Skip to main content

မြေအောက်ရေ အလွန်အကျွံသုံးစွဲခြင်းကို လျှော့ချခြင်းဖြင့် ရေအရင်းအမြစ်ဆုံးရှုံးမှုကာကွယ်စို့

မေယု-မျိုးအောင်(MANA)

ဥရောပ၊ အမေရိကနှင့်အာရှဒေသအချို့တွင် ဖြစ်ပေါ်နေသော ပြင်းထန်သည့်မိုးခေါင်မှုသည် ပိုမိုဆိုးရွားလာနေသည်။ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်အလယ်ပိုင်းရှိ ခန်းခြောက်သွားသော မြစ်တစ်ခု၏ အောက်ခြေကြမ်းပြင်ပေါ်တွင် လွန်ခဲ့သောနှစ်ပေါင်း ၁၁၃ သန်းက ဒိုင်နိုဆောတစ်ကောင်၏ ခြေရာများတွေ့ရှိခဲ့ကြသည်။ တရုတ်နိုင်ငံယန်စီမြစ်၏ မြစ်လက်တက်သုံးခုတွင် မိုးခေါင်ရေရှားမှုကြောင့် စီချွမ်းပြည်နယ်ရှိ ယူနက်စကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်သည့် လဲ့ဆန်းဗုဒ္ဓရုပ်ပွားတော်ကြီး၏ အောက်ခြေပိုင်းပေါ်ထွက်လာခဲ့သည် အထိ ရေမျက်နှာပြင်နိမ့်ကျခဲ့သည်။ ဗြိတိန်နိုင်ငံတွင်လည်း မိုးခေါင်မှုကြောင့် သိမ်းစ်မြစ်၏ မြစ်ဖျားဒေသမြစ်ရေခန်းခြောက်မှုဖြစ်ပေါ်နေသည်။

ရေအရင်းအမြစ်များ ဆုံးရှုံးလာခြင်း

ရာသီဥတုပြောင်းလဲမှု၏ နောက်ဆက်တွဲဖြစ်သော မိုးခေါင်မှုမှတစ်ဆင့် ရေအရင်းအမြစ်များ ဆုံးရှုံးလာခြင်းကြောင့်ဖြစ်သည်။ ကမ္ဘာကြီးတွင် လူဦးရေတိုးပွားနေခြင်း၊ လူမှုဘဝဖွံ့ဖြိုးလာသဖြင့် ရေသုံးစွဲမှုပိုမိုများပြားလာခြင်း၊ စီမံခန့်ခွဲမှုအားနည်းသောနိုင်ငံများတွင် ရေပြုန်းတီးမှုများ ပြားလာခြင်း၊ ရေကိုလိုအပ်သည်ထက် ပိုမိုသုံးစွဲခြင်းနှင့် ရာသီဥတုပြောင်းလဲလာခြင်းတို့ကြောင့် ရေအရင်းအမြစ်များ တဖြည်းဖြည်းလျော့ပါး လျက်ရှိသည်။ ကမ္ဘာ့နေရာအနှံ့တွင် ရေရယူရန်အပြိုင်အဆိုင် ကြိုးပမ်းမှုများကြောင့် အုပ်စုအချင်းချင်း၊ နိုင်ငံအချင်းချင်းတင်းမာမှုများ၊ ပဋိပက္ခများလည်း ဖြစ်ပေါ်လျက်ရှိသည်။ ထိုသို့သောစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာ၌ မိမိတို့နိုင်ငံရှိရေအရင်းအမြစ်များအပေါ် စနစ်ကျသည့် စီမံခန့်ခွဲမှုမှာ အရေးကြီးသည့်ကိစ္စဖြစ်သည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများ၏ စုစုပေါင်းရေအရင်းအမြစ် ၁၆ ရာခိုင်နှုန်းအထိပိုင်ဆိုင်ထားပြီး အာရှဒေသ၏ရေအရင်းအမြစ် ၁၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း လူဦးရေတိုးပွားလာမှု၊ မြို့ပြဖွံ့ဖြိုးလာမှုနှင့် သဘာဝပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုများက ရေလိုအပ်ချက်ကို ပိုမိုမြင့်မားလာစေသည်။ ကျေးလက်ဒေသများတွင် စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့လာမှုနှင့် ကျေးရွာအခြေပြုစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာမှုတို့ကလည်း ရေအရင်းအမြစ်များကို တဖြည်းဖြည်းကုန်ခန်းလာစေသည်။ မြို့ပြဒေသများ၌ မြေအောက်ရေကို အတိုင်းအဆမရှိ ထုတ်ယူနေမှုသည် အနာဂတ်အတွက်ကြီးမားသည့် အန္တရာယ်ဖြစ်သည်။ လူဦးရေခုနစ်သန်းနီးပါးနေထိုင်သော ရန်ကုန်မြို့နေပြည်သူအများစုသည် မြေအောက်ရေ သို့မဟုတ် အဝီစိတွင်းရေကိုသာ အသုံးပြုလျက်ရှိသဖြင့် မြေအောက်ရေကို အလွန်အကျွံသုံးစွဲခြင်းသည် ရေရှည်တွင် ရေအရင်းအမြစ်ဆိုင်ရာပြဿနာများ ဖြစ်ပွားစေနိုင်သည်ကို သတိပြုကြရမည်ဖြစ်သည်။

မြေအောက်ရေကို အထိန်းအကွပ်မရှိ တူးဖော်သုံးစွဲမှုသည် မြေနိမ့်ကျခြင်း၊ ပင်လယ်နားနီးသည့်နေရာများ၌ ရေငန်ဝင်ရောက်ခြင်း၊ မြေအောက်ရေမျက်နှာပြင်ကျဆင်းခြင်းနှင့် ဆောက်လုပ်ပြီးသား အဆောက်အအုံများပျက်စီးခြင်း စသည့်ဆိုးကျိုးများခံစားရနိုင်ကြောင်း မြို့ပြစီမံကိန်း ပညာရှင်များက ထောက်ပြထားသည်။ မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်၊ ချင်းတွင်းမြစ်၊ တနင်္သာရီမြစ်၊ လေးမြို့မြစ်၊ ကုလားတန်မြစ်၊ မြစ်မခမြစ်၊ ဘီးလင်းမြစ်အစရှိသည်ဖြင့် မြစ်ပေါင်းများစွာရှိသည်။ ထိုမြစ်များမှာ ရေစီးရေလာ ကောင်းမွန်သောမြစ်များဖြစ်သည်။ ထိုမြစ်များအတွင်းသို့ လက်တက်မြစ်ချောင်းပေါင်း မြောက်မြားစွာစီးဝင်ကြသည်။ တာပန်မြစ်၊ ရွှေလီမြစ်၊ မုန်းချောင်း၊ မန်းချောင်း၊ စလင်းချောင်း၊ သောက်ရေခပ်ချောင်း၊ ကျောက်ကြီးချောင်း၊ ရွှေကျင်ချောင်း၊ ရဲနွယ်ချောင်း၊ ဖြူးချောင်း၊ ခပေါင်းချောင်း၊ ဆွာချောင်း၊ ချောင်းမကြီးချောင်း၊ ကောလိယချောင်း၊ ဗိုင်းဒါးချောင်း၊ ယောချောင်း၊ ပင်းချောင်း၊ ယင်းချောင်း အစရှိသည်ဖြင့် ရေစီးကောင်းသော ချောင်းပေါင်းများစွာရှိသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးကို ကောင်းကင်မှကြည့်လျှင် မြစ်ကြီး၊ မြစ်ငယ်၊ ချောင်းကြီး၊ ချောင်းငယ် အသွယ်သွယ်စီးဆင်းနေပြီး သစ်တောများက လှပစွာနေရာယူထားသည်ကို တွေ့နိုင်သည်။ မြန်မာနိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲ ရေချိုစီးဆင်းနေမှုကို လေ့လာကြည့်လျှင် နှစ်စဉ်ကုဗကီလိုမီတာပေါင်း ၁၁၆၈ (ဂါလန်သန်းပေါင်း ၂၅၄ သန်း)ခန့်အထိ ထုထည်ပမာဏကြီးမားစွာ ပိုင်ဆိုင်နေကြောင်း သိရှိရသည်။ ထိုပိုင်ဆိုင်မှုမှာ တစ်ကမ္ဘာလုံး၏ ၁ ဒသမ ၇ ရာခိုင်နှုန်း ပိုင်ဆိုင်ခြင်းဖြစ်သည်။ မြေပြင်ပေါ်တွင် နှစ်စဉ်စီးဆင်းနေသော ပြန်လည်ပြည့်ဖြိုးမြဲရေသာဖြစ်သည်။ ပြန်လည်ပြည့်ဖြိုးမြဲမြေအောက် ရေသည်လည်း မြန်မာနိုင်ငံတွင် ကုဗကီလိုမီတာ ၄၉၂ (ဂါလန်သန်းပေါင်း ၁၀၈သန်း)ခန့် ရှိသေးကြောင်း သိရှိရသည်။ ရေချိုပေါများသောနိုင်ငံတွင် နေထိုင်ကြရသည်မှာ ဂုဏ်ယူဖွယ်ကောင်းလှသည်။ အချို့နိုင်ငံများတွင် ရေချိုမလုံလောက်၍ ပင်လယ်ရေငန်ကို ပြုပြင်သုံးစွဲနေကြရသည်။ အချို့မှာရေရှားပါးလွန်းသည့်အတွက် စွန့်ပစ်ရေဆိုးကို ပြန်လည်ပြုပြင်သုံးစွဲနေကြရသည်။

ပြန်လည်ပြည့်ဖြိုးမြဲ ရေပိုင်ဆိုင်မှုအဆင့် ကမ္ဘာ့နံပါတ် ၁၄ တွင်ရှိ

မြန်မာနိုင်ငံတွင် ရှေးမြန်မာဘုရင်မင်းများ လက်ထက်မှစ၍ ရေကြီးရေလျှံကာကွယ်ရေး၊ သောက်သုံးရေနှင့်စိုက်ပျိုးရေရရှိရေးတို့အတွက် ဆည်တာတမံများ၊ တူးမြောင်းများတည်ဆောက်ခဲ့ကြသည်။ မြန်မာနိုင်ငံသည် ပြန်လည်ပြည့်ဖြိုးမြဲရေပိုင်ဆိုင်မှုအဆင့် ကမ္ဘာ့နံပါတ် ၁၄ တွင်ရှိနေသော်လည်း မိုးရွာသွန်းမှုများပြားသည့်ဒေသများမှာပင် နွေရာသီရေမရှိသောကျေးရွာ၊ ရေမလုံလောက်သောမြို့၊ စိုက်ပျိုးရေမလုံလောက်၍ စိုက်ပျိုးမှုမရှိသော မြေယာလွတ်များရှိနေသေးသည်။ ရေရှားပါးသော အပူပိုင်းဒေသကျေးရွာများတွင် ရွှေကိုမလို၊ ရေကိုသာလိုသည်ဟူ၍ပင် ပြောစမှတ်ရှိခဲ့သည်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတုပြောင်းလဲလာမှုမှာလည်း စိုးရိမ်ကြောက်လန့်ဖွယ်အနေအထားဖြစ်သည်။ တချို့နိုင်ငံများတွင် ငတ်မွတ်မှုဘေးနှင့်အတူ ရောဂါဘေးတို့ကျရောက်နေကြောင်း ကမ္ဘာ့သတင်းများတွင် မြင်တွေ့ရသည်။ အချို့နိုင်ငံများတွင်မူ ရေကြီးရေလျှံဖြစ်ကာ လူသားတို့၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုကြုံနေကြရသည်။

ရေကိုစနစ်တကျ စီမံခန့်ခွဲသုံးစွဲနိုင်ရန် အခြေအနေများ ဖန်တီးလာပြီဖြစ်သည်။ မြစ်ချောင်းများမှ စဉ်ဆက်မပြတ်စီးဆင်းနေသော ရေများကိုလူသားတို့ ကောင်းကျိုးအတွက် မည်သို့မည်ပုံအသုံးပြုကြမည်။ မိုးရွာသည့်အချိန်ကာလများတွင် အဆိုပါမိုးရေများကို မည်ကဲ့သို့ စုဆောင်းသိမ်းဆည်းမည် စသည်ဖြင့် နည်းလမ်းများရှာကြံရတော့သည်။ လူသားများနှင့်ဇီဝမျိုးစုံမျိုးကွဲအားလုံး အသက်ရှင်ရပ်တည်ရေးအတွက် အရေးအကြီးဆုံးအချက်နှစ်ချက်မှာ ရေနှင့်လေသာဖြစ်သည်။ လေသည်လူသားနှင့် သက်ရှိများရပ်တည်နိုင်ရန် လုံလောက်စွာရှိသည်။ ရေချိုရရှိမှုမှာမူအချို့နေရာများတွင် အလွန်ရှားပါးနေသကဲ့သို့ အချို့နေရာများတွင် အလွန်ပေါများနေသည်။

သန့်ရှင်းသောရေ၏ အကျိုးကျေးဇူးများ

ကမ္ဘာတစ်ဝန်းတွင် ၁၉ဝ၉ ခုနှစ် မတိုင်မီအထိ သန့်စင်ထားသောရေကို မသောက်သုံးနိုင်သေးပေ။ ရေထဲတွင် ကာလဝမ်းရောဂါဖြစ်စေသော ဗက်တီးရီးယားပိုးများ ပါဝင်နေကြောင်းတွေ့ရှိခဲ့ပြီး နောက်ပိုင်းကျမှ သောက်သုံးရေထဲသို့ ကလိုရင်းဓာတ် ထည့်ပေးခြင်းဖြင့်သန့်စင်ပြီးရေကို သုံးစွဲသည့် အလေ့အထထွန်းကားလာခဲ့သည်။ ထိုအချိန်မှစ၍ ပြည်သူ့ကျန်းမာရေးစနစ်အတွင်း သန့်ရှင်းသောရေသုံးစွဲမှုကို သမိုင်းမှတ်တိုင်တစ်ရပ်အဖြစ် စိုက်ထူနိုင်ခဲ့သည်။ သန့်စင်သည့်သောက်သုံးရေများသည် ဗက်တီးရီးယားပမာဏကို နည်းပါးစေခြင်း၊ ပိုမိုကောင်းမွန်သည့် အရသာကိုပေးအပ်ခြင်း၊ ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေသည်။ လူအများသောက်သုံး နေသောရေများတွင် သာမန်မျက်စိဖြင့် မမြင်နိုင်သောရောဂါပိုးများ ပါဝင်နေလေ့ရှိသဖြင့် မသန့်ရှင်းသော သောက်သုံးရေကြောင့် ရောဂါဘယများဖြစ်ပွားနိုင်သည်။ သန့်ရှင်းသောရေနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အရောင်၊ အနံ့နှင့် ကြည်လင်မှု၊ ပိုးမွှားပါဝင်မှု၊ အန္တရာယ်ရှိ ဓာတ်ပစ္စည်းများပါဝင်မှုနှင့် ရေဒီယိုသတ္တိကြွမှု စသည့်အခြေအနေတို့ကို မူတည်သည့်ပုံစံများ သတ်မှတ်ပေးထားသည်။

ကမ္ဘာ့လူဦးရေ၏ ၁၁ ရာခိုင်နှုန်းဖြစ်သော သန်း ၇၉ဝ သည် အဆိုပါစံနှုန်းများနှင့်ညီညွတ်သည့် သောက်သုံးရေများ မရရှိနိုင်သေးပေ။ တစ်နှစ်လျှင် ကလေးငယ် ၁ ဒသမ ၈ သန်းသည် မသန့်ရှင်းသည့် ရေများကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် သေဆုံးနေကြရသည်။ တစ်နှစ်လျှင် လူသန်းပေါင်း ၆၀၀ နီးပါး ရေနှင့်ဆက်နွှယ်သည့် ရောဂါများကို ခံစားနေကြရကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ကျန်းမာရေးဝန်ကြီးဌာနက ၂၀၀၇ ခုနှစ်တွင် ကောက်ယူခဲ့သည့် စာရင်းဇယားများအရ လူဦးရေ၏ ၈၂ ရာခိုင်နှုန်းသာ သန့်ရှင်းသည့်ရေကို သောက်သုံးနေရပြီး ကျန် ၁၈ ရာခိုင်နှုန်းမှာ မသန့်ရှင်းသည့်ရေကိုသာ သောက်သုံးနေရကြောင်းသိရသည်။ နိုင်ငံတစ်ဝန်း၌ သောက်ရေသန့်ထုတ်လုပ်နေသည့် လိုင်စင်ရလုပ်ငန်းပေါင်း အများအပြားရှိသော်လည်းအချို့သောရေသန့်လုပ်ငန်းများသည် ကာလ ကြာရှည်လာသည်နှင့်အမျှ သတ်မှတ်ထားသော ထုတ်လုပ်မှုနည်းစဉ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ အပေါ်ချိုးဖောက်လုပ်ဆောင်မှုများ ရှိနေသည်။ သက်ဆိုင်ရာက စိစစ်နိုင်မှုအားနည်းသဖြင့် သောက်ရေသန့်ဟူသည့် တံဆိပ်ကပ်ထားသော်လည်း တစ်နိုင်တစ်ပိုင် အိမ်တွင်းထုတ် တရားမဝင်သောက်ရေသန့်များကို အလွယ်တကူထုတ်လုပ်လကြသည့် အနေအထားအထိဖြစ်ပေါ်လာသည်။

ဘေးကင်းသော သောက်သုံးရေများ လူတိုင်းသုံးစွဲနိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်း၊ ရေသန့်စက်ရုံများနှင့် ကိုယ်စားလှယ်အရောင်းဆိုင်များကို ရှောင်တခင်စစ်ဆေးခြင်း၊ စည်းကမ်းဖောက်ဖျက်မှုရှိပါက ထိရောက်စွာအရေးယူခြင်းများကို အလေးထားလုပ်ဆောင်သင့်သည်။ မြန်မာစကားတွင် ရေအသက်တစ်မနက်ဟု ဆိုစကားရှိရာလူသည် ရေတစ်မနက်မျှမသောက်ရလျှင် အသက် ရှင်ရန်ခက်ခဲကြောင်း ညွှန်ပြခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်သူတိုင်း ရေကိုချွေတာသုံးစွဲကြရန် လိုအပ်နေပြီဖြစ်သည်။ ချွေတာရန်လိုအပ်သကဲ့သို့ စုဆောင်းရန်လည်း လုပ်ဆောင်ကြရမည်ဖြစ်သည်။ မြစ်ချောင်းများမှ စီးဆင်းနေသောရေကို နိုင်ငံတော်အဆင့်က အကျိုးရှိစွာအသုံးပြုနိုင်ရေး ဆောင်ရွက်နေသကဲ့သို့ မိုးရွာတုန်းအလိုအလျောက်ရရှိသည့်ရေကိုလည်း လူတစ်ဦးချင်းက စုဆောင်းနိုင်ရေး လုပ်ဆောင်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏အချို့နေရာများတွင် ရေအသုံးချသူများအဖွဲ့ (WUG)နှင့် ရေအသုံးချသူများအသင်း (WUA) များ ဖွဲ့စည်းဆောင်ရွက်နေပြီဖြစ်သည်။ ရေအသုံးချသူများ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းအားဖြင့် ရေပေးဝေရေးသာမက မျိုးနှင့်သွင်းအားစုများဝယ်ယူခြင်း၊ ထွက်ကုန်များ ရောင်းချခြင်းစသည့် စိုက်ပျိုးရေးကဏ္ဍများတွင်လည်း တောင်သူအချင်းချင်းရင်းနှီးမှု၊ ရိုင်းပင်းကူညီမှု၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာမည်ဖြစ်သည်။

“ကမ္ဘာ့ရေ ရက်သတ္တပတ်”အဖြစ် သတ်မှတ်

ကမ္ဘာကြီးတွင် ရေအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ရေရှည်တည်တံ့မှုဆိုင်ရာပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် အထောက်အကူဖြစ်စေရန်အတွက်နှစ်စဉ် ဩဂုတ်လ ၂၃ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိကို “ကမ္ဘာ့ရေ ရက်သတ္တပတ်”အဖြစ် သတ်မှတ်ထားသည်။ ကမ္ဘာကြီး၏ ရေအရင်းအမြစ်များကို မီးမောင်းထိုးပြရန်နှင့် ရေလျော့နည်းကျဆင်းမှုကို သတိပြုမိစေရန်အတွက် ယခုနှစ်ဆောင်ပုဒ်တွင် မြေအောက်ရေကို အဓိကဖော်ညွှန်းထားသည်။ မြေအောက်ရေဆိုသည်မှာ မြေမျက်နှာပြင်အောက်မြေလွှာရှိ သဲ၊ ကျောက်စရစ်အတွင်း၌သော်လည်းကောင်း၊ ကျောက်လွှာကြား အတွင်းသော်လည်းကောင်း စိမ့်ဝင်ခိုအောင်းနေသော ရေဖြစ်သည်။ ရေသုံးစွဲမှုကိုချွေတာ၍ အလေအလွင့်ဖြစ်မှုကို ထိန်းသိမ်းရန်လိုအပ်သကဲ့သို့ မြေအောက်ရေစီမံခန့်ခွဲမှုနှင့်စပ်လျဉ်းသော စည်းမျဉ်းစည်းကမ်းများအတိုင်းထိရောက်စွာ အကောင်အထည်ဖော်သင့်သည်။ သို့မှသာအတိုင်း အဆမရှိထုတ်ယူနေသော မြေအောက်ရေသယံဇာတများကို အချိန်မီထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။ ။