Skip to main content

ပတ်ဝန်းကျင်ကောင်းတစ်ခုကို ကိုယ်တိုင်တည်ဆောက်ရယူပါ

မင်းသိန်းထက်(ဇလပ်မြေ)

လူဟူ၍ဖြစ်လာပါက ပတ်ဝန်းကျင်နှင့်ကင်းကွာပြီး နေထိုင်ချင်၍မရပေ။ လူသားအားလုံးသည် လူ့ပတ်ဝန်းကျင်ထဲတွင် မွေးဖွားလာရပြီး လူ့ပတ်ဝန်းကျင်ထဲတွင် ကြီးပြင်းကြရသည်မှာ သဘာဝပင်ဖြစ်သည်။ ထို့ကြောင့် ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုနှင့်ပုံသွင်းမှုတို့ကို အနည်းနှင့်အများဆိုသလိုခံကြရပါသည်။ အထူးသဖြင့်လန်းဆန်းပြီး ငယ်ရွယ်နုပျိုသောလူငယ်တို့သည် ပတ်ဝန်းကျင်အပေါ်တွင် စိတ်ဝင်တစားနှင့် စူးစမ်းလေ့လာကြသည်မှာလည်း သဘာဝပင်ဖြစ်သည်။

လက်တွေ့အသုံးချတတ်ရန်လို

ယနေ့ခေတ်တွင် လူနေမှုအဆင့်အတန်း မြင့်မားလာသည်နှင့်အမျှ ပတ်ဝန်းကျင်နှင့်အဖွဲ့အစည်းများလည်း တိုးပွားလာကြသည်။ ထို့ကြောင့် အပေါင်းအသင်းများ၊ မိတ်ဆွေများနှင့် လူမှုဆက်ဆံရေးကဏ္ဍတို့တွင် ပိုမိုကျယ်ပြန့်လာပေသည်။ လူမှုဘဝတွင်ရပ်တည်ရှင်သန်ရေးနှင့် အောင်မြင်ရေးတို့အတွက် မိတ်ဆွေများ၊ အပေါင်းအသင်းများ၏ ဆက်ဆံရေးကဏ္ဍသည် အလွန်အရေးကြီးလှပေသည်။ ထို့ကြောင့် လူမှုဆက်ဆံရေးနယ်ပယ်တွင် အပေါင်းအသင်းမိတ်ဆွေများနှင့် မည်သို့ပေါင်းသင်းဆက်ဆံကြရမည်ကို လူသားများအနေဖြင့် သိရှိနားလည်ပြီး လက်တွေ့အသုံးချတတ်ရန် လိုအပ်ပါသည်။

မြန်မာမှုနယ်ပယ်တွင် မိတ်ဆွေများကို ရွေးချယ်ပေါင်းသင်းကြရာတွင် နိမ့်ကျသူများနှင့်လည်းမိတ်ဆွေဖွဲ့ပြီး ပေါင်းသင်းတတ်ရမည်ဟု မှတ်သားရပါသည်။ ထိုနေရာတွင် နိမ့်ကျသူများဆိုသည်မှာ လူမိုက်များကို ရည်ရွယ်ခြင်းမဟုတ်ပေ။ ဘဝပေးအခြေအနေအရ အသိပညာ၊ အတတ်ပညာများကို သင်ယူခွင့်မရကြသူများနှင့် လူမှုရေး၊ စီးပွားရေးတို့တွင် မိမိတို့လောက်အဆင်မပြေကြသူများကို ရည်ရွယ်ခြင်းဖြစ်ပေသည်။ ထိုသို့နိမ့်ကျသူများနှင့် အပေါင်းအသင်း၊ မိတ်ဆွေဖွဲ့ရာတွင် သူတို့အပေါ်တွင် ဖိနှိပ်လိုခြင်းကြောင့်မဖြစ်စေရန် သတိပြုလိုက်နာရပါမည်။ သူတို့အပေါ်တွင် ကြင်နာသနားတတ်ရန်နှင့် မေတ္တာစိတ်ဖြင့် လမ်းညွှန်ပြသနိုင်ရေးတို့အတွက် အပေါင်းအသင်း၊ မိတ်ဆွေဖွဲ့သင့်ပါသည်။

သုံးသပ်ပြုပြင်ကြ

ထို့ပြင် မိမိထက်ကြီးမြင့်သူများနှင့်လည်း အပေါင်းအသင်း၊ မိတ်ဆွေများဖွဲ့ကြရမည်ဖြစ်သည်။ မိမိထက်အစစအရာရာသာလွန်ပြီး အောင်မြင်နေကြသူများ၊ ကြီးမြင့်သူများနှင့် မိတ်ဆွေဖွဲ့ရာတွင် မနာလိုဖြစ်ရန်မဟုတ်ပေ။ အတုယူပြီး ကြိုးစားအားထုတ်နိုင်ကြရန်သာဖြစ်သည်။ သူတို့ဆီမှ လေးစားအတုယူစရာ ကောင်းမွန်သောအချက်များကို စံနမူနာထားရင်းဖြင့် မိမိတို့၏ လိုအပ်ချက်၊ အားနည်း ချက်များကိုသုံးသပ်ပြုပြင်ကြရပါမည်။ သို့မှသာ မိမိထက်အောင်မြင်ကြသူများနှင့် အပေါင်းအသင်း၊ မိတ်ဆွေဖွဲ့ရင်းဖြင့် မိမိတို့၏အောင်မြင်မှုလမ်းကြောင်းပေါ်သို့ မယိမ်းမယိုင်လျှောက်လှမ်းနိုင်ကြမည်ဖြစ်သည်။

ထို့ပြင် မိမိနှင့်အသိပညာ၊ အတတ်ပညာတူညီသော(သို့မဟုတ်)လုပ်ငန်း ရည်ရွယ်ချက်တူညီသော တန်းတူအချင်းချင်းနှင့်လည်း အပေါင်းအသင်း၊ မိတ်ဆွေဖွဲ့ကြရပေမည်။ အောင်မြင်မှုလမ်းကြောင်းပေါ်သို့ အတူတူလျှောက်လှမ်းနေကြသော တန်းတူလူသားအချင်းချင်း ငြင်းခုံနေကြဖို့၊ တိုက်ခိုက်နေကြဖို့ မဟုတ်ပေ။ ကြုံတွေ့လာသော အခက်အခဲ၊ ပြဿနာများကို အတူတူပူးပေါင်း၍ ဖြေရှင်းနိုင်ရန်ဖြစ်ပေသည်။ အောင်မြင်မှုရရှိစေရန် ကြိုးစားနေကြဆဲဖြစ်သောကြောင့် မိမိတို့၏လိုအပ်ချက်များ၊ အားနည်းချက်များကို အချင်းချင်း ဆွေးနွေးတိုင်ပင်အဖြေရှာကြရင်း အတူတူလျှောက်လှမ်းကြရပေမည်။ တစ်ဦးကိုတစ်ဦး ကူညီစောင့်ရှောက်ကြခြင်းဖြင့်ရရှိလိုသော အောင်မြင်မှုများကို ရှာဖွေတွေ့ရှိနိုင်ကြပေမည်။ အပေါင်းအသင်း၊ မိတ်ဆွေဖွဲ့ခြင်းနှင့်ပတ်သက်၍ စိတ်သဘောထားများကို ဤသို့ထားရှိသင့်ကြောင်း ပညာရှိများက လမ်းညွှန်ထားပါသည်။

ပတ်ဝန်းကျင်ကောင်းနှင့် ပတ်ဝန်းကျင်ဆိုး

သို့ရာတွင် လူငယ်များအနေဖြင့် ပတ်ဝန်းကျင်ကောင်းနှင့် ပတ်ဝန်းကျင်ဆိုးတို့ကိုခွဲခြားတတ်ရန် အရေးကြီးလှပေသည်။ ကျောင်းသင်ခန်းစာများတွင် သင်ယူခဲ့ဖူးသော “ကျေးညီနောင်” ပုံပြင်ကို မှတ်မိကြ ပေလိမ့်မည်။ မုန်တိုင်းဒဏ်ကြောင့် ကျေးညီနောင်တို့ အဖော်ကွဲသွားကြပြီး တစ်ကောင်ကို ခိုးသား၊ ဓားပြများက ကောက်ယူမွေးစားထားသည်။ ကျန်သောတစ်ကောင်ကိုမူ ဆရာရသေ့ကကောက်ယူမွေးစား ထားလေသည်။ ခိုးသား၊ ဓားပြတို့မွေးစားထားသောကျေးသည် ကြမ်းတမ်းရိုင်းစိုင်းပြီးဆရာရသေ့ မွေးစားထားသော ကျေးသည်ယဉ်ကျေးလိမ္မာရှိသည်ကို လူငယ်တို့အနေဖြင့် သိရှိခဲ့ပြီးဖြစ်သည်။ ထို့အတူ လူငယ်များ၏ ပတ်ဝန်းကျင်တွင်လည်းကောင်းသော ပတ်ဝန်းကျင်နှင့်ဆိုးသော ပတ်ဝန်းကျင်တို့က ဒွန်တွဲရှိနေပါသည်။

ထို့ကြောင့် လူငယ်တို့အနေဖြင့် အရွယ်ရောက်လာသောအခါ အောင်မြင်မှုများရရှိပြီး လူသားအကျိုးပြုသော မောင်မယ်များဖြစ်လာကြစေရန် ပတ်ဝန်းကျင်ကောင်းလိုအပ်ပါသည်။ ဘဝအောင်မြင်ရေး နိယာမများအရ အံ့ဩစရာကောင်းသည်မှာ ပတ်ဝန်းကျင်ကောင်းတစ်ခုကို အထူးရှာဖွေနေစရာမလိုပေ။ ပတ်ဝန်းကျင်ကောင်းတစ်ခုကို မိမိတို့ကိုယ်တိုင် ဖန်တီးပြီးရယူနိုင်ပေသည်။

ဖန်တီးရယူ

ပတ်ဝန်းကျင်ကောင်းကို ဖန်တီးခြင်းဆိုရာ၌ အဓိကအနေဖြင့် အောင်မြင်ကြသူများနှင့်မိတ်ဆွေ၊ သူငယ်ချင်းဖွဲ့ပြီး ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးရယူကြရန်ပင်ဖြစ်သည်။ အောင်မြင်ကြသူများအကြောင်း ရေးသားထားသော အတ္ထုပ္ပတ္တိစာအုပ်များ၊ သူတို့၏ ဟောပြောချက်များနှင့် အကြံပြုချက်များကို ဖတ်ရှုခြင်း၊ အင်တာနက်မှ ရှာဖွေလေ့လာခြင်းတို့ဖြင့် သူတို့၏ မိတ်ဆွေ၊ သူငယ်ချင်းများအဖြစ် ခံယူနိုင်ပေသည်။

အောင်မြင်ကြသူများ၏ ဟောပြောချက်များ၊ အကြံပြုချက်များကို လူငယ်တို့၏လက်တွေ့ဘဝနှင့် ပေါင်းစပ်ပြီး ကြုံတွေ့လာနိုင်သော ဘဝအခက်အခဲများကို ရင်ဆိုင်ရာ၌ နည်းလမ်းကောင်းများကို ရရှိနိုင်ပါသည်။ ထို့ကြောင့် လူငယ်များနှင့် မိတ်ဆွေ၊ သူငယ်ချင်းဖြစ်သင့်သော အောင်မြင်ကြသူအချို့နှင့် ပတ်ဝန်းကျင်ကောင်းတစ်ခုဖန်တီးရန် လမ်းစရှာပေးလိုက်ပါသည်။

၁။      ဂျက်မား-သူသည် တရုတ်နိုင်ငံမှ အလီဘာဘာကုမ္ပဏီကိုပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းရှင်ဖြစ်သည်။

၂။ ဘီလ်ဂိတ်- သူသည် Microsoft ဆော့ဖ်ဝဲကို တီထွင်သူ ဘီလျံနာသူဌေးကြီးဖြစ်သည်။

၃။ မာ့ခ်ဇူကာဘတ်- သူသည် Facebook ကိုတီထွင်သူ ဘီလျံနာသူဌေးကြီးဖြစ်သည်။

၄။  ရော်နယ်ဒို-သူသည် ကမ္ဘာ့အကောင်းဆုံး ဘောလုံးကစားသမားဆုကို အကြိမ်ကြိမ်ရရှိ ထားသူဖြစ်သည်။

၅။  အီလွန်မတ်ခ်-သူသည် အာကာသဒုံးပျံယာဉ်၊ လျှပ်စစ်ကားတို့ကို တီထွင်သူသိပ္ပံပညာရှင် ဘီလျံနာသူဌေးကြီးဖြစ်သည်။

ထိုပုဂ္ဂိုလ်တို့လို မဟုတ်သော်လည်းယနေ့ လူငယ်တို့၏ပတ်ဝန်းကျင်တွင် လူမှုရေးအရဖြစ်စေ၊ ပေါင်းသင်းဆက်ဆံရေး၌ဖြစ်စေ၊ စီးပွားရေးအရဖြစ်စေ အောင်မြင်နေကြသူများရှိပေလိမ့်မည်။ သူတို့နှင့်မိတ်ဆွေ၊ သူငယ်ချင်းများဖွဲ့ပြီး သူတို့လိုကြိုးစားမည်ဆိုလျှင် လူငယ်တို့လည်း အောင်မြင်မှုများရရှိနိုင်ပါသည်။ အကယ်၍မအောင်မြင်ခဲ့သည့်တိုင် လူငယ်တို့အတွက် အကျိုးကျေးဇူးတစ်စုံတစ်ခု ကိုရရှိမည်မှာ အမှန်ပင်ဖြစ်သည်။

အင်တာနက် ဂိမ်းများကိုသာကစားနေကြသော လူငယ်များ၊ Facebook နှင့် Social Media များကို ရောက်တတ်ရာရာ အသုံးပြုနေကြသောလူငယ်များနှင့် နှိုင်းယှဉ်လျှင်အောင်မြင်ကြသူများကို လေ့လာပြီး ကြိုးစားနေသော လူငယ်များက အခွင့်အလမ်းကောင်းများစွာကို ပို၍ရရှိကြမည်ဖြစ်သည်။ ထို့ကြောင့် လူငယ်များအနေဖြင့်အောင်မြင်ကြသူများနှင့် ပတ်ဝန်းကျင်ကောင်းတစ်ခုကို ကိုယ်တိုင်ဖန်တီး၍ တည်ဆောက်ရယူနိုင်သော လူငယ်လေးများဖြစ်ကြပါစေဟု ဆန္ဒပြုရေးသားလိုက်ပါသည်။ ။