Skip to main content

ကြောင်းကျိုးမဆင်ခြင် တစ်ဖက်သတ်အမြင်ဖြင့် ကြိုးဆွဲရာ ကနေသမျှ

ဇာနည်ဘွား

ကြီးမြတ်သော ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ မျှော်မှန်းချက်တို့ဖြင့် ကမ္ဘာ့နိုင်ငံများက ဒုတိယကမ္ဘာစစ်အပြီးတွင် စုပေါင်းဖွဲ့စည်းတည်ထောင်ခဲ့သော ကုလသမဂ္ဂအဖွဲ့ကြီးသည် မျက်မှောက်ကာလတွင် ဂုဏ်သိက္ခာကင်းမဲ့ ယိုင်နဲ့လာခဲ့သည်ဟု ဆိုရမည်။

စစ်အေးခေတ်ကာလတွင် အင်အားကြီးနှစ်နိုင်ငံနှင့် နေတိုး၊ ဝဆောစစ်အုပ်စုတို့၏ အားပြိုင်မှုများကြားတွင် ကုလသမဂ္ဂသည် ကမ္ဘာ့တင်းမာမှု လျော့ပါးရေးအတွက် ဟန်ချက်ညီညီ ထိန်းကျောင်းလုပ်ဆောင် ပေးနိုင်ခဲ့သော်လည်း ဆိုဗီယက်ပြည်ထောင်စုနှင့် ဝါဆောစစ်အုပ်စုပြိုကွဲပြီးနောက်တွင်မူ အမေရိကန်နှင့် အနောက်အုပ်စုတို့၏ အလိုကျ ကြိုးဆွဲရာ ကနေရသည့် အခြေအနေသို့ ဆိုက်ရောက်သွားခဲ့သည်။

တစ်ဖက်သတ်အမြင်ဖြင့် စွပ်စွဲပြစ်တင်မှုများ

၂၀၀၃ ခုနှစ် အီရတ်စစ်ပွဲကာလတွင် လန်ဒန်ထုတ် ဂါဒီးယန်းသတင်းစာကြီးက “ကုလသမဂ္ဂဟာမအောင်မြင်တဲ့ အမေရိကန်စွန့်စားခန်းတွေအတွက် အမှိုက်ပုံကြီးတစ်ခုအဖြစ် အသုံးချတာမခံသင့်ဘူး” ဟု သတိပေးဝေဖန်ခဲ့သည့်အတိုင်း လက်ရှိကမ္ဘာ့ တင်းမာမှုများ၏ ဗဟိုချက်ဖြစ်သော ထိုင်ဝမ်အရေး၊ ယူကရိန်းအရေးကိစ္စများတွင် အမေရိကန်၏မလိုအပ်သော စွန့်စားခန်းများအတွက် အမှိုက်ပုံကြီးသဖွယ် အသုံးချခံနေရသည်။

ကုလသမဂ္ဂအဖွဲ့ကြီးနည်းတူ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများသည်လည်း အမေရိကန်နှင့် အနောက်အုပ်စုအပါအဝင် ရန်ပုံငွေ ပုံအောထောက်ပံ့ရာ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် နိုင်ငံများ၏အလိုကျ နိုင်ငံရေးအရောင်အသွေးများ ဖုံးလွှမ်းကာ အမြင်မတူသည့် နိုင်ငံများအပေါ် ခွဲခြားဆက်ဆံလာသည်။ ပစ်မှတ်ထားလာသည်။ လက်ရှိပကတိမြေပြင် အခြေအနေများအပေါ် ကြောင်းကျိုးမဆင်ခြင်ဘဲ တစ်ဖက်သတ်အမြင်ဖြင့် စွပ်စွဲပြစ်တင်မှုများ လုပ်ဆောင်လာခဲ့သည်။

လုပ်ပိုင်ခွင့်ကို တလွဲသုံး

လက်ရှိ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင်လည်း မြန်မာနိုင်ငံနှင့်ပတ်သက်၍ အထူးအစီရင်ခံစာ တင်သွင်းသူသည် ၎င်းကိုယ်တိုင်ကိုယ်ကျ သိရှိခြင်းမရှိဘဲ ခိုင်လုံမှုမရှိသည့် ဆန့်ကျင်ဘက် အရင်းအမြစ်များကို အလွယ်တကူရည်ညွှန်းပြီး လုပ်ပိုင်ခွင့်ကို တလွဲသုံးလျက် မြန်မာအစိုးရသည် နိုင်ငံတကာပြစ်မှုများ ကျူးလွန်ကြောင်းကို အကြိမ်ကြိမ်စွပ်စွဲမှုများ ပြုလုပ်လျက်ရှိသည်။ NUG နှင့် PDF အကြမ်းဖက်များ၏ အကြမ်းဖက်မှုများကို ဖုံးကွယ်ခြင်းဖြင့် နိုင်ငံတကာကို လိမ်လည်လှည့်ဖြားလျက်ရှိသည်။

ထို့အတူ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ အစီရင်ခံစာတွင်လည်း မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဘက်ပေါင်းစုံမှဝင်ရောက် စွက်ဖက်ရန်အတွက် လှုံ့ဆော်ထားပြီး မြန်မာနိုင်ငံသားတို့၏ ဖွံ့ဖြိုးတိုးတက်ပိုင်ခွင့်ကို တားဆီးပိတ်ပင် ရန်ရည်ရွယ်၍ နိုင်ငံပိုင်လုပ်ငန်းများအပေါ် စီးပွားရေးအရ ပိတ်ဆို့မှုများဆောင်ရွက်ရန် တောင်းဆိုထားသည်။

အလားတူ လူ့အခွင့်အရေးဆိုင်ရာ ခေတ္တမဟာ မင်းကြီးသည် မြန်မာအစိုးရအပေါ် တစ်ဖက်သတ် စွပ်စွဲချက်များဖြင့် ချဲ့ကားပြောကြားခဲ့သော်လည်း အပြန်အလှန်ဆွေးနွေးပွဲများတွင် သက်ဆိုင်ရာ မြန်မာနိုင်ငံ၏ ပါဝင်တက်ရောက်ခွင့်၊ ခုခံချေပခွင့်ကို ရည်ရွယ်ချက်ရှိရှိဖြင့် ချန်လှပ်ခဲ့သည်။ ထို့ပြင် ရခိုင်ပြည်နယ်တွင် ကုလသမဂ္ဂအဖွဲ့အစည်း ၁၅ ခု နှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်း ရုံး ၂၆ ခု လည်ပတ်လျက်ရှိသော်လည်း လူသားချင်းစာနာမှု အကူအညီများပေးအပ်ခွင့် ငြင်းပယ်ခံရကြောင်း ယုတ္တိမတန်သော စွပ်စွဲချက်ဖြင့် စွပ်စွဲခဲ့ပြန်သည်။

ပြတ်သားစွာ ကန့်ကွက်ပယ်ချ

ထို့ကြောင့် လူ့အခွင့်အရေးကောင်စီ၏ (၅၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တင်သွင်းခဲ့သော မြန်မာနိုင်ငံနှင့် စပ်လျဉ်းသည့် ချို့ယွင်းချက်များဖြင့် အစီရင်ခံစာများ၊ တင်ပြချက်များနှင့် နိုင်ငံအချို့၏ စွက်ဖက်ပြောကြားချက်များကို မြန်မာနိုင်ငံက ရှုတ်ချပြီး ပြတ်သားစွာ ကန့်ကွက်ပယ်ချကြောင်းကို မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် အောက်တိုဘာ ၄ ရက် နေ့စွဲဖြင့် အကျယ်တဝင့် သတင်းထုတ်ပြန် ဖော်ပြခဲ့ပါသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာများ၊ တင်ပြချက်များသည် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံငယ်များအတွက် စိတ်ပျက်ဝမ်းနည်း ဖွယ်ရာပင်။ သို့ရာတွင် မြန်မာနိုင်ငံသည် သံတမန်ကျင့်ဝတ်ကို အလေးထား လေးစားလိုက်နာသည့် နိုင်ငံတစ်နိုင်ငံပီပီ ကန့်ကွက်ပယ်ချမှုကို ဒီပလိုမေစီ ဆန်ဆန် ထုတ်ပြန်ခဲ့ပါသည်။

အစီရင်ခံစာကို ဆုတ်ဖြဲ

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၉ ရက်က ကျင်းပခဲ့သော ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ နှစ်ပတ်လည်အထူးအစည်းအဝေးတွင်မူ ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကြီး ဂျီလတ်အာဒန်က အစ္စရေးနိုင်ငံအပေါ် ပြစ်တင်ရှုတ်ချမှုသည် မျှတမှုမရှိကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီကို ပြစ်တင်ဝေဖန်ပြောဆိုလိုက်ပြီးနောက် ကုလသမဂ္ဂ နှစ်ပတ်လည်အစီရင်ခံစာကို ဆွဲဖြဲခဲ့သည်။ အဆိုပါအစီရင်ခံစာကို အစိတ်စိတ်အမြွှာမြွှာ မဆုတ်ဖြဲမီယင်းအစီရင်ခံစာကို ဂျူးဆန့်ကျင်ရေးဝါဒ အမှိုက်ပုံးထဲတွင် ပစ်ချထားရမည်ဖြစ်ကြောင်း ပြောဆိုပြီးနောက် အစီရင်ခံစာကိုဆုတ်ဖြဲကာ အစည်းအဝေးခန်းမထဲမှ ထွက်ခွာသွားခဲ့သည်။

ထို့ပြင် အစ္စရေးသံအမတ်ကြီးသည် အထူးအစည်းအဝေး၌ မိန့်ခွန်းပြောကြားရာတွင် “သည်းသည်းလှုပ် အစ္စရေးဆန့်ကျင်ရေး ဘက်လိုက်မှု” ဟု ဆိုကာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို ပြင်းထန်စွာ ပြစ်တင်ဝေဖန်ခဲ့သည်။

“လွန်ခဲ့တဲ့ ၁၅ နှစ် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ စတင်တည်ထောင်ခဲ့တဲ့ အချိန်ကစပြီး အစ္စရေးကို အီရန်တို့၊ ဆီးရီးယားတို့ထက်ပိုပြီး ပြစ်တင်ရှုတ်ချခဲ့တယ်။ အီရန်ကို ၁၀ ကြိမ်၊ ဆီးရီးယားကို ၃၅ ကြိမ်ပဲ ပြစ်တင်ဝေဖန်ခဲ့တယ်။ လူ့အခွင့်အရေးကောင်စီဟာ အစ္စရေးကို ဆုံးဖြတ်ချက်ပေါင်း ၉၅ ကြိမ် ချမှတ်ပြီး ပြစ်တင်ဝေဖန်တိုက်ခိုက်ခဲ့တယ်။ တခြားနိုင်ငံတွေကို ပြစ်တင်ဝေဖန်ခဲ့တဲ့ အကြိမ်ပေါင်း စုစုပေါင်း ၁၄၂ ကြိမ်ပဲရှိတာနဲ့ နှိုင်းယှဉ်ကြည့်ပေါ့” ဟုလည်း သံအမတ်ကြီးက ထောက်ပြပြောဆိုခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် မြန်မာ၊ အာဖဂန်နစ္စတန်နှင့် အစ္စရေး- ပါလက်စတိုင်း ပဋိပက္ခများနှင့်ပတ်သက်၍ အထူးအစည်းအဝေး သုံးကြိမ်ကျင်းပသွားမည်ဟုဆိုခဲ့ရာ အစ္စရေးနိုင်ငံက ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီသည် အစ္စရေးဆန့်ကျင်ရေး ဘက်လိုက်မှု များကို စွဲကိုင်ကျင့်သုံးနေကြောင်း စွပ်စွဲပြောဆိုခဲ့ပြီး စုံစမ်းစစ်ဆေးမှုများတွင် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆိုခဲ့သည်။

ယူကရိန်းအရေး အထူးအစည်းအဝေး

မကြာသေးမီက ကုလသမဂ္ဂ၏ ယူကရိန်းအရေးနှင့် ပတ်သက်သည့် အရေးပေါ် အထူးအစည်းအဝေးတွင် ထောက်ခံမဲ ၉၃ မဲ၊ ကန့်ကွက်မဲ ၂၄ မဲ၊ ကြားနေ မဲ ၅၈ မဲဖြင့် ဆုံးဖြတ်ချက်ကို အတည်ပြုကာရုရှားကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းခဲ့မှုနှင့် ပတ်သက်၍လည်း နိုင်ငံအချို့က မေးခွန်းထုတ်ခဲ့ကြသည်။

အဆိုပါဆုံးဖြတ်ချက်သည် အမေရိကန်က မိမိဘာသာစီစဉ်၍ မိမိဘာသာ ဇာတ်ကသည့် ရုပ်သေးပြဇာတ်ပင်ဖြစ်သည်ဟုလည်း ဆိုကြသည်။ ကျူးဘားနိုင်ငံကမူ အမေရိကန်အား မည်သည့် အချိန်မှ အမည်ပယ်ဖျက်နိုင်မည်နည်းဟု မေးခွန်းထုတ်ခဲ့သည်။ လုံးဝမစုံစမ်းရသေးသော တစ်ဖက်သတ်ထောက်ပံ့သည့် သက်သေပင်လျှင်ရုရှားအား လူ့အခွင့်အရေးကောင်စီမှ ဖယ်ရှားနိုင်သည်ဆိုပါက စစ်ပွဲပြစ်မှုများစွာ ကျူးလွန်ခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှု သက်သေပေါင်းများစွာရှိခဲ့သည့် အမေရိကန်ကအဘယ်ကြောင့် ဖယ်ရှားခြင်း မခံရသေးသနည်းဟူသည့် သဘောမျိုးသက်ရောက်သည့်မေးခွန်းကို ကျူးဘားက မေးခဲ့ခြင်းဖြစ်သည်။

ထပ်ဆင့် မေးခွန်းထုတ်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ CIR သတင်းမီဒီယာကလည်း ကျူးဘား၏ အဆိုပါမေးခွန်းနှင့်ဆက်စပ်၍ အမေရိကန်က အယ်လ်ကေးဒါးအဖွဲ့အား ဖယ်ရှားရေးကို အကြောင်းပြု၍ ၂၀၀၁ ခုနှစ်တွင် အာဖဂန် နစ္စတန်အား ကျူးကျော်ခဲ့ပြီး အာဖဂန်အတွက် နှစ်ပေါင်း ၂၀ ကြာ မပြတ်သည့်စစ်မီးများနှင့် စစ်ပွဲပြီး ဆုံးပြီးနောက် ဘေးဒုက္ခများကိုသာ သယ်ဆောင်လာပေးခဲ့သည်။ ယင်းအတွက် ဒဏ်ခတ်ခံရမှုနှင့် ပြစ်ဒဏ်ပေးခံရမှု ခံစားရပါသလား။ ၂၀၀၃ ခုနှစ်တွင် အမေရိကန်က အီရတ်အား ကျူးကျော်ရာတွင် ယခုရုရှားကဲ့သို့ ပြစ်တင်မှုအများအပြား ခံခဲ့ရပါသလား။ ၂၀၁၁ ခုနှစ်တွင် အမေရိကန်က လစ်ဗျားအား ကျူးကျော် တိုက်ခိုက်ရာတွင်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မဲခွဲခွင့်ပြုချက်ရယူခြင်း မရှိခဲ့သည့်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ထုတ်ပယ်ခြင်း ခံခဲ့ရသလော။ အမေရိကန်၏ ပြည်တွင်းလူ့အခွင့်အရေး အခြေအနေအရလည်း လူနည်းစုလူမျိုးစုများ အထူးသဖြင့် အာရှနွယ်ဖွားများအား လူတန်းစားခွဲခြားတိုက်ခိုက်မှု၊ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသူအရေအတွက် စံချိန်တင်မြင့်မားလာခဲ့မှုနှင့် လူ့အခွင့်အရေးကို အကြောင်းပြု၍ စီးပွားရေးပိတ်ဆို့ အရေးယူခံရသည့် နိုင်ငံများအပေါ် လူ့အခွင့်အရေး ဖိနှိပ်မှုများကြောင့် အမေရိကန်ကပိုပြီး အပြစ်ပေးခြင်းမခံသင့်ဘူးလားဟု ထပ်ဆင့် မေးခွန်းထုတ် ရေးသားခဲ့သည်။

သက်ဆိုင်ရာ စာရင်းကောက်ယူမှု စစ်တမ်းများအရ အမေရိကန်သည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ် အထိ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၄၀ ခန့်အား စီးပွားရေးပိတ်ဆို့အရေးယူမှုကို လုပ်ဆောင်ခဲ့ရာ ကမ္ဘာ့လူဦးရေ ထက်ဝက်ခန့်ကို ထိခိုက်စေပြီး ပြင်းထန်သော လူသားချင်းစာနာထောက်ထားမှု ဒုက္ခများကို ဖြစ်စေခဲ့ကြောင်း သိရသည်။

အမေရိကန်က စတင်သည့်စစ်ပွဲများ

ထို့ပြင် ဒုတိယကမ္ဘာစစ်ပြီးနောက် အမေရိကန်က စစ်ပွဲများစွာစတင်ခဲ့သဖြင့် ပြည်သူအများအပြား သေကျေခဲ့ရပြီး ဒုက္ခသည်ပေါင်း သန်းဆယ်ချီ တိုးတက်များပြားလာစေခဲ့သည်။ ကိုရီးယားစစ်ပွဲတွင် လူဦးရေသုံးသန်းခန့် ဒုက္ခသည် ဖြစ်ခဲ့ရသည်။ ဗီယက်နမ်စစ်ပွဲ၌ ပြည်သူပေါင်း သုံးသန်းကျော် နိုင်ငံအတွင်းမှ ထွက်ပြေးခဲ့ရသည်။ ကိုဆိုဗိုစစ်ပွဲတွင် လူဦးရေတစ်သန်းခန့် အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး လူဦးရေနှစ်သန်းကျော်မှာ လူနေမှုဘဝ အရင်းအမြစ် များ ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

Brown University Watson Institute for International and Public Affairs က “9/11 နောက်ပိုင်းတွင် အမေရိကန်က စတင်သည့်စစ်ပွဲ ကြောင့် အနည်းဆုံးပြည်သူ ၃၈ သန်း အိုးအိမ်မဲ့ခဲ့ရကြောင်း၊ ယင်းသည် အနည်းဆုံးခန့်မှန်းတွက်ချက် မှုသာဖြစ်ပြီး လက်တွေ့လူဦးရေသည် ၄၉ သန်းမှ သန်း ၆၀ အကြား ရှိနိုင်ကြောင်း ဆိုသည်။

နှစ်ပေါင်း ၂၀ ကြာသည့် အာဖဂန်နစ္စတန် စစ်ပွဲတစ်ခုတည်းမှာပင် အာဖဂန်ပြည်သူ ၁၁ သန်း ခန့် ဒုက္ခသည်ဖြစ်ခဲ့ပြီး ၃ ဒသမ ၅ သန်းမှာ အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။ လူဦးရေ ၂၃ သန်း နီးပါးသည် အလွန် အမင်း ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်နေရပြီး ၎င်းတို့အနက် ၃ ဒသမ ၂ သန်းမှာ ငါးနှစ်အောက်ကလေးငယ်များ ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ၂၀၂၂ ခုနှစ် အစီရင်ခံစာအရ ဆီးရီးယားစစ်ပွဲကြောင့် ပေါ်ထွက်လာသည့် ဒုက္ခသည်လူဦးရေသည် ခြောက်နှစ်ဆက်တိုက် ခြောက်သိန်းတစ်သောင်းကျော်ပြီဟု ဆိုသည်။

လူ့အခွင့်အရေးကို နိုင်ငံရေးလက်နက်အဖြစ် အသုံးပြု

ကိန်းဂဏန်း အချက်အလက်သက်သေများက မည်သို့ဆိုစေ မျက်မှောက်ကာလတိုင် အမေရိကန်သည် ဒီမိုကရေစီနှင့်လူ့အခွင့်အရေး၏ ဦးဆောင် နိုင်ငံကြီးအဖြစ် ပုံဖော်ဖန်တီး၍ မိမိတစ်နိုင်ငံတည်း ကဖြစ်စေ၊ ကုလသမဂ္ဂအဖွဲ့အစည်းအရိပ်အောက်မှဖြစ်စေ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို နိုင်ငံရေး လက်နက်အဖြစ် အသုံးပြု၍ မိမိမလိုလားသည့် နိုင်ငံအချို့အား ဖိအားပေးလုပ်ဆောင်လျက်ရှိသည်။

ရုရှားအား ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းမှုဖြစ်စဉ်တွင် နိုင်ငံငယ်အများစုသည် အမေရိကန်၏ ဖိအားပေးမှု အောက်တွင် ထောက်ခံမဲ ထည့်ခဲ့ကြရပြီး စိတ်ရင်း အမှန်အားဖြင့် အမေရိကန်အား သဘောတူခြင်းမဟုတ်။ ဥပမာအားဖြင့် ဆာဗီးယားနိုင်ငံသည် အမေရိကန်အတိုင်း မလိုက်နာပါက ဆာဗီးယားနိုင်ငံ၏ စွမ်းအင်အရင်းအမြစ်များ ဖြတ်တောက်ခံရမည် ဟု ခြိမ်းခြောက်ခြင်းခံရသည်ဟု တရုတ် CRI သတင်းဌာနက ဆိုသည်။

ထို့ပြင် အမေရိကန်က လူ့အခွင့်အရေး ကောင်စီအား ထိန်းချုပ်၍ ရုရှားကိုလူ့အခွင့်အရေး ကောင်စီအဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းမှုမဲခွဲသည့် လုပ်ရပ်သည် ပဋိပက္ခကို ပိုမိုဆိုးရွားလာစေ၍ ငြိမ်းချမ်းရေးဆွေးနွေးမှုအား အကျိုးမပြုသည့်အပြင် အန္တရာယ်အသစ်များလည်း ဖန်တီးပြီး အတိုက်အခံဖြစ်မှုအား တစ်ဆင့်တိုး ဆိုးရွားလာစေကာ ကုလသမဂ္ဂ အုပ်ချုပ်မှုစနစ်အတွက် ပိုမိုကြီးမားသည့် ထိုးနှက်မှုသာဖြစ်လာစေမည်ဖြစ်ကြောင်း သုံးသပ် ရေးသားဖော်ပြခဲ့သည်။

သို့ဆိုလျှင် ကုလသမဂ္ဂနှင့် လူ့အခွင့်အရေး ကောင်စီတို့သည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို နိုင်ငံရေးလက်နက်သဖွယ်အသုံးပြု၍ နိုင်ငံကြီးများ အလိုကျ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအချို့အပေါ် ကြောင်းကျိုးမဆင်ခြင် တစ်ဖက်သတ်အမြင်ဖြင့် ကြိုးဆွဲရာကနေသမျှ အဆိုပါနိုင်ငံများနှင့် ကမ္ဘာ့မိသားစုအသိုက်အဝန်းကြားတွင် ယုံကြည်မှုများ ပျက်ပြားကာ အစဉ်အလာကြီးမားခဲ့သော ကုလသမဂ္ဂ၏ ဂုဏ်သိက္ခာနှင့် အခန်းကဏ္ဍ၊ စံနှုန်း တန်ဖိုးများကိုလည်း လျော့ပါးကျဆင်းစေမည် ဖြစ်သည်။ ။