Skip to main content

တန်ဖိုးထားတတ်ခြင်းဖြင့် တန်ဖိုးမြင့်သူဖြစ်ပါစေ

ဒေါက်တာမြတ်မိုး

တန်ဖိုး (Value) ဟူသည့် စကားလုံးတစ်ခုအပေါ် သင်မည်သို့နားလည်ပါသနည်း။ “တန်ဖိုးရှိတယ်၊ တန်ဖိုးမဲ့တယ်၊ တန်ဖိုးဖြတ်တယ်၊ တန်ဖိုးထားတယ်” မတူညီသည့်တန်ဖိုးများ စသည်ဖြင့် အမျိုးမျိုးသုံးနှုန်းဖူးကြသလို ဖွင့်ဆိုချက်လည်း အမျိုးမျိုးရှိကြသည်။ ဘ၀တန်ဖိုး၊ လူ့တန်ဖိုး၊ စည်းကမ်းတန်ဖိုး၊ လွတ်လပ်ရေး၏တန်ဖိုး၊ ငြိမ်းချမ်းခြင်း၏တန်ဖိုး၊ ဝန်ဆောင်မှုတန်ဖိုးဟူ၍လည်း အမျိုးမျိုးသုံးစွဲကြလိမ့်မည်။

အချို့နေရာများတွင် မိမိကိုယ်မိမိတန်ဖိုးထား (Self Esteem) ၍ မိမိတစ်ဦးချင်း၏ တန်ဖိုးကို မြင့်မားအောင်ကြိုးစားအားထုတ်ပြီး အဖွဲ့အစည်းတန်ဖိုးကို မြှင့်တင်နေသူများလည်းရှိကြရာ ၎င်းတို့အနေဖြင့် တန်ဖိုးဟူသည့်သဘောတရားတစ်ခုကို ဧကန်နားလည်သူများဟု ဆိုထိုက်ပါသည်။ သို့သော် နေရာအတော်များများတွင် တန်ဖိုးကိုနားလည်လက်ခံပုံ၊ သဘောပေါက်ပုံများမတူညီကြသည်ကိုလည်း တွေ့ရပြန်သည်၊၊

တန်ဖိုးထားပုံတွေမတူညီကြ၍ မငြိမ်းချမ်းခြင်းဖြစ်

အကြောင်းမှာ တစ်ဦးတစ်ယောက်၏တန်ဖိုးအပေါ် တိုင်းတာသောချိန်ခွင်မတူကြ၍ ဖြစ်မည်ထင်သည်။ ထင်သာမြင်သာသော ရုပ်ပစ္စည်းတစ်ခု၏ အရည်အသွေးတန်ဖိုးအပေါ် ကျပ်၊ ဒေါ်လာ၊ ယွမ် စသည့်ကိန်းဂဏန်းအတိအကျဖြင့် တိုင်းတာသတ်မှတ်နိုင်သော်လည်း မမြင်သာသော စိတ်ပိုင်းဆိုင်ရာသဘောတရားများပါဝင်သည့် အရည်အချင်းတန်ဖိုးကိုမူ တိုင်းတာရန်ခက်ခဲလှသည်။ မိမိတန်ဖိုး မိမိကိုယ်တိုင်မသိသူများရှိနိုင်သလို အခြားသူ၏ တန်ဖိုးကိုမသိတတ်သူ၊ အကဲမဖြတ်တတ်သူ၊ တန်ဖိုးနားမလည်သူ၊ တန်ဖိုးမထားတတ်သူများ လည်းရှိနေနိုင်ပါသည်။ လူတွေ၏တန်ဖိုးဖြတ်မှုများကွာခြား၍ တန်ဖိုးထားပုံများ ကွဲပြားသွားရသည်။

တစ်ဦးနှင့်တစ်ဦး ရှိရင်းစွဲတန်ဖိုးများမတူညီကြသည့်အပြင် သူ့တန်ဖိုး၊ ကိုယ့်တန်ဖိုး အပြန်အလှန် သိမြင်နားလည်ပုံများကွာခြား၍လည်း တန်ဖိုးထားမှုများမတူညီကြခြင်း ဖြစ်ဟန်တူသည်၊၊ အခြေခံကား သူ့တန်ဖိုး၊ ကိုယ့်တန်ဖိုး အပြန်အလှန်လေးစားမှုမရှိ၊ တန်ဖိုးဖြတ်နိုင်စွမ်းမရှိဘဲ တန်ဖိုးမဲ့အောင်ပြုလိုက်သကဲ့သို ပြုမိခြင်းကြောင့်ဖြစ်သည်။ ထိုအခါ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ သဘောထားတွေလည်း မတူကြတော့။ သဘောထားခံယူချက်များ မတိုက်ဆိုင်သည့်အခါ ပဋိပက္ခအသွင်ဖြစ်လာပြီး လူ့အဖွဲ့အစည်းအတွင်းမှာ မငြိမ်းချမ်းမှုများဖြစ်ပေါ်လာတော့သည်။ ထိုအခါတန်ဖိုးများကို ဘယ်လိုညှိကြမလဲ။ ညှိယူကြရန် လိုအပ်ကောင်းလိုအပ်လာနိုင်ပါသည်။

ကိုယ်ပိုင်တန်ဖိုးထားမှုများအပေါ် နားလည်ပေးရန်လို

ထိုအခါ မတူညီသည့်တန်ဖိုးများအကြား တစ်ဦးချင်း၏ကိုယ်ပိုင်တန်ဖိုးထားမှုသည် အလွန်ပင် အရေးပါကြောင်း နားလည်လက်ခံရမည်သာဖြစ်သည်။ အကြောင်းမှာ လူများသည်မိမိတန်ဖိုးထားသည့်အတိုင်း ထိုက်တန်သည်ဟု ယူဆဆုံးဖြတ်၍ပြုမူကြ၊ နေထိုင်တတ်ကြခြင်းကြောင့်ဖြစ်သည်။ မိမိကိုယ်တိုင် တစ်စုံတစ်ရာအပေါ်တန်ဖိုးထားမှုသည် မိသားစုဆွေစဉ်မျိုးဆက်လက်ခံထားကြသည့် အစဉ်အလာအတိုင်းလည်းဖြစ်နိုင်သည်။ သို့မဟုတ် ကျင်လည်ရာပတ်ဝန်းကျင်၊ လုပ်ငန်းခွင်ကြောင့်လည်းကောင်း၊ ရုန်းကန်ရပုံချင်း မတူညီခြင်းကြောင့်လည်းကောင်း ဖြစ်နိုင်သည်။ တန်ဖိုးထားမှုများမတူညီကြခြင်းမှာလည်း သူလက်ခံသောအရာ၊ ကိုယ်လက်ခံသောအရာ၊ သူနှစ်သက်သောအရာ၊ ကိုယ်နှစ်သက်သောအရာမတူကြ၍ဖြစ်သလို လွတ်လပ်စွာရွေးချယ်ပုံခြင်းမတူကြ၍လည်း ဖြစ်နိုင်သည်။

တန်ဖိုးဖြတ်ရန်ခက်ခဲတတ်သော်လည်း အသိအမှတ်ပြုနိုင်ရန်လို

မည်သို့ဆိုစေ သူတစ်ဦးတစ်ယောက်၏တန်ဖိုးထားမှုနှင့် အပြုအမူသည် အပြန်အလှန်လွှမ်းမိုးမှု ရှိပါသည်။ တန်ဖိုးတစ်ခုသည်သူနှင့်ထိုက်တန်မှု၊ မထိုက်တန်မှု၊ အောင်မြင်မှု၊ မအောင်မြင်မှု၊ လူရာဝင်မှု၊ မဝင်မှုကိုရှေးရှုပါသည်။ တန်ဖိုးဟူသည့်အဓိပ္ပာယ်တွင် ရုပ်ပစ္စည်း၏ထိုက်တန်မှုကို ငွေစက္ကူမျှဖြင့်တန်ဖိုးဖြတ်၍ထိုက်သည်၊ မထိုက်သည်သဘောတရားများသက်ဝင်သော်လည်း သက်ရှိတို့၏တန်ဖိုးကိုမူတန်ဖိုးဖြတ်ရန် ခက်ခဲတတ်သည်။ အချို့က ကျဉ်းထဲကျပ်ထဲ၊ အကျပ်အတည်းတွေ့မှ သူ၏အရည်အချင်းကိုပြသခွင့်ရပြီး သူ၏တန်ဖိုးကို အသိအမှတ်ပြုခြင်းခံရသည်လည်း ရှိသည်။

အချို့ကလည်း လိုအပ်နေသောကျွမ်းကျင်မှု သို့မဟုတ် လက်နက်ကိရိယာတစ်ခုခုတပ်ဆင် ဆင်ယင်ပေးလိုက်မှ တန်ဖိုးတက်လာခြင်းမျိုးလည်းရှိသည်။ ဘာသာတရားအဆုံးအမနှင့် ဘာသာတစ်ခု၏တန်ဖိုးကို ဒုက္ခရောက်မှ၊ သေခါနီးမှသိနားလည်၍မဖြစ်သလို မိဘ၏တန်ဖိုး ကိုမိဘများမရှိတော့မှသိနေ၍ မည်သို့ထူးလာမည်နည်း။ အချို့ဝန်ထမ်းအငြိမ်းစားကြီးများ လုပ်ငန်းဌာနမှထွက်ခွာသွားသော်လည်း သူတို့ကိုယ်သူတို့ဘယ်တော့မှ အငြိမ်းစားယူသည်မမှတ်၊ အချို့ကအကြံပေး၊ အချို့က အလှူဒါနဘာသာသာသနာအတွက်၊ ကျန်းမာရေးအတွက်ငွေကြေးရှာဖွေဆဲ၊ ငွေကြေးမရဘဲဖြစ်ဖြစ်၊ ရ၍ဖြစ်ဖြစ် ဆက်လက်ကြိုးစား လှုပ်ရှားသူတွေများစွာရှိသည်။ သူတို့သည် တက်ကြွအောင်မြင်စွာဖြင့်သူတို့၏ ကိုယ်ပိုင်ထုတ်လုပ်မှုတန်ဖိုး (productive value)ကို မြှင့်တင်ဆဲဖြစ်သလို လူ့အဖွဲ့အစည်းအတွက်လည်း သူတို့၏တန်ဖိုးများ မြင့်မားဆဲဖြစ်သည်ကို တွေ့ဖူးပါသည်။

တန်ဖိုးများကိုနားလည်တတ်မှသာ

အမှန်တရား၏တန်ဖိုးကို အမှားတွေ့မှသာ ရှာဖွေတွေ့ရှိနိုင်သည်။ စည်းကမ်း၏တန်ဖိုးကို တရားဥပဒေစိုးမိုးမှုမရှိ ပရမ်းပတာဖြစ်မှ သိမြင်လာသည့်အခါ ပြုပြင်ရန်အတော်နောက်ကျနေပေပြီ။ ကျန်းမာခြင်း၏တန်ဖိုးကို ရောဂါဖြစ်မှ၊ ဆရာဝန်၊ သူနာပြုတန်ဖိုးကို ဆရာဝန် သူနာပြုမရှိမှ နားလည်နေ၍လည်း ရောဂါက ကျွမ်းနေလောက်ပါပြီ။ လူပုံအလယ်မှာအနှိမ်ခံရမှ လူတန်းစေ့မနေရတော့မှ ပညာ၏တန်ဖိုးနှင့် ဆရာကောင်းတစ်ဆူ၏တန်ဖိုးကို သဘောပေါက်၍မဖြစ်သေးပါ။

လွတ်လပ်မှုမရှိမှ၊ အချုပ်အခြာဆုံးရှုံးသွားမှ လွတ်လပ်ခြင်း၏ အရသာကို ပြန်လည်ခံစားချင်၍ မရသကဲ့သို့ ငြိမ်းချမ်းမှုမရှိမှ စည်းလုံးညီညွတ်ခြင်း၏တန်ဖိုးကို၊ အဓိပ္ပာယ်ကိုဖော်နေ၍လည်း မည်သို့မှဖြစ်လာမည်မဟုတ်။ အမြော်အမြင်ရှိသော ခေါင်းဆောင်ကောင်းတစ်ယောက်၏တန်ဖိုးကို ထိုခေါင်းဆောင်မရှိတော့မှ သို့မဟုတ် အောင်မြင်မှုမရတော့မှသိမြင်လာ၍လည်း အကျိုးရှိတော့မည်မဟုတ်၊ ခေါင်းဆောင်ကောင်းလက္ခဏာများကို နားလည်နိုင်စွမ်းရှိမှသာ ခေါင်းဆောင်မှုအရည်အချင်းကို တန်ဖိုးထားတတ်သူဖြစ်ပါမည်။

သူ့တန်ဖိုးနှင့်သူဖြစ်၍ မူလတည်ရှိနေသော တန်ဖိုးများကို ဖော်ထုတ်နိုင်စွမ်းရှိရန်သာလိုသည်။ တန်ဖိုးထားရကောင်းမှန်းသိနေရန်သာလိုပါသည်။ ထိုသို့ ဖော်ထုတ်နိုင်စွမ်းအားနည်း၍ မငြိမ်းချမ်းခြင်း၊ မတည်ငြိမ်ခြင်းများဖြစ်နေရခြင်းဖြစ်သည်။ မူလတန်ဖိုးများကိုမညှိနိုင်၍ ပဋိပက္ခများကို မဖြေရှင်းနိုင်ခြင်းဖြစ်သည်။ လုပ်ငန်းဌာနတစ်ခုရှိ သန့်ရှင်းရေး အလုပ်သမားတစ်ဦးသည်ပင် အခြားဝန်ထမ်းများကဲ့သို့ပင် သူ့တန်ဖိုးနှင့်သူရှိသည်။ အမှိုက်သရိုက်များနှင့်ညစ်ပတ်သောလုပ်ငန်းခွင်သည် ဝန်ထမ်းများ၏ ကျန်းမာရေး၊ မတော်တဆထိခိုက်ဒဏ်ရာရရှိမှုများအထိ ဖြစ်သွားနိုင်သည့်အတွက် သူ၏တန်ဖိုးကို အသိအမှတ်ပြုနိုင်ရပါမည်။ တန်ဖိုးဟူသည်ကို အကြီးဆုံးသောအကြီးအကဲမှသည် အောက်ခြေ ဝန်ထမ်းအထိ ပိုင်ဆိုင်ထားသည်ကိုဆိုလိုခြင်းဖြစ်ပါသည်။

ယုံကြည်ချက်မှတန်ဖိုး၊ တန်ဖိုးမှသည်အောင်မြင်မှု

လူတစ်ဦး၏ ယုံကြည်မှု၊ ယုံကြည်စိတ်သည် ထိုသူ၏ဘဝတန်ဖိုးဖြစ်သွားသည်ဟု ဆိုကြပါသည်။ ယုံကြည်မှု (belief)အပေါ် အောင်မြင်မှုက ထပ်ဆင့်လိုက်လျှင် ထိုသူ၏တန်ဖိုးသည် ပို၍ပင် မြင့်မားသွားသည်။ ယုံကြည်မှုတစ်ခုက အတွေးကိုပွားစေပြီး၊ ထိုအတွေးကဖြစ်လာသော စကားလုံးများ၊ အပြုအမူနှင့် လှုပ်ရှားမှုများမှတစ်ဆင့် အောင်မြင်မှုကိုဖန်တီးပေးပါသည်။ ထို့ကြောင့် လူတစ်ယောက်၏တန်ဖိုးကို ထိုသူ၏ ယုံကြည်ချက်နှင့်အောင်မြင်မှုကို ကြည့်၍လည်း တန်ဖိုးသတ်မှတ်ကြသည်ဟု ဆိုပါသည်။ ယုံကြည်ချက်အရပြုမူသော ဆောင်ရွက်ချက်နှင့်တကွ ရရှိလာသောအောင်မြင်မှုသည်သာ မှန်ကန်သောတန်ဖိုးဖြစ်လာပြီး ထိုတန်ဖိုးကပင် သင်လျှောက်လှမ်းနေသောပန်းတိုင်ဆီသို့ အရောက်တွန်းပို့ပေးသည်ဟုဆိုသော မဟတ္တမဂန္ဒီ၏ အဆိုတစ်ခုကို အမှတ်ရမိပါသည်။ ယုံကြည်ချက်ကြောင့် ဖြစ်တည်လာသော တန်ဖိုးများမှတစ်ဆင့် ရည်မှန်းထားသောပန်းတိုင်အထိ တက်လှမ်းနိုင်ပုံကို ဖော်ပြခြင်းဟု မှတ်ယူရပါမည်။

တန်ဖိုးသတ်မှတ်နိုင်စွမ်းရှိသည့် အရည်အချင်းလည်းရှိမှသာ

ကြားခံပစ္စည်းတစ်ခုဖြင့် သက်မဲ့ပစ္စည်းတစ်ခု၏တန်ဖိုးကို သတ်မှတ်နိုင်သော်လည်း သက်ရှိလူသားတစ်ဦး၏ တန်ဖိုးကိုမူမည်သို့သတ်မှတ်နိုင်ပါသနည်း။ ယေဘုယျအားဖြင့် လူ့အဖွဲ့အစည်းနှင့်ပတ်ဝန်းကျင်အပေါ် ကောင်းကျိုးပြုနေပါက ထိုသူကိုအရေးပါသူတစ်ဦး လူ့အဖွဲ့အစည်းအတွက် အဖိုးထိုက်တန်သူတစ်ဦးအဖြစ် သတ်မှတ်နိုင်ပါမည်။ ထိုအခါ တန်ဖိုးသတ်မှတ်ရာတွင် ဘယ်သူတွေက ဘယ်လိုဘယ်ပေတံနှင့်သတ်မှတ်သနည်းဆိုသည်မှာ အရေးကြီးလာသည်။ သတ်မှတ်ချင်သလို သတ်မှတ်၍မရ။ ဥပမာ- ဒီမိုကရေစီ၊ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးဟုဆိုသောတန်ဖိုးများကိုပင် ကြည့်ရအောင်ပါ။ တန်ဖိုးသတ်မှတ်ချက်ကို ငါတို့ပဲ သတ်မှတ်ခွင့်ရှိသည်၊ ငါတို့သတ်မှတ်တဲ့အတိုင်း လိုက်နာရမည်ဆိုပြီး မောင်ပိုင်စီးထား၍မရ။ တစ်နေရာမှာ သတ်မှတ်ချက်တစ်မျိုး၊ အခြားတစ်နေရာကျတော့တစ်မျိုး။ သတ်မှတ်ချင်တိုင်း သတ်မှတ်၍မဖြစ်ဟု ပြောချင်တာဖြစ်သည်။ ထို့ကြောင့် တန်ဖိုးသတ်မှတ်သူတွင် ဆိုင်ရာနယ်ပယ်အလိုက် ထိုက်သင့်သည့်အရည်အချင်းတစ်ရပ် ရှိသင့်သည်ဟုသာမြင်ပါသည်။ တန်ဖိုးသတ်မှတ်နိုင်သည့် အရည်အချင်းရှိသူက သတ်မှတ်သောတန်ဖိုး အတိုင်းအတာသည်သာ မှန်ကန်မည်ဟုယူဆပါသည်။

တစ်ခါတစ်ရံ မိမိ၏တန်ဖိုးကို မသိကျိုးကျွန်ပြု တန်ဖိုးမရှိအောင် ပုံဖော်ဖန်တီးခြင်းခံရပြီးမှ တန်ဖိုးမဲ့သည်၊ တန်ဖိုးမရှိဟု စွပ်စွဲကင်ပွန်းတပ်ခြင်းခံရသူများ၊ ချောက်တွန်းခံရသူများ ရှိကောင်းရှိနိုင်ပါသည်။ သို့သော် ပုံဖျက်၍မရသော မူလကိန်းအောင်းနေသည့် ပကတိတန်ဖိုးများကိုကား လျစ်လျူရှု၍မရနိုင်ပါ။ လူတစ်ဦးတွင် မွေးကတည်းက ပါလာတတ်သော ကိုယ်ရည်ကိုယ်သွေး (personal values)၊ ကိုယ်ကျင့် တရားနှင့် moralvalues များသည်ကား ဖျောက်ဖျက်၍မရသော မူလတန်ဖိုးများပင်ဖြစ်သည်။ စံပြုထိုက်သော လူကောင်းတစ်ဦး၏စံနှုန်းများလည်းဖြစ်သည်။ ဥပမာ- ရိုးသားဖြောင့်မတ်မှု၊ စည်းကမ်းရှိမှု၊ သဘောထားကြီးမှု၊ တရားမျှတစိတ်ရှိမှု၊ လူမှုဝန်ထမ်းစိတ်ရှိမှု စသည်တို့သည် လူတစ်ဦး၏ အရည်အသွေးများဖြစ်သလို ထိုသူ၏ အခြေခံတန်ဖိုးများဟုလည်း ဆိုထိုက်ပါသည်။

ထိုအရည်အသွေးများ၊ ထိုကိုယ်ကျင့်တရားများသည် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင်လည်းကောင်း၊ မှန်ကန်သည့်လမ်းကြောင်းပေါ်လျှောက်လှမ်းရာ တွင်လည်းကောင်း အပေါင်းလက္ခဏာဆောင်သည့် တန်ဖိုးများဖြစ်သောကြောင့်ဖြစ်သည်၊၊ တန်ဖိုးရှိလာသည့်အခါ လုပ်ဖော်ကိုင်ဖက်များ၏ ယုံကြည်မှုကိုရရှိလာစေပြီး အခက်အခဲကိုလည်းကျော်လွှားနိုင်လာသည်။ အခြားသူတွေ၏ မတူညီသောတန်ဖိုးများ ကိုလည်း သိမြင်လွယ်လာသည်။ ထိုတန်ဖိုးများဖြင့် ပင်လူ့အဖွဲ့အစည်း၏ အောင်မြင်မှုတိုးတက်မှုများကို ဖော်ဆောင်လာနိုင်ပါသည်။

အားလုံးတွင် သူ့တန်ဖိုး၊ ကိုယ့်တန်ဖိုးဟူ၍ အပြန်အလှန်ထားရှိစေချင်ပါသည်။ မိမိတန်ဖိုးက ဘယ်လောက်ကြီးကြောင်းလည်းပြချင်ကြမှာပါ။ ကိုယ့်တန်ဖိုးကို သူတို့သိစေချင်လျှင် သူ့တန်ဖိုးကိုလည်း မြင်အောင်ကြည့်ရန်သာလိုပါသည်။ ဒါက သူ့မှာရှိတဲ့၊ ထိုက်တန်တဲ့၊ အရေးပါတဲ့တန်ဖိုးတစ်ခုပါလား...ဟူ၍လည်း တစ်နည်းအားဖြင့် သူ့အပေါ် အဆိုးမြင်မိတိုင်းမှာ သူ့မှာလည်း သူ့တန်ဖိုးနှင့်သူပါလား၊ သူ၏ကောင်းကွက်တွေကို ပို၍တွေးစေချင်၊ အဖန်ဖန်တွေးစေချင်ပါသည်။ အပြုသဘော ထပ်ခါထပ်ခါတွေးခြင်းသည်ပင် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုတစ်မျိုးဖြစ်၍ သူ့ဘက်၏အဆိုးသဘောကိုများများဖယ်ရှားနိုင်လေလေ မိမိထံတွင် အကောင်းမြင်စိတ်များတိုးပွားလာလေဖြစ်ပြီး သူ၏တန်ဖိုးကိုလည်း အလေးအနက်အသိအမှတ်ပြုရာရောက်သွားစေပါသည်။

တစ်ပါးသူ၏တန်ဖိုးကို အသိအမှတ်မပြုတတ်သူများသည် ထိုသူ၏တန်ဖိုးမဲ့မှုများကို ဆန့်ကျင်ဘက်သဘော အလိုလိုအသိအမှတ်ပြုရာ ရောက်သွားတတ်သည်ကိုလည်း ဆင်ခြင်သတိထားရန်လိုပါလိမ့်မည်။ ဤသို့ဖြင့် တစ်ပါးသူကို အပြုသဘောဖြင့် အသိအမှတ်ပြုတတ်ခြင်းသည်ပင် မိမိ၏တန်ဖိုးတစ်ခုပါလားဟူ၍ တွေးဆဆင်ခြင် မိပါတော့သည်။ သို့မှသာ တန်သလောက်ပေးရကျိုးနပ်၍ ကိုယ့်ဘက်ကပေးရသလောက်လည်း တန်ဖိုးထိုက်နေပါလိမ့်မည်။   ။