မြန်မာ - ရုရှား ယဉ်ကျေးမှုနှင့် ပညာရေးပူးပေါင်းဆောင်ရွက်မှု
ဒေါက်တာမောင်သင်း
“ကမ္ဘာ့အထွတ်အထိပ်သို့ရောက်လိုလျှင် ပညာရေးကို မြှင့်တင်ခြင်းမှတစ်ပါး အခြားနည်းလမ်း မရှိပေ”
မာကာရင်ကို (ရုရှားပညာရေးပညာရှင်)
နှစ်ပေါင်း (၇၅) နှစ်ဆိုသည့် “စိန်ရတု” ခရီးပင် ပေါက်မြောက်ခဲ့လေပြီ။ “စိန်” ဆိုသည်မှာ ကမ္ဘာ့ အမာကြောဆုံး တွင်းထွက်ပစ္စည်းပါ။ နှစ်နိုင်ငံချစ်ကြည်ရေးဆက်ဆံမှုသည်လည်း မာခဲ့၊ ခိုင်မြဲ ခဲ့၍သာ စိန်ရတုခရီးသို့ ချီတက်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်က ရွှေလမ်း ငွေလမ်းစတင်ဖောက်ခဲ့သည့် ရုရှား - မြန်မာ သံတမန် ဆက်ဆံရေးသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်ဆိုလျှင် (၇၅) နှစ် တင်းတင်းပြည့်ပါလိမ့်မည်။ တင်းကျပ်စွာဆုပ်ကိုင်ခဲ့သည့် မိတ်ကောင်း ဆွေကောင်းများ၏ လက်များသည် မဖြုတ်စတမ်း ခိုင်မြဲအောင် ခေါင်းဆောင်ကောင်းများက ခေတ် အဆက်ဆက် ထိန်းသိမ်းနိုင်ခဲ့ခြင်း၏ရလဒ်ဖြစ်ပေသည်။
သိပ္ပံပညာရှင် သုံးဦး၏ ရုရှား - မြန်မာ ချစ်ကြည်ရေးကြိုးပမ်းမှု
ကုန်းဘောင်ခေတ် မြန်မာ့ပညာတော်သင် လူငယ် ၉၀ ခန့်အား ပြင်သစ်၊ အီတလီ၊ အင်္ဂလန် နိုင်ငံများသို့ စေလွှတ်ခဲ့သည်။ ထိုအထဲတွင် အထင်ရှားဆုံးမှာ ဖန်ချက်ဝန်ဦးရွှေအိုး ဖြစ်သည်။ သူသည် ပြင်သစ်မှ မဟာသိပ္ပံဘွဲ့နှင့် မြို့ပြအင်ဂျင်နီယာဘွဲ့ ရရှိခဲ့သူဖြစ်သည်။ ကင်းဝန်မင်းကြီး ဦးကောင်းအား ပြင်သစ်အကူအညီရရှိရေးအတွက် နှစ်ကြိမ်တိုင်တိုင်စေလွှတ်ပြီး သံခင်း၊ တမန်ခင်းဖောက်ခဲ့ပါ သည်။ သို့သော် မအောင်မြင်ခဲ့ပါ။ သို့ပါ၍ ၁၈၇၅ ခုနှစ် နိုဝင်ဘာလတွင် ဦးခြိမ့် ဦးဆောင်သည့် သံအဖွဲ့ကို အီတလီ၊ စပိန်၊ ပေါ်တူဂီ၊ ရောမနိုင်ငံများသို့ စေလွှတ် ခဲ့၏။ ရုရှားနှင့် ဆက်သွယ်ရန်ရည်ရွယ်ပုံရ၏။ ၁၈၇၇ ခုနှစ်တွင် သံအဖွဲ့ပြန်လာခဲ့၏။ ရုရှားနှင့် အဆက်အသွယ်ရခဲ့ဟန် မတူပါ။
ရုရှား၏ ဩဇာသည် ဥရောပတစ်ခွင်တွင် အလွန်ပင်ကြီးကြောင်း မင်းတုန်းမင်းကြီးက သတိပြုမိ၍ ရုရှားနှင့်မဟာမိတ်ဖွဲ့ရန် လွန်စွာအာသီသရှိခဲ့သည်ဟု ဆိုပါသည်။ သို့ဖြစ်၍ ၁၈၇၈ ခုနှစ် နှစ်လယ်ပိုင်းတွင် ဖန်ချက်ဝန်ထောက် ဦးရွှေအိုးအား သံခန့်အပ်ကာ ပြင်သစ်နှင့် အီတလီသို့ ထပ်မံ စေလွှတ်ခဲ့သည်။ ပညာတော်သင်လူငယ်သုံးဦး လိုက်ပါသွားသဖြင့် “ပညာသင်များအား ပြင်သစ်သို့ လိုက်ပို့သည့်ခရီးစဉ်” ဟု လူသိများပါသည်။
တကယ်တော့ ရုရှားနှင့် အဆက်အသွယ်ရရန် ကြိုးပမ်းသည့် ခရီးစဉ်သာဖြစ်ပါသည်။ ပြင်သစ်သို့ ရောက်ရှိလျှင် ဦးရွှေအိုးသည် ပညာသင်ကျောင်းသား ဘဝကရင်းနှီးခဲ့သူ လေယာဉ်ပျံသန်းရေးဆိုင်ရာ သိပ္ပံပညာရှင် “အာဘယ်ဟူရိုဒဗီလ်နဖ်” နှင့် ဆက်သွယ်ခဲ့သည်။ သူသည် မြန်မာများအပေါ် အလွန်သံယောဇဉ်ကြီးသူဖြစ်သည်။ မြန်မာ့ကိစ္စများကို ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် စေတနာထားဆောင်ရွက်သူဖြစ်သည်။ ဦးရွှေအိုးသည် မြန်မာနှင့် ပြင်သစ်စီးပွားရေးစာချုပ် ချုပ်ဆိုနိုင်ရေးနှင့် ရုရှားနိုင်ငံနှင့် ဆက်သွယ်ရေးတို့အတွက် အာဘယ်ဟူရိုနှင့် တိုင်ပင်သည်။ အာဘယ်ဟူရိုက ပြင်သစ်ထိပ်တန်းအာဏာပိုင်များထံ အကူအညီတောင်းခဲ့ သော်လည်း ပြင်သစ် - မြန်မာစီးပွားရေး စာချုပ် ချုပ်ဆိုရေးကား မအောင်မြင်ခဲ့ပေ။
သို့ဖြစ်၍ ရုရှား-မြန်မာ အဆက်အသွယ်ရရေးသို့ ဦးလှည့်ဆောင်ရွက်ခဲ့သည်။ တိုက်ဆိုင်စွာပင် ၁၈၇၈ ခုနှစ် ဒီဇင်ဘာလတွင် ဓာတုဗေဒပညာရပ်၌ ပီရောဒစ်ဇယား (Periodic Table) စတင်တီထွင်ခဲ့မှုကြောင့် ယနေ့တိုင်ထင်ရှားနေသူ ရုရှားဓာတုဗေဒပညာရှင် ဒီမီထရီမင်ဒယ်လိသည် ဓာတုဗေဒနှင့် လေယာဉ်ပျံသန်းရေးဆိုင်ရာ ပညာရပ်များကို လေ့လာရန်အတွက် ပြင်သစ်သို့ ရောက်လာခဲ့သည်။
ထိုစဉ်က ပြင်သစ်နိုင်ငံ၏ လေယာဉ်ပျံသန်းမှု ပညာရပ်ဆိုင်ရာ အသင်းဥက္ကဋ္ဌဖြစ်သူ အာဘယ်ဟူရိုနှင့်တွေ့ဆုံခဲ့သည်။ အာဘယ်ဟူရို၏ မိတ်ဆက်ပေးမှုကြောင့် ရုရှားဓာတုဗေဒပညာရှင်နှင့် “မြန်မာ့ အစဦးဆုံး ဓာတုဗေဒကျမ်း” ကို ယောအတွင်းဝန် ဦးဘိုးလှိုင်နှင့်တွဲ၍ ပြုစုခဲ့သူ “ဖန်ချက်ဝန်ထောက် ဦးရွှေအိုး” တို့ တွေ့ဆုံခင်မင်ရင်းနှီးခဲ့ကြသည်။ ပညာရှင်အချင်းချင်း ပညာရပ်နှီးနှောဖလှယ်ရာမှ အာဘယ်ဟူရိုနှင့် ဦးရွှေအိုးက ရုရှား - မြန်မာ အဆက်အသွယ်ရရေးကို မင်ဒယ်လိအား အကူအညီတောင်းခံခဲ့ရာ အတတ်နိုင်ဆုံးကူညီရန် ကတိပေး၏။ ပဲရစ်မြို့ရှိ ရုရှားသံရုံးသို့သွားကာ သံအမတ်ကြီးအား “နယ်ချဲ့လက်တွင်းသို့ကျရောက်ရန် တည်းတည်းကလေးမျှသာ ကျန်သည့်မြန်မာပြည်ကို အကူအညီပေးရန် တိုက်တွန်းခဲ့ပေသည်”။
မင်ဒယ်လိ၏ တင်ပြချက်၊ တိုက်တွန်းချက်တို့ကို အင်္ဂလိပ်နှင့် ဆက်ဆံရေးပျက်မည်စိုးသည်ဟူသည့် အကြောင်းပြချက်ဖြင့် ပယ်ချခဲ့သည်။ သို့သော် မင်ဒယ်လိသည် လက်မလျှော့ဘဲ ၁၈၇၈ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့စွဲဖြင့် ရုရှားအိမ်ရှေ့စံ မင်းသားကြီး နီကိုလိုင်အလက်ဇန္ဒားထံသို့ မြန်မာပြည် ၏အခြေအနေအရပ်ရပ်ကို ဖော်ပြပြီး မြန်မာတို့အနေဖြင့် ရုရှားတို့နှင့် မဟာမိတ်ပြုလိုသည့်ကိစ္စအား ရုရှားဇာဘုရင်ထံ တိုက်ရိုက်တင်ပြပေးရန် စာရေးသားပေးပို့ခဲ့သည်။ သို့သော် အိမ်ရှေ့မင်းသားထံမှ မင်ဒယ်လိထံ အကျိုးအကြောင်းပြန်ကြားခဲ့ခြင်းမရှိဟု လေ့လာခဲ့ရပါသည်။ ဤသည်မှာလွန်ခဲ့သည့် နှစ်ပေါင်း ၁၄၀ ကျော်ခန့်က ရုရှား-မြန်မာချစ်ကြည်ရေးအတွက် ရုရှား၊ မြန်မာ၊ ပြင်သစ်သိပ္ပံပညာရှင်သုံးဦး၏ ကြိုးပမ်းမှုမှတ်တမ်းပင် ဖြစ်ပါသည်။
ပညာရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှု
မြန်မာနိုင်ငံသည် ၁၈၈၆ ခုနှစ်တွင် ဗြိတိသျှတို့ လက်အောက်ကျရောက်သွားပြီးနောက် ရုရှားနိုင်ငံနှင့် မြန်မာဘုရင် (သို့) လွတ်လပ်သည့် ကိုယ့်မင်း ကိုယ့်ချင်း အစိုးရဆက်ဆံရေး ဆိတ်သုဉ်းခဲ့သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးရပြီး နောက် တစ်လကျော်အကြာ ဖေဖော်ဝါရီ ၁၈ ရက် တွင် မြန်မာနှင့် ဆိုဗီယက်ယူနီယံတို့ သံတမန်ဆက်ဆံရေးစတင်ခဲ့သည်။
သံတမန်ဆက်သွယ်ပြီး နောက်ပိုင်းပညာရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးလုပ်ငန်းများလည်း ဆောင်ရွက်ခဲ့သည်။ မှတ်တမ်းများအရ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုသည် ဆိုဗီယက်ပြည်ထောင်စုသို့ ၁၉၅၅ ခုနှစ် အောက်တိုဘာလတွင် သွားရောက်လည်ပတ်ခဲ့သကဲ့သို့ ယင်းနှစ် ဒီဇင်ဘာလတွင် ဆိုဗီယက်ခေါင်းဆောင်က “ကရူးရှက်” နှင့် “ဘူလ် ဂါနင်” တို့ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ် ခဲ့ပါသည်။ အဆိုပါခရီးစဉ်များ၌ မြန်မာနိုင်ငံ ယဉ်ကျေးမှုနှင့် ပညာရေးပူးပေါင်းဖလှယ်မှုများ အတွက် ဆောင်ရွက်ခဲ့ကြပါသည်။ ထင်ရှားသည့် ကဏ္ဍများအနေဖြင့် -
(က) တက္ကသိုလ်ပညာရေးကဏ္ဍ
တက္ကသိုလ်ပညာရေးကဏ္ဍတွင် အထင်ရှားဆုံး မှာ အင်ဂျင်နီယာအတတ်ပညာ ပိုမိုခေတ်မီလာစေရန် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ၁၉၅၆ ခုနှစ် ကုန်ပိုင်းလောက်တွင် အင်ဂျင်နီယာ မဟာဌာနမှူး ပါမောက္ခ ဦးဘလှီခေါင်းဆောင်သည့်အဖွဲ့အား ဆိုဗီယက်သို့စေလွှတ်ခဲ့ရာ ၁၉၅၇ ခုနှစ် နှစ်ဦးပိုင်းတွင် “အင်ဂျင်နီယာပညာသင်ကြားရေးခေတ်မီလာစေရန်နှင့် ပိုမိုကျယ်ပြန့်လာစေရေး” အတွက် ဆိုဗီယက်အစိုးရ၏ အကူအညီရရှိရေးကို စေ့စပ်ခဲ့ပါသည်။ ယင်းကမ်းလှမ်းချက်အရ “အထူးလက်ဆောင်စီမံကိန်းများ သဘောတူစာချုပ်ရုပ်လုံးဖော်ရေးဘုတ်အဖွဲ့” ကို ဖွဲ့စည်းနိုင်ခဲ့သည်။
ဤအထူးလက်ဆောင်စီမံကိန်းများတွင် အထင်ရှားဆုံးမှာ ကြို့ကုန်း၌ “စက်မှုတက္ကသိုလ်” အဆောက်အအုံကြီး ဆောက်လုပ်ရန်လည်း ပါဝင်ပေသည်။ သို့ဖြစ်၍ ရုရှားဗိသုကာချုပ် ပေဗယ်စတိန္ဒုရှင် အပါအဝင် ရုရှားဗိသုကာသုံးဦးနှင့် ဦးဘလှီတို့အဖွဲ့ က ညှိနှိုင်းပုံစံထုတ်ခဲ့ကြသည်။ ပြီးလျှင် ကြို့ကုန်းရပ် ၁၆၇ ဧကရှိမြေကွက်၌ ၁၉၅၈ ခုနှစ် ဧပြီ ၂၁ ရက် တွင် နိုင်ငံတော်သမ္မတကြီး ဦးဝင်းမောင်က အုတ်မြစ်ချ၍ စတင်ဆောက်လုပ်ခဲ့သည်။ ဆောက်လုပ်ရေးလုပ်ငန်းကို ရုရှားအင်ဂျင်နီယာချုပ် ပေါလ်ရိုရီယန်ကင်နှင့် အခြားအင်ဂျင်နီယာ ခုနစ်ဦးတို့က ဦးစီးဆောင်ရွက်ခဲ့ကြသည်။ ဆောက်လုပ်စဉ်ကာလအတွင်း လျှပ်စစ်နှင့်သင်ကြား ရေးအထောက်အကူပြုပစ္စည်း တပ်ဆင်ရေးအတွက် ရုရှားပညာရှင်ပေါင်း ၁၀၀ ခန့် လာရောက်ခဲ့ကြပါသည်။ မြန်မာပညာရှင်၊ ဗိသုကာ၊ အတတ်ပညာရှင်နှင့် လုပ်သား ၂၀၀၀ ကျော်တို့ ပါဝင်ခဲ့သည်။ ထိုအထဲတွင် တပ်မဟာမှူး ဗိုလ်တိုက်စိုးနှင့် ဗိုလ်မင်းလွင် (ဆောက်လုပ်ရေး) တို့ ဦးစီးသည့် ပြန်လည်ထူထောင်ရေးတပ်မှ တပ်သားများလည်း ပါဝင်တည်ဆောက်ခဲ့သည်။
ဝမ်းသာဂုဏ်ယူစရာအချက်မှာ ထိုတက္ကသိုလ်ကြီး ဆောက်လုပ်သည့်လုပ်ငန်းများကို စစ်ဆေး ကြည့်ရှုရန် ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၆ ရက် တွင် ဆိုဗီယက်ဝန်ကြီးချုပ် ကရူးရှက်ကိုယ်တိုင် ထပ်မံရောက်လာခဲ့ပြီး ထိုစဉ်က အိမ်စောင့်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းက ကြိုဆိုခဲ့သည်။ နောက်တစ်နေ့ ဖေဖော်ဝါရီ ၁၇ ရက်တွင် ဆောက်လုပ်ဆဲစက်မှုတက္ကသိုလ်ကြီးကို သွားရောက်ကြည့်ရှုခဲ့ပြီး တက္ကသိုလ်အဝင်အဝတွင် ချစ်ကြည်ရေးကံ့ကော်ပင်ကို ရုရှားဝန်ကြီးချုပ်နှင့် ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာလှမြင့်တို့က စိုက်ပျိုးခဲ့ကြသည်။ (ထိုစဉ်က စက်မှုတက္ကသိုလ်ဟူ၍ မဖြစ်သေးပါ။ ရန်ကုန်တက္ကသိုလ်၏ အင်ဂျင်နီယာ မဟာဌာနအဆင့်သာ ရှိပါသေးသည်)။
အဆိုပါ ကျောင်းတော်ကြီးကို ဗမာစက်မှုတက္ကသိုလ် (BIT- Burma Institute of Technology) ဟူသည့် အမည်ဖြင့် ၁၉၆၁ ခုနှစ် မတ် ၁၅ ရက်တွင် ဖွင့်လှစ်ခဲ့ရာ မြန်မာအစိုးရအဖွဲ့ဝင်များ၊ ဆိုဗီယက် ရုရှားပညာရေးဝန်ကြီး၊ ရုရှားပါရဂူများ၊ မြန်မာအင်ဂျင်နီယာများ၊ ပါမောက္ခချုပ်၊ ပါမောက္ခများ၊ မြန်မာအင်ဂျင်နီယာကျောင်းသားများ တက်ရောက်ခဲ့ကြသည်။ ၁၉၆၃ ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ် (Yangon Institute of Technology) ဟု ပြောင်းလဲခေါ်ဆိုခဲ့သည်။ အဆိုပါ စက်မှုတက္ကသိုလ်၏ နောက်ထပ်ထူးခြားချက်များမှာ ဤစက်မှုတက္ကသိုလ်ကြီးတွင် တပ်ဆင်သုံးစွဲခဲ့သည့် လျှပ်စစ်ပစ္စည်းများနှင့် ကိရိယာများသည် ဆိုဗီယက် ရုရှား၊ ဟန်ဂေရီနှင့် တရုတ်နိုင်ငံထုတ် နောက်ဆုံးပေါ်ပစ္စည်းများ ဖြစ်ပေသည်။ ထို့ပြင် နံရံမြှုပ်ပေါ်လီ ဗီနိုင်းကလိုရိုက်ဖြင့် ဝိုင်ယာကြိုးကိုဖုံးထားသည့် နည်းပညာကို မြန်မာနိုင်ငံတွင် ပထမဆုံး အသုံးပြု တည်ဆောက်ထားသည့် အဆောက်အအုံဖြစ်ပေသည်။ စက်မှုတက္ကသိုလ်နှင့်အတူ စဝ်စံထွန်းဆေးရုံ၊ အင်းလျားလိတ်ဟိုတယ်နှင့် ကြက်မောက်တောင် ဆည်တို့ကိုလည်း ရုရှားက ကူညီတည်ဆောက်ပေး ခဲ့ပါသည်။
(ခ) ဘာသာစကားနှင့် ပညာတော်သင် အပြန်အလှန် ဖလှယ်ခြင်း
နိုင်ငံတော်အစိုးရက ၁၉၆၄ ခုနှစ်တွင် နိုင်ငံခြားဘာသာသင်ကျောင်းအား ပန်းဆိုးတန်းလမ်းရှိ Chartered Bank တွင် စတင်ဖွင့်လှစ်ခဲ့သည်။ စတင်သင်ကြားသည့် နိုင်ငံခြားဘာသာများထဲတွင် ရုရှားဘာသာစကားလည်း ပါဝင်ပါသည်။ ရုရှားဆရာများဖြင့် စတင်သင်ကြားပေးခဲ့သည်ဟု ဆိုပါသည်။ နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်များအရ မြန်မာစာပေကိုလည်း ဆိုဗီယက်ပြည်ထောင်စုမော်စကိုမြို့ရှိ နိုင်ငံတကာဆက်သွယ်ရေးတက္ကသိုလ်သို့ မြန်မာစာဌာနမှ ဆရာများ စေလွှတ်၍ သင်ကြားစေခဲ့သည်။
ပထမဆုံးဆရာမှာ ဆရာဦးမောင်မောင်ညွန့် (မင်းလှညွန့်ကြူး၊ တက္ကသိုလ်ဘာသာပြန်ဌာန)၊ ဒုတိယမြောက်မှာ ဆရာကြီးဦးကျော်ရင် (နောင်မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်) နှင့် တတိယ မြောက်အဖြစ် ဦးကျော်မြင့် (မြန်စာဂုဏ်ကျော်မြင့်) တို့ဖြစ်ကြပါသည်။ ထို့အတူ နှစ်နိုင်ငံကျောင်းသားများလည်း အပြန်အလှန်စေလွှတ်ဖလှယ်ခဲ့ကြသည်။ မြန်မာကျောင်းသားများထဲမှ ပညာရေးလောကတွင် ယနေ့တိုင် ထင်ရှားသူများမှာ ဒေါက်တာ မတင်ဝင်း ပါမောက္ခ (ငြိမ်း)နှင့် အမျိုးသားစာပေတစ်သက်တာဆု ၂၀၂၁ ၊ ဒေါက်တာမောင်သင်း ပါမောက္ခချုပ် (ငြိမ်း) ဒဂုံတက္ကသိုလ်)၊ ဒေါက်တာသိန်းလွင် (ပညာရေးစိတ်ပညာ ပါမောက္ခ(ငြိမ်း) ပညာရေးတက္ကသိုလ်)၊ ဒေါက်တာရဲအောင် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ ပညာရေးသုတေသန၊ ဒေါက်တာမင်းလှအောင်ကြီး ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ပညာရေးသုတေသနနှင့် ဒေါက်တာခင်ဇော် ဒုတိယပါမောက္ခချုပ်(ငြိမ်း) ပညာရေးတက္ကသိုလ်နှင့် ဒေါက်တာကျော်ညွန့် သင်္ချာပါမောက္ခ(ငြိမ်း) မန္တလေးတက္ကသိုလ် စသည်တို့ဖြစ်ကြောင်း လေ့လာမှတ်သားမိပါသည်။
ထို့အတူ ရုရှားကျောင်းသားများလည်း မြန်မာစာပေနှင့် ယဉ်ကျေးမှုကို လာရောက်သင်ကြားခဲ့ကြ ပါသည်။ ကျွန်တော်တို့ငယ်စဉ်ကာလ၌ ၁၉၆၅ - ၁၉၇၀ ပြည့်နှစ် ဗဟိုသတင်းစဉ်ကို ရပ်ကွက်ကျေးရွာများတွင် ပိတ်ကားထောင်၍ ပြသစဉ်က ရုရှားကျောင်းသူ၏ မြန်မာသီချင်းကို ရုရှားသံဝဲဝဲဖြင့် သီဆိုနေပုံ သတင်းစဉ်ရုပ်ရှင်ကားကို မှတ်မိနေမိပါသည်။ မြန်မာစာလာရောက်သင်ယူနေသည့် ရုရှားကျောင်းသူဖြစ်ကြောင်း မှတ်မိနေမိပါသည်။ ဆရာကြီး မြန်စာဂုဏ်ဦးကျော်မြင့်၏ မှတ်တမ်းအရ (၁၉၆၆- ၁၉၆၇) ခုနှစ်တွင် ရုရှား၌ ပညာသင်ကြားသူ တစ်ရာကျော်ရှိခဲ့ပေသည်။ ထိုအထဲမှ ၉၀ ခန့်သည် မော်စကိုမြို့ရှိ တက္ကသိုလ်ပေါင်းစုံတွင် သင်ကြားလျက်ရှိပြီး ၄၀ ခန့်မှာ အခြားမြို့များ၊ ပြည်နယ်များတွင် သင်ကြားနေကြပေသည်။
ထိုစဉ်က ထူးခြားချက်တစ်ခုမှာ ပညာရေးလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် ပညာရေးဝန်ကြီးဌာနက သံရုံးများတွင် ပညာရေးသံမှူးများအား တွဲဖက်ထားပေးခြင်းဖြစ်သည်။ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းများကို ထမ်းဆောင်ရန်ဖြစ်ပါသည်။ သူတို့သည် ပညာတော်သင်ကျောင်းသား ကျောင်းသူများ၏ ပညာသင်ကြားရေးကိစ္စအဝဝနှင့် ပညာတော်သင်ဆု၊ ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းများကို အဆိုပါပညာရေးသံမှူးနှင့် သူ၏ရုံးမှ ဆောင်ရွက်ပေးရသည်။ အခြားသံတမန်ဆက်ဆံရေးလုပ်ငန်းများကို ဆောင်ရွက်ရခြင်း မရှိပေ။
(ဂ) မြန်မာ့ဘောလုံးရွှေခေတ်က ရုရှားနည်းပြဆရာ “ဇိုနင်”
မြန်မာ့ဘောလုံးသမိုင်းတွင် ရွှေရောင်လွှမ်းသည့် ကာလတစ်ခုရှိခဲ့ပါသည်။ တတိယအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲ ပူးတွဲချန်ပီယံ၊ အာရှလူငယ်ပူးတွဲ ချန်ပီယံ (၁၉၆၅) မာဒေးကား ဒုတိယ (၁၉၆၆)၊ အာရှအိုလံပစ်ပထမနှင့် မာဒေးကားပူးတွဲချန်ပီယံနှင့် ပတ်ချုံဟီးဖလားဆုများ ရရှိခဲ့သည်။ ထိုကာလ တွင် မြန်မာဘောလုံးနည်းပြဆရာများမှာ ဦးစိန်လှိုင်၊ ဦးစောပယ်ရီဒွေး၊ ဦးဟာဂျီနှင့် ဗိုလ်ကြီးဘကြူး တို့ဖြစ်ပြီး ယင်းတို့နှင့်အတူ ဆိုဗီယက်နည်းပြဆရာ “မစ္စတာဇိုနင်” က ၁၉၆၄ ခုနှစ်မှ ၁၉၆၈ ခုနှစ် အထိ နှစ်နိုင်ငံချစ်ကြည်ရေး အစီအစဉ်အရ လာရောက်ကူညီပြီး ဧည့်နည်းပြဆရာအဖြစ် ထမ်းဆောင်ခဲ့သည်။
“ဘောလုံးနည်းပရိယာယ်” ဟူသည့်စာအုပ်ကို ဇိုနင်ကရေးသားခဲ့ရာ မြန်မာဘောလုံးဝါသနာအိုးများနှင့် မျိုးဆက်သစ်ဘောလုံးသမားများအတွက် မောင်တင်မြဆိုသူက ၁၉၆၇ ခုနှစ်တွင် မြန်မာဘာသာဖြင့် ထုတ်ဝေပေးခဲ့သည်။ ဘောလုံးနည်းပြ ဆရာဇိုနင်သည် လီနင်ဂရက်မြို့ အားကစားနှင့် ကာယပညာသိပ္ပံမှ ဘွဲ့ရခဲ့သည်။ မဟာဝိဇ္ဇာနှင့် ဂုဏ်ထူးဆောင်နည်းပြဘွဲ့ ရရှိခဲ့သူတစ်ဦး ဖြစ်ပါ သည်။ ပဉ္စမအကြိမ် ကျွန်းဆွယ်ပွဲအောင်နိုင်ရေး အတွက်လည်း ဘော်လီဘောနည်းပြဆရာ “ရိုလာယက်” က လာရောက်ကူညီပေးခဲ့သည်ဟု သိရသည်။
(ဃ) ပညာရေးအတွေးအခေါ်အယူအဆများ
ကွန်မြူနစ်စနစ်ဖြင့် နိုင်ငံကိုဖွံ့ဖြိုးအောင်ချီတက်နေသည့် ဆိုဗီယက်ယူနီယံ၏ ပညာရေးအယူအဆများသည် ဆိုရှယ်လစ်နိုင်ငံသစ်သို့ တည်ဆောက်နေသည့် မြန်မာနိုင်ငံ၏ပညာရေး အပေါ်သို့ အလွန်ပင်ဩဇာလွှမ်းမိုးလျက်ရှိကြောင်း လေ့လာတွေ့ရှိရသည်။ ယခုဆောင်းပါးအစတွင် ဖော်ညွှန်းခဲ့သည့်ဆောင်ပုဒ်သည် ဆိုဗီယက်နိုင်ငံသား ဆိုရှယ်လစ်ပညာရေးပုဂ္ဂိုလ်ကျော် “မာကာရင်ကို” (Makarenko) ၏ အယူအဆပင်ဖြစ်ပါသည်။ သူသည် ကျောင်းဆရာတစ်ဦး ဖြစ်ပါသည်။ သူ၏ ဆိုဗီယက်ပညာရေးအယူအဆ၊ သဘောတရားများကို မြန်မာနိုင်ငံ ပညာရေးမဂ္ဂဇင်းများဖြစ်သည့် ပညာတန်ဆောင်၊ ပညာလောကစာစောင်တို့တွင် ၁၉၆၅ ခုနှစ်မှစတင်၍ ရေးသားဖော်ပြခဲ့သည်။
ရုရှားနိုင်ငံ မော်စကိုမြို့နိုင်ငံတကာဆက်သွယ် ရေးတက္ကသိုလ်၌ မြန်မာစာဧည့်ပါမောက္ခအဖြစ် ထမ်းဆောင်ခဲ့သူ ဆရာကြီးဦးကျော်မြင့် (ဖိုးကျော်မြင့်၊ မြန်စာဂုဏ်ကျော်မြင့်) က “ဆိုရှယ်လစ်ပညာရေး အတွေ့အကြုံ” (၁၉၇၀) ဟူသည့်စာအုပ်ကိုလည်း ထုတ်ဝေခဲ့သည်။ ဆိုဗီယက်နိုင်ငံ၏ ထိုကာလတွင် ကျင့်သုံးလျက်ရှိသည့် ပညာရေးစနစ်အကြောင်း အသေးစိတ် ဖော်ညွှန်းထားပေသည်။ ထို့အတူ ဆရာကြီး ဦးသံဗျင်ကလည်း ဆိုဗီယက်ယူနီယံ ပညာရေးကို ၁၉၆၅ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ ထုတ် ဝေခဲ့သည့် ပညာတန်ဆောင် နှင့် ပညာလောက စာစောင်တို့တွင် ဆောင်းပါးများစွာ ရေးသားခဲ့ကြသည်။
မာကာရင်ကို၏ ကျောင်းဆရာများနှင့်ပတ်သက်သည့် အဆိုအမိန့်တစ်ခုမှာ “ကျောင်းဆရာ တိုင်းတွင် မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိကျမှန်ကန်သော နိုင်ငံရေးအမြင်ရှိရမည်။ ကိုယ့် နိုင်ငံ တည်ဆောက်ရေးအတွက် နိုင်ငံရေးအမြင် ကင်းမဲ့သူတစ်ယောက်သည် လူ့အဖွဲ့အစည်း၏ အနာဂတ်အကျိုးစီးပွားဖွံ့ဖြိုးရေးအတွက် သွန်သင် လမ်းပြလေ့ကျင့်ပေးသည့် ပညာရေးတာဝန်နှင့် ပတ်သက်ခြင်း မရှိစေအပ်” ဟူ၍ ဖြစ်သည်။ ကျောင်းဆရာဆိုသည်မှာ အမျိုးသားနိုင်ငံရေးအသိအမြင်ကြွယ်ပါမှ နိုင်ငံ၏အနာဂတ်တောက်ပမည်ဖြစ်ကြောင်း မီးမောင်းထိုးပြခဲ့ခြင်းဖြစ်သည်။ အနာဂတ် လူ့အဖွဲ့အစည်း၏ ပဲ့ကိုင်ဆရာများအနေဖြင့် နိုင်ငံ၏ ရှေ့ရေးအတွက် အမျိုးသားနိုင်ငံရေးအမြင် ရှေ့ပြေးနေရန်လိုအပ်ကြောင်း ထောက်ပြခဲ့ခြင်း ဖြစ်ပါသည်။
မာကာရင်ကို၏ ပညာရေးကို လက်တွေ့ဖော်ဆောင်ရာတွင်လည်း “ကျောင်းသင်ဘာသာရပ်များကို အလေးပေးပြီး စာမေးပွဲရမှတ်သို့ ဦးတည်သင်ကြားမှုထက် ကလေးသူငယ်များ၏ စိတ်ဓာတ်နှင့် ဉာဏ်ရည်မြင့်မားမှုကို အလေးထားလေ့ကျင့်ပေးရမည်။ ထိုသို့ လေ့ကျင့်ပေးနိုင်ရန် သင်ပြနည်း များကို တီထွင်ကြံဆကြ၏။ ပြီးလျှင် လက်တွေ့အသုံးချခြင်းပင်ဖြစ်သည်။ သို့ဖြစ်၍ ကလေးများ၏ ကာယ၊ ဉာဏ ဖွံ့ဖြိုးမှုအတွက် အားကစားမျိုးစုံတွင် ပါဝင်ကစားစေခြင်းအပါအဝင် အိမ်တွင်းမှုလုပ်ငန်းများ၊ ကျောင်းကောင်စီအဖွဲ့၊ စာကြည့်တိုက်အသင်း၊ ကြက်ခြေနီ၊ စာပေဟောပြောပွဲ၊ ရပ်ဝေးအခြေစိုက် လုပ်အားပေးစခန်း၊ လေကြောင်းလူငယ်သင်တန်း၊ ရေကြောင်း လူငယ်သင်တန်း၊ လေ့လာရေးခရီးမျိုးစုံ၊ ကျောင်းတွင်းသိပ္ပံပြပွဲပြိုင်ပွဲ စသည်တို့တွင် ပါဝင်လှုပ်ရှားစေခြင်းများကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ဖော်ဆောင်ပေးခဲ့မှုများသည် ဆိုဗီယက်ပညာရေးပညာရှင်မာကာရင်ကို၏ ပညာရေးအယူအဆများက မြန်မာ့ပညာရေးအပေါ် ထိုအချိန်က သက်ရောက်မှုရှိခဲ့ခြင်းဟု ဆိုရပေမည်။
(င) စာပေကဏ္ဍ
ကျွန်တော်တို့သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်မှာ ကြီးပြင်းလာကြသူများဖြစ်၍ ထိုအချိန်က ရုရှားစာပေအယူအဆများ မိမိတို့အပေါ် လွှမ်းမိုးမှုလေးများကို တင်ပြပါရစေ။ ယနေ့ မင်္ဂလာဒုံရှိ တပ်မတော်အရိုးအထူးကုဆေးရုံကြီး ခုတင်(၅၀၀)နေရာတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် က “ဗဟိုနိုင်ငံရေးသိပ္ပံ” ဟူသည့် ကျောင်းကြီးဖွင့်လှစ် ခဲ့ပါသည်။
ထိုကျောင်း၏ စာအုပ်ဆိုင်တွင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေထားသည့် ရုရှားဂန္ထဝင်စာပေများ ရောင်းချသည်ကို တွေ့ရပေသည်။ ဥပမာ - Maxim Gorky ၏ My Childhood, My University, My Apprenticeship (ဆရာကြီး မြသန်းတင့်က အဆိုပါ ဝတ္ထုသုံးပုဒ်ကို ပေါင်း၍ “ဘဝတက္ကသိုလ်” ဟု ဘာသာပြန်ထားပါသည်။) နှင့် Mother တို့ ဖြစ်ပါ သည်။ ထို့ပြင် Aton Chekov ၏ Short Stories စသည်တို့လည်း ပါဝင်ပါသည်။ လီနင်လက်ရွေးစင်စာ များကိုလည်း တွေ့နိုင်ပေသည်။ ထို့အတူ ကျွန်တော် တို့ငယ်ငယ်က နဝမတန်းတွင် လီယိုတော်စတွိုင်း (Leo Tolstoy) ၏ Empty Drum ဝတ္ထုတိုကို ပြဋ္ဌာန်း စာအုပ်အဖြစ် ပြဋ္ဌာန်းခဲ့ပါသည်။ ယင်းစာအုပ်ပါ “God Knows the true, but wait” “ဘုရားသခင်က အမှန်တရားကိုသိပါသည်၊ ဒါပေမဲ့ ကြာတတ်သည်” ဟူသော “စစ်နှင့်ငြိမ်းချမ်းရေး” ဝတ္ထုစာအုပ်ဖြင့် ကမ္ဘာကျော်ခဲ့သူ လီယိုတော်စတွိုင်း၏ စကားကို ကျွန်တော်တို့ မြန်မာအထက်တန်းကျောင်းသားများ၏ ပါးစပ်ဖျားတွင် ရေပန်းစားခဲ့ပါသည်။
ထို့အတူ ဘောရစ်ပတ်စတာနတ် (Boris Pasternak) ၏ ဒေါက်တာ ဇီဗားဂိုးဝတ္ထုနှင့် ရုပ်ရှင် ကားသည် မြန်မာစာဖတ်ပရိသတ်နှင့် ရုပ်ရှင် ချစ်သူတို့ကြား စွဲစွဲမက်မက်ကျန်နေဆဲပါ။ စာရေးသူ ရောက်ခဲ့သည့် ရုရှားနိုင်ငံအရှေ့ဖျားက Sakhalin ကျွန်းတွင် “ချက်ကော့” ပြတိုက်ဖြင့် ဂုဏ်ပြုခံထားရသည့် ဆရာဝန်စာရေးဆရာ Aton Chekov ၏ ဖေမြင့် မြန်မာပြန်သည့် “လူနာဆောင် အမှတ် ၆” (Word 6) နှင့် ဆရာကြီးကျော်အောင် ပြန်ဆိုသည့် “ချက်ကော့ရဲ့ဝတ္ထုတိုများ” သည်လည်း ယနေ့တိုင် ပြန်လည်ထုတ်ဝေရလောက်အောင်ပင် မြန်မာ စာဖတ်ပရိသတ်အပေါ် လွှမ်းမိုးလျက်ရှိနေဆဲ ဖြစ်ပါသည်။ တော်စတွိုင်း၏ “စစ်နှင့်ငြိမ်းချမ်းရေး” ဝတ္ထုရှည်ကြီးကို မြန်မာဘာသာပြန် စာရေးဆရာများက ပြန်ဆိုခဲ့ရာ ဆရာကြီးမြသန်းတင့်၏ ပြန်ဆိုမှုမှာ အကြိမ်ကြိမ်ပုံနှိပ်ထုတ်ဝေနေရဆဲ ဖြစ်ပါသည်။
ယနေ့ခေတ်တွင်လည်း “ရုရှား - မြန်မာ ချစ်ကြည်ရေးအသင်း” ဖွဲ့စည်းနိုင်ရေးအတွက် ၂၀၁၈ ခုနှစ်ကတည်းက စတင်ကြိုးပမ်းလာခဲ့ရာ ၂၀၂၁ ခုနှစ်တွင် အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။ ပညာရေးအနေဖြင့်လည်း လောလောလတ်လတ် ၂၆-၁၁-၂၀၂၂ ရက်နေ့တွင် “Academic Seminar on Russia – Myanmar Expanding Opportunity for Education and Science” ကို ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြောင်းသတင်းကို ဖတ်မိရ၍ ယနေ့အထိ တိုင်အောင် ပညာရေးပူးပေါင်းဆောင်ရွက်မှုများ ရှိနေဆဲဖြစ်ကြောင်းသိရသဖြင့် ဝမ်းသာမိပါသည်။
တပ်မတော်အစိုးရလက်ထက်တွင် စာရေးသူ အဆင့်မြင့်ပညာဦးစီးဌာနတွင် ဒုတိယညွှန်ကြား ရေးမှူးချုပ် တာဝန်ယူစဉ်ကာလ (၂၀၀၇ ခုနှစ်) ကလည်း ရုရှားနိုင်ငံသို့ ပညာတော်သင် ၁၀၀ ကို ပညာရေးဝန်ကြီးဌာနအနေဖြင့် စီစဉ်၍ စေလွှတ် ပေးခဲ့ပါသည်။ ရုရှားပညာရေးဝန်ကြီးဌာန၏ မှတ်တမ်းအရ ၁၉၉၃ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ မြန်မာကျောင်းသားပေါင်း ၄၇၀၀ ကျော် ရုရှားတွင် ပညာသင်ကြားခဲ့ပါသည်။ ယခုဆိုလျှင် အဆိုပါ အရေအတွက်ထက် လွန်စွာများနေပြီ ဖြစ်ပါသည်။ ယနေ့အချိန်တွင် ပညာရေး၊ ယဉ်ကျေးမှုများတွင်သာမက သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးကိုပါ အလေးထားဆောင်ရွက်နေကြောင်း လေ့လာတွေ့ရှိရသည်။
အချုပ်အားဖြင့် ရုရှား-မြန်မာ သံတမန်ဆက်ဆံရေးအတွက် ကနဦးအနေဖြင့် ရုရှားဇာဘုရင်ခေတ်၊ မြန်မာတို့၏ ကုန်းဘောင်ခေတ်တွင် မြန်မာ-ပြင်သစ်- ရုရှား သိပ္ပံပညာရှင်များက ကြိုးပမ်းခဲ့ကြ ပါသည်။ မအောင်မြင်ခဲ့သော်လည်း နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို သိပ္ပံပညာရှင်များ မြတ်နိုး၍ ကိုယ်တိုင်ပါဝင်ခဲ့မှုကြောင့် “ရုရှား-မြန်မာ ချစ်ကြည် ရေးကြိုးပမ်းမှုအစ မြန်မာ-ပြင်သစ်-ရုရှားသိပ္ပံ ပညာရှင်များက” ဟူ၍ သမိုင်းသက်သေထူနိုင်ခဲ့ပါသည်။
လွတ်လပ်ရေးရပြီး ခေတ်မှ ယနေ့အထိ နှစ်နိုင်ငံပညာရေး၊ စာပေ၊ အနုပညာ၊ အားကစား စသည့်ကဏ္ဍအစုံတွင် ပူးပေါင်းဖလှယ်မှုလုပ်ငန်းများ ကို ဆောင်ရွက်လာခဲ့သည်မှာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ဆိုလျှင် စိန်ရတုပင်တိုင်ခဲ့ချေပြီ။ စိန်စီသော နှစ်နိုင်ငံချစ်ကြည်ရေးလမ်းပေါ်မှ မိတ်ဆွေကောင်း နှစ်နိုင်ငံ၏ ပညာရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး ယာဉ်ရထားအစုံစုံသည် အခြားကဏ္ဍစုံ ချစ်ကြည်ရေးယာဉ်များနှင့်အတူ ချောမွေ့အန္တရာယ်ကင်းစွာ ခရီးဆက်လက်မောင်းနှင်နေကြပေဦးမည်ဟု ယုံကြည်မိပါကြောင်း ရုရှား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး စိန်ရတုခရီးကို ဂုဏ်ပြုရေးသား လိုက်ရပါသည်။ ။
ကျမ်းကိုး
(၁) ဒေါက်တာမျိုးသန့်တင် (၁၉၈၄) ကုန်းဘောင် ခေတ်မြန်မာ့သိပ္ပံပညာရှင်များ
(၂) မြန်စာဂုဏ်ကျော်မြင့် (၁၉၇၀) ဆိုရှယ်လစ် ပညာရေးအတွေ့အကြုံ
(၃) ဦးသံဗျင် - ဦးအေးစိုး (၁၉၇၈) စာရိတ္တ၊ စည်းကမ်းနှင့် ပညာရေး
(၄) မလှကျော့ (၁၉၇၁) ဇာဘုရင်ခေတ်ရုရှား - မြန်မာ ဆက်ဆံရေးအကျဉ်းချုပ်- ၁၉ ရာစု
(၅) ဦးအောင်လှထွန်းနှင့် အဖွဲ့ (၂၀၁၂) မြန်မာနိုင်ငံ အင်ဂျင်နီယာ ပညာရေးသမိုင်း