မြေပြင်ကွင်းဆင်း တစ်အိမ်တက်ဆင်း
မောင်မုဒိတာ
မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေး (Working Group) အဖွဲ့။ အမည်သညာက ထူးခြားမှုသိပ်မရှိသော်လည်း ခပ်ဆန်းဆန်းဖြစ်နေသည်။ တစ်အိမ်တက်ဆင်းဆိုသည့်အတွက် အိမ်တိုင်းစေ့ရောက်အောင်သွားကာ လိုအပ်သည့်စာရင်းများ ကောက်ယူရမည့်အဖွဲ့ဖြစ်သည်။ စာရင်းကောက်အဖွဲ့ပေါင်းများစွာဖြင့် သူ့အပိုင်း၊ သူ့အကွက်အလိုက် သတ်သတ်မှတ်မှတ်ပိုင်းခြားကာ မထပ်မကျန်စေဘဲ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သတ်မှတ်အချိန်ကာလအတွင်း အပြီးကောက်ယူနေကြပြီ။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်အထိ ၂၃ ရက်တာကာလ။ အဖွဲ့တစ်ဖွဲ့လျှင် တစ်ရက်ကို အနည်းဆုံး ၂၅ အိမ် ပြီးစီးအောင်ကောက်နိုင်မှသာ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ကြမည်။ “တစ်အိမ်တက်၊ တစ်အိမ်ဆင်းမို့ မောတော့မောတာပေါ့၊ ဒါပေမယ့် နိုင်ငံတော်နဲ့ ပြည်သူ့အကျိုးအတွက်မို့ မမောတော့ဘူး” ဟု ဆိုလာသည့် “အရှိအမှန်စကား” ဇာတ်လမ်းတိုထဲမှ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့မှ ဆရာမလေး၏အပြောကို သတိရမိသည်။ စာရင်းကောက်အဖွဲ့များ၏ အရေးကြီးမှုနှင့် ဆောင်ရွက်ချက်များအပေါ်သိမြင်ကာ မုဒိတာစိတ်ကလေးဖြစ်မိသည်။
ယင်းကဲ့သို့ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့သည် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံးအဖွဲ့ဖြစ်ပြီးအဖွဲ့၏ဖြစ်တည်မှုကလည်း နိုင်ငံတော်၏အနာဂတ်အတွက် နိုင်ငံတော်အကြီးအကဲများ ကြိုးပမ်းပုံဖော်အားထုတ်မှုများမှ အစပြုခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာအစည်းအဝေးကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က နေပြည်တော်၌ ကျင်းပခဲ့ရာ ယင်းအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားရာ၌ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အဓိကမှားယွင်းသည်များမှာ နိုင်ငံသားစိစစ်ရေးကတ်များ စနစ်တကျမရှိခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်များဖောင်းပွခြင်းနှင့် တစ်ဦးတည်းဆပွားပုံစံဖြင့် ဆောင်ရွက်သည့်ကိစ္စရပ်များကြောင့် မဲစာရင်းများမမှန်မကန်ဖြစ်ပြီး ရလဒ်အဖြေများ မှားယွင်းခဲ့သည့်ကိစ္စရပ်များဖြစ်ကြောင်း၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အမှားများကဲ့သို့မဖြစ်စေရေး အဓိကထားဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ လူဦးရေစာရင်းတိကျမှန်ကန်ရေး အမြန်ဆုံးမြေပြင်ကွင်းဆင်းစာရင်းကောက်ယူဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ တိကျမှန်ကန်စွာစာရင်းကောက်ယူနိုင်မှသာ ရွေးကောက်ပွဲမဲစာရင်းများ အမှန်တကယ်ပြုစုနိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
မဲစာရင်းမှန်ကန်ရေးအတွက် အလေးအနက်ထားဆောင်ရွက်
နိုင်ငံတော်အစိုးရသည် နိုင်ငံတော်၏တာဝန်ကို စတင်တာဝန်ယူသည်နှင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ်ကာ လုပ်ငန်းစဉ်အဆင့်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၏ မဲစာရင်းအလွဲအမှားများကြောင့် နိုင်ငံတော်ကို အရေးပေါ်ကာလသတ်မှတ်ကာ နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို ဝင်ရောက်ထိန်းသိမ်းတာဝန်ယူလိုက်ရသည်။ နိုင်ငံတော်အစိုးရသည် နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲစာရင်းမှန်ကန်ရေးအတွက် အလေးအနက်ထားဆောင်ရွက်လျက် ရှိသည်။ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ နောက်ဆုံးအချက်ဖြစ်သည့် “အရေးပေါ်ကာလပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမို ကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေးဆက်လက်ဆောင်ရွက်သွားမည်” ဟု အတိအလင်းဖော်ပြကာ အကောင်အထည်ဖော်လျက်ရှိသည်။ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေးမှာ မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးသည် အဓိကအကျဆုံးအခြေခံအချက်ဖြစ်သည်။ မှန်ကန်သောမဲဆန္ဒရှင်စာရင်းရရှိရန်မှာ လက်ရှိလူဦးရေစာရင်းမှန်ကန်ရေးက အခြေခံကျနေသည်။ မှန်ကန်သောလူဦးရေစာရင်းမှသည်တိကျသော မဲစာရင်းကို ပြုစုနိုင်မည်ဖြစ်သည်။
မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်း
နိုင်ငံတော်၏ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် မူဝါဒများ၊ စီမံကိန်းများရေးဆွဲချမှတ်ရာတွင် လူဦးရေဆိုင်ရာအချက်အလက်များကို အခြေခံအသုံးပြုဆောင်ရွက်ရပါသည်။ ယင်းလူဦးရေဆိုင်ရာအချက်အလက်များကို နိုင်ငံ၏ လူဦးရေသန်းခေါင်စာရင်းထုတ်ပြန်ချက်များမှ ရရှိပါသည်။ ထို့ကြောင့် နိုင်ငံတိုင်းသည် လူဦးရေ သန်းခေါင်စာရင်းကို ၁၀ နှစ်လျှင် တစ်ကြိမ်ကောက်ယူနိုင်ရေးဆောင်ရွက်ကြရသည်ပင်။ ယခုနိုင်ငံအတွင်း လူဦးရေစာရင်းမြေပြင်ကွင်းဆင်းကောက်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယင်းလုပ်ငန်းသည် လူဦးရေသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့် ရည်ရွယ်ချက်ခြင်း မတူညီကြောင်းတွေ့ရသည်။ ယခုလုပ်ငန်းစဉ်သည် လူဦးရေစာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းဖြစ်သည်။ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၏ အိမ်ထောင်စုလူဦးရေစာရင်းကို အခြေခံလက်ကိုင်ပြု၍ စာရင်းထဲတွင်ပါရှိသူ အိမ်ထောင်စုဝင်မိသားစုများ၏အချက်အလက် မှန်ကန်မှု ရှိ/မရှိ၊ စာရင်းပါရှိသူများလက်ရှိနေရပ်တွင် နေ/မနေ၊ ထပ်တိုးလာသူ/ လျော့သွားသူ ရှိ/ မရှိအပြင် အိမ်ထောင်စုစာရင်းမရှိဘဲ နေထိုင်သူများတွေ့ရှိရပါကလည်း စာရင်းကောက်ယူသွားမည်ဖြစ် သည်။
ပန်းခင်းစီမံချက်
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနသည် နိုင်ငံသားအားလုံးကို ၎င်းတို့၏ နိုင်ငံသားဖြစ်တည်မှုအရည်အချင်းအရကိုင်ဆောင်သည့် ကတ်တစ်မျိုးမျိုးထုတ်ပေးရေးလုပ်ငန်းကို ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည်။ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆)နှင့် နိုင်ငံသားကတ်ပြားထုတ်ပေးခြင်းကို မိုးပွင့်၊ သစ္စာမှသည် ယခုလက်ရှိ ပန်းခင်းဟူသည့်စီမံချက်များဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နေရာအနှံ့ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။ မိုးပွင့်နှင့်သစ္စာစီမံချက်တို့သည် ဝန်ကြီးဌာန၏ လုပ်ငန်းတစ်ရပ်ကို အတိုင်းအတာတစ်ခုအထိ ပြီးစီး အောင်ရေးဆွဲဆောင်ရွက်ခဲ့သည့် စီမံချက်များဖြစ်သည်။ ယခုဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်က ထိုသို့မဟုတ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၏မဲစာရင်းအရ နိုင်ငံသားကတ်မရှိဘဲ မဲပေးခဲ့သည့်စာရင်းများအပေါ် မူတည်တွက်ချက်သုံးသပ်ကာ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဆောင်ရွက်ပေးရမည့်အရေအတွက်၊ ပြီးစီးရမည့် ကာလသတ်မှတ်ချက်များဖြင့် အတိအကျဆောင်ရွက်ရမည့် နိုင်ငံတော် စီမံချက်ပန်းခင်းဖြစ်သည်။ လူဦးရေ ၃ ဒသမ ၄ သန်းကျော်ကို ၂၀၂၁ ခုနှစ် မေ ၃ ရက်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃ ရက်အထိ ၁၈ လကြာဆောင်ရွက်ရသည့် စီမံချက်ဖြစ်သည်။ ယခုလက်ရှိတွင် ပန်းခင်းစီမံချက်ကို ရာနှုန်းပြည့်နီးပါးပြီးစီးပြီဖြစ်ပြီး နယ်မြေဒေသအခြေအနေအရ ကွင်းဆင်ဆောင်ရွက်နိုင်ခြင်းမရှိသေးသည့် မြို့နယ်တချို့တွင်သာဆောင်ရွက်ပေးရန် အနည်းငယ်ကျန်ရှိနေသည်။ အကြောင်းကြောင်းကြောင့် ဆောင်ရွက်ပေးရန်ကျန်ရှိသူများနှင့် ၂၀၂၃ ခုနှစ်အတွင်း အသက် ၁၈ နှစ်ပြည့်လာမည့်သူများအတွက် ပန်းခင်းစီမံချက် အဆင့် (၂) ကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
နည်းပညာဆော့ဖ်ဝဲဖြင့် တိုက်ဆိုင်စိစစ်
ယင်းလုပ်ငန်းစဉ်များကိုဆောင်ရွက်နေစဉ်မှာပင် လဝကမြို့နယ်ရုံးအသီးသီး၌ နိုင်ငံသားကတ် ထုတ်ပေးပြီးသူ လူဦးရေစုစုပေါင်း ၅၂ သန်းကျော်၏ နိုင်ငံသားကတ်ပြားထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄)ပါ အချက်အလက်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆)၁၃ သန်းကျော်၏အချက်အလက်များကို နည်းပညာအကူအညီဖြင့် ကွန်ပျူတာများအသုံးပြုကာ အွန်လိုင်းမှတစ်ဆင့် နေပြည်တော် (ရုံးချုပ်) Server သို့ ဖြည့်သွင်းပေးပို့သည့်လုပ်ငန်းကိုလည်း အောင်မြင်အောင်ဆောင်ရွက်ပြီးဖြစ်သည်။ ယင်းအချက်အလက်များကို နည်းပညာဆော့ဖ်ဝဲဖြင့် တိုက်ဆိုင်စိစစ်လိုက်သည့်အခါ လူတစ်ဦးတွင် နိုင်ငံသားကတ်အပိုကိုင်ဆောင်သူများ၊ နံပါတ်တစ်ခုတည်းဖြင့် လူနှစ်ဦး ကိုင်ဆောင်သူများ၊ နိုင်ငံသားကတ်မရရှိသေးသူများ၊ လူတစ်ဦးက အိမ်ထောင်စုတစ်ခုထက်ပို၍ အမည်စာရင်းပါရှိနေသူများ၊ အိမ်ထောင်စုအလိုက် အပိုကိုင်ဆောင်ထားသူများ၊ အချက်အလက်မပြည့်စုံသူ၊ မှားယွင်းနေသူများစသည်ဖြင့် တွေ့ရှိရပြန်သည်။ အဆိုပါဖြစ်စဉ်များအတွက် ကာယကံရှင် ပြည်သူများအနေဖြင့် အချိန်မီပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်၊ အတည်ပြုနိုင်ရေးအတွက် မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်များလည်း နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ရှင်းလင်းချပြအသိပေးပြီးလည်းဖြစ်သည်။ သို့သော်လည်း မှန်ကန်သည့်လူဦးရေစာရင်းရရှိရေးမှာလက်ရှိ Server အတွင်းရှိနေပြီး ဖြစ်သည့်အချက်အလက်များ မှန်/ မမှန် ၊ နိုင်ငံသား ကတ်ရှိ/ မရှိ၊ အိမ်ထောင်စု လူဦးရေစာရင်းရှိ/ မရှိ စသည့်အခြေအနေအရပ်ရပ်ကို မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထို့ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေပြင် တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် အမိန့်ကြော်ငြာ စာအမှတ်၊ ၂၂၃/၂၂၄ ဖြင့် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ပါဝင်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ ဥက္ကဋ္ဌများဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။ ကြီးကြပ်မှုဗဟိုကော်မတီက ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် အမိန့်ကြော်ငြာစာအမှတ်၊ ၅၈၄/၂၀၂၂ ဖြင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီများနှင့် မြေပြင်တစ်အိမ် တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့တို့ကို ဖွဲ့စည်းပေးခဲ့ပြီးလည်း ဖြစ်ပါသည်။
တိုက်ဆိုင်စစ်ဆေးအတည်ပြုမည်
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်အထိ ၂၃ ရက်ကြာ တစ်အိမ်တက်ဆင်းကောက်ယူမည်ဖြစ်သည်။ ကောက်ယူမည်ဆိုသော်လည်း သီးသန့်စာရွက်ဖြင့် ကောက်ယူမည်မဟုတ်။ လဝကမြို့နယ်ရုံး အသီးသီးမှ e-ID Server သို့ ပေးပို့ထားသည့် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ ၆၆/၆) များကို သက်ဆိုင်ရာမြို့နယ်အလိုက် ပုံစံများပြန်လည်ထုတ်ပေး၍ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအလိုက် ပုံစံပါအချက်အလက်များ မှန်/မမှန်၊ ပြည့်စုံမှု ရှိ/မရှိ တစ်အိမ်တက်ဆင်း မေးမြန်းတိုက်ဆိုင်စစ်ဆေးအတည်ပြုမည်ဖြစ်သည်။ ယင်းသို့ဆောင်ရွက်ရာတွင် လက်ခံအိမ်ထောင်စုစာရင်းပါ အချက်အလက်များနှင့် ကွဲလွဲမှုရှိသည်များကို မြေပြင်စာရင်းကောက်အဖွဲ့များက သတ်မှတ်ချက်အတိုင်း မှတ်သားဖြည့်စွက်ရေးမှတ်ရမည် ဖြစ်သည်။ နိုင်ငံသားကတ်မရှိသေးပါကလည်း မှတ်သားလာရသကဲ့သို့ လက်ခံအိမ်ထောင်စုစာရင်းတွင် အမည်စာရင်းမပါရှိသူများတွေ့ရှိပါကလည်း ၎င်းတို့၏ အချက်အလက်များကို မေးမြန်းမှတ်သားကောက်ယူလာရမည်။ လက်ရှိမြေပြင်တွင်နေထိုင်ပြီး အိမ်ထောင်စုလူဦးရေစာရင်းပင်မရှိသေးသူများကို အချက်အလက်များမေးမြန်း၍ သတ်မှတ်ထားသည့်သီးခြားပုံစံတွင် ဖြည့်စွက်ကောက်ယူလာရမည်ဖြစ်သည်။
ပြင်ဆင်ရမည့်အချက်၊ ကွဲလွဲချက်၊ မပြည့်စုံသည့်အချက်များကို စာရင်းကောက်အဖွဲ့က တစ်ပါတည်းပြင်ဆင်ဖြည့်စွက်ပေးမည်တော့မဟုတ်။ ယင်းလုပ်ငန်းစဉ်များက လဝက၏ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ သပ်သပ်ရှိပြီးဖြစ်သည်။ စာရင်းကောက်ပြီး နောက်ပိုင်းမှ သက်ဆိုင်ရာလဝကရုံးများတွင် ပြန်လည်လျှောက်ထားဆောင်ရွက်ရမည်ဖြစ်သည်။ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူမှုသည် လက်ရှိရှိပြီးသားအိမ်ထောင်စုစာရင်းပါအချက် အလက်များ ပြည့်စုံမှု၊ မှန်ကန်မှုရှိ မရှိ၊ လူဦးရေအတိုးအလျှော့၊ နိုင်ငံသားကတ်ရပြီး မပြီး၊ နိုင်နံပါတ် မှန်၊ မမှန်၊ အိမ်ထောင်စုလူဦးရေစာရင်းလုံးဝမရှိ သေးသူ စသည့်အချက်အလက်များကို တစ်အိမ်တက်တစ်အိမ်ဆင်း တိုက်ဆိုင်ခြင်းသာဖြစ်သည်။ တစ်ပါတည်းပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်၊ အတည်ပြုဖို့ကအချိန်မပေးနိုင်ပေ။ မြေပြင်ကွင်းဆင်းကောက်ယူရာတွင်လည်း ဖြေကြားသည့်မိသားစုများတွင် မသန်စွမ်းသတ်မှတ်ချက်ငါးမျိုးဖြစ်သည့် ကိုယ်ခန္ဓာ၊ အမြင်၊ အကြား၊ ဉာဏ်ရည်နှင့် စိတ်ပိုင်း ဆိုင်ရာ မသန်စွမ်းမှုရှိသူပါရှိပါကလည်း မှတ်သားကောက်ယူခဲ့ရမည်ဖြစ်သည်။ ရည်ရွယ်ချက်က မသန်စွမ်းသူများအတွက် နိုင်ငံတော်ကလိုအပ်သည့် ကူညီထောက်ပံ့မှုများကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရေးအတွက်ဖြစ်သည်။ ယင်းမသန်စွမ်းအတွက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ သတ်မှတ်ပုံစံအတိုင်း စာရင်းကောက်အဖွဲ့က မေးမြန်းဖြည့်စွက်ကောက်ယူရမည်ဖြစ်သည်။
နည်းပြသင်တန်းနှင့် ဆင့်ပွားသင်တန်းများ
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရက်တိုတိုအတွင်း မြေပြင်ကွင်းဆင်းကောက်ယူရာတွင် စာရင်း များမှန်ကန်စွာ ဖြည့်စွက်ကောက်ယူနိုင်ရန် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် ဗဟိုအဆင့်နည်းပြသင်တန်းကို နေပြည်တော်တွင်လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ သတ်မှတ်နေရာများတွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်မှ ၂၃ ရက်အထိ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ဆင့်ပွားသင်တန်းများကိုလည်းကောင်း၊ သက်ဆိုင်ရာ မြို့နယ်အသီးသီးတွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ ၂၈ ရက်အထိ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းများကိုလည်းကောင်း၊ အိမ်ထောင်စုအနည်းအများ၊ ကောက်ကွက်အနည်းအများပေါ်မူတည်၍ ရက်သတ်မှတ်ဖွင့်လှစ်ဆောင်ရွက်ကြပြီး ဖြစ်ပါသည်။ အခြေခံအကျဆုံးဖြစ်သည့် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့တွင် လိုက်ပါဆောင်ရွက်ကာအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူမည့်ဌာနဆိုင်ရာ အမှုထမ်းတစ်ဦး၊ ဒုတိယခေါင်းဆောင်ဖြစ်သည့် ရာအိမ်မှူး (သို့မဟုတ်) ဆယ်အိမ်မှူးတစ်ဦး၊ စေတနာ့ဝန်ထမ်း လူမှုရေးအဖွဲ့များ၊ အရန်မီးသတ်၊ ကြက်ခြေနီ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့စသည်တို့မှ နှစ်ဦး၊ ထို့ပြင် လုံခြုံရေးဆိုင်ရာ အဖွဲ့ဝင်စသည်တို့ပါဝင်ဖွဲ့စည်းဆောင်ရွက်ထားသည်။ အဖွဲ့ဝင်ငါးဦးကော်မတီဆိုသော်လည်း လုံခြုံရေးအဖွဲ့ဝင်က နယ်မြေဒေသအခြေအနေပေါ်မူတည်၍ သတ်မှတ် ဖွဲ့စည်းဆောင်ရွက်ကြရမည်ဖြစ်သည်။
အိမ်ထောင်စုဝင်တစ်ဦးဦးကဖြေကြားနိုင်
မြေပြင်ကွင်းဆင်းကောက်ယူရာတွင် အိမ်ရှိလူကုန်မေးမြန်းကောက်ယူမည်တော့မဟုတ်။ စာရင်းကောက်ချိန်တွင် အိမ်ထောင်ဦးစီးရှိပါက အိမ်ထောင်ဦးစီးကဖြေကြားနိုင်ပြီး အိမ်ထောင်ဦးစီးမရှိလျှင် အိမ်ထောင်စုဝင်တစ်ဦးဦးက ဖြေကြားလျှင်ရပြီ။ မေးမြန်းသမျှဖြေကြားပြီးလျှင်တော့ အိမ်ထောင်စုဝင်များနှင့်ပတ်သက်၍ လိုအပ်လျှင် ဆက်သွယ်နိုင်ရန် တယ်လီဖုန်းနံပါတ်ကို မှတ်သားလာရန်လိုအပ်သကဲ့သို့ ဖြေကြားသူကလည်း ဖြေကြားမှုအတွက် သတ်မှတ်ပုံစံမှာလက်မှတ်ရေးထိုးပေးရမည် ဖြစ်ပါသည်။ သွားရောက် ကောက်ယူသည့်အိမ်တွင် လူတစ်ဦးတစ်ယောက်မျှမရှိပါက ထုတ်ပေးလိုက်သည့် အိမ်ထောင်စုလူဦးရေစာရင်းကို ကန့်လန့်ဖြတ်ခြစ်၍ ပုံစံတွင် “လူမရှိ” ဟု မှတ်သားလာမည်ဖြစ်သည်။ လူအများစုပေါင်းနေထိုင်သည့် ဘိုးဘွားရိပ်သာ၊ ဂေဟာ၊ ဘာသာရေးကျောင်း၊ အဆောင် စသည်တို့ကိုလည်းကောက်ယူမည်ဖြစ်ပြီး ရိပ်သာတာဝန်ခံ၊ ဂေဟာမှူး၊ ဘာသာရေးခေါင်းဆောင်၊ အဆောင်မှူးတို့က အိမ်ထောင်ဦးစီးအဖြစ်တာဝန်ခံ၍ တိုက်ဆိုင်စစ်ဆေးမေးမြန်းမှုများကို ဖြေကြားအတည်ပြုလက်မှတ်ရေးထိုးပေးလျှင် အဆင်ပြေပြီ။ နိုင်ငံသားကတ်မရရှိသေးသူများအတွက်လည်း မှတ်သားလာပြီး လဝကရုံးနှင့်ဆက်သွယ်၍ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်နိုင်မည်။
နေပြည်တော်ရုံးချုပ် Server သို့ အွန်လိုင်းဖြင့်ချိတ်ဆက်ဆောင်ရွက်
မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့မှ ရက်အလိုက်၊ ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် ကောက်ယူလာသည့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံများကိုအဖွဲ့ ခေါင်းဆောင်နှင့် ရာအိမ်မှူး(သို့မဟုတ်) ဆယ်အိမ်မှူးတို့က သတ်မှတ်နေရာတွင် လက်မှတ်ရေးထိုးကာ စနစ်တကျထုပ်ပိုး၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှတစ်ဆင့် သက်ဆိုင်ရာမြို့နယ် လဝကရုံးသို့ ပေးပို့အပ်နှံရမည်။ မသန်စွမ်းအတွက် ကောက်ယူရရှိသည့်ပုံစံများကို တာဝန်ရှိသူအဆင့်ဆင့်က သက်ဆိုင်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ခရိုင်ဦးစီးဌာနမှူးရုံးများသို့ လွှဲပြောင်းပေးပို့အပ်နှံကြရမည်။ စာရင်းကောက်အဖွဲ့များအတွက်က ယခုကဲ့သို့ သတ်မှတ်ကာလအတွင်းသတ်မှတ်ကောက်ကွက်များကို သတ်မှတ်ပုံစံများအတိုင်း ကောက်ယူပြီးစီးပြီဆိုပါက ၎င်းတို့အတွက် တာဝန်ကျေကျေဆောင်ရွက်ခဲ့သူများအဖြစ် ဂုဏ်ယူနိုင်ပြီ။ သို့သော် လုပ်ငန်းစဉ်ကတော့မပြီးသေးပါ။ မြို့နယ် လဝကရုံးများသို့ ရောက်ရှိလာသည့် အိမ်ထောင်စုစာရင်းများကို လဝကဝန်ထမ်းများနှင့် လိုအပ်ပါက အခြားကူညီဆောင်ရွက်ပေးမည့်သူများက e-ID Software Program အတွင်း စာရင်းများတိုက်ဆိုင်ဖြည့်စွက်ခြင်း၊ အချက်အလက်အမှားများ ပြန်လည်ပြင်ဆင်ခြင်း၊ မဖြည့်သွင်းရသေးသည့်အချက်များ ပြန်လည်ဖြည့်သွင်းခြင်း၊ အိမ်ထောင်စုအလိုက် လူဦးရေစာရင်းများ မှန်ကန်မှု ရှိ၊ မရှိ စိစစ်အတည်ပြုခြင်းတို့ကို နေပြည်တော်ရုံးချုပ် Server သို့ အွန်လိုင်းဖြင့်ချိတ်ဆက်ကာ စနစ်တကျဖြည့်သွင်းမှုက ဆက်လက်ဆောင်ရွက်ကြရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ လက်ရှိနိုင်-၄ နှင့် အထစပုံစံ (၆၆/၆) တို့နှင့်လည်း တိုက်ဆိုင်စိစစ်ရမည်ပင်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေပြင်ကွင်းဆင်းကောက်ယူရရှိလာသည့် အိမ်ထောင်စုလူဦးရေစာရင်းအချက်အလက်များကို နေပြည်တော်ရုံးချုပ် Server သို့ စိစစ်အတည်ပြုဆောင်ရွက်ပြီးပြီဆိုပါက လူဦးရေစာရင်းအချက်အလက်အမှန်ပြုစုနိုင်ပြီ။ နိုင်ငံသားကတ်ရှိပြီးသူ၊ မရှိသေးသူပြုစုနိုင်ပြီ။ သေဆုံးသူပယ်ဖျက်၍ မွေးဖွားသူစာရင်းတိုး၊ နိုင်ငံသားကတ်(မှတ်ပုံတင်) မရှိသေးသူများအတွက် လည်းလဝက၏ ပန်းခင်းကအဆင်သင့်ကြိုလင့်လျက်။ ယင်းလုပ်ငန်းစဉ်များ အားလုံးဆောင်ရွက်ပြီးစီးပြီဆိုပါက နိုင်ငံ၏တိကျမှန်ကန်သည့်လူဦးရေစာရင်းကိုရရှိနိုင်မည်။ ပြီးလျှင် မဲပေးပိုင်ခွင့်ရှိသူ စာရင်းပြုစုနိုင်မည်၊ ပြီးလျှင်တိကျမှန်ကန်သည့် မဲစာရင်းပြုစုနိုင်မည်။
ယင်းကဲ့သို့ မဲစာရင်းအမှန်ပြုစုပြီးပါက နိုင်ငံတော်၏ အနာဂတ်အတွက် မဖြစ်မနေ ဆောင်ရွက်ရန် သန္နိဋ္ဌာန်ချမှတ်ဖော်ဆောင်လျက်ရှိသည့် တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပနိုင်မည်။ အထွေထွေရွေးကောက်ပွဲကျင်းပပြီးစီးပါက အနိုင်ရပါတီကို နိုင်ငံတော်၏အာဏာအရပ်ရပ်ကို လွှဲပြောင်းပေးနိုင်မည်။ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်နိုင်မည်။ ရှေ့သို့လှမ်းချီ ပန်းတိုင်ဆီ (Keep Moving Forward to Achieve Our Goal) ဆိုသည့်အတိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိမည်ဖြစ်သည်။ ပန်းတိုင်သို့တစ်ဆင့်ချင်းချီတက်ရမည်ဆိုသော်လည်း အောက်ခြေအဆင့်တစ်ခုဖြစ်သည့် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခြင်းကလည်း အဓိကကျလှသည်။
အပြုသဘောဆောင် အောင်မြင်အောင်ဆောင်ရွက်သွားမည်
ထို့ကြောင့် နိုင်ငံတော်၏အနာဂတ်အတွက် ပြည်သူများ၏မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်လူဦးရေစာရင်းမှန်ကန်ရေးအတွက် ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်အထိ ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန် အရေးကြီးသည်။ ယင်းလုပ်ဆောင်ချက်ကို မကြိုက်သူများကလည်း ဖျက်လိုဖျက်ဆီးလုပ်လာနိုင်သည်။ နိုင်ငံတော်ကလည်း ဘက်ပေါင်းစုံကကြည့်၍ အပြုသဘောဆောင် အောင်မြင်အောင်ဆောင်ရွက်သွားမည်သာ။ နိုင်ငံ့အကျိုး၊ အများအကျိုးအတွက် မဆုတ်မနစ်သောဇွဲလုံ့လအပြည့်ဖြင့် ကြိုးပမ်း နေမည်ဖြစ်သည်။
ကွင်းဆင်းကောက်ယူသူများက တစ်အိမ်တက်ဆင်း မမောနိုင်မပန်းနိုင်ကောက်ယူနေကြပြီ။ မေးမြန်းကောက်ယူမှုများအပေါ် ဖြေကြားမည့်ပြည်သူများကလည်း လုပ်ငန်းအပေါ်နားလည် သဘောပေါက်ကာ လိုက်ပါပူးပေါင်းဆောင်ရွက်ကြရန်လည်း လိုအပ်လှသည်။ ယခုဆောင်းပါးလေးကိုဖတ်မိလျှင်တော့ ကွင်းဆင်းစာရင်းကောက်များ၏ လုပ်ငန်းကနက်နဲကျယ်ပြန့်၍ နိုင်ငံအတွက်အရေးပါမှုကို သိရှိသကဲ့သို့ အများပြည်သူအနေဖြင့်လည်း နိုင်ငံတော်၏အနာဂတ်အတွက် တစ်တပ်တစ်အား ပူးပေါင်းပါဝင်မှုအဖြစ် လူဦးရေစာရင်းအချက်အလက်တိုက်ဆိုင်စိစစ်မှုအပေါ် မုဒိတာစိတ်လေးဖြင့် အလေးထားဖြေကြားကြလိမ့်မည်ဟု ယုံကြည်ပါသည်။ မြေပြင်ကွင်းဆင်း တစ်အိမ်တက်ဆင်းစာရင်းကောက်ယူနေကြသူအားလုံးအား လေးစားဂုဏ်ပြုပါကြောင်းနှင့် သတ်မှတ်ကာလအတွင်း သတ်မှတ်ချက်များနှင့်အညီ ပြီးစီးအောင်မြင်ပါစေကြောင်းဆန္ဒပြုကာ မုဒိတာပွား မှတ်တမ်းပြုအပ်ပါသည်။ ။