စစ်ပွဲတွေရပ်
မောင်ကမ္ဘာ
ကမ္ဘာပေါ်မှာ စစ်မဖြစ်တဲ့နေ့ရယ်လို့မရှိဘူးလို့ ငြိမ်းချမ်းရေးလိုလားသူတွေက ထောက်ပြလေ့ရှိတယ်။ ဒါပေမယ့် စစ်လိုလားသူ စစ်ဝါဒီတွေ၊ စစ်ပွဲတွေကတစ်ဆင့် တိုက်ရိုက်(သို့မဟုတ်) သွယ်ဝိုက်ပြီး အကျိုးအမြတ်ကြီးကြီး ရရှိခံစားနေကြသူတွေကြောင့် စစ်ဆန့်ကျင်သူတွေ၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို လိုလားသူပြည်သူတွေရဲ့ အသံကထင်တိုင်းမပေါက်ခဲ့ပါဘူး။
စစ်ပွဲရဲ့နောက်ကွယ်က လက်မည်းကြီးတွေ
စစ်လိုလားသူ စစ်ဝါဒီတွေဟာ ငြိမ်းချမ်းရေးကို လိုလားသူတို့ရဲ့ သဘောထားအမှန်၊ ဆန္ဒအသံတွေကို ကမ္ဘာ့မြင်ကွင်းမှာ ဘယ်သောအခါကမှ ထင်ထင်ပေါ်ပေါ်ပြောဆိုခွင့်မပေးခဲ့ပါဘူး။ အမြဲတမ်းတိုးတိတ်ပျောက်ကွယ်သွားအောင် ကြိုးပမ်းလေ့ရှိပါတယ်။
ဗီယက်နမ်စစ်ပွဲကာလမှာ စစ်ဆန့်ကျင်ရေးအင်အားစုတွေ၊ ငြိမ်းချမ်းရေးကို လိုလားသူပြည်သူတွေရဲ့ ဗီယက်နမ်စစ်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုကို နစ်ဆင်အစိုးရက တားဆီးအရေးယူခဲ့တာပါပဲ။ ၁၉၇၁ ခုနှစ် မေ ၁ ရက် ဝါရှင်တန်လူထုဆန္ဒပြပွဲကြီးမှာ ဆန္ဒပြသူတစ်ထောင်ကျော်ကို ဖမ်းဆီးခဲ့ရုံမက မေ ၂ ရက်မှာ ဆက်လက်ကျင်းပတဲ့ ကင့်မြို့ တက္ကသိုလ်ကျောင်းသားထု ဆန္ဒပြပွဲကိုလည်း ရဲတပ်ဖွဲ့က ဖြိုခွင်းရာမှာ ကျောင်းသားလေးဦးသေဆုံးခဲ့ပါတယ်။ ငြိမ်းချမ်းရေးကိုလိုလားတဲ့ စိတ်ဆန္ဒအာသီသနဲ့ ဆန္ဒပြနေကြတဲ့ တက္ကသိုလ်ကျောင်းသားတွေကို သမ္မတနစ်ဆင်ကိုယ်တိုင်က “အလကားဂျပိုးတေလေလေးတွေပါ”လို့ မှတ်ချက်ပြုလိုက်တဲ့အတွက် ဗီယက်နမ်စစ်ပွဲဆန့်ကျင်ရေးကျောင်းသားဆန္ဒပြမှုက ပိုမိုပြင်းထန်သွားခဲ့ပါတယ်။
၁၉၈၀ ကျော်လွန်နှစ်များအတွင်းကလည်း ပြင်သစ်နိုင်ငံရဲ့ရေအောက် နျူကလီးယားစမ်းသပ်ဖောက်ခွဲမှုကိုဆန့်ကျင်ဆန္ဒပြဖို့ ပြင်ဆင်နေတဲ့ Green Peace အဖွဲ့ပိုင် မော်တော်ဘုတ်တစ်စင်းဟာအမည်မသိအဖွဲ့ရဲ့ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ဆိပ်ကမ်းမှာတင် ပေါက်ကွဲပျက်စီးသွားခဲ့ရပါတယ်။
သို့ဖြစ်လင့်ကစား ၂၀၀၅ ခုနှစ်မှာ ဒါရိုက်တာ Andrew Niccol ရိုက်ကူးပြီး ဟောလီးဝုဒ်နာမည် ကျော်သရုပ်ဆောင် Nicolas Cage ပါဝင် သရုပ်ဆောင်တဲ့ “Lord of war” ရုပ်ရှင်ဇာတ်ကားကိုတော့ တားဆီးလို့မရခဲ့ပါဘူး။ ဒီဇာတ်ကားကြောင့် ကမ္ဘာ့ပြည်သူအများစုဟာ စစ်ပွဲရဲ့နောက်ကွယ်က လက်မည်းကြီးတွေကို ဆဝါးတွေ့မြင်လာခဲ့ကြပါတယ်။
ဒီဇာတ်ကားမှာ နီကိုလာ့စ်ကေ့ချ်ဟာ လက်နက်ကုန်သည် ယူရီအောလောဗ်အဖြစ် သရုပ်ဆောင်ခဲ့တယ်။ ယူရီဟာ မိမိချမ်းသာကြွယ်ဝရေးအတွက် ကနဦးမှာမြို့ပေါ်က ဂိုဏ်းစတားတွေကို သေနတ်တွေရောင်းချပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ စစ်ဘုရင်တွေ၊ ပြိုင်ဘက်စစ်အုပ်စုတွေပါမကျန် လက်နက်ခဲယမ်းအမြောက်အမြားကို သယ်ယူပို့ဆောင်ရောင်းချခဲ့ပါတယ်။
ယူရီရဲ့ဘယ်သူသေသေ ငတေမာပြီးရောလုပ်ရပ်ကို အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ရဲမှူးဂျက်က ခြေရာခံမိပြီး ဖမ်းဆီးတဲ့အခါမှာတော့ ယူရီက “ငါတရားရုံးကိုရောက်မှာမဟုတ်ဘူး။ ဒီအမှုကို ပေါ်အောင်လုပ်နိုင်လို့ မင်းထက်ရာထူးမြင့်တဲ့သူက မင်းကိုချီးကျူးစကားပြောပြီး ရာထူးတိုးပေးမယ်။ ပြီးတော့ ငါ့ကိုလွှတ်လိုက်လို့ပြောလိမ့်မယ်။ တကယ်တော့မင်းတို့ရဲ့သူဌေးကမှ တကယ့်ကမ္ဘာ့အကြီးဆုံး လက်နက်ကုန်ကူးတဲ့သူပါ။ အမေရိကန်သမ္မတကြီးပေါ့ကွာ။ သူတစ်ရက်ကုန်ကူးတဲ့ လက်နက်တွေက ငါ့ရဲ့တစ်နှစ်စာထက်ပိုများတယ်။ တစ်ခါတလေသေနတ်တွေပေါ်မှာ သူ့လက်ဗွေရာပါသွားရင် ဖြေရှင်းရခက်မှာစိုးလို့ ငါ့လိုကုန်ကူးတဲ့လူရဲ့ အကူအညီယူပြီး သူမပို့နိုင်တဲ့ နိုင်ငံတွေကို ရောက်အောင် ငါကပို့ပေးရတယ်။ ဒါကြောင့် ငါကမရှိရင်မဖြစ်တဲ့ “မကောင်းဆိုးရွားတစ်ကောင်ပါ”လို့ ပြောခဲ့ပါတယ်။ သူပြောတဲ့အတိုင်း ယူရီဟာတကယ်လည်းလွတ်လာခဲ့ပြီး လက်နက်ကုန်သည်အလုပ်ကိုပဲ ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။
နယ်စည်းမခြားတဲ့ လက်နက်တင်ပို့မှု
“Lord of War” နာမည်ကျော် ဇာတ်ကားအတိုင်းပါပဲ။ လွန်ခဲ့တဲ့ဆယ်စုနှစ်များက ဖြစ်ပွားခဲ့တဲ့စစ်ပွဲတွေကို လေ့လာကြည့်ရင် နောက်ကွယ်က လက်နက်ကုန်သည်နိုင်ငံကြီးများရဲ့ နယ်စည်းမခြားတဲ့ လက်နက်တင်ပို့မှု လက်စလက်နခြေရာတွေကို တွေ့မြင်နိုင်ပါလိမ့်မယ်။
၁၉၇၉-၈၀ ကျော်လွန်နှစ်များအတွင်းကဖြစ်ပွားခဲ့တဲ့ အီရန်- အီရတ်စစ်ပွဲမှာ အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံအချို့က အီရတ်ကို ထောက်ခံပြီး လက်နက်တွေအကြီးအကျယ်တင်ပို့ခဲ့ပါတယ်။ ပြင်သစ်ဆိုရင် ထိုစဉ်က သူ့ရဲ့နောက်ဆုံးပေါ် အိတ်ဇိုးဇေသင်္ဘောဖျက် ရော့ကက်ဒုံးပျံတွေကိုပါ ထောက်ပံ့ရောင်းချခဲ့ပါတယ်။
တကယ်တော့ အီရန်- အီရတ်စစ်ပွဲရဲ့အစက ဆက်ဒမ်ဟူစိန်ဦးဆောင်တဲ့ အီရတ်ရဲ့ကျူးကျော်မှုကြောင့် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ သို့သော် အီရန်ဟာ အမေရိကန်လိုလားတဲ့ ရှားဘုရင်ပြုတ်ကျပြီး ရန်သူတော်အဖြစ် သတ်မှတ်ထားတဲ့ဘာသာရေးအဖွဲ့ခေါင်းဆောင် အယာတိုလာခိုမေနီ ဦးဆောင်တဲ့ အစိုးရဖြစ်နေခဲ့လို့ အီရတ်ဟာကျူးကျော်သူအဖြစ်သတ်မှတ်ခြင်းမခံရဘဲ အီရန်ရဲ့အစ္စလာမ္မစ်တော်လှန်ရေး တင်ပို့ကုန်ကို ကြံ့ကြံ့ခံကာကွယ်မယ့် အရှေ့အလယ်အပိုင်းက တပ်ဦးအဖြစ် ရှုမြင်သတ်မှတ်ခြင်းခံရပြီး အထောက်အပံ့ အကူအညီများစွာ ရရှိခဲ့ခြင်းဖြစ်ပါတယ်။
ဒါပေမယ့် အီရန်- အီရတ်စစ်ပွဲ နှောင်းပိုင်းကာလ ၁၉၈၆-၈၇ ခုနှစ်များမှာတော့ သမ္မတရီဂင်အစိုးရဟာ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာအဖမ်းခံနေရတဲ့ အမေရိကန်ဓားစာခံတွေပြန်လည်လွတ်မြောက်ဖို့အတွက် အီရန်နဲ့အပေးအယူလုပ်ပြီး အီရန်ကလိုအပ်နေတဲ့ လက်နက်ခဲယမ်းနဲ့စစ်လက်နက်အပိုပစ္စည်းတွေကို လျှို့ဝှက်ရောင်းချပေးခဲ့တယ်။ အဲဒီကရရှိတဲ့ငွေကြေးအချို့ကိုလည်း အလယ်ပိုင်းအမေရိက က နီကာရာဂွါနိုင်ငံ လက်ဝဲအစိုးရကိုဆန့်ကျင်တိုက်ခိုက်နေတဲ့ ကွန်ထရာသူပုန်တွေကို တရားမဝင်လွှဲပြောင်းပေးပို့ခဲ့ပါတယ်။ ကွန်ထရာသူပုန်တွေကို ရီဂင်အစိုးရကအကူအညီမပေးဖို့ အမေရိကန်အထက်လွှတ်တော်က တားမြစ်ပိတ်ပင်ထားတဲ့ကြားက ယခုလို တရားမဝင်လွှဲပြောင်းပေးအပ်ခဲ့လို့အတိတ်က သမ္မတနစ်ဆင်ရဲ့ ဝါးတားဂိတ်ပြဿနာနဲ့နှိုင်းယှဉ်ပြီး အီရန်ဂိတ်ခေါင်းစဉ်နဲ့ ဟိုးလေးတကျော်ကျော် ပြဿနာဖြစ်ခဲ့ပါတယ်။ အိမ်ဖြူတော်က ထိပ်တန်းအရာရှိနှစ်ဦးက ခေါင်းခံပေးခဲ့ပြီး ရာထူးကနုတ်ထွက်ပေးခဲ့တဲ့အတွက် ရီဂင်အစိုးရဟာ သက်သာရာရရှိခဲ့ခြင်းဖြစ်ပါတယ်။
၁၉၉၀-၉၁ ခုနှစ်မှာ ဆက်ဒမ်ဟူစိန်ရဲ့ အီရတ်ဟာကူဝိတ်ကို ထပ်မံကျူးကျော်ဝင်ရောက် တိုက်ခိုက်ချိန်မှာတော့ ကမ္ဘာ့အခင်းအကျင်းဟာ ပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။ ရေနံသယံဇာတ ပေါကြွယ်ဝတဲ့ ကူဝိတ်နဲ့ဆော်ဒီအပါအဝင် အရှေ့အလယ်ပိုင်းက မဟာမိတ်တွေကိုကာကွယ်ပေးဖို့ အမေရိကန်နဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ အီရတ်နဲ့ဆက်ဒမ်ဟူစိန်ကို ရန်သူတော်ကြီးအဖြစ် စာရင်းသွင်းပြီး ပင်လယ်ကွေ့စစ်ပွဲကို ဆင်နွှဲခဲ့ပြန်ပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့တားမြစ်ထားတဲ့ အစုလိုက်အပြုံလိုက် သေကျေပျက်စီးစေမယ့် WMD လက်နက်တွေ ထုတ်လုပ်အသုံးပြုနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်နဲ့အပေါင်းပါနိုင်ငံအချို့ဟာ အီရတ်နိုင်ငံကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်ပြီး ဆက်ဒမ်ဟူစိန်အစိုးရကို ဖြုတ်ချခဲ့ပါတယ်။
အလားတူပဲ ၁၉၇၉ ခုနှစ် အာဖဂန်စစ်ပွဲမှာ ဆိုဗီယက်တွေကို ခုခံတွန်းလှန်တိုက်ခိုက်နေတဲ့ အိုစမာဘင်လာဒင်ရဲ့ အယ်လ်ကေဒါအဖွဲ့တွေကို အမေရိကန်ကအာဖဂန်မူဂျာဟစ် (ဘာသာရေး စစ်သည်)များရယ်လို့ထောက်ခံပြီး စတင်ဂါရော့ကတ်တွေကအစ ပံ့ပိုးထောက်ပံ့ပေးခဲ့ပေမယ့် ၉/၁၁ အကြမ်းဖက်မှုနောက်ပိုင်းမှာတော့ အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ပြီး အိုစမာဘင်လာဒင်ကို ဇာတ်သိမ်းအောင်ချေမှုန်း သုတ်သင်ခဲ့ပြန်ပါတယ်။
စစ်လိုလားသူတွေ ကမ္ဘာကို ကြီးစိုးနေသမျှ
မျက်မှောက်ကာလမှာလည်း ယူကရိန်းအရေး၊ ထိုင်ဝမ်ရေလက်ကြားတင်းမာမှုအရေးတွေနဲ့ ကမ္ဘာကြီးဟာ ဆူပွက်နေပါတယ်။ လတ်တလောမှာ အမေရိကန်နဲ့အပေါင်းအပါနိုင်ငံအချို့ဟာ အတိတ်ကာလက ဆိုဗီယက်ပြည်ထောင်စုကို အာဖဂန်စစ်ပွဲမှာ စစ်နွံနစ်ပြီး ချုံးချုံးကျသွားသလိုမျိုး ရုရှားကိုလည်း ယူကရိန်းစစ်ပွဲမှာ စစ်နွံနစ်နေအောင် ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေအလုံးအရင်းနဲ့ ထောက်ပံ့ပေးလျက်ရှိပါတယ်။ ယခုရက်ပိုင်းအတွင်းမှာပဲ ပိုလန်နဲ့လစ်သူရေးနီးယားကိုထောင်နဲ့ချီတဲ့ တင့်ကားစစ်ယာဉ်ယန္တရားတွေကို ပေးပို့ခဲ့ပါတယ်။ ငြိမ်းချမ်းရေးကိုလိုလားတဲ့ ကမ္ဘာ့ပြည်သူ အပေါင်းကတော့ ယူကရိန်းစစ်ပွဲ စစ်ဘောင်ကျယ်ပြန့်လာသည်နှင့်အမျှ အင်အားကြီးနိုင်ငံအချင်းချင်း ထိပ်တိုက်ရင်ဆိုင်တွေ့ပြီး နျူကလီးယားစစ်ပွဲအထိ ဆိုက်ရောက်သွားမယ့်အရေးကိုတွေးပြီး ရင်တမမ ဖြစ်နေကြရဆဲပါ။
တစ်ဖက်မှာလည်း အမေရိကန်ဟာသူနဲ့ စစ်ရေး၊ စီးပွားရေးမှာ ပခုံးချင်းယှဉ်လာတဲ့ တရုတ်နိုင်ငံကို ပစ်မှတ်တစ်ခုအဖြစ်သတ်မှတ်ပြီး ထိုင်ဝမ်ရေလက်ကြားအရေးကို ပြဿနာမကြီးကြီးအောင် ဆွပေးလျက်ရှိပါတယ်။ ထိုင်ဝမ်ရေလက်ကြားအရေး တင်းမာမှုမြင့်တက်လာချိန်မှာတော့ ထိုင်ဝမ်ကို တန်ဖိုးဘီလီယံနဲ့ချီတဲ့ စစ်လက်နက်အများအပြားတင်ပို့ရောင်းချပေးခဲ့ပြန်ပါတယ်။
ဒါဆိုရင် စစ်လိုလားသူတွေ၊ စစ်ဝါဒီတွေ၊ စစ်ဘုရင်တွေနဲ့ စစ်ပွဲကတစ်ဆင့် တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်ပြီး အကျိုးစီးပွားဖြစ်ထွန်းနေသူတွေ ကမ္ဘာကိုကြီးစိုးနေသမျှ ကမ္ဘာ့တင်းမာမှုလျော့ကျရေး၊ စစ်ပွဲတွေရပ်တန့်ရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး မျှော်မှန်းချက်ကတော့ အခက်အခဲတွေဖြစ်ပေါ်နေဦးမှာပဲ။
ဒါကြောင့် မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံငယ်လေးတွေအနေနဲ့ ရေကိုသား၍ ကြားမထင်၊ ရေပက်မဝင်နိုင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးကို အစဉ်ထာဝရတောင့်တင်းခိုင်မာအောင် ကြံဆောင်လုပ်ကိုင်နိုင်ဖို့ လိုအပ်လျက်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။