လေဆိပ်ဆင်းသက်ကြသည်။ ဦးကြည်ဖြူ၊ ဦးဘညွန့်နှင့် ကျွန်တော်တို့သာ ညစာစားပွဲတက်နိုင်ကြလေသည်။ ဝန်ကြီးချုပ်ခရုရှက်ပ်က ကျွန်တော်တို့မြန်မာ ကိုယ်စားလှယ်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။ မြန်မာနိုင်ငံသို့ သူရောက်ရှိခဲ့သော ခရီးစဉ်ကို အမှတ်တရပြန်ပြောပြသည်။
ဝန်ကြီးချုပ်ခရုရှက်ပ် ရန်ကုန်သို့ရောက်စဉ်က ဖြစ်ရပ်တစ်ခု ကျွန်တော်မှတ်မိသည်။ ထိုစဉ်က ဦးဗဆွေ(ထားဝယ်)သည် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်နေသည်။ ခရုရှက်ပ်ကို ရွှေတိဂုံစေတီတော်သို့ ခေါ်သွားပြီးပြသသည်။ တစ်နေရာ၌ ဦးဗဆွေက ဘုရားထိုင်ဖူးသည်။ အတန်ငယ်ကြာသွားသဖြင့် ဘေးမှရပ်နေသည့် ခရုရှက်ပ်ကိုသတိရပြီး မျက်စိပြန်ဖွင့်လိုက်သည်။ ခရုရှက်ပ်သည်လည်း ဒူးထောက်၊ မျက်လုံးစုံမှိတ်၊ လက်အုပ်ချီကန်တော့နေသည်ကို တွေ့ရသည်။ ဦးဗဆွေက မေးခွန်းထုတ်လိုက်သည်။ ခရုရှက်ပ်ကဦးဗဆွေအား ဤသို့ ပြန်မေးလိုက်သည်ကို အနီးကပ်သတင်းသမားများက သိလိုက်ကြသည်။
“ဦးဗဆွေ ခင်ဗျားဟာ နိုင်ငံရေးခေါင်းဆောင်ကြီးလည်းဖြစ်တယ်။ ဝန်ကြီးချုပ်လည်းဖြစ်တယ်။ မြန်မာပြည်သူ ဘယ်နှယောက်ကို ခင်ဗျားစည်းရုံးထားနိုင်ပြီလဲ။ ဘယ်လောက်ကြာကြာ စည်းရုံးပေးနိုင်မှာလဲ။ ဗုဒ္ဓဟာ ကမ္ဘာ့လူသားသန်းကုဋေများစွာကို စည်းရုံးဟောပြော ပေးနိုင်ခဲ့တယ်။ နှစ်ပေါင်းလည်း ၂၅၀၀ ကျော်နေပြီ။ ခုထက်ထိလည်း ဗုဒ္ဓကို ယုံကြည်ကိုးကွယ်ကြတုန်း၊ ကျွန်တော်တို့ဟာ ဗုဒ္ဓရဲ့ တရားဓမ္မပြ စည်းရုံး(သာသနာပြု)ထားနိုင်တဲ့ ဂုဏ်ပုဒ်ကို ကျွန်တော်လေးစားဂါရဝပြုရမယ်။ မြန်မာနိုင်ငံမှာ ခင်ဗျားတို့မြန်မာတွေ ဘုရားကိုအလေးထားဂါရဝပြုသလို ကျွန်တော်လည်း လက်အုပ်ချီတာပေါ့ဗျာ”
ရုရှားစကားပြောတတ်လာ
ခရုရှက်ပ်က ကျွန်တော်တို့ကို မြန်မာနိုင်ငံခရီးစဉ် ပြန်ပြောင်းသတိတရပြောသဖြင့် ကျွန်တော်တို့ ဝမ်းသာကြရသည်။ နောက်တစ်နေ့ အောက်တိုဘာ ၂၅ ရက်နံနက်တွင် ကျွန်တော်တို့ အပြန်ခရီးဖြစ်သည်။ မော်စကိုတွင် ရက်အနည်းငယ်ကြာကြာနေရသဖြင့် အောက်ပါ ရုရှားစကား တစ်လုံးစနှစ်လုံးစ ကျွန်တော်ပြောတတ်လာသည်။
စပါးဆီးဘား - ကျေးဇူးတင်ပါတယ်
ခါးရာရှိုး - ကောင်းတယ်
အောချီခါရာရှိုး - သိပ်ကိုကောင်းတယ်
ဒရူးဇဘာ - ချစ်ကြည်ရေးရောက်ရှိခဲ့သည်။
မီးရာမီးရူး - ကမ္ဘာ့ငြိမ်းချမ်းရေး
ဒါ - ဟုတ်ကဲ့ပါ Yes
ညဲ့ - မဟုတ်ပါ No
ဒစ်ဇဘစ်ဒိုင်းနီးယား- သွားပါဦးမယ် Good bye
မိတ်ကောင်းဆွေကောင်း ရုရှားမိတ်ဆွေ
၁၉၆၂ ခုနှစ် ဇူလိုင်၊ ဩဂုတ်လတွင် ဟယ်လ်ဆင်စကီး ကမ္ဘာ့လူငယ်ပွဲတော်တက်အပြီး မော်စကိုတွင် တစ်ပတ်ကြာကာ ၁၉၇၃ ခုနှစ် ပိုလန်ခရီးစဉ်အပြီး မော်စကိုတွင် တစ်ပတ်ဆယ်ရက်ကြာ ရောက်ရှိနေခဲ့ဖူးပါသည်။ ပိုလန်မှအပြန် မော်စကိုသို့ ဝင်ဖြစ်သည်မှာ APN ရုရှားသတင်းဌာနလည်း ဖိတ်၊ ကျွန်တော်၊ ကိုဝင်းတင်(ဟံသာဝတီ)၊ ကိုကြည်ညွန့် (မြန်မာ့အလင်း)၊ ကိုစိုးမင်း (လုပ်သားပြည်သူ့နေ့စဉ်)၊ ကိုသန်းဆွေ(ဗိုလ်တထောင်)တို့ ငါးဦးအား ပြန်ကြားရေးဝန်ကြီးမှတစ်ဆင့် နိုင်ငံတော်က သတင်းစာရိုက်သောစက္ကူများ ရအောင်ဝယ်ခဲ့ရန်မှာသည်။ ပိုလန်သည်လည်း ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်တို့လို စက္ကူများ ထုတ်လုပ်သည်။
၁၉၇၃ အာရပ်ရေနံနိုင်ငံများက အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်နှင့် ဥရောပအရင်းရှင် နိုင်ငံများကို ရေနံတင်ပို့ခြင်းမပြုဘဲ ရေနံသပိတ်မှောက်၍ အနောက်နိုင်ငံများ ကုန်ထုတ်လုပ်မှုများ ကျဆင်းသွားသည်။ မြန်မာနိုင်ငံမှာလည်း ၁၉၇၃ ခုနှစ် ဒီဇင်ဘာလတွင် ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို ပြည်လုံးကျွတ်ဆန္ဒခံယူရန်ရှိ၍ သတင်းများများရေးသားလှုံ့ဆော်ရမည်။ ယခုပုံနှိပ်စက္ကူ ပြတ်လပ်တော့မှာဖြစ်၍နိုင်ငံပိုင် သတင်းစာများနောက်ပိုင်း နေ့စဉ်စာမျက်နှာ ရှစ်မျက်နှာသာထုတ်နိုင်တော့သည်။ စက္ကူရအောင်ရှာခဲ့၊ ဝယ်ခဲ့ဟုမှာလွှတ်သည်။
ပိုလန်တွင် သတင်းစာစက္ကူဝယ်ရန် ကမ်းလှမ်းခဲ့သည်။ သူတို့နိုင်ငံတွင်လည်း ရေနံပြဿနာကြောင့် စက္ကူမထုတ်လုပ်နိုင်၊ ချွေတာနေရသည်။ အပြန်မှာ မော်စကိုဝင်ပြီးပြောပါ၊ ရနိုင်ပါလိမ့်မည်ဟု တောင်းပန်ကြသည်။ သို့ဖြင့် မော်စကိုရောက်ပြီးနောက်နေ့ ရုရှားအစိုးရ ကုန်သွယ်ရေးဝန်ကြီးနှင့် တွေ့ခွင့်တောင်းကာ အသေးစိတ်တင်ပြရာ သတင်းစာရိုက်စက္ကူ တန်ချိန် ၇၀၀ ရောင်းပေးမည်ဟု အဖြေရသည်။ ဝမ်းသာအားရ ပြန်ခဲ့ကြသည်။ အရေးရှိလျှင်ကူညီတတ်သော မိတ်ကောင်းဆွေကောင်း ရုရှားမိတ်ဆွေများကို - - - စပါးဆီဘား-ကျေးဇူးအလွန် တင်ခဲ့ရကြောင်းပါခင်ဗျာ။
ဪ ရုရှား- မြန်မာ သံတမန်ကောင်းဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးစွာဆက်ဆံခဲ့ကြသည်မှာ (၇၅)နှစ် စိန်ရတုတိုင်ပါပကော။ ကျွန်တော်ရုရှားသို့ စတင်ရောက်ရှိခဲ့သည်မှာလည်း (၆၅)နှစ် တောင်ကြာခဲ့ပါပြီခင်ဗျား။ ။