မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုနှင့် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေး
ညိုညိုဝင်း(ကျေးလက်ဦးစီး)
လန်ချန်းမြစ်(ခေါ် )မဲခေါင်မြစ်သည် တရုတ်နိုင်ငံမှ စတင်မြစ်ဖျားခံလာကာ အရှေ့တောင်အာရှ ငါးနိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယမ်နမ်နိုင်ငံတို့ကို ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ကမ္ဘာပေါ်တွင် ၁၂ ခုမြောက် အရှည်လျားဆုံးမြစ်ကြီးဖြစ်သည်။ မဲခေါင်မြစ်သည်မိုင် ၂၇၀၀ ကျော် ရှည်လျားပြီး အာရှတိုက်တွင်လည်း တတိယမြောက်အရှည်လျားဆုံးဖြစ်သည်။ စတင်မြစ်ဖျားခံရာ တရုတ်နိုင်ငံတွင် လန်ချန်းဟုခေါ်တွင်ပြီး ဖြတ်သန်းစီးဆင်းရာ နိုင်ငံများတစ်လျှောက်တွင် မဲခေါင်ဟုအမည်သညာတွင်သောကြောင့် အမည်နှစ်မျိုးနှင့် မြစ်တစ်စင်းဖြစ်ပေသည်။
ကျင်းဟုန်မြို့၌ စတင်ခဲ့သော သမိုင်းနောက်ခံ
၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျင်းဟုန်မြို့၌ ပထမအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ကျင်းပခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆန်းယမြို့၌ ပထမအကြိမ် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များအဆင့်အစည်းအဝေးကို “Shared River, Shared Future” အမည်ဖြင့် ကျင်းပကာ တရားဝင်စတင်ထူထောင်ခဲ့ပါသည်။ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယမ်နမ်နိုင်ငံတို့ ပါဝင်ပါသည်။
ရည်ရွယ်ပူးပေါင်းဆောင်ရွက်
မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် မဲခေါင်- လန်ချန်း မြစ်ဝှမ်းတစ်လျှောက် နိုင်ငံများလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရန်အတွက်လည်းကောင်း၊ နိုင်ငံအသီးသီးရှိ ပြည်သူများ၏အကျိုးစီးပွားကို မြှင့်တင်နိုင်စေရန်အတွက်လည်းကောင်း၊ ဒေသတွင်းနိုင်ငံများ၏ ဖွံ့ဖြိုးရေးကွာဟချက်ကို လျှော့ချရန်အတွက်လည်းကောင်း၊ အာဆီယံ၏အေးအတူပူအမျှ အသိုက်အဝန်းအတူတကွ တည်ဆောက်ရေးကို ထောက်ကူပံ့ပိုးရန်အတွက်လည်းကောင်း၊ ကုလသမဂ္ဂစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်၏ ၂၀၃၀ ပြည့်နှစ်ရည်မှန်းချက်များကို တိုးမြှင့်အကောင်အထည်ဖော်ရန်အတွက်လည်းကောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများပူးပေါင်းဆောင်ရွက်ရေးကို တွန်းအားပေးရန်အတွက်လည်းကောင်း ရည်ရွယ်၍ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါသည်။
မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစပျိုးလုပ်ငန်းစဉ်များ
မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ ပထမအကြိမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ကျင်းဟုန်မြို့၌ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာ မွန်ဒိုင်းတို့က ပူးတွဲသဘာပတိများအဖြစ် ဦးဆောင်ကျင်းပခဲ့ပြီး မြန်မာအပါအဝင် မဲခေါင်နိုင်ငံများအားလုံးမှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။ အဆိုပါအစည်းအဝေးမှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်ကို မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့သွားရန်သဘောတူညီခဲ့ပါသည်။ အဆိုပါ မဏ္ဍိုင်သုံးခုမှာ-
(၁) နိုင်ငံရေးနှင့် လုံခြုံရေးမဏ္ဍိုင် (Political and Security)၊
(၂) စီးပွားရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုတိုးတက်ရေးမဏ္ဍိုင် (Economic and Sustainable Development) နှင့်
(၃) လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန်ထိတွေ့ဆက်ဆံရေးမဏ္ဍိုင် (Social, Cultural and People to People Exchanges) တို့ဖြစ်သည်။
နိုင်ငံရေးနှင့် လုံခြုံရေးမဏ္ဍိုင်အောက်တွင် မဲခေါင်နိုင်ငံများ၏ အစိုးရ၊ လွှတ်တော်၊ ကာကွယ်ရေးနှင့် တရားဥပဒေစိုးမိုးမှုဆိုင်ရာ အဖွဲ့အစည်းများကြား ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်ဆောင်ရွက်သွားရေး၊ အကြမ်းဖက်မှု၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ သဘာဝဘေးအန္တရာယ်အစရှိသည့် သမားရိုးကျမဟုတ်သည့် လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများအား ထိရောက်စွာတုံ့ပြန်နိုင်ရေး၊ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး စသည့်လုပ်ငန်းများကို အိမ်နီးချင်းကောင်းပီသစွာဖြင့် ချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီး ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်သည်။
စီးပွားရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးမဏ္ဍိုင်အောက်တွင် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု၊ ကုန်ထုတ်လုပ်မှု၊ ပေါင်းစည်းဆက်နွှယ်မှု၊ ဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများတည်ဆောက်မှု၊ ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွင် ပုဂ္ဂလိကကဏ္ဍမှပိုမိုပါဝင်ရေး၊ ရေအရင်းအမြစ်ဆိုင်ရာ၊ စွမ်းအင်ဆိုင်ရာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားရန် ဖြစ်သည်။
လူမှုရေးယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်းအပြန်အလှန် ထိတွေ့ဆက်ဆံရေးမဏ္ဍိုင်တွင် သိပ္ပံနည်းပညာကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးကဏ္ဍ၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ ခရီးသွားလာရေးကဏ္ဍ၊ ယဉ်ကျေးမှုနှင့် ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးကဏ္ဍ၊ မီဒီယာကဏ္ဍစသည်တို့တွင် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်သွားရန် သတ်မှတ်ထားပါသည်။
ဦးစားပေးနယ်ပယ် ငါးခု
ဆန်းယကြေညာစာတမ်းအရ မဲခေါင်နိုင်ငံများသည် ကဏ္ဍငါးခုတွင် ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်သည်။ အဆိုပါကဏ္ဍငါးခုမှာ-
(၁) ပေါင်းစည်းဆက်နွှယ်မှု (Connectivity)၊
(၂) ထုတ်လုပ်မှုစွမ်းရည်တိုးမြှင့်ရေး ပူးပေါင်း ဆောင်ရွက်မှု (Production Capacity)၊
(၃) နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု (Cross boder economic cooperation)၊
(၄) ရေအရင်းအမြစ်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ( Water Resources)နှင့်
(၅) စိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချ ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု (Agriculture and Poverty Reduction)တို့ဖြစ်သည်။
မြန်မာနိုင်ငံနှင့် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု
မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည်စီမံကိန်းအခြေပြု အကောင်အထည်ဖော်ဆောင်ရွက်သည့်ပုံစံဖြစ်၍ တရုတ်နိုင်ငံမှ မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (MLC Special Fund) အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဖြင့် ထူထောင်ထားရှိပါသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ်မှ ယခုအချိန်အထိ အထူးရန်ပုံငွေစီမံကိန်း ၉၂ ခု အတွက် အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၆ သန်းရရှိခဲ့ ၍ ဝန်ကြီးဌာနအလိုက် စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါစီမံကိန်း ၉၂ ခုတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ ၂၀၁၈ ဖြင့် မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများအကြား ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ အတွေ့အကြုံမျှဝေဖလှယ်ခြင်း ခေါင်းစဉ်ဖြင့်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး ယင်းစီမံကိန်းမှ မဲခေါင်-လန်ချန်းဒေသတွင်းနိုင်ငံများ၏ ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ အတွေ့အကြုံ၊ ဗဟုသုတများရရှိခဲ့ပါသည်။ ၎င်းအပြင် ကိုဗစ်- ၁၉ ရောဂါကူးစက်မှုအခြေအနေများကြောင့် မူလစီမံကိန်း ဒီဇိုင်းပြောင်းလဲရေးဆွဲခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးကျဆင်းမှု ပြန်လည်ကုစားမှု အစီအစဉ်အရဆောင်ရွက်သော Cash for Work စီမံကိန်းနှင့် Village Revolving Fund Project စီမံကိန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ ၂၀၂၂ ဖြင့် စီမံကိန်း ၂၂ ခု ခွင့်ပြုခဲ့ရာ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် အောက်ပါစီမံကိန်းလေးခုကို ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၃ သန်းဖြင့် ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှစတင်၍ စီမံကိန်းကာလနှစ်နှစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ရွာသစ်ကျေးရွာတွင် မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်းကို ထောက်ပံ့ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၃၃၀၆၀၀ ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်၊ ဒေးဒရဲမြို့နယ်နှင့် မြောင်းမြမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာတို့တွင် ပြည်သူအခြေပြုရေသန့်စင်စနစ်ပါဝင်သော ကျေးရွာရေရရှိရေးစီမံကိန်းကို ထောက်ပံ့ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၇၉၁၀၀ ဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် ကံမော်ကြီးကျေးရွာတွင် အသေးစားဆိုလာမီးလင်းရေးနှင့် ရေရရှိရေးစီမံကိန်းကို ထောက်ပံ့ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၄၄၆၀၀ နှင့် တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် ရေငံကြီးကျေးရွာတွင် အသေးစားဆိုလာမီးလင်းရေးနှင့်ရေရရှိရေးစီမံကိန်းကို ထောက်ပံ့ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၇၇၈၀၀ ဖြင့်လည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အဆိုပါစီမံကိန်း လေးခုအနက် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ရွာသစ်ကျေးရွာတွင် ကျေးရွာကုန်ထုတ်လုပ်မှု အခြေခံအဆောက်အအုံ၊ လူမှုရေးဆိုင်ရာ အခြေခံအဆောက်အအုံ၊ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်အတွေ့အကြုံမျှဝေခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
“မဲခေါင်- လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်း စီမံကိန်း”သည် ယခင်တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အထောက်အပံ့ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ဆင်းရဲမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုစင်တာ(IPRCC)ပူးပေါင်း ဆောင်ရွက်ခဲ့သော ကျေးရွာအဆင့်ဆင်းရဲမှု လျှော့ချရေးစံပြစီမံကိန်းမှ ရရှိလာသော အကျိုးရလဒ်များကိုအခြေခံ၍ စီမံကိန်းပုံစံရေးဆွဲကာ ဆောင်ရွက်သွားမည့် စီမံကိန်းတစ်ခုဖြစ်ပါသည်။
ရရှိလာမည့် အကျိုးကျေးဇူးများ
စီမံကိန်းကို ဒေသခံပြည်သူများ၏ လူနေမှုအဆင့်အတန်းနှင့် လူမှုစီးပွားဘဝမြင့်မားလာစေရန်၊ ကျေးရွာအဆင့်အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ကျေးရွာသူ ကျေးရွာသားများ၏ စွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာစေရန်၊ မဲခေါင်−လန်ချန်းနိုင်ငံများအကြား ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအတွေ့အကြုံနှင့် ဗဟုသုတများမျှဝေဖလှယ်နိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အဆိုပါ ရည်ရွယ်ချက်များဖြင့် စီမံကိန်းအားအကောင်အထည်ဖော်ဆောင်ရွက်ခြင်းကြောင့် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေပြီး မိသားစုဝင်ငွေတိုးပွားလာစေခြင်း၊ ကျေးရွာ၏ကုန်ထုတ်လုပ်မှုစွမ်းအားမြင့်မားလာခြင်းနှင့် ခိုင်မာအားကောင်းလာစေခြင်း၊ ကျေးရွာအခြေခံအဆောက်အအုံများဖွံ့ဖြိုးလာခြင်းနှင့် လူနေမှုအဆင့်အတန်းမြင့်မားလာစေခြင်း၊ ဦးစီးဌာန ဝန်ထမ်းများနှင့် ကျေးလက်လူမှုအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်များမြင့်မားလာစေခြင်း စသည့်အကျိုးကျေးဇူးများရရှိလာစေမည် ဖြစ်ပါသည်။
စီမံကိန်းအကြိုလုပ်ငန်းများ
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ယခုစီမံကိန်းအားအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းကျေးရွာရွေးချယ်အတည်ပြုခြင်း၊ စီမံကိန်းကော်မတီများဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်သတ်မှတ်ခြင်း၊ ရွေးချယ်ထားသော စီမံကိန်းကျေးရွာ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအခြေအနေများအား ဖြစ်နိုင်ခြေလေ့လာဆန်းစစ်ခြင်း (Feasibility Study)များ ပြုလုပ်ခြင်း၊ Feasibility Study အရ ထွက်ပေါ်လာသောအချက်အလက်များကို အခြေခံပြီး ကျေးရွာနှင့်ညှိနှိုင်း၍ ကျေးရွာသူ ကျေးရွာသားများ၏ သဘောတူညီချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းဒီဇိုင်းရေးဆွဲခြင်း၊ စီမံကိန်းလုပ်ငန်းများလျာထားသတ်မှတ်ခြင်း၊ တိုင်းတာတွက်ချက်ခြင်း၊ လုပ်ငန်းအလိုက် ရန်ပုံငွေလျာထားသတ်မှတ်ခြင်း၊ ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲခြင်းလုပ်ငန်းများကို အဆင့်အလိုက် စနစ်တကျ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ပါသည်။
ကော်မတီများဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်သတ်မှတ်ခြင်း
စီမံကိန်းလုပ်ငန်းများအား စီမံကိန်း Work Plan နှင့်အညီ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းစီမံခန့်ခွဲမှုနှင့်ကြီးကြပ်မှုစနစ်သည် အလွန်အရေးကြီးလှပါသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ယခုစီမံကိန်းကိုစနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စီမံကိန်းကော်မတီများအားအဆင့်ဆင့်ဖွဲ့စည်း၍ ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)တွင် စီမံကိန်းဦးဆောင်ကော်မတီ ဖွဲ့စည်းထားရှိပြီး ယင်းအဖွဲ့အောက်တွင် စီမံကိန်းစီမံခန့်ခွဲမှုအဖွဲ့အား ဖွဲ့စည်းထားရှိပါသည်။ စီမံကိန်းဦးဆောင်ကော်မတီအနေဖြင့် စီမံကိန်း၏မူဝါဒပိုင်းဆိုင်ရာများကို ပေါင်းစပ်ညှိနှိုင်းလမ်းညွှန်မှုပြုခြင်း၊ စီမံကိန်းစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် ဦးဆောင်ကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ စီမံကိန်းအစီအစဉ်များရေးဆွဲချမှတ်ခြင်း၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ ဘဏ္ဍာငွေစီမံခန့်ခွဲခြင်းနှင့် စီမံကိန်းလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။
၎င်းအပြင် မြို့နယ်အဆင့်တွင် စီမံကိန်းအကောင်အထည်ဖော်ရေးအဖွဲ့ဖွဲ့စည်းထားရှိပြီး စီမံကိန်းအစီအစဉ်အရ ဆောင်ရွက်ရမည့်လုပ်ငန်းများအား အကောင်အထည်ဖော်ခြင်း၊ ဝယ်ယူရေးဆိုင်ရာကိစ္စရပ်များအား တာဝန်ယူဆောင်ရွက်ခြင်း၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား လစဉ်တင်ပြအစီရင်ခံခြင်း၊ ကျေးရွာနှင့်ဆက်စပ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ နည်းပညာအကူအညီများရယူခြင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဓိကကျပြီး အရေးကြီးဆုံးအဖွဲ့ဖြစ်သည့်ကျေးရွာအဆင့် စီမံကိန်းအကောင်အထည်ဖော်ရေးအဖွဲ့မှာလည်း ကျေးရွာသူကျေးရွာသားများအား စီမံကိန်းတွင် တက်ကြွစွာပူးပေါင်းလာစေရေးအတွက် စည်းရုံးလှုံ့ဆော်ခြင်း၊ စီမံကိန်းလုပ်ငန်းများကို စောင့်ကြည့်စစ်ဆေးခြင်း၊ ဝေဖန်အကြံပြုခြင်း၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးလိုအပ်သည့်အကူအညီများ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ
စီမံကိန်း၏ အဓိကရည်ရွယ်ချက်ဖြစ်သည့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူမှုအဆင့်အတန်းမြင့်မားလာစေရေးအတွက် စီမံကိန်း၏အဓိကလုပ်ငန်းများဖြစ်သည့် အခြေခံအဆောက်အဦနှင့် ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် စောင့်ကြည့်လေ့လာအကဲဖြတ်ခြင်းလုပ်ငန်းများ၊ အတွေ့အကြုံ မျှဝေဖလှယ်ခြင်းဆိုင်ရာလုပ်ငန်းများ၊ ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများနှင့် အသင်းအဖွဲ့များ ခိုင်မာအားကောင်းစေရေးလုပ်ငန်းများကို ဘက်စုံထောင့်စုံမှ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
ထို့ပြင် စီမံကိန်းအစီအစဉ်အရ အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများအား ကျေးရွာ၏တည်နေရာနှင့် မြေပြင်အခြေအနေအရ ကိုက်ညီသောလုပ်ငန်းများနှင့် ကျေးရွာ၏အခြေခံရှိပြီးသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထိုသို့အကောင်အထည်ဖော်ဆောင်ရွက်သည့်အခါ ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာ၏ အခြေခံရှိပြီးသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအား ဆောင်ရွက်ပေးခြင်း၊ ယင်းလုပ်ငန်းများကို အထောက်အကူဖြစ်စေမည့် ကုန်ထုတ်လုပ်မှုအခြေခံအဆောက်အဦနှင့် လူမှုအခြေခံအဆောက်အဦများတည်ဆောက်ပေးခြင်း၊ အသင်းအဖွဲ့များဖွဲ့စည်းပေး၍အစုအဖွဲ့ဖြင့် စုပေါင်းဆောင်ရွက်တတ်စေရန် ဆောင်ရွက်ပေးခြင်း၊ စီမံကိန်းလုပ်ငန်းများအတွက် လိုအပ်သောသွင်းအားစုများပံ့ပိုးပေးခြင်း၊ နည်းပညာနှင့် စွမ်းဆောင်ရည်မြင့်မားလာစေရန် သင်တန်းပို့ချခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများဖြစ်သော စွန့်ပစ်အမှိုက်စီမံခန့်ခွဲခြင်းနှင့် အိမ်တွင်းလေထုညစ်ညမ်းမှု လျှော့ချရေးလုပ်ငန်းများအတွက် လိုအပ်သောနည်းပညာနှင့် အထောက်အကူပြုပစ္စည်းများ ပံ့ပိုးပေးခြင်း၊ ကျေးရွာ၏ထုတ်ကုန်များအား ဈေးကွက်ရရှိအောင် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ ကျေးရွာ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများအတွက် အတွေ့အကြုံမျှဝေဖလှယ်ခြင်းနှင့် လေ့လာရေးခရီးစဉ်များသွားရောက်ခြင်း လုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးဆီသို့
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ရွာသစ်ကျေးရွာ၌ ဆောင်ရွက်မည့် မဲခေါင်- လန်ချန်း နိုင်ငံများအကြားကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ရေးစီမံကိန်းအပါအဝင် ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ၌ ဆောင်ရွက်ပေးမည့် ပြည်သူအခြေပြု ရေသန့်စနစ်ပါဝင်သော ကျေးရွာရေရရှိရေး၊ အသေးစားဆိုလာမီးလင်းရေးလုပ်ငန်းမှရရှိလာသော အတွေအကြုံကောင်းများကို မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်များတွင်အသုံးပြု၍ စဉ်ဆက်မပြတ်ကျေးလက်ဖွံ့ဖြိုးရေးကို ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။