Skip to main content

တစ်ပိုင်တစ်နိုင် လက်မှုလုပ်ငန်းမှသည် စက်မှုလုပ်ငန်းဆီသို့ ဦးတည်ဆောင်ရွက်နေသည့် စလင်းမြို့ ဝက်သည်းကန်မှထွက်ရှိသော ကြာချည်ထုတ်လုပ်ငန်း

မောင်မောင်(မင်းဘူး)

စလင်းမြို့ ဝက်သည်းကန်အတွင်း သဘာဝအတိုင်းပေါက်ရောက်နေသော ကြာပင်၊ ကြာပန်းများသည် အလှတရားများစွာဖြင့် ယနေ့ထိတိုင်တည်ရှိနေပြီး ဒေသခံပြည်သူများအတွက် စားဝတ်နေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖန်တီးပုံဖော်ပေးနေသည့် “ဟင်းအိုးကြီးသဖွယ်” အထင်ကရနေရာတစ်ခုဖြစ်သည်။

ဝက်သည်းကန်သည် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင်တည်ရှိပြီး လူသိများထင်ရှားကာ ပြည်တွင်း/ပြည်ပခရီးသွား မိဘပြည်သူများအတွက် စိတ်အပန်းဖြေလည်ပတ်သွားလာစရာ အထင်ကရနေရာတစ်ခုဖြစ်သည့်အပြင် တန်ခိုးကြီးဘုရားများ၊ ဗိုလ်ဥတ္တမခံတပ်နှင့် စလင်းရုပ်စုံကျောင်းစသည့် ရှေးဟောင်းသာသနိက အဆောက်အအုံများစွာတည်ရှိသော မြို့လည်းဖြစ်သည်။

ဝက်သည်းကန်

ဝက်သည်းကန်ကို နရပတိစည်သူမင်းကြီး၏ကိုယ်လုပ်တော် ရှင်စောဝကခရစ်သက္ကရာဇ် ၁၁၉၄ ခု၊ (ကောဇာသက္ကရာဇ် ၅၅၆ ခုနှစ်)တွင် စတင်တူးဖော်ခဲ့ပြီး ကန်၏မူလဧရိယာအကျယ်အဝန်းမှာ ၁ ဒသမ ၇ စတုရန်းမိုင် (၁၀၈၈ ဧက) ကျယ်ဝန်းကြောင်း၊ ယခု လက်ရှိတွင် ကန်၏အကျယ်အဝန်းမှာ ဧက ၅၃၀ နှင့် ရေပြင်၏ အကျယ်ဧရိယာမှာ ဧက ၃၅၀ စုစုပေါင်းဧက ၈၈၀ ရှိပြီး ယင်းကန်ကို သားငှက်ဘေးမဲ့ကြိုးဝိုင်းအဖြစ် ၁၉၅၃ ခုနှစ်မှ စတင်သတ်မှတ်ခဲ့ကြောင်း လေ့လာမှတ်သားခဲ့ဖူးသည်။

ဝက်သည်းကန်ကို အမှီပြုပြီး အနီးပတ်ဝန်းကျင်တွင် နေထိုင်ကြသောကျေးရွာများရှိ ဒေသခံပြည်သူများက ကန်အတွင်း၌ သဘာဝအတိုင်းပေါက်ရောက်နေသော ကြာပင်များမှကြာရိုးများကို အသုံးပြုကာ မိမိတို့တတ်မြောက်ထားသောလက်မှုပညာဖြင့် ပေါင်းစပ်၍ ကြာချည်ဖြင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်နိုင်သည့် ကြာချည်ထုတ်လုပ်ငန်းကို တစ်ပိုင်တစ်နိုင်လက်မှုလုပ်ငန်းမှသည် စက်မှုလုပ်ငန်းဆီသို့ ဦးတည်ပြီး ယနေ့ထိတိုင် ကြိုးစားလုပ်ကိုင်နေကြသည် မြင်တွေ့ရသည်။

ကြာချည်ထုတ်လုပ်ငန်း

ယခင်က စလင်းမြို့၌ ကြာချည်ထုတ်လုပ်ငန်းလုပ်ကိုင်သူ မရှိသလောက်နည်းပါးပြီး ကန်အတွင်းပေါက်ရောက်နေသောကြာများကို ပန်းအဖြစ်ခူးရောင်းခြင်း၊ ကြာရွက်ကို ဖက်(ကြာဖက်)အဖြစ် အသုံးပြုရန် ခူးရောင်းခြင်းများသာ အများစုလုပ်ကိုင်ကြသည်။ တိုးတက်လာသော ခေတ်စနစ်များနှင့်အညီ လေ့လာအားကောင်းသော ဒေသခံပြည်သူများက အင်းလေးဒေသတွင် ကြာရိုးမှတစ်ဆင့် ကြာချည်အဖြစ် ထုတ်လုပ်၍ ရသည်ကို သိရှိလာကြပြီးနောက် ကြာချည်ထုတ်လုပ်ငန်းကို စတင်လုပ်ကိုင်ရန် ၂၀၀၉ ခုနှစ်က အင်းလေးဒေသသို့ သွားရောက်ပြီး ကြာချည် ထုတ်နည်းပညာရပ်ကို လေ့လာသင်ယူခဲ့ကာ ယနေ့ထိတိုင် ကြာချည်ထုတ်လုပ်ငန်းကို မြန်မာ့ရိုးရာလက်မှုပညာအဖြစ် လုပ်ကိုင်ဆောင်ရွက်လာကြသည်။ ထို့ပြင် ၂၀၁၉ ခုနှစ်က မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ပံ့ပိုးကူညီမှုဖြင့် ပခုက္ကူမြို့ရှိ စက်ရက်ကန်း သင်တန်းကျောင်းသို့ သွားရောက်လေ့လာသင်ယူခဲ့ကြောင်း မြထည်ဝါကြာချည်ထုတ်လုပ်ငန်းရှင်က ပြောသည်။

ထိုအချိန်မှစတင်ကာ ဒေသခံပြည်သူများက ကြာချည်ထုတ်လုပ်ငန်းကို ယနေ့အထိ အိမ်တွင်းလက်မှုလုပ်ငန်းတစ်ရပ်အဖြစ် စီးပွားဖြစ်လုပ်ကိုင်သူများရှိသလို တစ်ပိုင်တစ်နိုင်လုပ်ကိုင်သူများလည်း အများအပြားရှိကြောင်း သိရသည်။

ကြာရိုးကုန်ကြမ်း

ကြာချည်ထုတ်လုပ်ရန် အဓိကကုန်ကြမ်းမှာ ကြာရိုးဖြစ်ပြီး ကြာရိုးများကို စလင်းမြို့ ဝက်သည်းကန်မှနုတ်ယူ၍ ကြာချည်အဖြစ်ထုတ်လုပ်ကြကြောင်း၊ ကြာချည်အဖြစ်ရရှိရန် ကုန်ကြမ်းကြာရိုးများကို ဝက်သည်းကန်အတွင်း လုပ်သားများဖြင့် နုတ်ယူရပြီး ကြာရိုးအရှည်မှာ ခုနစ်ပေဝန်းကျင်အထိရှိကြောင်း၊ ကြာရိုးနုတ်လုပ်သား တစ်ဦးလျှင် တစ်မနက်ကို ကြာရိုးအထုံးငါးထုံးမှ ခြောက်ထုံးအထိရရှိကြောင်း၊ ကြာထုံးတစ်ထုံးကို ငွေကျပ် ၁၂၀၀ ဝန်းကျင်ရရှိပြီး ကြာရိုးနုတ်လုပ်သားတစ်ဦးလျှင် တစ်ရက်လုပ်အားခငွေကျပ် ၆၀၀၀ နှင့်အထက်ရရှိကြောင်း သိရသည်။

နုတ်ယူ၍ရရှိလာသော ကြာရိုးများကို ကြာချည် ထုတ်လုပ်ငန်းလုပ်ကိုင်သူများထံ ရောင်းချကြသလို ကိုယ်ပိုင်လက်မှုလုပ်ငန်းအဖြစ် တစ်ပိုင်တစ်နိုင်လုပ်ကိုင်သူများလည်းရှိကြောင်း၊ ကြာရိုးတစ်ရိုး ဖြစ်တည်ရန် ကြာရွက်မှ အတက်ထွက်ခါစအချိန် ၁၅ ရက်ခန့် ကြာမြင့်ပြီး ကြာရိုးတစ်နေရာ နုတ်ယူ ပြီးလျှင် နေရာပြောင်း၍နုတ်ယူရကာ နောက်ထပ် ၁၅ ရက်ကြာမှ ထိုနေရာတွင် ပြန်လည်နုတ်ယူရကြောင်း ကြာရိုးနုတ်သူတစ်ဦးက ပြောသည်။

ကြာချည်ထုတ်ခြင်း

ထိုသို့ရရှိလာသော ကြာရိုးများကို ခါးလယ်မှပိုင်းဖြတ်ကာ ကြာရိုးကိုအရင်းနှင့်အဖျားပေါင်းစပ်၍ လက်လေးလုံး တစ်ဖြတ်တံစဉ်ဖြင့်ထပ်မံပိုင်းဖြတ်ပြီး အမျှင်ထွက်သည်အထိ ကြာချည်ဆွဲရကြောင်း၊ ကြာထုံးအကြီးအသေးပေါ်မူတည်၍ ကြာထုံးတစ်ထုံးလျှင် ကြာချည်တစ်ကျပ်ခွဲသားခန့်ထွက်ရှိပြီး ကြာထုံးတစ်ထုံးချည်ဆွဲပြီးရန် အချိန်အားဖြင့် တစ်နာရီခွဲခန့် ကြာမြင့်ကြောင်း၊ ကြာချည်ဆွဲလျှင် ချည်ဆွဲလုပ်အားခ ကြာချည်အခြောက် တစ်ကျပ်သားကိုငွေကျပ် ၁၃၀၀ ဝန်းကျင်ရရှိပြီး ကြာချည်ဆွဲသူအမျိုးသမီးများက မိမိတို့လုပ်အားအပေါ်မူတည်၍ တစ်ရက်လျှင် ကြာချည်အခြောက် လေးကျပ်သားမှ ငါးကျပ်သားအထိ ကြာချည်ဆွဲနိုင်ကြောင်း သိရသည်။

စလင်းမြို့နယ် ရှမ်းရွာကုန်းရွာမှ ကြာချည်ဆွဲလုပ်ကိုင်သူ မဖြူဖွေးက “ ကျွန်မ ကြာချည်ဆွဲတာ ခုနစ်နှစ်လောက်ရှိပြီ။ နွေနဲ့မိုးမှာဆိုရင် ကြာချည်ကဝိတ်စီးတော့ တစ်ရက်ချည်ဆွဲခဒီထက်ပိုရတယ်။ ခုရက်ပိုင်း(ဆောင်းတွင်း) ကြာချည်ဝိတ်က အချိန်သိပ်မစီးတော့ တစ်ရက်ကို နှစ်ကျပ်သား၊ သုံးကျပ်သားလောက်ပဲပြီးတယ်။ လုပ်အားခအနေနဲ့က သုံးကျပ်သားဆို ငွေကျပ် ၄၅၀၀၊ ၅၀၀၀ ဝန်းကျင်လောက်ရတယ်။ မိသားစုနဲ့ အိုးမကွာအိမ်မကွာလုပ်ကိုင်ရတော့ အိမ်အတွက်တစ်ဖက်တစ်လမ်းကနေ မိသားစုအပိုဝင်ငွေရတာပေါ့” ဟု ပြောသည်။

ကြာချည်အခြောက်(ကုန်ကြမ်း)ရရှိရန် ချည်ဆွဲ၍ရရှိလာသော ကြာချည်အစိုများကို ရစ်ဘီးတွင်ရစ်၍ (နေလှန်း၍ အခြောက်ခံမထားရဘဲ) အရိပ်ထဲတွင် တစ်ညခန့် လေသလပ်အောင် အခြောက်ခံထားရကြောင်း၊ ကြာချည်ထုတ်လုပ်ငန်းရှင်များအနေဖြင့် တစ်ရက်လျှင် ကြာချည်အခြောက် ၂၅ ကျပ်သားမှ ၃၀ ကျပ်သားအထိရရှိပြီး တစ်လလျှင် ကြာချည်အခြောက်ပိဿာချိန် သုံးပိဿာမှ ခြောက် ပိဿာအထိရရှိကြောင်း၊ ရရှိလာသော ကြာချည်ကုန်ကြမ်းများကို အင်းလေးဒေသသို့ ပိဿာချိန်ဖြင့် တင်ပို့ရောင်းချရပြီး ကြာချည်အခြောက် တစ်ပိဿာလျှင် ငွေကျပ် ၄၀၀၀၀၀ (လေးသိန်း)အထိရရှိကြောင်း မြထည်ဝါကြာချည်ထုတ်လုပ်ငန်း လုပ်ကိုင်သူဦးသောင်းစိန်က ရှင်းပြသည်။

ကုန်ချောထုတ်နိုင်ရန် ကြိုးပမ်း

စလင်းမြို့ ဝက်သည်းကန်မှရရှိလာသော ကြာချည်များကို ကုန်ကြမ်းအဖြစ်သာထုတ်လုပ်နိုင်ပြီး ကြာချည်အခြောက်ကုန်ကြမ်းများကို အင်းလေးဒေသတွင် ရက်ကန်းနှင့် နည်းပညာများကို အသုံးပြု၍ ကြာသင်္ကန်း၊ ကြာပဝါ၊ ကြာပိုက်ဆံအိတ်၊ ကြာဦးထုပ်၊ ကြာအဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးအဖြစ် ကုန်ချောထုတ်လုပ်ဖြန့်ဖြူးရောင်းချကြောင်း သိရသည်။

စလင်းမြို့နယ် ဝက်သည်းကန်မှထွက်ရှိသော ကြာရိုးများကို ကြာချည်ကုန်ကြမ်းအဖြစ် ထုတ်လုပ်ကြပြီး ကြာရွက်ကိုဈေးများတွင် အသားငါး၊ ဟင်းသီး ဟင်းရွက်၊ ပန်းစသည်ဖြင့် ထုပ်ပိုးရန်သုံးစွဲရောင်းချကြကြောင်း၊ ယခုအခါ နည်းပညာများတိုးတက်လာသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် မိမိတို့ဒေသတွင် ကြာချည်ကို ကုန်ချောအဖြစ်ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြထည်ဝါကြာချည်ထုတ်လုပ်ငန်းလုပ်ကိုင်သူ ဦးသောင်းစိန်က ပြောသည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဒေသအတွင်း၌ တစ်ပိုင်တစ်နိုင် အသေးစား၊ အလတ်စား စက်မှု/လက်မှုလုပ်ငန်းများပေါ်ထွက်လာစေရန် ပံ့ပိုးကူညီဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။

ယခုအခါ စလင်းမြို့မှ ကြာချည်ထုတ်လုပ်ငန်းသည် ကုန်ကြမ်းအဆင့်သာထုတ်လုပ်နိုင်ပြီး ကုန်ချောအဖြစ် အဆင့်မြှင့်တင်လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ကြာချည်ထုတ်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ကြသူများအား စနစ်တကျ သေချာပြန်လည်စိစစ်သုံးသပ်၍ အလေးထားပြီး ပံ့ပိုးကူညီပေးနိုင်မည်ဆိုပါက ဒေသခံပြည်သူများအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ကြာချည်ထုတ်ကုန်များကိုလည်း ယခုထက် ပိုမိုအရည်အသွေးကောင်းမွန်အောင် ထုတ်လုပ်နိုင်မည့်အပြင် ကြာချည်ကုန်ချော ထုတ်ကုန်များအထိပါ လုပ်ကိုင်ဆောင်ရွက်လာနိုင်မည်ဖြစ်ပေသည်။

သို့မှသာ ဒေသတွင်း အသေးစား၊ အလတ်စားနှင့် တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်နေသူများအနေဖြင့် လက်မှုလုပ်ငန်းများမှသည် စက်မှုလုပ်ငန်းများဆီသို့ ခေတ်စနစ်နှင့်အညီ တိုးတက်ပြောင်းလဲလုပ်ကိုင်လာနိုင်မည်ဖြစ်ကာ ဒေသအတွင်းအလုပ်အကိုင် အခွင့်အလမ်းများလည်း ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ဆက်လိုက်ရပါတော့သည်။ ။