ပိုမိုကောင်းမွန်သောကမ္ဘာကြီးအတွက် အမြင်များမျှဝေပေးသော ကမ္ဘာ့စံချိန်စံညွှန်းနေ့
ရွှေမိုး (DRI)
နိုင်ငံတိုင်းတွင် ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနားကို နှစ်စဉ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ခမ်းနားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါသည်။ ကမ္ဘာ့စံချိန်စံညွှန်းနေ့ အခမ်းအနားဖြစ်ပေါ်လာရ သည့် သမိုင်းကြောင်းမှာ ၁၉၄၆ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် လန်ဒန်မြို့တွင် ကျင်းပခဲ့သော ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းအဖွဲ့ကြီး (International Organization for Standardization – ISO) ၏ အစည်းအဝေး ကျင်းပသည့် အဆိုပါနေ့ရက်အား ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနားအဖြစ် အဖွဲ့ဝင် ၂၅ နိုင်ငံမှ ကိုယ်စား လှယ်များကသတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ယခုချိန်တွင် အဖွဲ့ဝင်ပေါင်း၁၆၇နိုင်ငံအထိ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။
အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများ၏ အဓိကအခန်းကဏ္ဍကို အသိအမှတ်ပြုရန်
ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနားကို ၁၉၇၀ ပြည့်နှစ်မှ စတင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှစတင်၍ ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနားကို ကျင်းပခဲ့ရာ ယခုနှစ်မှာ (၉)ကြိမ်မြောက်အဖြစ် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းအဖွဲ့ (International OrganizationforStandardization - ISO) ၊ အပြည်ပြည်ဆိုင်ရာလျှပ်စစ်နည်းပညာကော်မရှင် (International Electro technical Commission- IEC) နှင့် အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးသမဂ္ဂ (International Telecommunication Union-ITU) စသည့် အဖွဲ့အစည်းတို့မှထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းများအရေးပါပုံကို မီးမောင်းထိုးပြနိုင်ရန်၊ ကမ္ဘာ့အဆင့်နိုင်ငံများ အကြား ကုန်သွယ်ရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ သိပ္ပံနှင့်နည်းပညာဖလှယ်မှုများနှင့် ဆန်းသစ်တီထွင်မှုများ မြှင့်တင်ရာမှာ ဤအပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများ၏ အဓိကအခန်းကဏ္ဍကို အသိအမှတ်ပြုရန်၊ နိုင်ငံတကာ၊ ဒေသတွင်းနှင့် အမျိုးသားအဆင့် စံသတ်မှတ်ချက်များတွင် ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသည့် စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာ နယ်ပယ်များတွင် တာဝန်ယူဆောင်ရွက်နေသောပညာရှင်များနှင့် ကျွမ်းကျင်ပညာရှင်များ၏ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုရန်၊ ကုန်စည်ဝန်ဆောင်မှုများနှင့် ကုန်သွယ်မှုအဆင်ပြေ ချောမွေ့စေရန်နှင့် စံချိန်စံညွှန်းများဖြင့် ကိုက်ညီစွာထုတ်လုပ်ရာတွင် ၎င်းတို့၏ ကြိုးပမ်းမှုရလဒ်များကို ချီးကျူးရန်အတွက် ကျင်းပခြင်းလည်းဖြစ်ပါသည်။
ကမ္ဘာ့စံချိန်စံညွှန်းနေ့၏ ရည်မှန်းချက်မှာ ကမ္ဘာ့စီးပွားရေးအသိုက်အဝန်းတွင် စံချိန်စံညွှန်းများ၏ အရေးကြီးခြင်းကို ပိုမိုသိရှိနားလည်စေရန်နှင့် စီးပွားလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ အစိုးရ နှင့်စားသုံးသူများ၏လိုအပ်ချက်များကိုစံချိန် စံညွှန်းကဏ္ဍဖြင့် အကူအညီပေးခြင်းဖြင့် မြှင့်တင်ဆောင်ရွက်နိုင်ရန် ဖြစ်ပါသည်။
ထိုသို့ကျင်းပရာတွင် နှစ်စဉ်နှစ်တိုင်း ဆောင်ပုဒ်များချမှတ်၍ ကျင်းပလျက်ရှိရာ ယခုနှစ် ဆောင်ပုဒ်မှာ ISO, IEC နှင့် ITU တို့က ရွေးချယ်ခဲ့သည့် ဆောင်ပုဒ်ကတော့ “ပိုမိုကောင်းမွန်သော ကမ္ဘာကြီးအတွက် အမြင်မျှဝေခဲ့ခြင်း” (Shared Vision for a Better World) ဖြစ်ပါသည်။ ဒီဆောင်ပုဒ်အရ ပိုမိုကောင်းမွန်သော၊ တရားမျှတ၍ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်သော ကမ္ဘာတစ်ခုရရှိရန်မျှော်မှန်း၍ ပျော်ရွှင်နိုင်ပြီးအနာဂတ်မျိုးဆက်များအတွက် ကာကွယ်ပေးသော ကမ္ဘာကြီးအားတည်ဆောက်ရန် (StandardsforSustainableDevelopment Goals - SDGs) အရ ရည်ရွယ်ခြင်းလည်း ဖြစ်ပါသည်။ တိုးတက်လာသော နိုင်ငံအတော်များများတွင် ပိုမိုကောင်းမွန်သောကျန်းမာရေး၊လုံခြုံမှုနှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်မှုအတွက် စားသုံး သူများ၏ တောင်းဆိုချက်များကို တုံ့ပြန်သည့်အနေဖြင့် ထုတ်ကုန်သစ်စံချိန်စံညွှန်းများကို မိတ်ဆက်ခဲ့ကြသည့် ရည်ရွယ်ချက်ကောင်းရှိသော်လည်း အဆိုပါစံချိန်စံညွှန်းများစွာသည် ကုန်သွယ်မှုတွင် နည်းပညာဆိုင်ရာ အတားအဆီးများ(Technical Barriers To Trade-TBT) အဖြစ်သို့ပြောင်းလဲသွားပါသဖြင့် အဆိုပါအတားအဆီးများသည် ထုတ်လုပ်သူများနှင့် ကုန်သည်များအတွက် မဖြစ်မနေစမ်းသပ်စစ်ဆေးခြင်း (Mandatory Testing) နှင့် အရည် အသွေးစစ်ဆေးခြင်း လိုအပ်ချက်များ (Certifica-tion Requirements) စသည်တို့ဖြစ်သဖြင့် ကုန်ကျစရိတ်မြင့်စေပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ဝန်ဆောင်မှုနှင့် ကုန်သွယ်မှုကိုအဟန့်အတား ဖြစ်စေတတ်ပါသည်။ ထို့ကြောင့် ကုန်သွယ်မှုတွင် နည်းပညာအတားအဆီးများကို လျှော့ချနိုင်ရန် အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းများနှင့် ကိုက်ညီစွာ ဆောင်ရွက်ခြင်းသည်လည်း အရေးကြီးပါသည်။
ISO အဖွဲ့ကြီးအနေနှင့်လည်း ISO ၏ လုပ်ငန်းစဉ်များအားသာချက်၊ အားနည်းချက်များကို ညှိနှိုင်းအဖြေရှာရန်၊ အမြင်ခြင်းဖလှယ်ရန် ဦးစီးဦးဆောင်ကော်မတီများမှာ အဖွဲ့ဝင်နိုင်ငံများက ပါဝင်ဆောင်ရွက်ဖို့၊ ISO အဖွဲ့ကြီး၏ Action Plan for Developing Countries Program (၂၀၂၁-၂၀၂၅)အရအကောင်အထည်ဖော်လျက်ရှိပြီး အဖွဲ့ဝင်နိုင်ငံများ၏ ရပိုင်ခွင့်များ သာတူညီမျှရှိစေရန် ISO အဖွဲ့ကြီး၏ ISO Annual Meeting ( Genera Assembly ) ကို နှစ်စဉ်ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံမှလည်း တက်ရောက်ဆွေးနွေးလျက်ရှိသည်။ ISO ၏ လုပ်ငန်းစဉ်များကိုအဖွဲ့ဝင်နိုင်ငံများသို့ အသိပညာမျှဝေနိုင်သလို ကိုယ့်နိုင်ငံတွင်းမှာလည်း အဆိုပါအသိပညာများကိုမျှဝေခြင်းဖြင့် စံချိန်စံညွှန်း၏ အကျိုးကျေးဇူးများကို နားလည်နိုင်ပြီး (Collaboration for Good) ၏ အနှစ်သာရကိုဖော်ဆောင်နိုင်မည်ဖြစ်သည့်အတွက် ဂုဏ်ယူစရာ ကောင်းပြီး ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနားမှာ ISO ၏ဆောင်ရွက်မှုများနှင့်နိုင်ငံတွင်း အရည် အသွေးကိုက်ညီမှုဆိုင်ရာအစီအစဉ်များကို ဆွေးနွေးပြောကြားခြင်း၊ အသိပညာပေးခြင်း၊ ပိုစတာပြပွဲများ ခင်းကျင်းပြသခြင်းများကို နိုင်ငံအလိုက် အမျိုးသား စံချိန်စံညွှန်းအဖွဲ့များက တာဝန်ယူကျင်းပကြပါသည်။
နည်းပညာအသစ်များသည် အသိဉာဏ်ပညာနှင့်
ကမ္ဘာလုံးဆိုင်ရာတီထွင် ဆန်းသစ်မှုကိုပျံ့နှံစေနိုင်စံချိန်စံညွှန်းသည် အသွင်ကူးပြောင်းရေးကာလ တွင် အရေးကြီးသောကဏ္ဍမှာပါဝင်နေပြီး စံချိန်စံညွှန်းများမရှိဘဲ ပြောင်းလဲမှုများကို အရှိန်အဟုန်မြှင့်တင်နိုင်မည်မဟုတ်သောကြောင့် တီထွင်သူများသည် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများဖြစ်သော ISO, IEC, ITU စသည့် စံချိန်စံညွှန်းများကို ကိုးကားပြီး ရေးဆွဲနိုင်ခြင်းဖြင့်အဆိုပါ နည်းပညာအသစ်များသည် အသိဉာဏ်ပညာနှင့် ကမ္ဘာလုံးဆိုင်ရာ တီထွင်ဆန်းသစ်မှုကိုပျံ့နှံစေရန် ဆောင်ရွက်နိုင်သောအရာများ ဖြစ်ပါသည်။
စတုတ္ထစက်မှုအသွင်ကူးပြောင်းရေး (Fourth Industrial Revelation) ဆောင်ရွက်ရာတွင် စိန်ခေါ်မှုမြောက်မြားစွာရှိပြီး စက်ရုပ်နှင့်ဖန်တီးထားသော အသိပညာများသည် ပိုမိုကောင်းမွန်လာပြီး လူအများကဲ့သို့ ဆောင်ရွက်နိုင်ပြီး အရာအားလုံးကို ဒစ်ဂျစ်တယ်နည်းပညာအားဖြင့် ဆက်သွယ်ထားပါသည်။ ဥပမာအားဖြင့် စတုတ္ထစက်မှုအသွင် ကူးပြောင်းရေးဆိုသည်မှာ Smart Technology များကို သုံးစွဲခြင်းဖြင့် အပြည်ပြည်ဆိုင်ရာစံချိန် စံညွှန်းများသည် အန္တရာယ်ကိုလျှော့ချပြီး လုံခြုံစိတ်ချမှုကိုသေချာစေသော အားကောင်းသော နည်းလမ်းများဖြစ်ပါသည်။
အခြားအမျိုးသားစံချိန်စံညွှန်းအဖွဲ့များကဲ့သို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနသည် နိုင်ငံ၏ ISO Member Body အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ISO အဖွဲ့ကြီး၏ တာဝန်နှင့်ဝတ္တရားများကို နိုင်ငံတော်အဆင့် လိုက်ပါအကောင်အထည်ဖော်လျက်ရှိပါသည်။ ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနားကို ကျင်းပခြင်းဖြင့် မြန်မာစံချိန်စံညွှန်းများ ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရန်နှင့် ပါဝင်ဆောင်ရွက်မှုကို ဖော်ပြခြင်းလည်းဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း စံချိန်စံညွှန်းဆိုင်ရာသတ်မှတ်ခြင်း ဥပဒေ ၂၀၁၄ အရ ဖွဲ့စည်းထားသည့် အမျိုးသားစံချိန်စံညွှန်းကောင်စီ၏ အတည်ပြုချက်ဖြင့် ဖွဲ့စည်းထားသည့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ Stakeholders များ ပါဝင်သော စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာကော်မတီ ၂၅ ခုမှ မြန်မာစံချိန်စံညွှန်းများကို အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းများအား ကိုးကားချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယခုအခါ မြန်မာစံချိန်စံညွှန်းပေါင်း ၆၉၈ ထွက်ရှိပြီး ဖြစ်ပါသည်။
ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများနှင့်ကိုက်ညီစေရန် ဆောင်ရွက်ပေးနိုင်
မြန်မာစံချိန်စံညွှန်းများ ချမှတ်နိုင်ခြင်းဖြင့် စျေးကွက်စီးပွားရေးကို လွယ်ကူချောမွေ့စေရန် ထောက်ပံ့ပေးနိုင်ခြင်း၊ ထုတ်ကုန်များအရည်အသွေးကို မြှင့်တင်ပေးနိုင်ခြင်း၊ ပြည်သူလူထု၏ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းသော ထုတ်ကုန်များကို အသုံးပြုနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ခြင်း စသည့် အခန်းကဏ္ဍများကို သိသာထင်ရှားစွာ အထောက်အပံ့ဖြစ်စေနိုင်မည် ဖြစ်ပါသည်။ မြန်မာစံချိန်စံညွှန်းများသည် မြန်မာနိုင်ငံ၏ ထုတ်ကုန်များအတွက် ကြီးမားသောစျေးကွက်ကို ရရှိအောင် အထောက်အပံ့ပေးနိုင်ခြင်းနှင့် ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းများနှင့် ကိုက်ညီစေရန်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါသည်။
အမျိုးသား၊ ဒေသတွင်းနှင့် နိုင်ငံတကာအဆင့် စံချိန်စံညွှန်းအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှု စံချိန်စံညွှန်းလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေကြသော ပညာရှင်များအားလုံး၏ တည်တံ့ခိုင်မြဲသော ကြိုးစားအားထုတ်မှုများအတွက်ကျေးဇူးတင်ကြောင်းနှင့် နိုင်ငံတကာ အရည်အသွေးကိုက်ညီမှုဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ကိုက်ညီစွာဆောင်ရွက်ခြင်းဖြင့် စျေးကွက်များဖြေလျှော့ခြင်း၊ စားသုံးသူ/သုံးစွဲသူများ ဘေးအန္တရာယ်ကင်းရှင်းခြင်း၊ ပြည်ပပို့ကုန်မြှင့်တင်နိုင်ခြင်း၊ ပြည်တွင်းထုတ်ကုန်များ အရည်အသွေးပြည့်မီစွာ ထုတ်လုပ် နိုင်ခြင်း၊ ကုန်သွယ်မှုအတွက် နည်းပညာဆိုင်ရာ အတားအဆီးများကို ဖယ်ရှားခြင်းစသည့် အကျိုးကျေးဇူးများရရှိစေရန်အတွက် အသိပညာဖြန့်ဝေပေးနိုင်သည့် ကမ္ဘာ့စံချိန်စံညွှန်းနေ့ အခမ်းအနား (၂၀၂၂)အား ကျင်းပခြင်းဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှု လုပ်ငန်းများမှအသုံးချမှုမြင့်မားလာစေရန် ပူးပေါင်းဆောင်ရွက်ပေးနိုင်မည်ဖြစ်သောကြောင့် အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းအဖွဲ့ကြီးနှင့် မြန်မာနိုင်ငံ၏ အမျိုးသားစံချိန်စံညွှန်းကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာစံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များအား လှိုက်လှဲစွာကျေးဇူးတင်ဂုဏ်ပြုပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ ။