သဘာဝဘေးအန္တရာယ်ထိခိုက်မှု လျှော့ချရေးနှင့် ကြိုတင်ပြင်ဆင်မှု
မျိုးငြိမ်းငယ်
အောက်တိုဘာ ၁၃ ရက်ဟာ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ (International Day for Disaster Risk Reduction - 2022) ဖြစ်ပါတယ်။
သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချတဲ့ အလေ့အထတစ်ရပ် ကမ္ဘာတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာဖို့အတွက် ကုလသမဂ္ဂက အောက်တိုဘာ ၁၃ ရက်ကို အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အတွက် ဆောင်ပုဒ် ကတော့ “Early Warning and Early Action for All” “ကြိုတင်သတိပေးထုတ်ပြန်ချက်ဆောလျင် ဆောင်ရွက်အားလုံးအတွက်” ဖြစ်ပါတယ်။
ဒီလိုကျင်းပတဲ့အတွက် သဘာဝဘေးအန္တရာယ် လျှော့ချရေးဆန်ဒိုင်းမူဘောင် ၂၀၁၅- ၂၀၃၀ (Sen-dai Framework for Disaster Risk Reduction 2015-2030) နဲ့အညီ သဘာဝဘေးအန္တရာယ် လျှော့ချရေးအပြင် အသက်အန္တရာယ်တွေ၊ စားဝတ်နေရေးနဲ့ ကျန်းမာရေးဆိုင်ရာ ဆုံးရှုံးရတာတွေ လျှော့ချလုပ်ဆောင်ရာမှာ တိုးတက်မှုတွေကို အားလုံးသိရှိ နားလည်နိုင်တဲ့ အခွင့်အလမ်းတစ်ရပ်ရရှိစေမှာ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်လျှော့ချရေး ဆန်ဒိုင်းမူဘောင် ၂၀၁၅ - ၂၀၃၀ ကို ၂၀၁၅ ခုနှစ် မတ် ၁၈ ရက်က ဂျပန်နိုင်ငံမှာကျင်းပခဲ့တဲ့ တတိယအကြိမ်မြောက် ကုလသမဂ္ဂဘေးအန္တရာယ် လျှော့ချရေးဆိုင်ရာ ညီလာခံကနေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
သဘာဝဘေးအန္တရာယ် လျော့ပါးရေး
အရင်တုန်းကတော့ သဘာဝဘေးအန္တရာယ်တွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အရေးပေါ် တုံ့ပြန်မှုကိုပဲ အဓိကထား လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀ ရာစု အကုန်မှာတော့ သဘာဝဘေးအန္တရာယ်၊ ပြင်းထန်တဲ့ရာသီဥတုဒဏ်ခံရတာတွေနဲ့ ထိခိုက်ခံရနိုင်ခြေရှိတဲ့ အခြေအနေတွေကို လျှော့ချခြင်းနဲ့ စီမံခန့်ခွဲခြင်းကို ဦးစားပေးလုပ်ဆောင်လာခဲ့ပြီး အဲဒီလုပ်ဆောင်လာတဲ့အတွက် ဘေးအန္တရာယ်တွေရဲ့ အကျိုးဆက်တွေကို လျော့ပါးစေတဲ့အပြင် ဆုံးရှုံးမှုတွေကို ကာကွယ်နိုင်တယ်ဆိုတာ ပိုပြီးအသိအမှတ် ပြုလာခဲ့ပါတယ်။
သဘာဝဘေးအန္တရာယ်ဖြစ်စေတဲ့ အကြောင်းရင်း တွေထဲမှာဆိုရင် အထူးသဖြင့် စီးပွားရေးနိမ့်ကျမှု၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ရွေးချယ်ဆုံးဖြတ်မှုနဲ့ အကောင်အထည်ဖော်မှု၊ သဘာဝပတ်ဝန်းကျင် အရည်အသွေးကျဆင်းမှု၊ ဆင်းရဲမွဲတေမှုနဲ့ ရာသီဥတု ပြောင်းလဲမှုစတာတွေပါဝင်ပါတယ်။ ရာသီဥတု ပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်တွေ၊ ပြင်းထန်တဲ့ရာသီဥတုဒဏ်ခံရတာတွေနဲ့ ထိခိုက်ခံရ နိုင်ခြေရှိတဲ့အခြေအနေတွေကို ဖြစ်ပေါ်စေပါတယ်။
သဘာဝဘေးအန္တရာယ်ဖြစ်စေတဲ့ ဒီအကြောင်းရင်းတွေကို ကိုင်တွယ်ဖြေရှင်းမယ်ဆိုရင် ဘေးအန္တရာယ်ကြောင့် ထိခိုက်နိုင်မှုတွေကို လျော့ကျစေပြီး ရာသီဥတု ပြောင်းလဲမှုကြောင့်ဖြစ်လာတဲ့ ထိခိုက်ဆုံးရှုံးတာတွေကို လျော့ပါးစေပါတယ်။ အဲဒီလို ထိခိုက်ဆုံးရှုံး မှုတွေ လျော့နည်းလာတဲ့အတွက် အကျိုးဆက်ကတော့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေပါတယ်။
ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အစိတ်အပိုင်းတစ်ရပ်
သဘာဝဘေးအန္တရာယ်ထိခိုက်မှုလျော့ပါးရေးဟာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အစိတ်အပိုင်း တစ်ရပ်ဖြစ်ပြီး လူမှုအဖွဲ့အစည်း၊ အစိုးရ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ပရော်ဖက်ရှင်နယ်နဲ့ ပုဂ္ဂလိက ကဏ္ဍရဲ့ အစိတ်အပိုင်းတိုင်းမှာ ပါဝင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် သဘာဝဘေးအန္တရာယ်ထိခိုက်မှု လျော့ပါးရေးဟာ ပုံစံအမျိုးမျိုနဲ့ဖြစ်လာနိုင်တဲ့ ဘေးအန္တရာယ်တွေကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းနဲ့ ကြိုတင်ပြင်ဆင်ခြင်း အလေ့အထတစ်ရပ်ရရှိစေပြီး ပြည်သူဗဟိုပြုနဲ့ ကဏ္ဍပေါင်းစုံ ချဉ်းကပ်မှုနည်းလမ်းတွေ လိုအပ်ပါတယ်။ သဘာဝဘေးအန္တရာယ်ထိခိုက်မှု လျော့ပါးရေးမှာ ဖော်ပြပါ မဟာဗျူဟာဒီဇိုင်းတွေ ပါဝင်ပါတယ်-
(က) ထပ်ပြီး ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ ဆောက်လုပ်မှုတွေကို ရှောင်ရှားခြင်း၊
(ခ) ရှိနေဆဲဘေးအန္တရာယ်တွေကို ကိုင်တွယ်ဖြေရှင်းခြင်း၊
(ဂ) သဘာဝဘေးအန္တရာယ်ကြောင့် အခြားဖွံ့ဖြိုးတိုးတက်မှုတွေကို ထိခိုက်စေပြီး ဆင်းရဲမွဲတေမှုနက်ရှိုင်းစေတဲ့ ဆုံးရှုံးမှုတွေကို ကာကွယ်ဖို့အတွက် စိန်ခေါ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေခြင်း။
ကမ္ဘာ့နေရာအနှံ့အပြားမှာ သဘာဝဘေးအန္တရာယ် ထိခိုက်မှုတွေကြောင့် ထိခိုက်မှုတွေ၊ ပျက်စီးမှုတွေနဲ့ ဆုံးရှုံးမှုတွေ ခံစားနေကြရပါတယ်။ ဒီလိုဆုံးရှုံးပျက်စီးမှု တွေရဲ့ အကျိုးဆက်တွေက ဖွံ့ဖြိုးတိုးတက်မှုတွေကို နှောင့်နှေးစေလျက်ရှိပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အသက်တွေနဲ့ ဘဝရပ်တည်မှု တွေကို ကာကွယ်ဖို့အတွက် ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်တဲ့ ထိခိုက်မှု၊ ဆုံးရှုံးမှုတွေကို ကြံ့ကြံ့ခံနိုင်အောင် လုပ်ဆောင်ရေးဟာ မရှိမဖြစ်လိုအပ်ပါတယ်။ ဒါ့အပြင် ဆင်းရဲနွမ်းပါးမှုနဲ့ အငတ်ဘေးအန္တရာယ်တွေ အမြစ်ဖြတ်ဖို့နဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်တွေ အောင်မြင်ဖို့ အတွက်လည်း အရေးကြီးဆုံးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
စိန်ခေါ်မှုများ
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှုတွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ခင်ကတည်းက ကမ္ဘာ တစ်ဝန်းမြင့်တက်နေပါတယ်။ လတ်တလော ငါးနှစ်အတွင်း ဘေးအန္တရာယ်ကြောင့် လူသေဆုံးမှု ဒါမှမဟုတ် ထိခိုက်ခံစားရမှုက ဟိုးအရင် ငါးနှစ်ကထက် ပိုများလာပါတယ်။ ကြီးမားကျယ်ပြန့်တဲ့ သဘာဝဘေးအန္တရာယ်တွေဟာ မကြုံစဖူးနှုန်းနဲ့ မြင့်မားလာ နေပါတယ်။ လူတွေရဲ့ ပြုမူလုပ်ဆောင်တာတွေက ပိုပြီး ကြီးမားတာတွေ ဖန်တီးနေသလို အန္တရာယ်လည်း ပိုများလာပါတယ်။ သဘာဝဘေးအန္တရာယ်တွေက လူ့အဖွဲ့အစည်းတွေနဲ့ ကမ္ဘာ့စနစ်တစ်ခုလုံးအပေါ်ကို ပုံစံအမျိုးမျိုးနဲ့ အကျိုးသက်ရောက်မှုမြင့်မားလာ စေလျက်ရှိပါတယ်။
လူဦးရေပိုမိုတိုးပွားလာပြီး အပြန်အလှန် ချိတ်ဆက်မှုများပြားလာတဲ့ ဒီကနေ့ ကမ္ဘာကြီးမှာ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ရာသီဥတုပြောင်းလဲမှုတွေကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကျိုးဆက်တွေကလည်း နယ်မြေဒေသအသီးသီးနဲ့ ကဏ္ဍအသီးသီးကို ထိခိုက်စေလျက်ရှိ ပါတယ်။ ဒါ့အပြင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်စေနိုင်တဲ့ လုပ်ဆောင်မှုအသစ်တွေက ဘေးအန္တရာယ်လျှော့ချဖို့ လုပ်ဆောင် တာတွေထက် ပိုများနေပါတယ်။
ဆင်းရဲမွဲတေမှုနဲ့ မညီမျှမှုတွေလို စိန်ခေါ်မှုတွေ ကြောင့်ဖြစ်လာတဲ့ ဘေးအန္တရာယ်တွေ၊ စီးပွားရေး ဆုံးရှုံးမှုတွေနဲ့ ရှိရင်းစွဲအားနည်းချက်တွေဟာ ဂေဟစနစ်တွေနဲ့ ဇီဝနယ်ပယ်တွေကို ပိုပြီးပျက်စီးစေမယ့် အခြေအနေဆီ ရောက်စေပါတယ်။ ကမ္ဘာ့စနစ်တွေဟာ အပြန်အလှန်ချိတ်ဆက်မှု ပိုများလာတာကြောင့် မသေချာမရေရာမှုတွေနဲ့အတူ ထိခိုက်နိုင်ခြေလည်း ပိုများလာနေပါတယ်။ ကမ္ဘာ့စနစ်ဆိုတဲ့အထဲမှာဆိုရင် ဂေဟစနစ်တွေ၊ အစားအစာစနစ်တွေ၊ ထောက်ပံ့ရေး ကွင်းဆက်တွေ၊ စီးပွားရေးတွေနဲ့ လူမှုဝန်ဆောင်မှု စနစ်တွေ ပါဝင်ပါတယ်။
လတ်တလော သဘာဝဘေးအန္တရာယ် ကြီးကြီးမားမားအနေနဲ့ ထောက်ပံ့မှုစနစ်ကိုပျက်စီးစေတဲ့ ရာသီဥတုဆိုင်ရာအဖြစ်အပျက်တွေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါတို့ ဖြစ်ပါတယ်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုလိုပဲ ကိုဗစ်-၁၉ ကြောင့်ဖြစ်တဲ့ အကျိုးဆက်တွေကြောင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ ဆင်းရဲမွဲတေမှု၊ ဝင်ငွေစတဲ့ ကဏ္ဍအသီးသီးကို တိုက်ရိုက်ထိခိုက်တာတွေရော သွယ်ဝိုက် ထိခိုက်တာတွေပါ ဒီကနေ့အထိ ခံစားနေကြရတာကို တွေ့နိုင်ပါတယ်။
ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုရင် လူသားတို့ရဲ့ ပယောဂကြောင့် လူသားတို့ရဲ့ ရေရှည်ရှင်သန် ရပ်တည်ရေးကိုပါ ခြိမ်းခြောက်မှုတွေ ခံနေရပါပြီ။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်လာတဲ့ စိန်ခေါ်မှုတွေက တစ်နှစ်ထက်တစ်နှစ် ပိုတိုးလာနေ ပါတယ်။ တဖြည်းဖြည်း မြင့်တက်လာနေတဲ့ ရာသီ ဥတုပြောင်းလဲလာမှုနဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီး စေမှုတွေက လူသားတို့အတွက် သဘာဝဘေး အန္တရာယ်တွေကို ပိုတိုးလာစေပါတယ်။ လူသားတို့က ကြိုးပမ်းနေတဲ့ သဘာဝဘေးအန္တရာယ် လျော့ပါးရေး လုပ်ဆောင်မှုတွေက တိုးမြင့်လာတဲ့ သဘာဝဘေး အန္တရာယ်တွေထက် ပိုနည်းပါးပြီး နောက်ကျနေတယ်လို့ ဆိုနိုင်ပါတယ်။
ကြိုတင်ပြင်ဆင်မှု
အချို့သော သဘာဝဘေးအန္တရာယ်တွေဟာ တားဆီးလို့မရနိုင်ပေမယ့် အဲဒီဘေးအန္တရာယ်ကြောင့် ဖြစ်လာတဲ့ ထိခိုက်ဆုံးရှုံးမှုနဲ့ အကျိုးဆက်တွေကိုတော့ လျော့ပါးအောင်လုပ်လို့ရပါတယ်။ အဲဒါကတော့ ကြိုတင်ပြင်ဆင်ခြင်းနဲ့ ကာကွယ်ခြင်း ဖြစ်ပါတယ်။ အကယ်၍ နိုင်ငံတစ်နိုင်ငံဟာ သဘာဝဘေးအန္တရာယ်ကို လျစ်လျူရှုပြီး ဘေးအန္တရာယ်ဖြစ်စေခဲ့မယ်ဆိုရင် ဒါဟာ နိုင်ငံရဲ့ အနာဂတ်လူမှုရေးနဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတွေကို ထိခိုက်စေပါလိမ့်မယ်။ ဒါပေမယ့် နိုင်ငံတစ်နိုင်ငံဟာ သဘာဝဘေးအန္တရာယ်လျော့ပါးရေးကို ထိထိရောက်ရောက် လုပ်ဆောင်မယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ သဘာဝဘေးအန္တရာယ်ကြောင့် ကြုံတွေ့နိုင်တဲ့ဆုံးရှုံးမှုတွေကို လျှော့ချနိုင်မှာဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ အရင်းမြစ်တွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေကို လျော့ပါးစေဖို့အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ထားဖို့ဟာ အရေးကြီးလုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါတယ်။ ကြိုတင် ပြင်ဆင်ထားဖို့လိုအပ်တဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အချက် တွေထဲမှာဆိုရင်-
(က) ကြိုတင်ကာကွယ်ခြင်း။ ကြုံတွေ့နေရဆဲ ဘေးအန္တရာယ်နဲ့ အခြားဖြစ်လာနိုင်တဲ့ ဘေးအန္တရာယ်တွေကို ရှောင်ရှားနိုင်ဖို့အတွက် လုပ်ဆောင်ရမယ့် အစီအမံတွေ (ကယ်ဆယ်ရေးနဲ့ တုံ့ပြန်ဆောင်ရွက်မှု ထက် ကုန်ကျစရိတ်ပို၍ သက်သာ။)
(ခ) ဘေးအန္တရာယ်လျော့ပါးရေး။ ဘေးအန္တရာယ်တွေနဲ့ အခြားဆက်စပ်တဲ့ အန္တရာယ်တွေရဲ့ ဆိုးကျိုးတွေကို လျှော့ချ ခြင်း ဒါမှမဟုတ် အကန့်အသတ်ဖြစ်စေခြင်း၊
(ဂ) လွှဲပြောင်းခြင်း။ ဥပမာ-အသက်အာမခံ၊
(ဃ) ကြိုတင်ပြင်ဆင်ခြင်း။ ဥပမာ - ကြိုတင်သတိပေးစနစ်တွေ ထူထောင်ခြင်း၊ ကယ်ဆယ်ရေးလမ်းကြောင်းများနှင့် အရေးပေါ်ထောက်ပံ့ရေးများ ပြင်ဆင်ခြင်း၊ အသိပညာပေးခြင်း၊ စွမ်းရည်မြှင့်တင်ခြင်းများ။
သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စီမံခန့်ခွဲမှုတွေကို နိုင်ငံတိုင်း အထူးသဖြင့် သဘာဝ ဘေးအန္တရာယ်ထိခိုက်နိုင်ခြေများတဲ့ နိုင်ငံတွေမှာ မူဝါဒတွေချမှတ်ပြီး ဥပဒေတွေ၊ ဖွဲ့စည်းမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေကို ကြိုတင်ပြင်ဆင် လုပ်ဆောင်ထားကြပါတယ်။ ဒီလိုကြိုတင်ပြင်ဆင်ထားတဲ့အတွက် သဘာဝဘေးအန္တရာယ်တွေ ရင်ဆိုင်ရချိန်မှာဖြစ်လာတဲ့ ထိခိုက်ဆုံးရှုံးမှုတွေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
အားလုံးပူးပေါင်းပါဝင်မှု
၂၀၂၁/၂၀၂၂ ခုနှစ်အတွင်း စံချိန်တင်အပူရှိန် မြင့်တက်ခဲ့ပြီး ရေကြီးခြင်း၊ အလွန်အမင်း မိုးခေါင်ခြင်း၊ တောမီးလောင်ခြင်းနှင့် ငလျင်လှုပ်ခြင်း အပါအဝင် ကမ္ဘာတစ်ဝန်းမှာ ကပ်ဘေးများ ထပ်မံကြုံတွေ့ခဲ့ရပါတယ်။ သဘာဝဘေးအန္တရာယ်တွေ ပိုမိုဖြစ်ပွားလာခြင်းမှာ သဘာဝဘေးအန္တရာယ်ဖြစ်စေတဲ့ အကြောင်းပေါင်းများစွာရှိနေတာကြောင့် ရှုပ်ထွေးပြီး နက်နဲလှပါတယ်။ ဒါ့အပြင် တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားလာနေတဲ့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်ဟာ လူသားအားလုံးနဲ့သက်ဆိုင်တဲ့ အရေးကိစ္စဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုတွေကြောင့် တိုက်ရိုက်ခံစားရတဲ့ ဘေးဒုက္ခတွေအပြင် သွယ်ဝိုက်ပြီးဖြစ်လာတဲ့ အကျိုးဆက်တွေလည်း ရှိနေပါတယ်။
ဒီလို သဘာဝဘေးအန္တရာယ်ဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုတွေကို ကာကွယ်ဖို့အတွက် အားလုံးပါဝင် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ထိရောက်တဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဖြစ်ဖို့အတွက် အားလုံးပါဝင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအပြင် မူဝါဒတွေ၊ စီမံကိန်းတွေနဲ့ လူသားရင်းမြစ်စတဲ့ လိုအပ်ချက်တွေ လက်တွေ့ကျကျပေါင်းစပ်ပြီး ကြိုတင်ပြင်ဆင်နိုင်မှသာ သဘာဝဘေးအန္တရာယ်တွေကို ထိထိရောက်ရောက်ကာကွယ်ပြီး ဆုံးရှုံးမှုတွေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
ကိုးကား-
1။ The International Day for Disaster Risk Reduction (IDDRR) 2022၊ UNDRR
2။ Global Assessment Report on Disaster Risk Reduction 2022: United Nations Office for Disaster Risk Reduction
3။ https://www.unicef.org/uzbekistan/en/stories/international-day-disaster-risk-reduction-2022
4။ Disaster risk reduction & disaster risk management၊ https://www.preventionweb. net/understanding-disaster-risk/key-concepts/disaster-risk-reduction-disaster-risk-management