တစ်ဆောင်းသစ်ပြီ ပုံမှန်လမ်းလျှောက်ကြရအောင်
အားကစားပရိသတ်တစ်ဦး
အရုဏ်ဦး၏ ရောင်နီဦးအောက်တွင် သက်ရှိ၊ သက်မဲ့အရာအားလုံး ပြန်လည်နိုးထသက်ဝင်လာသည်။ နေ့သစ်တစ်နေ့ကို အစပျိုးလိုက်သည့် အရုဏ်ဦး၏အလှ၊ သန့်ရှင်းလတ်ဆတ်သော လေနုအေးတို့ကို ထိတွေ့နမ်းရှိုက်ရသည့်အရသာ။ သစ်လွင်သောနေ့သစ်မှာ ပတ်ဝန်းကျင်ကလည်းအသစ်၊ လူကလည်း စိတ်သစ်၊ လူသစ်၊ ခွန်အားသစ်။ အရာရာသည် သစ်လွင်ဆန်းသစ်လှပလို့နေသည်ကော။
ရွာဦးကျောင်းက အုန်းမောင်းခေါက်သံ၊ လင်းကြက်ဆော်သံတို့နှင့်အတူ မကြာမီ မိုးသောက်ချိန် ရောက်တော့မည်။ သည်မြင်ကွင်း၊ သည်ရနံ့၊ သည်အရသာ၊ သည်သဘာဝနိယာမတို့ကား လောကသားတို့အတွက် သဘာဝ၏ ဆုလာဘ်၊ သဘာဝ ၏ လက်ဆောင်မွန်တစ်ရပ်ဖြစ်ပေသည်။ သို့သော် လူတိုင်းရရှိခံစားကြရသလားဆိုတော့ လူတိုင်းမရနိုင်၊ မခံစားနိုင်ပါ။ နံနက်စောစော အိပ်ရာနိုးထတတ်ကြသူများ၊ ပုံမှန်လမ်းထလျှောက်သူများ အတွက်သာ သဘာဝက ပေးအပ်သော သီးသန့်လက်ဆောင်မွန်တစ်ရပ် ဖြစ်ပေသည်။
လမ်းလျှောက်ခြင်းကြောင့် ရရှိလာမည့် အခြားအကျိုးကျေးဇူးများ
ပုံမှန်လမ်းလျှောက်သူတို့အတွက် လမ်းလျှောက်ခြင်းကြောင့်ရရှိလာမည့် အခြားအကျိုးကျေးဇူးများ ကရော . . . “မနက်တိုင်း လမ်းပုံမှန်လျှောက်လို့ အခုဆီးချိုမတက်တော့ဘူး။ တိုင်းလိုက်တိုင်း ပုံမှန်ဖြစ်သွားပြီ။ လမ်းပုံမှန်လျှောက်ပြီး အစားအသောက်လည်း ဆင်ခြင်လိုက်တော့ တစ်ကိုယ်လုံး ပေါ့ပါးပြီး နေလို့ထိုင်လို့ ကောင်းတယ်”
ရပ်ကွက်ထဲက ရင်းနှီးသူအစ်မတစ်ဦး၏ ကိုယ်တွေ့စကားသံက ပုံမှန်လမ်းလျှောက်ခြင်းကြောင့် ရရှိလာသည့် ကျန်းမာရေးအကျိုးကျေးဇူးတို့ကို သက်သေပြုဖော်ပြလို့နေပါသည်။ ဆီးချိုရောဂါ ဝင်စမှာ အနေအထိုင်၊ အစားအသောက်၊ ကိုယ်လက် ကျန်းမာရေးလေ့ကျင့်ခန်းတို့ကို ဂရုစိုက်ပြုမူ နေထိုင်စားသောက်ခြင်း၏ အကျိုးကျေးဇူးများပါပေ။
မှန်ပါသည်။ လမ်းလျှောက်ခြင်းကြောင့် ရရှိနိုင်သည့် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အကျိုးကျေးဇူးများနှင့် ပတ်သက်၍ ပညာရှင်များကလည်း သုတေသနပြု ဆန်းစစ်လေ့လာ၍ အကျယ်တဝင့် ဖော်ပြခဲ့ကြပါသည်။
လမ်းလျှောက်ခြင်းဖြင့် “သွေးတွင်းမကောင်းသည့် ကယ်လိုရီများ၊ ကိုလက်စထရောများကို လောင်ကျွမ်းစေခြင်း၊ အလေးမလိုဘဲ ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများကို လေ့ကျင့်ပေးနိုင်ခြင်း၊ ကိုယ်အလေးချိန်ကို ကျစေခြင်း၊ စိတ်ကြည်လင် ပေါ့ပါးလန်းဆန်းစေခြင်း၊ နှလုံးအားကောင်းစေခြင်း၊ အသက်ရှူ လမ်းကြောင်းအတွက် လေ့ကျင့်ခန်းဖြစ်စေခြင်း၊ သွေးလည်ပတ်စီးဆင်းမှု မြန်စေခြင်း၊ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေခြင်း၊ ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းများ၏ လုပ်ဆောင်မှုကို လျင်မြန်စေခြင်း၊ အဝလွန်ခြင်း မဖြစ်စေရန် ကာကွယ်ပေးနိုင်ခြင်း၊ သွေးတိုး၊ ဆီးချို ရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ခြင်းနှင့် ရောဂါရှိသူများဆိုပါကလည်း သွေးပေါင်ချိန်ကိုပုံမှန် အတိုင်းဖြစ်စေခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ခြင်း၊ နှလုံးရောဂါ၊ လေဖြတ်၊ လေဖျန်းခြင်းစသည့် နာတာရှည် ရောဂါဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေခြင်း စသည့် ကျန်းမာရေး အကျိုးကျေးဇူးများကို ရရှိနိုင်ကြောင်းဆိုကြသည်။
ထို့အတူ လမ်းလျှောက်ခြင်းက ခြေထောက်ကြွက်သားနှင့် အရိုးအဆစ်များကို သန်မာစေ၍ အရိုးပွခြင်း၊ အဆစ်လွဲခြင်းများ အလွယ်တကူမဖြစ်အောင် ကာကွယ်ပေးသည်။
အဆုတ်အားကို ကောင်းစေသည်။ သွေးလည်ပတ်မှု ကောင်းမွန်လာသည်နှင့် အမျှ အဆုတ်ကို အောက်ဆီဂျင်လုံလောက်စွာ ဝင်ရောက်စေကာ အဆုတ်မှအဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သည်။ သက်လုံအားကောင်းလာပြီး အဆုတ်ကိုသန်မာစေ၍ အဆုတ်နှင့် ပတ်သက်သော ရောဂါများကို ကင်းဝေးစေသည်။
တစ်ရက်လျှင် မိနစ် ၃၀ လမ်းလျှောက်လျှင်
တစ်ရက်ကို မိနစ် ၃၀ ခန့်လမ်းလျှောက် ပေးခြင်းဖြင့် အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျှော့ချ ပေးရုံသာမက အစာချေစနစ်ကိုလည်း ကောင်းမွန်စွာ အလုပ်လုပ်နိုင်အောင် ကူညီပေးသည်ဟု သိရသည်။
ထို့ပြင် စိတ်ဖိစီးမှုလျော့နည်းစေခြင်း၊ စိတ်ပူပန်မှုလျော့ကျစေခြင်း၊ ပင်ပန်းနွမ်းနယ်မှု လျော့ကျစေခြင်း၊ စိတ်ကျရောဂါဖြစ်နိုင်ခြေ လျော့နည်းစေခြင်း၊ မိမိကိုယ်ကို ယုံကြည်မှု ဖြစ်ပေါ်စေခြင်း၊ စိတ်ခွန်အားမြင့်မားစေခြင်း စသည့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အကျိုးကျေးဇူးများကိုလည်း ရရှိနိုင်သည်ဟု ဆိုသည်။ အထူးသဖြင့် နံနက်စောစော လမ်းထလျှောက် သူများအတွက်ဆိုပါမူ နေခြည်နုထွေးအောက်တွင် သန့်ရှင်းလတ်ဆတ်သော လေနုအေးသင်းပျံ့ပျံ့ကို ရှူရှိုက်ရခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ ကြည်လင်ပြတ်သားမှုကို ရရှိစေပြီး တစ်နေ့တာလုံး အာရုံစူးစိုက်မှု အားကောင်းစေသည်ဟု ဆိုသည်။
နံနက်စောစောနှင့် ညနေလမ်းလျှောက်ခြင်း
ဆေးပညာရှင်များ၏ သုတေသနဆန်းစစ်မှုများအရ နံနက်စောစော လမ်းလျှောက်သည့် သက်ကြီးရွယ်အိုများအနေဖြင့် သိမှုစွမ်းရည်များမြင့်တက်လာစေသည်။ နံနက်ပိုင်းရော ညနေခင်းပါ လမ်းလျှောက်လေ့ကျင့်ခန်း လုပ်ဆောင်ပါက ညအချိန်တွင် ကောင်းစွာအိပ်ပျော်နိုင်သည်ဟု ဆိုသည်။ ဦးနှောက်၏ လုပ်ဆောင်မှုကို အကျိုးသက်ရောက်စေသည့်အတွက် သူငယ်ပြန်ခြင်း၊ အယ်လ်ဇိုင်း မားရောဂါနှင့် ဦးနှောက်သွေးကြောပြတ်ခြင်း စသည်တို့ကိုလည်း ကာကွယ်နိုင်သည်ဟု သိရသည်။
ဆိုရပါလျှင် လမ်းလျှောက်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများသည် ကုန်နိုင်ဖွယ်မရှိပေ။ လမ်းလျှောက်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကိုပါ အထောက်အကူပြုသည့် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတစ်ခုဖြစ်သည်။ ကျန်းမာရေးအတွက် ကုန်ကျစရိတ် အနည်းဆုံးဖြင့် လုပ်ဆောင်နိုင်သည့် လေ့ကျင့်ခန်းတစ်ခုလည်းဖြစ်သည်။ ကျန်းမာရေး ကောင်းမွန်ရန်အတွက် အကောင်းဆုံး အားကစားနည်း တစ်ခုလည်းဖြစ်သည်။ လူသားတို့အတွက် အကောင်းဆုံးဆေး တစ်ခွက်ဟုလည်း ဆိုနိုင်သည်။ တစ်နေ့လျှင် မိနစ် ၃၀ ခန့် လမ်းလျှောက်ပေးခြင်းဖြင့် ငွေမကုန်၊ လူမပင်ပန်းဘဲ ကျန်းမာခြင်း၊ အသက်ရှည်ခြင်း၊ နုပျိုလှပခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေပါသည်။
ရှေးမြန်မာ ဘိုးဘွားလူကြီးမိဘများသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်း လေးပါးမျှတစွာ အသက်ကို မွေးမြူတတ်ကြသည်။ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်၊ အနေအထိုင် အပြုအမူတို့ကြောင့် ကျန်းမာသန်စွမ်းကြသည်။ လူ့ဘဝတွင် သက်တမ်းစေ့နေထိုင်နိုင်ခဲ့ ကြသည်။
ဆရာကြီးရွှေဥဒေါင်း၏ လမ်းလျှောက်ခြင်း
ဆရာကြီးရွှေဥဒေါင်းက “တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ” စာအုပ်တွင် “ကျွန်ုပ်၏အသက်မှာ ထိုအခါ၌ (၆၁) နှစ်ရှိပြီဖြစ်သော်လည်း မိမိကိုယ်ကို (၄၀) အရွယ်လောက်သာ ထင်မိသည့်အလျောက် လူလတ်အရွယ်များ လှုပ်ရှားနိုင်သလောက် အားကျမခံ လျင်မြန်ဖျတ်လတ်စွာ လှုပ်ရှားသွားလာနိုင်ပါသည်။ ဤသည်မှာ လွန်ခဲ့သော ၁၀ နှစ်ကတည်းက နံနက်တိုင်း မှန်မှန်လမ်းလျှောက်ခဲ့ခြင်း၏ အကျိုးအာနိသင်ပေတည်း။ (ကျွန်ုပ်၏ တပည့် ဖိုးကြီးမောင်သည် ကျွန်ုပ်နှင့်အတူ နေစဉ်အခါ ဘယ်တော့မှလမ်းလျှောက် လိုက်သည်မရှိ။ ကျွန်ုပ် သုံးလေးပြန်လျှောက်နိုင်သည့် ဈေးချိုခရီးမျှလောက်ကို မရှိမဲ့ရှိမဲ့နှင့် ဆိုက်ကားအမြဲစီး၍ သွားတတ်လေသည်။ ဖိုးကျင်မောင်မူကား ကျွန်ုပ်နှင့် ပြင်ဦးလွင်၌အတူနေကြစဉ် နံနက်တိုင်း လမ်းလျှောက်လိုက်ဖို့ ကြိုးစားရှာသည်။ ဤတစ်ကောင်လည်း ခပ်ပျင်းပျင်းရှိသည်။ သို့သော် ကျွန်ုပ်ဆူမည်ကို ကြောက်သည်နှင့် သူ့ဘာသာမထသော်လည်း ကျွန်ုပ်က နှိုးလိုက်လျှင် လူးလဲ၍ ထဖော်ရပေသည်။” ဟု ရေးသားခဲ့ပါသည်။
ဆရာကြီးရွှေဥဒေါင်း၏ ထိုသို့ရေးဖွဲ့မှုကို ဖိုးကျင်မောင်တစ်ဖြစ်လဲ ဆရာသော်တာဆွေကလည်း “ကျွန်တော့်ဘဝ ဇာတ်ကြောင်း”စာအုပ်တွင် အမှတ်တရ ပြန်လည်ရေးသားခဲ့ပြန်ပါသည်။
“နံနက်စောစောထ၍ လမ်းလျှောက်ခြင်းကား ဆရာကြီး၏ထာဝရအလုပ်ဖြစ်ခဲ့သည်။ ဘယ်အရပ်မှာနေနေ၊ ဘယ်ရာသီဥတုမှာပဲဖြစ်ဖြစ်၊ အချိန်မှန်မှန်၊ ခရီးမှန်မှန် အဓိဋ္ဌာန်နှင့် လျှောက်သူဖြစ်ပေသည်။ နံနက်စောစောကြီး မိုးတွေသည်းစွာ ရွာနေပါစေ၊ လေတွေပြင်းစွာ တိုက်နေပါစေ၊ မိုးကာအင်္ကျီနှင့် ဦးထုပ်နှင့်ထွက်သည်။ မန္တလေးမှာလည်းကောင်း၊ ပြင်ဦးလွင်မှာ လည်းကောင်း ဆရာကြီးနှင့် ကျွန်တော် အတူနေခဲ့ဖူးသည်။ ဆရာကြီးနှင့်တန်းတူ ကျွန်တော်လမ်းလျှောက်မလိုက်နိုင်ခဲ့ပါ။
‘ဟေ့ ဖိုးကျင်မောင်ရ၊ မင်းရဲ့အကြီးဆုံး ရန်သူဟာ ဘယ်သူလဲ၊ မင်းသိရဲ့လား’
ပြင်ဦးလွင်၏အေးချမ်းလှသည့် တစ်ခုသောနံနက် ဆရာကြီးသည် ကျွန်တော့်အား အိပ်ရာထဲမှ နှိုးခေါ်လာပြီး လမ်းလျှောက်လာကြစဉ် အထက်ပါမေးခွန်းကိုမေးလေရာ ကျွန်တော့်မှာ ရုတ်တရက်ဘာကို ဖြေရမှန်းမသိ။
ဆရာကြီးက ဆက်လက်၍ ‘မင်းရဲ့အကြီးဆုံးရန်သူဟာ မင်းပဲကွ။ အဲမင်းကိုယ်မင်း နိုင်ပြီဆိုရင် အားလုံးကိုနိုင်တော့တာပဲ။ သည်တော့ မင်းကိုယ်မင်းနိုင်အောင် ကြိုးစားရမယ်။ အခုကြည့်စမ်း၊ မင်းအိပ်ရာ ထဲက မထချင်ဘူး။ မနက်စောစော ဇိမ်လေးနဲ့မှေးနေချင်တယ်။ အဲဒါ မင်းစိတ်အလိုပဲ။ အဲသည်အလိုပျက်အောင် ဖျက်နိုင်ဖို့ကြိုးစားရမယ်။ သည်လိုဖျက်နိုင်တော့ ဘာအကျိုးရှိသလဲလို့ မင်းကမေးချင်လိမ့် မယ်။ အဲဒါကို ငါမဖြေနိုင်ဘူး။ မင်းစိတ်ကို မင်းနိုင်တဲ့အခါမှာ မင်းဟာမင်း သိလာ လိမ့်မယ်’
မန္တလေးမှာလည်းကောင်း၊ ပြင်ဦးလွင်မှာလည်းကောင်း ဆရာကြီးနှင့် ကျွန်တော် အတူနေကြစဉ် လမ်းလျှောက်ရာတွင် ဆရာကြီးနှင့် တန်းတူလိုက်နိုင်သူ တစ်ယောက်ကား ရှိလေသည်။ ထိုလူကား အခြားမဟုတ်၊ “မန္တလေးလူထု ဒေါ်အမာ၏ဖခင် ဦးထင်ဖြစ်ပေသည်” စသည်ဖြင့် အမှတ်တရ ရေးသားခဲ့ပါသည်။
ဆရာမကြီး လူထုဒေါ်အမာ၏ဖခင် ဦးထင်သည် အသက် ၉၁ နှစ်အရွယ်တိုင် ကျန်းကျန်းမာမာဖြင့် တစ်နေ့သုံးမိုင်ခန့် လမ်းလျှောက်နိုင်သည်ဟု သိရသည်။ ဆရာမကြီးနှင့် ဖခင်ဖြစ်သူ ဦးထင်တို့ နှစ်ဦးစလုံး လမ်းလျှောက်ခြင်းကို ဝါသနာထုံကြသည်၊ ပုံမှန်လမ်းလျှောက်လေ့ရှိသည် ဟုလည်း သိရသည်။ ဆရာမကြီး လူထုဒေါ်အမာသည် အသက် ၉၃ နှစ်အရွယ်၊ ဆရာမကြီး၏ဖခင် ဦးထင်သည် အသက် ၉၅ နှစ်အရွယ်၊ ဆရာကြီး ရွှေဥဒေါင်း ကား အသက် ၈၄ နှစ်အရွယ်အထိ အသက်ရှင် နေထိုင်နိုင်ခဲ့ကြပါသည်။
စာကောင်းပေမွန်တို့ကို အစဉ်ရေးသားလေ့ရှိကြသော ဆရာကြီးနှင့်ဆရာမကြီးတို့ကို အသက်ရာကျော် ရှည်စေချင်ပါသော်လည်း ယခုမျက်မှောက်ကာလနှင့် နှိုင်းယှဉ်ပါမူ အသက်ရှည်ခဲ့ကြသည်ဟု ဆိုရပါမည်။ လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူးများ ပါပေ။
၁၉၉၃ ခုနှစ် မတ်လထုတ် မိုးဂျာနယ်ပါ ဆရာမကြီးလူထုဒေါ်အမာ၏ “ချမ်းသလေ မန်းမြေက” ဆောင်းပါးကို သတိရသွားသည်။ အဆိုပါဆောင်းပါးတွင် ဆရာမကြီး က “ကျုံးဘေးဟာ လေသန့်တယ်၊ လူရှင်းတယ်၊ လမ်းလျှောက်စရာ ပလက်ဖောင်းလည်း ကျယ်တယ်ဆိုပြီး မန္တလေးမြို့လယ် ကလူတွေ အဲဒီကျုံးဘေးမှာ တော်တော်များများ လမ်းလျှောက်ကြပါတယ်။ မနက် ၄ နာရီ မထိုးမီကစပြီး ၇ နာရီ၊ ၈ နာရီ လောက်အထိ လမ်းလျှောက်သမားတွေ ကျုံးဘေးပလက်ဖောင်းမှာ အများကြီးရှိသပေါ့။ အဲဒီအထဲ မြန်မာလူမျိုးက တရုတ်တွေလောက်တော့လည်း မများတတ်ဘူး။ ဒီလိုပြောလို့ တရုတ်လူဦးရေဟာ မန္တလေးမှာ မြန်မာတွေထက် များနေပြီလားလို့တော့လည်း ပြောလို့မရပေဘူး။ မြန်မာတွေက လမ်းလျှောက်ဖို့ပျင်းပြီး အိပ်ရာမထသူက အများကြီး၊ လမ်းလျှောက်တဲ့အရသာကို တရုတ်ကလေး၊ လူကြီး၊ ယောကျ်ား၊ မိန်းမတွေက ပိုပြီးသိရှိကြလို့ပါ” ဟူ၍ ရေးသားခဲ့ပါသည်။
မျက်မှောက်ကာလတွင် နည်းပညာများက ပို၍ဖွံ့ဖြိုးတိုးတက်လာသည်။ လူအများစုမှာ ကိုယ်လက်လှုပ်ရှားမှုနည်းလာကြပြီး အထိုင်များလာကြပါသည်။ ကလေးသူငယ် လူငယ်လူရွယ်များမှအစ သွက်သွက်လက်လက် ပြေးလွှားဆော့ကစားနေကြရမည့်အစား ဖုန်းအင်တာနက်နှင့် ဂိမ်းကစားနည်းများဖြင့်သာ နည်းပညာနောက်လိုက်ရင်း အချိန်ကုန်ကြရသည်။
ကိုယ်လက်လှုပ်ရှားမှုများ နည်းပါးလာသည်နှင့်အမျှ အဝလွန်ခြင်းအပြင် နောက်ဆက်တွဲ သွေးတိုးနှင့် ဆီးချိုရောဂါများက ကပ်ပါလာသည်။ ယနေ့ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာ နေ့စဉ်ကြုံတွေ့နေ ကြရသည့် ကျန်းမာရေးပြဿနာများတွင် ဆီးချိုရောဂါနှင့် သွေးတိုးရောဂါသည် ထိပ်ဆုံးက ပါဝင်လျက်ရှိသည်။
သို့ဖြင့် မြန်မာနိုင်ငံသားတိုင်း ကျန်းမာသန်စွမ်းရေးနှင့် လူ့သက်တမ်းစေ့နေထိုင်နိုင်ရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်၊ အပြုအမူအနေအထိုင်အစ၊ နေ့စဉ် ကိုယ်လက်လှုပ်ရှားအားကစားကအစ မပျက်မကွက် ပြုမူလုပ်ဆောင်ကြရပါမည်။
မြတ်စွာဘုရားရှင်ကလည်း အစားကြူးသော ကောသလမင်းကြီးကို အစားအသောက်နှင့် ပတ်သက်၍ -
“အစားစားရာ၊ သတိပါ၊ တိုင်းတာသိတတ်စေ။ ကျန်းမာချမ်းသာ သက်ရှည်ကြာ၊ အိုနာနောက်ကျပေ” ဟူ၍ ဟော ဖော်ညွှန်ပြ ဆိုဆုံးမခဲ့ပါသည်။
ရှေးမြန်မာ ပညာရှိများကလည်း အသက်ရှည်ရာ အကြောင်းငါးပါးနှင့် စပ်လျဉ်း၍ “လျောက်ပတ်သင့်တင့်စွာကျင့်ခြင်း၊ လျောက်ပတ်သင့်တင့်စွာစားခြင်း၊ အစာကြေစေတတ်သော ဆေးဝါးကို မှီဝဲခြင်း၊ လမ်းလျှောက်ခြင်း (အချိန်မှန်)၊ မေတ္တာတရားပွားများခြင်း” ဟူ၍ လမ်းညွှန် မှာကြားခဲ့ပါသည်။
တစ်ဆောင်းသစ်ခဲ့ချေပြီ။ ဒီဇင်ဘာလက ရှေးယခင်ကတည်းက လူထုအားကစားလ။ နေ့သစ်တစ်နေ့ကို အစပျိုးလိုက်သည့် အရုဏ်ဦး၏အလှကို ခံစားရင်း၊ ငွေနှင်းမှုန်တို့နှင့်တူ သန့်ရှင်းလတ်ဆတ်သော လေနုအေးတို့ကို ထိတွေ့နမ်းရှိုက်ရင်း နေ့စဉ်ပုံမှန်လမ်းလျှောက်ကြရအောင်။ ။