ရေတင်များဖြင့် စိမ်းလန်းစေမည့် ညောင်ဦးဒေသ စိုက်ဧကများ
ကောင်းထက်
စပါး၊ ပဲ၊ ပြောင်း၊ နေကြာစသည်ဖြင့် စိုက်ပျိုးသီးနှံမျိုးစုံ ရာသီပတ်လုံးစိုက်ပျိုးနိုင်အောင် ညောင်ဦးခရိုင်အတွင်း မြစ်ရေတင်စီမံကိန်းငါးခုကို အကောင်အထည်ဖော်ထားပြီးဖြစ်သည်။ မိုးနည်းရပ်ဝန်းဒေသဖြစ်သော်လည်း စိုက်ခင်းများတွင် ရာသီပတ်လုံးစိုက်ပျိုးနိုင်အောင် မြစ်ရေတင်များ တည်ဆောက်ထားရှိမှုကြောင့် စိုက်ပျိုးရေရရှိနေသဖြင့်တောင်သူများက သီးနှံအထွက်တိုးရေး ကြိုးပမ်းအားထုတ်လျက်ရှိသည်။
မြစ်ရေတင်လုပ်ငန်းငါးခု
ညောင်ဦးခရိုင်အတွင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးရုံး (ရေအရင်းအမြစ်)မှ စိုက်ပျိုးရေပေးဝေနိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးသည့် လက်ပံခြေပေါ်မြစ်ရေတင်၊ သူကောင်းတည်မြစ်ရေတင်၊ ငါ့သရောက်မြစ်ရေတင်၊ ကျောက်ကူးမြစ်ရေတင်နှင့် လောကနန္ဒာမြစ်ရေတင်ဟူ၍ ရေတင်လုပ်ငန်းငါးခုရှိရာ ငါ့သရောက်မြစ်ရေတင်တွင် အကျိုးပြုဧက ၂၁၈၅ ဧက၊ လက်ပံခြေပေါ်မြစ်ရေတင်တွင် အကျိုးပြုဧက ၁၀၀၀၊ သူကောင်းတည်မြစ်ရေတင်တွင် အကျိုးပြုဧက ၄၃၀၀၊ ကျောက်ကူးမြစ်ရေတင်တွင် အကျိုးပြုဧက ၁၈၀၀ နှင့် လောကနန္ဒာမြစ်ရေတင်တွင် အကျိုးပြုဧက ၇၂၀၀ စုစုပေါင်းအကျိုးပြုဧက ၁၆၄၈၅ ဧကရှိကြောင်း သိရသည်။
မိုးရွာသွန်းမှုနှင့် ရေလိုအပ်ချက်တို့ပေါ်မူတည်၍ အဆိုပါမြစ်ရေတင်လုပ်ငန်း ငါးခုမှနှစ်စဉ်လိုအပ်သော စိုက်ပျိုးရေ/ဖြည့်စွက်ရေများ ပေးဝေလျက်ရှိကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညောင်ဦးခရိုင် (ရေအရင်းအမြစ်)၏ အချက်အလက်များအရ သိရသည်။
ညောင်ဦးခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနသည် ၂၀၂၂-၂၀၂၃ ဆောင်းသီးနှံ/နွေသီးနှံများကို စိုက်ပျိုးရေပေးဝေသွားနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ဒေသဟာ တောင်သူလုပ်ငန်းနဲ့ အသက်မွေးတဲ့သူများတဲ့အတွက် တောင်သူတွေရဲ့ စိုက်ပျိုးရေးအတွက်အဓိကကျတဲ့ စိုက်ပျိုးရေရရှိရေးကို ကြိုးပမ်းဖော်ဆောင်ပေးရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် မိုးရေချိန်က ပျမ်းမျှ ၂၈ လက်မသာရရှိတဲ့အတွက် မိုးမျှော်ပြီးစိုက်ရင် သီးနှံတွေအောင်မြင်ဖြစ်ထွန်းဖို့ မသေချာဘူး။ ကျွန်တော်တို့ မြို့နယ်မှာဖြတ်သန်းစီးဆင်းသွားတဲ့ သဘာဝအရင်းအမြစ်ဖြစ်တဲ့ ဧရာဝတီမြစ်ကို အသုံးချနိုင်ဖို့ကြိုးစားရတယ်။ ဒီအတွက်မြစ်ရေတင်စီမံကိန်းငါးခုကို အကောင်အထည်ဖော်ပြီး စိုက်ပျိုးရေပေးဝေလျက်ရှိပါတယ်’’ဟု ညောင်ဦးခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ကြားရေးမှူးက ပြောကြားသည်။
ထိုသို့ တောင်သူများအတွက် စိုက်ပျိုးရေနှစ်စဉ်ပေးဝေရာတွင် အသုံးပြုခဲ့သည့် လျှပ်စစ်ဓာတ်အားခမှာ တစ်ဧကပျမ်းမျှကျပ် ၁၇၀၀၀၀ အထိကုန်ကျလျက်ရှိနေသည်။ တောင်သူများက ရေခွန်ပေးဆောင်ရမှုမှာ မိုးစပါးတစ်ဧကလျှင် ကျပ် ၆၀၀၀ နှုန်း၊ နွေစပါးတစ်ဧကလျှင် ကျပ် ၉၀၀၀ နှုန်း၊ အခြားသီးနှံ တစ်ဧကလျှင်ကျပ် ၃၀၀၀ နှုန်းသာပေးဆောင်ရပြီး တစ်နှစ်လျှင်နှစ်သီး၊ သုံးသီးစိုက်ပျိုး၍ အကျိုးအမြတ်ရရှိမှုကြောင့် တောင်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။
ဆိုလာဓာတ်အားသုံးစနစ်များ တွဲဖက်တပ်ဆင်
ညောင်ဦးခရိုင်အတွင်း မြစ်ရေတင်စီမံကိန်းဖြင့် စိုက်ပျိုးရေပေးဝေရာတွင် ရေတင်စီမံကိန်းလေးခုသည် မြစ်အတွင်းမှရေတင်ရသည့် အဆင့်များပြားခြင်း၊ မြေသဘာဝသည်သဲဆန်ခြင်းတို့ကြောင့် ရေပေးဝေမှုပမာဏများပြားသဖြင့် ဓာတ်အားခကုန်ကျစရိတ်များပြားခြင်းဖြစ်သည်။ ထိုကဲ့သို့ တောင်သူများ၏ စိုက်ပျိုးမြေများအတွက် စိုက်ပျိုးရေတင်ရာတွင် လျှပ်စစ်ဓာတ်အားခ ကုန်ကျစရိတ်ကိုလျှော့ချနိုင်ရန် ရေတင်လုပ်ငန်းများ၌ ပြည့်ဖြိုးမြဲစွမ်းအင်ဆိုလာဓာတ်အားသုံးစနစ်များ တွဲဖက် တပ်ဆင်ခြင်းကို စီမံဆောင်ရွက်လျက်ရှိသည်။
“ငါ့သရောက် မြစ်ရေတင်ရေတင်အဆင့် (၂)နဲ့ လက်ပံခြေပေါ်မြစ်ရေတင် ရေတင်အဆင့်(၂)တို့မှာ ဆိုလာစနစ်တွဲဖက်တပ်ဆင်ခြင်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှာ တိုင်းဒေသကြီးရန်ပုံငွေနဲ့ ဆောင်ရွက်ပြီးစီးခဲ့ပါပြီ။ ကျန်တဲ့မြစ်ရေတင်တွေကိုလည်း ဆိုလာဓာတ်အားသုံးစနစ်တွေ ဘဏ္ဍာနှစ်အလိုက် လျာထားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဓိကကတော့ ဓာတ်အားခကုန်ကျစရိတ်သက်သက် သာသာနဲ့ တောင်သူကိုအကျိုးပြုနိုင်ဖို့နဲ့ လျှပ်စစ်ရေတင်တွေကို ဆိုလာတပ်ဆင်လိုက်လို့ ပိုလျှံလာတဲ့ဓာတ်အားတွေကို ပြည်သူတွေမျှဝေသုံးစွဲလာနိုင်ဖို့အတွက်ဆောင်ရွက်ရတာပါ” ဟုလက်ထောက် ညွှန်ကြားရေးမှူးကရှင်းပြသည်။
ဆိုလာစနစ်သုံး အနိမ့်တင်ပန့်များ
ယခုဘဏ္ဍာနှစ်တွင် လောကနန္ဒာမြစ်ရေတင် ဧရိယာအတွင်းရေပေးမြောင်းများမှ တိုက်ရိုက်မရောက်သည့် Upland Area များကို ရေတင်ပေးနိုင်ရေးဆိုလာစနစ်သုံး အနိမ့်တင်ပန့်များကို တပ်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ညောင်ဦးခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ညောင်ဦးခရိုင်အတွင်းရှိ မြစ်ရေတင်လုပ်ငန်းမှ စိုက်ပျိုးရေးသာမက မြစ်ရေတင်ရေပေးမြောင်းအနီးရှိ ကျေးရွာ ၂၈ ရွာအတွက် ရေကန် ၂၈ ကန်ကို တည်ဆောက်ပေးခဲ့ပြီး သောက်သုံးရေလိုအပ်ချက်ကိုပါ ဖြည့်ဆည်းပေးနိုင်ခဲ့သည်။
“မိုးနည်းတဲ့ဒေသဆိုတော့ မိုးမျှော်လုပ်ရမယ့် စိုက်ပျိုးရေးဆိုရင်အဆင်မပြေဘူး။ သီးနှံတွေအောင်မြင်ဖြစ်ထွန်းဖို့ မသေချာဘူး။ ကျွန်တော်တို့ဒေသအတွက် ဧရာဝတီမြစ်ကနေ မြစ်ရေတင် ဆောင်ရွက်ပေးလို့သာ စိုက်ပျိုးရေးကိုစိတ်ချလက်ချ လုပ်နိုင်ကိုင်နိုင်ပြီး တောင်သူတွေ နွေ၊ မိုး၊ ဆောင်း စိုက်ပျိုးလာနိုင်လို့အဆင်ပြေကြတာ။ ဒါ့အပြင် မြောင်းလက်တံတွေကတစ်ဆင့် သောက်သုံးရေကန် တွေကိုပါ ရေဖြည့်ပေးတော့ သောက်သုံးရေပါအဆင်ပြေပြီး ကျွဲ/နွား တိရစ္ဆာန်တွေကိုပါ မွေးမြူ လာနိုင်တယ်၊ နှစ်မိုင်လောက်ဝေးတဲ့ မြစ်ထဲအထိ ရေဆင်းခပ်စရာမလိုတော့တဲ့အတွက် အချိန်ကုန်၊ လူပမ်းလည်းသက်သာတာပေါ့။ ရွာထဲကသစ်ပင်တွေလည်း အရင်ကနွေရာသီဆို အရွက်တွေမရှိတော့ဘူး။ အခုဆိုတစ်နှစ်ပတ်လုံးစိမ်းလန်းပြီး အပင်တွေလည်းမသေတော့ဘူး။ ဒီတော့ မြစ်နဲ့နီးတဲ့ဒေသတွေမှာ မြစ်ရေတင်များများရှိတော့ တောင်သူတွေနဲ့ ကျေးလက်နေပြည်သူတွေအတွက် ကောင်းတာပေါ့။ ဒါမှ စိုက်ပျိုးရေးကို အားထည့်လုပ်နိုင်မှာ”ဟု နတ်ကြို့အိုင်ကျေးရွာမှ တောင်သူ ဦးအောင်ညို (လောကနန္ဒာမြစ်ရေတင်ဧရိယာမှ တောင်သူ)က ဆိုသည်။
ရေအသုံးချသူများအဖွဲ့
ညောင်ဦးမြို့နယ်အတွင်းရှိ မြစ်ရေတင်ငါးခုမှ မြစ်ရေတင်ဧရိယာအတွင်း စိုက်ပျိုးရေအသုံးချလျက်ရှိသော တောင်သူများပါဝင်သည့် ရေအသုံးချသူများအဖွဲ့ (WUG) ၉၃ ဖွဲ့ကို ဖွဲ့စည်းထားရှိပြီး ဆက်လက်၍လည်း ရေသုံးစွဲသူများအသင်း (WUA) ကို ဖွဲ့စည်းနိုင်ရေးဆောင်ရွက်လျက်ရှိသည်။
“ကျွန်တော်တို့ ဒေသမှာရေသုံးစွဲတဲ့ တောင်သူတွေကိုယ်တိုင်ပါဝင်တဲ့ WUG လည်းရှိနေပြီ။ ဒီထဲမှာဆိုရင် ရေသုံးစွဲတဲ့တောင်သူဦးရေ ၃၇၁၄ ဦးပါဝင်တာဖြစ်ပါတယ်။ ဒီအသင်းတွေစုပေါင်းပါဝင်တဲ့ WUA ကို ဆက်လက်ဖွဲ့စည်းနိုင်ရေးကိုလည်း ဆောင်ရွက်နေပါပြီ။ ဒီအသင်းအဖွဲ့နဲ့လုပ်တဲ့ အားသာချက်က ရေကိုစနစ်တကျနဲ့ အလေ့အလွင့်မရှိဘဲ စိုက်ပျိုးရေးအတွက် အကျိုးရှိရှိသုံးနိုင်တာပဲ။ အများနဲ့လုပ်တော့ အမြင်ပိုကျယ်တယ်။ သီးနှံစိုက်တာဆိုရင်လည်း အကျိုးများမယ့် သီးနှံပုံစံတွေသိလာရတယ်” ဟု ရေအသုံးချသူများအဖွဲ့ (WUG) အတွင်းတွင် ပါဝင်သည့်် လက်ပံခြေပေါ်ကျေးရွာမှ တောင်သူ ဦးစိုးနိုင်ဝင်း (လက်ပံခြေပေါ် မြစ်ရေတင်ဧရိယာ)က ပြောသည်။
လယ်ကြားရေသွင်းမြောင်းတစ်ခုမှ မြစ်ရေတင် ရေသောက်တောင်သူအချင်းချင်း အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် အလေ့အကျင့်ကောင်းများ ရရှိစေ ရေး၊ မြစ်ရေပေးဝေမှုစီမံခန့်ခွဲခြင်းလုပ်ငန်းစဉ်များနှင့် မြစ်ရေတင်မြောင်း အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းစဉ်များကို မြစ်ရေတင်ရေဖြင့် အသုံးပြုတောင်သူများ ကောင်းစွာသိရှိနားလည်စေပြီး ဌာနနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်စေရေး၊ ရေပေးရေယူ အခက်အခဲများပူးပေါင်းဖြေရှင်းနိုင်စေရေး၊ မြစ်ရေဖြင့်စိုက်ပျိုးရေးလုပ်ကိုင်ကြသော တောင်သူများ မိမိတို့စိုက်ပျိုးဧရိယာအတွင်း ရေဖြန့်ဝေမှုစနစ်နှင့် သီးနှံစိုက်ပျိုးမှုပုံစံတို့ကို အကောင်းဆုံးဖြစ်အောင် ကိုယ်တိုင်စီမံပါဝင်နိုင်ရေးတို့အတွက် ရေအသုံးချသူများအဖွဲ့(WUG)နှင့် ရေသုံးစွဲသူများအသင်း (WUA) များကို ဖွဲ့စည်းရခြင်းဖြစ်သည်။
ရေအသုံးချသူများအဖွဲ့နှင့် အသင်း၏ အကျိုးကျေးဇူးများ
ထိုကဲ့သို့ ရေအသုံးချသူတောင်သူများ ကိုယ်တိုင်ပူးပေါင်းပါဝင်သော ဆည်ရေစီမံခန့်ခွဲမှုအားကောင်း ခိုင်မာပြီးရေစီမံခန့်ခွဲမှု စနစ်တကျတိုးတက်အောင် ဆောင်ရွက်နိုင်ပါက ပြုပြင်ထိန်းသိမ်းစရိတ်ကုန်ကျငွေများကို အနည်းဆုံးဖြစ်အောင်တစ်ဖက်မှ စီမံဆောင်ရွက်လာနိုင်သကဲ့သို လျှပ်စစ်ဓာတ်အားခ ကုန်ကျစရိတ်များကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။
ထိုသို့ စီမံဆောင်ရွက်လာနိုင်မှုနှင့်အတူ တောင်သူများအတွက် ရေလိုအပ်ချက်ကို အချိန်ကိုက်ပေးဝေနိုင်ခြင်း၊ ရေပေးဝေရမည့်သတ်မှတ်ဧရိယာများကို အညီအမျှပေးဝေနိုင်ခြင်း၊ ရေသွင်းစိုက်ပျိုးရေးအတွက် စိုက်ပျိုးရေအကျိုးသက်ရောက်မှုကို အကောင်းဆုံးဖြစ်စေခြင်း၊ စဉ်ဆက်မပြတ်တိုးတက်လာသော စိုက်ပျိုးရေးနည်းစနစ်များကိုအခြေခံ၍ သီးနှံအထွက်နှုန်း တိုးတက်အောင်ဆောင်ရွက်လာနိုင်ခြင်းတို့ကိုပါ တစ်ပါတည်းဖော်ဆောင်သွားနိုင်မည်ဖြစ်သည်။
နည်းပညာဖြန့်ဝေခြင်းဆိုင်ရာ သင်တန်းများ
သို့အတွက် ရေအသုံးချသူများ ကိုယ်တိုင်ပူးပေါင်းပါဝင်သည့် ဆည်မြောင်းစနစ်ကို လက်တွေ့အသုံးချဆောင်ရွက်နိုင်ရန်အတွက် ရေအသုံးချသူများ အဖွဲ့/အသင်းကို ထူထောင်ခြင်း၊ နည်းပညာဖြန့်ဝေခြင်းဆိုင်ရာသင်တန်းများပေးခြင်းတို့ကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနသည် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းကာ ကြိုးပမ်းဖော်ဆောင်လျက်ရှိသည်။
ဆည်ရေသောက်စနစ်များ ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်နှင့် ရေကိုပိုမိုအကျိုးရှိစွာ သုံးစွဲနိုင်ရန်အတွက် ပူးပေါင်းပါဝင်ဆည်မြောင်းစနစ် (Participatory Irrigation Management - PIM) Guide line (မြန်မာဘာသာ)ကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် ထုတ်ဝေခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အချုပ်အားဖြင့်ဆိုရလျှင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနသည် တောင်သူစီးပွားအကျိုးများစေရန်အတွက် ဒေသနှင့်သဘာဝအရဆက်စပ်တည်ရှိနေသည့် ဧရာဝတီမြစ်ရေနှင့် နေရောင်ခြည်စွမ်းအင်ကို ပေါင်းစပ်အသုံးပြုထားသည့် ဆိုလာမြစ်ရေတင်စီမံကိန်းများဖြင့် စိုက်ပျိုးရေပေးဝေကာ တောင်သူအကျိုးကို ကြိုးပမ်းဖော်ဆောင်လျက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။